၂၆ ဝဂ်

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

ဓမ္မပဒ တရားဒေသနာတော်တွင် သဘောတူရာ ပေါင်းစပ်ထားသော ဝဂ် (၂၆) ဝဂ် ရှိသည်။ လူအမျိုးမျိုးတို့၏ စိတ်သဘောထားအမျိုးမျိုးကို လိုက်၍ မြတ်စွာဘုရားဟောကြားတော်မူခဲ့သော တရားပေါင်းစုံ ပါရှိသဖြင့် တရားတော် ညွန့်ပေါင်းကျမ်းလည်း ဖြစ်သည်။

ယမကဝဂ်[ပြင်ဆင်ရန်]

  • ဤလောက၌ ရန်တုံ့မူခြင်းဖြင့် ရန်သူတို့သည် ဘယ်အခါမျှ မငြိမ်းအေးနိုင်ကုန်။ ရန်မတုံ့မူခြင်းဖြင့်သာ ရန်အေးနိုင်ကုန်၏။ ဤသဘောကား ရှေးရိုးစဉ်လာ ဓမ္မတာပင်တည်း။
  • မကောင်းမှုပြုသောသူသည် ဤဘဝ၌ စိုးရိမ်ရ၏။ တမလွန်ဘဝ၌ စိုးရိမ်ရ၏။ ပစ္စုပ္ပန် တမလွန် နှစ်တန်သော ဘဝတို့၌ စိုးရိမ်ရ၏။ ထိုသူသည် မိမိ၏ ညစ်နွမ်းသော ကံကိုသိ၍ စိုးရိမ်ရ၏။ ပူပန်ရ၏။

အပ္ပမာဒဝဂ်[ပြင်ဆင်ရန်]

  • ထကြွလုံ့လရှိသောသူ၊ သတိရှိသောသူ၊ စင်ကြယ်သော ကံသုံးပါး ရှိသောသူ၊ စူးစမ်းဆင်ခြင်၍ ပြုလေ့ရှိသောသူ ၊ ဣန္ဒြေကို စောင့်စည်းသောသူ၊ တရားသဖြင့်အသက်မွေးသောသူ၊ မမေ့မလျော့သောသူအား အခြံအရံ အကျော်အစောသည် တိုးပွား၏။
  • ပညာမဲ့၍ မိုက်သောသူတို့သည် မေ့လျော့ခြင်းကို အားထုတ်ကြကုန်၏။ ပညာရှိသည်ကား မမေ့လျော့ခြင်းကို အမြတ်ဆုံးသော ဥစ္စာကဲ့သို့ စောင့်ရှောက်၏။

စိတ္တဝဂ်[ပြင်ဆင်ရန်]

  • အလွန်တရာ မြင်နိုင်ခဲထသော၊ အလွန်တရာ သိမ်မွေ့ထသော၊ အလိုရှိရာ အာရုံ၌ ကျရောက်ကျက်စားလေ့ရှိသော စိတ်ကို ပညာရှိသည် စောင့်ရှောက်ရာ၏။ စောင့်ရှောက်ထားအပ်သော စိတ်သည် ချမ်းသာသုခကို ဆောင်ရွက်၏။

ပုပ္ဖဝဂ်[ပြင်ဆင်ရန်]

  • သူတစ်ပါး၏ မသင့်လျောသော အပြစ်ဒေါသကို မကြည့်ရှုရာ။ သူတစ်ပါးတို့၏ ကောင်းမှု မကောင်းမှု ပြုမပြုကို မကြည့်ရှုရာ။ မိမိ၏ ကောင်းမှု မကောင်းမှု ပြုမပြုကိုသာလျှင် ကြည့်ရှုရာ၏။
  • ပန်းတို့၏ ရနံ့သည် လေညာသို့ မရောင်နိုင်ပေ။ စန္ဒကူး၊ တောင်ဇလပ်၊ ကြက်ရုန်းတို့၏ ရနံ့သည်လည်း လေညာသို့ မရောက်နိုင်ပေ။ သူတော်ကောင်းတို့၏ သီလတည်းဟူသော ရနံ့သည်ကား လေညာသို့ ရောက်နိုင်၏။ သူတော်ကောင်းတို့၏ ဂုဏ်သတင်းသည် အရပ်မျက်နှာအားလုံးသို့ သင်းပျံ့လွှမ်းမိုးနိုင်၏။

