စတုပါရိသုဒ္ဓိသီလ
တစ်စိတ်တစ်ပိုင်း ဖော်ပြချက် |
ဗုဒ္ဓဘာသာ |
---|
စတုပါရိသုဒ္ဓိသီလ သည် လေးပါးရှိ၏။ ထိုလေးပါးတို့မှာ
(၁) ပါတိမောက္ခသံဝရသီလ၊
(၂) ဣန္ဒြိယသံဝရသီလ၊
(၃) အာဇီဝပါရိသုဒ္ဓိသီလ၊
(၄) ပစ္စယသန္နိဿိတသီလ တို့ ဖြစ်ကြသည်။
ထိုလေးပါးတို့တွင်
(၁) ပါတိမောက္ခသံဝရသီလသည် ရဟန်းတော်များလိုက်နာရသည့် ဝိနည်းများ ဖြစ်သည်။
(၂) ဣန္ဒြိယသံဝရသီလသည် မျက်စိ၊ နား၊ နှာခေါင်း၊ ကိုယ်အင်္ဂါတို့ကို တည်ငြိမ်အောင် ကောင်းမွန်စွာ ထိန်းသိမ်းခြင်း ဖြစ်သည်။
(၃) အာဇီဝပါရိသုဒ္ဓိသီလဆိုသည်မှာ မကောင်းသောအသက်မွေးမှုကို ရှောင်ကြဉ်ပြီး ကောင်းသောအသက်မွေးမှုကို ပြုလုပ်ခြင်း ဖြစ်သည်။
(၄) ပစ္စယသန္နိဿိတသီလဆိုသည်မှာ ပစ္စည်းတို့ကို သုံးဆောင်ရာ၌ ကိလေသာမဖြစ်ရအောင် အကျိုးကို ဆင်ခြင်ပြီး သုံးဆောင်ခြင်း ဖြစ်သည်။[၁]
သီလ (၄) ပါးနှင့် တရားကိုယ်
[ပြင်ဆင်ရန်]ဖော်ပြပါ သီလလေးပါးတို့တွင် ပါတိမောက္ခသံဝရသီလကို သဒ္ဓါတရားဖြင့် ပြည့်စုံစေအပ်၏၊ ဘုရားရှင် ပညတ်တော်မူသမျှ ပါတိမောက္ခကို ကုဋေကိုးထောင်ကျော်သိက္ခာပုဒ်တို့ကို ယုံကြည်သော သဒ္ဓါတရားဖြင့် အကုန်ယူ၍ အသက်၌ပင် မငဲ့ကွက်ဘဲ ကောင်းစွာ ဖြည့်ကျင့်ရသည်။ သာဝကတို့အရာကား ဘုရား မပညတ်သည်ကို ငါတို့ မပညတ်အံ့။ ဘုရားရှင် ပညတ်သည်ကို ငါတို့ မဖျက်ပါအံ့။ ပညတ်တော်မူသောအတိုင်း အကုန်ယူ၍ ကျင့်ပါအံ့ဟု ဆုံးဖြတ်ချက် ချထားရမည် ဖြစ်၏၊
ပါတိမောက်လာ သိက္ခာပုဒ်တို့ကို မလွန်ကျူးခြင်း, စောင့်ထိန်းခြင်း, လိုက်နာခြင်း, ကုစားခြင်းတို့ဖြင့် စင်ကြယ်သန့်ရှင်းအောင် သုတ်သင်ရမည် ဖြစ်သည်။
ဣန္ဒြိယသံဝရသီလကို သတိဖြင့် ပြည့်စုံစေအပ်၏၊ သတိဖြင့် စောင့်ရှောက်လျှင် အဘိဇ္ဈာဒေါမနဿ စသော အကုသိုလ်တရားတို့ မနှိပ်စက်နိုင်ကုန်။ ဣန္ဒြိယသံဝရသီလ မပြည့်စုံလျှင် ပါတိမောက္ခသံဝရသီလသည်လည်း စောင့်စည်းရန် အကာမရှိသော ကောက်ခင်းကဲ့သို့ အရှည်မခံ၊ တံခါးမပိတ်သော ရွာကဲ့သို့ ကိလေသာခိုးသူတို့ ဝင်၍ ညှဉ်းဆဲကုန်၏၊ အမိုးမလုံသော အိမ်ကဲ့သို့ ရာဂမိုးဝင်၍ စွတ်စိုနိုင်၏၊