ဗာလဝဂ်[ပြင်ဆင်ရန်]

  • လူမိုက်တို့သည် မိမိမိုက်သည့် အပြစ်ကို သိ၏။ ထိုသို့ သိခြင်းကြောင့် ပညာရှိ ဖြစ်နိုင်သေး၏။ လူမိုက်သည် ငါပညာရှိဟု မိမိစိတ်ကို အထင်ရောက်ပါမူကား ထိုသူကို လူမိုက်စင်စစ်ဟု ခေါ်ဆိုရပေမည်။
  • ယောက်မသည် ဟင်း၏ အရသာကို မသိသကဲ့သို့ လူမိုက်သည် အသက်ရှည်သမျှ ကာလပတ်လုံး ပညာရှိကို ဆည်းကပ်နေသော်လည်း သူတော်ကောင်းတရားကို မသိနိုင်ချေ။
  • လျှာသည် ဟင်း၏ အရသာကို ချက်ချင်းသိသကဲ့သို့ သိကြားလိမ္မာသောသူသည် ပညာရှိကို တစ်ခဏမျှ ဆည်းကပ်ရစေကာမူ သူတော်ကောင်း တရားကို လျင်မြန်စွာ သိနိုင်၏။

ပဏ္ဍိတဝဂ်[ပြင်ဆင်ရန်]

  • ဆုံးမရာ၏။ ကြိုတင်ဆုံးမရာ၏။ မကောင်းသော အပြုအမူတို့မှလည်း တားမြစ်ရာ၏။ ထိုသို့ဆုံးမတတ်သောသူကို သူတော်ကောင်းတို့ ချစ်ခင်မြတ်နိုးအပ်၏။ သူတော်ကောင်း မဟုတ်သူတို့ကား မချစ်ခင် မနှစါသက်ကြပေ။
  • ယုတ်မာသော မိတ်ဆွေတို့ကို မဆည်းကပ်ရာ။ ယုတ်မာသော ပုဂ္ဂိုလ်တို့ကို မဆည်းကပ်ရာ။ မိတ်ဆွေကောင်းတို့ကို ဆည်းကပ်ရာ၏။ ပုဂ္ဂိုလ်မြတ်တို့ကို ဆည်းကပ်ရာ၏။
  • တစ်ခဲနက်သော ကျောက်တောင်သည် အရပ်လေးမျက်နှာမှ လာသောလေကြောင့် မတုန်လှုပ်သကဲ့သို့ ပညာရှိတို့သည် ချီးမွမ်းခြင်း၊ ကဲ့ရဲ့ခြင်းတို့ကြောင့် မတုန်လှုပ်ကြကုန်။

အရဟန္တဝဂ်[ပြင်ဆင်ရန်]

  • တရားကို ကောင်းမွန်စွာသိ၍ ကိလေသာမှ လွတ်ပြီးသော ငြိမ်သက်သော တာဒိဂုဏ်နှင့် ပြည့်စုံသော ထိုရဟန္တာ၏ စိတ်သည် ငြိမ်သက်၏။ နှုတ်အမူအရာသည်လည်းကောင်း၊ ကိုယ်အမူအရာသည်လည်းကောင်း ငြိမ်သက်၏။

သဟဿဝဂ်[ပြင်ဆင်ရန်]

  • သီလရှိသော ပုဂ္ဂိုလ်အား ရိုသေစွာ ရှိခိုးလေ့ရှိသော၊ အသက်ကြီးသော၊ ဂုဏ်သိက္ခာကြီးသော ပုဂ္ဂိုလ်တို့အား အရိုအသေပေးလေ့ရှိသောသူအား အသက်ရှည်ခြင်း၊ အဆင်းလှခြင်း၊ ချမ်းသာခြင်း၊ ခွန်အားကြီးခြင်းဟူသော အကျိုးတရားလေးပါးတို့ တိုးပွားကြကုန်၏။

ပါပဝဂ်[ပြင်ဆင်ရန်]