အာဇီဝပါရိသုဒ္ဓိသီလကို ဝီရိယဖြင့် ပြည့်စုံစေအပ်၏၊ ကောင်းသော လုံ့လဝီရိယ ရှိသော သူသည်သာလျှင် မိစ္ဆာဇီဝကို ပယ်နိုင်၏၊ မအပ်မရာသော ပစ္စည်း, အစားအသောက်တို့ကို မရှာဖွေဘဲ ဆွမ်းခံသွားခြင်းစသော ဝီရိယဖြင့်သာ ရှာ၍ ရသော စင်ကြယ်သော ပစ္စည်းတို့ကို သုံးဆောင်ခြင်းဖြင့် လည်းကောင်း, မစင်မကြယ် မအပ်မရာ ရှာဖွေရသော ပစ္စည်းတို့ကို မြွေဆိုးအသွင် ရှောင်ကြဉ်ခြင်းဖြင့်လည်းကောင်း အာဇီဝကို ပြည့်စုံစေအပ်၏၊
ပစ္စယသန္နိဿိတသီလကို ပညာဖြင့် ပြည့်စုံစေအပ်၏ ပညာရှိသော သူသည် ပစ္စည်းလေးပါးတို့၌ အပြစ်အကျိုးတို့ကို မြင်၏၊ ပစ္စဝေက္ခဏာ မဆင်ခြင်မူ၍ သုံးဆောင်စားသောက်ရာ၌ ဣဏပရိဘောဂအပြစ် ဖြစ်၏၊ သန္နိဓိဒုက္ကဋ်, ဝိကာလဒုက္ကဋ် အာပတ်သင့်၏၊ သုံးဆောင်စဉ် ဆင်ခြင်လျှင် အာပတ်မသင့်။ ပစ္စည်း၌ မက်မောခြင်း တွေဝေခြင်းကို ပယ်၍ ဓမ္မိယလဒ္ဓ (= တရားသဖြင့် ရသောပစ္စည်း)ကို ပညာဖြင့် ဆင်ခြင်၍ သုံးဆောင် စားသောက်သောအားဖြင့် ပြည့်စုံစေအပ်၏၊ [၂]
ပါတိမောက္ခသံဝရသီလကို သဒ္ဓါတရားဖြင့် ပြည့်စုံစေပုံ
[ပြင်ဆင်ရန်]သဒ္ဓါတရားဟူသည်.. သိက္ခာပုဒ်ကို ပညတ်ဟောကြားတော်မူသော မြတ်စွာဘုရားသည် အလုံးစုံသော တရားတို့ကို မကြွင်းမကျန် မှန်ကန်စွာ သိမြင်တော်မူနိုင်သော ဘုရားစင်စစ် ဖြစ်တော်မူပေသည်ဟူ၍ မြတ်စွာဘုရားကို ယုံကြည်ခြင်း (မြတ်စွာဘုရား၌ ကြည်လင်သောစိတ်ကို ထားနိုင်ခြင်း)၊ ယခု ငါကျင့်ရမည့် သိက္ခာပုဒ်စုသည် မြတ်စွာဘုရား ဟောကြား ပညတ်တော်မူအပ်သော သိက္ခာပုဒ်စင်စစ် ဖြစ်သည်ဟူ၍ သိက္ခာပုဒ်တရားတော်၌ ယုံကြည်ခြင်း (ကြည်လင်သောစိတ်ကို ထားနိုင်ခြင်း)၊ မြတ်စွာဘုရား၏ တပည့်သား သံဃာတော်မြတ်ကား ဤကျင့်ဝတ် သိက္ခာပုဒ်စုကို ကောင်းစွာကျင့်ကြံသော ပုဂ္ဂိုလ်တွေချည်းသာ ဖြစ်သည်ဟူ၍ သံဃာတော်၌ ယုံကြည်ခြင်း (ကြည်လင်သောစိတ်ကို ထားနိုင်ခြင်း)တို့ပင် ဖြစ်သည်။
ဤသို့ မြတ်စွာဘုရား၌၎င်း ဟောကြားအပ်သော တရားတော်၌၎င်း သံဃာတော်၌၎င်း ယုံကြည်ခြင်း သဒ္ဓါတရား ရှိခဲ့လျှင် ဤ ပါတိမောက္ခသံဝရသီလကို ပြည့်စုံအောင် ကျင့်ဆောင်နိုင်၏ဟူ၍ ဆိုလိုသည်။
သို့ဖြစ်၍ မြတ်စွာဘုရား ဟောကြား ပညတ်တော်မူတိုင်းသော သိက္ခာပုဒ်အစုကို အကြွင်းအကျန်မထားပဲ သဒ္ဓါတရားဖြင့် ဆောက်တည်ပြီးလျှင် အသက်ကိုပင် မငဲ့ကွက်ပဲ ရိုသေစွာ ပြည့်စုံစေရာ၏။ မှန်၏..[၃]
စမရီသား မြီးဖျားခုံမင် ပုံအသွင်
[ပြင်ဆင်ရန်](ကိကီ၀ အဏ္ဍံ စမရီဝ ဝါလဓိံ) အစရှိသည်ဖြင့် “ယစ်မသည် မိမိအသက်ကိုစွန့်ကာ ဥကို စောင့်ရှောက်သကဲ့သို့၎င်း၊ စမရီသားကောင်သည် အသက်ကိုစွန့်ကာ မြီးဆံကို စောင့်ရှောက်သကဲ့သို့၎င်း၊ သားတယောက်တည်းသာရှိသော သူကြွယ်သည် ထိုသားတယောက်ကို ယုယုယယ စောင့်ရှောက်သကဲ့သို့၎င်း၊ မျက်စိတဖက်သာ အကောင်းရှိသော ပုဂ္ဂိုလ်သည် ထိုမျက်စိတဖက်ကို ယုယုယယ စောင့်ရှောက်သကဲ့သို့၎င်း ထို့အတူ သီလကို စောင့်ရှောက်ကုန်သော သူတို့သည် အရွယ်သုံးပါးမှာပင် ဂါရဝတရား လက်ရှိထားကြ၍ အလွန်ချစ်အပ်သည့် သီလရှိသူများ (သီလကို အလွန်ချစ်မြတ်နိုးသူများ) ဖြစ်ကြကုန်လော့-
ဟူသောစကား မြတ်စွာဘုရား ဟောကြားတော်မူအပ်ပြီ။[၃]
အသက်ကိုပင်စွန့်၍ ပါတိမောက္ခသံဝရသီလကို ဖြည့်ကျင့်တော်မူကြသော မထေရ်များဝတ္ထု
[ပြင်ဆင်ရန်]ရှေးအခါ သီဟိုဠ်ကျွန်း မဟာဝတ္တနိမည်သော တောအုပ်ကြီး၌ မထေရ်တပါးကို ခိုးသူများကဖမ်း၍ နွယ်ငန်းဖြင့် ဖွဲ့နှောင်ကာ တုံးလုံးလှဲ၍ ထားခဲ့ကုန်၏၊ မထေရ်သည် လွတ်မြောက်အောင် ရုန်းထွက်လိုက ရုန်းထွက်နိုင်မည် ဖြစ်သော်လည်း အကယ်၍ ရုန်းထွက်က နွယ်ငန်းပြတ်၍ (ဘူတဂါမပါစိတ်) အာပတ်သင့် မည်ကို စိုးရိမ်သောကြောင့် ထားခဲ့သည့်အတိုင်း လျောင်းလျက်ပင် ခုနစ်ရက်ပတ်လုံး ဝိပဿနာပွါး၍ အနာဂါမိဖိုလ်သို့ ရောက်ပြီးလျှင် ထိုနေရာ၌ပင် ကွယ်လွန်ကာ ဗြဟ္မာ့ပြည်၌ ဖြစ်ဘူးလေပြီ။