  • စိတ်သည်မကောင်းမှု၌ မွေ့လျော်တတ်၏။ ကောင်းမှုပြုသောသူအား နှုန့်နှေးတတ်ရကား စိတ်ကိုမကောင်းမှုမှ တားမြစ်ရာ၏။ ကုသိုလ်ကောင်းမှုကို ဆောလျင်စွာ ပြုရာ၏။
  • အနည်းငယ်မျှသော မကောင်းမှုသည် အကျိုးသက်ရောက်လာလိမ့်မည် မဟုတ်ဟူ၍ မကောင်းမှုကို အထင်မသေးရာ။ မိုးရေမိုးပေါက်တို့ ကျဖန်များသောအခါ ရေအိုးသည် ပြည့်လာဘိသကဲ့သို့ အနည်းငယ်မျှသော မကောင်းမှုများကို ဆည်းပူးဖန် များလတ်သော် လူမိုက်သည် မကောင်းမှုဖြင့် ပြည့်၏။

ဒဏ္ဍဝဂ်[ပြင်ဆင်ရန်]

  • တစ်စုံတစ်ယောက်ကိုမျှ ကြမ်းတမ်းသော စကားကို မဆိုရာ။ အဆိုခံရသူတို့သည် သင့်ကို တုံ့ပြန်၍ ဆိုရာ၏။ ချုပ်ချယ်သော စကားသည် ဆင်းရဲခြင်း၏ အကြောင်းတည်း။ သူတစ်ပါးကို ဒဏ်ခတ်လျှင် သင့်ထံသို့ အတုံ့အလှည့် ဒဏ်များရောက်လာကြကုန်ရာ၏။

ဇရာဝဂ်[ပြင်ဆင်ရန်]

  • အကြားအမြင်နည်းလှသော ဤယောက်ျားသည် နွားလားကဲ့သို့ အချည်းနှီး ကြီးထွားလာ၏။ ထိုယောက်ျားသည် အသားတို့သာ တိုးပွားလာ၏။ ပညာမူကား မတိုးပွားချေ။

အတ္တဝဂ်[ပြင်ဆင်ရန်]

  • သူတစ်ပါးကို ဆုံးမသည့်အတိုင်း မိမိကိုယ်ကို လိုက်နာပြုကျင့်ရာ၏။ မိမိကိုယ်တိုင် ယဉ်ကျေးပြီးမှသာဩသူတစ်ပါးကို ဆုံးမရာ၏။ မိမိကိုယ်တိုင် ယဉ်ကျေးအောင် ဆုံးမခြင်းသည် ခဲယဉ်းစွတကား။
  • ကျောက်မှဖြစ်သော စိန်သည် မိမိမှီရာ ကျောက်ကို ထွင်းဖောက်ဖျက်ဆီး သကဲ့သို့ မိမိသည် ပြုအပ်သော၊ မိမိကြောင့် ဖြစ်ပေါ်လာသော မကောင်းမှုသည် မိမိတည်းဟူသော ပညာမဲ့သူကို ဖျက်ဆီး၏။

လောကဝဂ်[ပြင်ဆင်ရန်]

  • သုစရိုက်တရားကို ကျင့်ရာ၏။ ဒုစရိုက်တရားကို မကျင့်ရာ။ တရားကို ကျင့်သောသူသည် ဤလောက၌ လည်းကောင်း၊ တမလွန်လောက၌ လည်းကောင်း ချမ်းသာစွာနေရ၏။
  • သစ္စာတရား တစ်ခုကို ကျော်လွန်၍ မုသားစကားဆိုလေ့ရှိသော နောင်ဘဝအတွက် ဆင်ခြင်စဉ်းစားခြင်း အလျှင်းမရှိသောသူအား မပြုနိုင်မည့် မကောင်းမှုဟူသည် မရှိနိုင်ချေ။

ဗုဒ္ဓဝဂ်[ပြင်ဆင်ရန်]

  • အကြင်သူသည် မြတ်စွာဘုရားကိုလည်းကောင်း၊ တရားတော်ကိုလည်းကောင်း၊ သံဃာတော်ကိုလည်းကောင်း ကိုးကွယ်ဆည်းကပ်၏။ ထိုသူသည် ဒက္ခ၊ ဒက္ခ၏ ဖြစ်ပေါ်ကြောင်း၊ ဒုက္ခ၏ လွတ်မြောက်ရာ၊ ဒုက္ခ၏ ချုပ်ငြိမ်းရာသို့ ရောက်စေတတ်သော မြတ်သောအင်္ဂါရှစ်ပါး ရှိသော မဂ္ဂသစ္စာဟူသော အရိယမဂ္ဂသစ္စာလေးပါးတို့ကို မဂ်ပညာဖြင့် ကောင်းစွာသိနိုင်၏။

သုခဝဂ်[ပြင်ဆင်ရန်]