အခြား မထေရ်တပါးကိုလည်း သီဟိုဠ်ကျွန်းမှာပင် ခိုးသူများက ဆင်သမနွယ်ဖြင့် တုတ်နှောင်ကာ မထနိုင်အောင် တုံးလုံးလှဲ၍ ထားခဲ့ကုန်၏၊ ထိုခဏ တောမီးလောင်လာသည်ရှိသော် မထေရ်သည် ထိုနွယ်ကို ဖြတ်မည်ဆိုက ဖြတ်နိုင်မည်ဖြစ်သော်လည်း အာပတ်သင့်မည်ကို စိုးရိမ်တော်မူသဖြင့် နွယ်ကိုမဖြတ်ပဲ ဝိပဿနာတရားကိုသာ ပွါးများ၍ အသက်သေခြင်းနှင့် ကိလေသာကုန်ခန်းခြင်းကို တပြိုင်နက်ညီမျှသည့် (သမသီသီခေါ်) ရဟန္တာဖြစ်ကာ ပရိနိဗ္ဗာန် စံတော်မူလေသည်။ ထိုအခါ ဒီဃနိကာယ်ဆောင် အဘယမထေရ်သည် ရဟန်းငါးရာတို့နှင့်တကွ ထိုအရပ်သို့ကြွလာရာ မထေရ်၏အလောင်းကိုမြင်၍ ကောင်းမွန်စွာ သင်္ဂြိုဟ်ပြီးလျှင် စေတီ တည်ထားစေတော်မူ၏။
ထို့ကြောင့် အဋ္ဌကထာ၌-
ပါတိမောက္ခံ ဝိသောဓေန္တော၊ အပ္ပေဝ ဇီဝိတံ ဇဟေ။
ပညတ္တံ လောကနာထေန၊ န ဘိန္ဒေ သီလသံဝရံ။
ပါတိမောက္ခသံဝရသီလကို သုဓ်သင် စင်ကြယ်စေသော အမျိုးကောင်းသားသည် အသက်ကိုပင်သော်လည်း စွန့်တန်မူ စွန့်ရာ၏။ မြတ်စွာဘုရား ဟောကြား ပညတ်အပ်သည့် သိက္ခာပုဒ်ကိုကား မဖျက်ဆီးရာ-
ဟူ၍ ဥပဒေသစကား မိန့်ကြားတော်မူခဲ့ပေသည်။[၃]
ဣန္ဒြိယသံဝရသီလကို သတိတရားဖြင့် ပြည့်စုံစေပုံ
[ပြင်ဆင်ရန်]ပါတိမောက္ခသံဝရသီလကို သဒ္ဓါတရားဖြင့် ပြည့်စုံစေအပ်သကဲ့သို့ ဤအတူ ဣန္ဒြိယသံဝရသီလကို သတိတရားဖြင့် ပြည့်စုံစေရာ၏။ သတိဖြင့် စောင့်ရှောက် ထိန်းသိမ်းအပ်သော ဣန္ဒြိယသံဝရသီလ ပြည့်စုံမှသာလျှင် ပါတိမောက္ခသံဝရသီလလည်း အရှည်တည်တံ့ ခိုင်ခံနိုင်သည်။ ဣန္ဒြိယသံဝရသီလပျက်လျှင် ပါတိမောက္ခ သံဝရသီလလည်း ပျက်သွားတတ်၏။
မြတ်စွာဘုရား လက်ထက်တော်အခါက အရှင်၀င်္ဂီသသည် ရဟန်းဖြစ်ပြီးစ ဆွမ်းခံလှည့်လည်ရင်း ဣန္ဒြိယသံဝရသီလ ပျက်ကွက်ပြီးလျှင် မိန်းမတယောက်ကို မြင်၍ ရာဂစိတ် ဖြစ်ပေါ်လာသောအခါ အရှင်အာနန္ဒာကို-
ဂေါတမနွယ်ဖွား အရှင်အာနန္ဒာဘုရား.. တပည့်တော်သည် ကာမရာဂဖြင့် ပူလောင်လှပါ၏၊ တပည့်တော်၏စိတ်ကို ကာမရာဂမီးသည် လောင်မြှိုက်အပ်ပါ၏၊ တောင်းပန်ပါသည် သနားသဖြင့် အပူငြိမ်းကြောင်း တရားကောင်းကို ဟောပြတော်မူပါ-
ဟူ၍ လျှောက်ထားလေသည်။
ထိုအခါ အရှင်အာနန္ဒာက-
အမှတ်သညာ ဖောက်ပြန်သည့်အတွက် သင့်စိတ်ကို ရာဂမီး လောင်မြှိုက်အပ်ပေသည်၊ ရာဂနှင့်စပ်သည့် သုဘဟူသော အမှတ်နိမိတ်ကို ပယ်ရှား၍ အသုဘအလို့ငှါ စိတ်ကိုပွါးလေ-
အစရှိသည်ဖြင့် တရားဟော၍ ဟောသည့်အတိုင်း နှလုံးသွင်းသောအခါ ရာဂမီး ငြိမ်းသွားလေသည်။
တနည်းအားဖြင့် ဣန္ဒြိယသံဝရသီလကို ဖြည့်စွမ်းလိုသော ပုဂ္ဂိုလ်သည် သီဟိုဠ်ကျွန်း ကုရဏ္ဍကလိုဏ်၌ သီတင်းသုံးနေထိုင်သည့် စိတ္တဂုတ္တမထေရ်ကဲ့သို့၎င်း, စောရကကျောင်းတိုက်ကြီး၌ သီတင်းသုံးနေထိုင်သည့် မဟာမိတ္တမထေရ်ကဲ့သို၎င်း ဖြစ်စေရမည်။[၃]
အာဇီဝပါရိသုဒ္ဓိသီလကို ဝီရိယဖြင့် ပြည့်စုံစေပုံ
[ပြင်ဆင်ရန်]ဣန္ဒြိယသံဝရသီလကို သတိဖြင့် ပြည့်စုံစေရာသကဲ့သို့ ထို့အတူ အာဇီဝပါရိသုဒ္ဓိသီလကို ဝီရိယဖြင့် ပြည့်စုံစေရာ၏၊ ကောင်းစွာအားထုတ်ခြင်း ဝီရိယရှိသော ပုဂ္ဂိုလ်မှာသာ မကောင်းသော အသက်မွေးမှုကို ပယ်ရှားနိုင်သောကြောင့် ဖြစ်သည်။ သို့ဖြစ်၍ မရှာမှီးအပ်သောသဘော မသင့်မလျော်သော သဘောများကို ပယ်ရှားကာ ဝီရိယဖြင့်သာ ဆွမ်းခံခြင်းအစရှိသော ကောင်းစွာ ရှာမှီးခြင်းတို့ဖြင့် ထိုသီလကို ပြည့်စုံစေ ရမည်။[၃]
ပစ္စည်းလေးပါးရရှိဖို့ မအပ်သော အမှုများ
[ပြင်ဆင်ရန်]ဆွမ်း သင်္ကန်း ကျောင်း ဆေး ပစ္စည်းလေးပါးတို့တွင် ဆွမ်းနှင့်သင်္ကန်း နှစ်မျိုးတို့မှာ ဒါယကာတို့လှူချင်အောင် အချက်နိမိတ်ပြုခြင်း၊ စကားရစ်ဝဲကာ အရိပ်အရောင် ပြောဆိုခြင်း၊ စကားလဲလှယ် ပရိယာယ်ပြောဆိုခြင်း၊ တောင်းရမ်းပြောဆိုခြင်း ဤလေးမျိုးလုံးတို့သည် မအပ်စပ်ကုန်။ (ဆွမ်းနှင့်သင်္ကန်း ရဖို့ရန်အတွက် ဤလေးမျိုး မပြုကောင်းဟု ဆိုလိုသည်။)
ကျောင်းပစ္စည်း၌ကား တိုက်ရိုက် တောင်းရမ်း ပြောဆိုခြင်းသာ မအပ်သည်။ ကျန်သုံးပါးတို့သည် အပ်စပ်ကုန်၏။ ထိုသုံးပါးတို့တွင်..