  • လူမိုက်နှင့် ပေါင်းသင်း၍ လှည့်လည်သွားလာနေရသောသူသည် အချိန်ကြာမြင့်စွာ စိုးရိမ်ရ၏။ လူမိုက်တို့နှင့် ပေါင်းသင်းနေရခြင်းသည် ရန်သူနှင့် ပေါင်းသင်းနေရသကဲ့သို့ အခါခပ်သိမ်း ဆင်းရဲရ၏။ ပညာရှိသူနှင့် ပေါင်းသင်းရခြင်းသည် ဆွေမျိုးတို့နှင့် ပေါင်းသင်းရသကဲ့သို့ ချမ်းသာ၏။

ပီယဝဂ်[ပြင်ဆင်ရန်]

  • သီလနှင့်လည်းကောင်း၊ ဉာဏ်ပညာနှင့်လည်းကောင်း ပြည့်စုံသော တရား၌တည်သော၊ အမှန်တရားကို သိတတ်သော၊ မိမိပြုရမည့်ကိစ္စကို သိတတ်သောသူကို လူအပေါင်းသည် ချစ်ခင်မြတ်နိုး၏။

ကောဓဝဂ်[ပြင်ဆင်ရန်]

  • "အိုအတုလ"၊ ကဲ့ရဲ့ခြင်းသည် ရှေးရိုးစဉ်လာပေတည်း။ ဤ ကဲ့ရဲ့ခြင်းသည် ယခုမှ ဖြစ်ပေါ်လာသည် မဟုတ်ချေ။ ဆိတ်ဆိတ်နေသူကိုလည်း ကဲ့ရဲ့ကြကုန်၏။ များစွာဟောပြောသူကိုလည်း ကဲ့ရဲ့ကြကုန်၏။ ချင့်ချိန်ပြောသူကိုလည်း ကဲ့ရဲ့ကြကုန်၏။ လောက၌ အကဲ့ရဲ့ မခံရသူဟူ၍ မရှိချေ။
  • လုံးလုံးလျားလျား အကဲ့ရဲ့ခံရသူသည်လည်းကောင်း၊ လုံးလုံးလျားလျား အချီးမွမ်းခံရသူသည်လည်းကောင်း၊ ရှေးယခင်က မရှိခဲ့ဖူးချေ။ နောင်မှာလည်းရှိလာမည် မဟုတ်ချေ။ ယခုလည်း မရှိပါချေ။

မလဝဂ်[ပြင်ဆင်ရန်]

  • စာပေကျမ်းဂန် အတတ်ပညာတို့သည် သင်အံရွတ်ဖတ်မှု မပြုခြင်းလျှင် ပျက်စီးကြောင်း အညစ်အကြေး ရှိကုန်၏။ အိမ်တို့သည် ဂရုစိုက်ခြင်း မပြုလျှင် ပျက်စီးကြောင်း အညစ်အကြေး ရှိကုန်၏။ မေ့လျော့ခြင်းသည် စောင့်ရှောက်သူတို့၏ ပျက်စီးကြောင်း အညစ်အကြေး ဖြစ်၏။ ပျင်းရိခြင်းသည် အဆင်းလှခြင်း၏ ပျက်စီးကြောင်း အညစ်အကြေး ဖြစ်၏။

ဓမ္မဋ္ဌဝဂ်[ပြင်ဆင်ရန်]

  • မချွတ်မယွင်း တရားနှင့်အညီ သူတစ်ပါးတို့ကို အနိုင်အရှုံး ဆုံးဖြတ်ပေးသော ပညာရှိကို တရားစောင့်သော၊ တရား၌တည်သော တရားသူကြီးဟု ဆိုအပ်၏။
  • ငြူစူတတ်သော၊ ဝန်တိုတတ်သော၊ ကောက်ကျစ်စဉ်းလဲတတ်သောသူသည် ကောင်းသောစကားကို ပြောဆ်ုကာမျှဖြင့်လည်းကောင်း၊ ရုပ်အဆင်း လှပကာမျှဖြင့်လည်းကောင်း ကောင်းသောသဘောရှိသည် မမည်ပေ။

မဂ္ဂဝဂ်[ပြင်ဆင်ရန်]

  • ဝစီဒုစရိုက်ကို ရှောင်ကြဉ်ခြင်းဖြင့် နှုတ်ကို စောင့်ရှောက်ရာ၏။ စိတ်ဖြင့် မနောဒုစရိုက်ကို ကောင်းစွာ စောင့်စည်းရာ၏။ ကိုယ်ဖြင့်လည်း အကုသိုလ်ကို မပြုရာ၏။ ထို ကမ္မပထတရားသုံးပါးတို့ကို သုတ်သင်ပြီးလျှင် ဘုရားရှင်ဟောကြားတော်မူသော မဂ်ကို ပြီးစေရာ၏။

ပကိဏ္ဏကဝဂ်[ပြင်ဆင်ရန်]

  • သူတစ်ပါးအား ဆင်းရဲကို ဖြစ်စေလျက် မိမိ၏ ချမ်းသာကို အလိုရှိသောသူသည် ရန်နှင့်ရန်ချင်း ရောနှောခြင်းဖြင့် ရန်မှမလွတ်နိုင်ချေ။

နိရယဝဂ်[ပြင်ဆင်ရန်]

  • ရှက်စရာမဟုတ်သည်၌ ရှက်တတ်ကုန်၍ ရှက်စရာမဟုတ်သည်၌ ရှက်တတကုန်သော မှားသောအယူရှိကုန်သော သတ္တဝါတို့သည် ဒုက္ခိတဘဝသို့ ရောက်ကြကုန်၏။

နာဂဝဂ်[ပြင်ဆင်ရန်]

  • ယဉ်ကျေးသော ဆင်၊ မြင်း စသည်တို့ကိုသာ ပွဲသဘင်သို့ ဆောင်ယူကုန်၏။ ယဉ်ကျေးပြီးသော ဆင်၊ မြင်း စသည်တို့ကိုသာ မင်းသည် စီး၏။ ကျူးလွန်စော်ကားသော စကားကို သည်းခံနိုင်သောသူသည် ယဉ်ကျေးပြီးဖြစ်၍ လူတို့တွင် အမြတ်ဆုံး ဖြစ်၏။

တဏှာဝဂ်[ပြင်ဆင်ရန်]

  • စည်းစိမ်ဥစ္စာတို့သည် ပညာမဲ့သူကို ဖျက်ဆီးကုန်၏။ နိဗ္ဗာန်တည်းဟူသော တစ်ဖက်ကမ်းကို ရှာမှီးသူတို့ကိုကား မဖျက်ဆီးနိုင်ကုန်။ ပညာမဲ့သူသည် စည်းစိမ်ဥစ္စာကို တပ်မက်ခြင်းဖြင့် သူတစ်ပါးကို ဖျက်ဆီးသကဲ့သို့ မိမိကိုယ်ကိုလည်း ဖျက်ဆီး၏။

ဘိက္ခုဝဂ်[ပြင်ဆင်ရန်]

  • စင်ကြယ်သော အသက်မွေးခြင်း ရှိကုန်သော မပျင်းရိသော မိတ်ဆွေကောင်းတို့ကို ဆည်းကပ်လော့။ အာမိသ။ ဓမ္မဟူသော ပဋိသန္ဓာရ တရားတို့နှင့် ပြည့်စုံရာ၏။ ကျင့်ဝတ်တို့၌ လိမ္မာရာ၏။ ထိုအကြောင်းတရားတို့ကြောင့် ဝမ်းမြောက်ခြင်း များပြားသည်ဖြစ်၍ ဒုက္ခ၏ အဆုံးကို ပြုလတ္တံ့။

ဗြာဟ္မဏဝဂ်[ပြင်ဆင်ရန်]

  • အကြင်ပုဂ္ဂိုလ်အား ကိုယ်ဖြင့်လည်းကောင်း၊ နှုတ်ဖြင့်လည်းကောင်း၊ စိတ်ဖြင့်လည်းကောင်း၊ မကောင်းမှု ပြုလုပ်ခြင်းမရှိပေ။ ကိုယ်၊ နှုတ်၊ စိတ် သုံးပါးလုံးဖြင့် စောင့်ရှောက်သော ထိုပုဂ္ဂိုလ်ကို ဗြာဟ္မဏဟူ၍ ငါဘုရား ဟောကြား၏။

ကိုးကား[ပြင်ဆင်ရန်]

[၁]

  1. (စက်တင်ဘာလ ၁၉၉၂) ရင်နှစ်သည်းချာ နိုင်ငံ့ရတနာ ဆုံးမစာများ, ဒုတိယအကြိမ်, အခြခံပညာ ဦးစီးဌာန, ၂၄၅။