အချက်နိမိတ်ပြခြင်း ဟူသည်မှာ ကျောင်းဆောက်တော့မည်ကဲ့သို့ မြေပြုပြင်ခြင်း စသည်ကို ပြုလုပ်နေသော ရဟန်းအား “အရှင်ဘုရား အဘယ်ကို ပြုလုပ်နေပါသနည်း၊ မည်သူက ပြုလုပ်စေပါသနည်း” ဤကဲ့သို့ ဒါယကာတို့က မေးလာသောအခါ “တစုံတယောက်သော သူကမျှ ပြုလုပ်စေသည် မဟုတ်ပါ”ဟူ၍ စကားတုံ့ပြန်ခြင်းပင် ဖြစ်၏၊ (ဆောက်မည့်ဒကာ မရှိသေးပါဘူးဟု ပြောခြင်းဟူလို။) ဤမြေပြုပြင်ခြင်းမှတပါး “ဤရဟန်းသည် ကျောင်းအလိုရှိသည်”ဟု လူများ သိနိုင်ကြောင်းဖြစ်သည့် အခြားကိစ္စ အမျိုးမျိုးကိုလည်း အချက်နိမိတ် ပြခြင်းဟူ၍ပင် ခေါ်ဆိုအပ်၏။
စကားရစ်ဝဲကာ အရိပ်အရောင် ပြောဆိုခြင်းဟူသည်မှာ “ဒကာတို့.. သင်တို့သည် အဘယ်သို့သောအိမ်မှာ နေကြကုန်သနည်း”ဟု မေး၍ “ပြာသာဒ်၌ နေကြပါသည်”ဟု လျှောက်ထားလျှင် “ဒကာတို့.. ရဟန်းများအားကော ပြာသာဒ်၌နေရန် မအပ်ပါသလော” စသည်ဖြင့် ပြောဆိုခြင်း ဤမှတပါးသော ကျောင်းကို အလိုရှိကြောင်း သိစေနိုင်သည့် စကားရစ်ဝဲ ပြောဆိုခြင်းမျိုးကို ခေါ်သည်။
စကားလဲလှယ် ပရိယာယ်ပြောဆိုခြင်း ဟူသည်မှာ “ရဟန်းသံဃာအား ကျောင်းနေရာထိုင်ခင်း ကျဉ်းမြောင်းလှသည်” စသည်ဖြင့် ပြောဆိုခြင်းမျိုးတည်း။
ဆေးပစ္စည်းမှာမူကား.. အချက်နိမိတ် ပြခြင်းစသော လေးမျိုးလုံးပင် အပ်စပ်၏၊ သို့သော် ရောဂါရှိ၍ အချက်နိမိတ်ပြခြင်း စသည်ဖြင့် ရရှိထားသော ဆေးပစ္စည်းကို ထိုရောဂါ ပျောက်ကင်းသောအခါ သုံးဆောင်ခြင်းငှါ အပ်သည် မအပ်သည်ကိုကား စိစစ်ဖွယ်ရှိ၏။
ဤအရာ၌ ဝိနည်းဆောင် မထေရ်များက “သုံးဆောင်ဖို့ရန် လမ်းပေါက်ကို ဘုရား ခွင့်ပေးတော်မူခြင်း ဖြစ်သည်။ ထို့ကြောင့် အပ်၏”ဟူ၍ မိန့်ဆိုကြကုန်၏။ သုတ္တန်ဆောင် မထေရ်တို့ကမူကား “ဘုရား ခွင့်ပြုသောကြောင့် အာပတ်ကား မသင့်နိုင်ပေ။ သို့ရာတွင် စင်ကြယ်သော အသက်မွေးမှုကိုကား ပျက်စီးစေသည် ဖြစ်သောကြောင့် မအပ်”ဟူ၍ မိန့်ဆိုကြကုန်၏။
မြတ်သော ကျင့်ဝတ်တရားနှင့် ပြည့်စုံလိုသော ပုဂ္ဂိုလ်သည်ကား မြတ်စွာဘုရား ခွင့်ပြုထားသော်လည်း အချက်နိမိတ်ပြခြင်း စကားရစ်ဝဲက အရိပ်အရောင် ပြောဆိုခြင်း စကားလဲလှယ် ပရိယာယ်ပြောဆိုခြင်း တိုက်ရိုက်ထုတ်ဖော် တောင်းရမ်းပြောဆိုခြင်းတို့ကို မပြုပဲ အလိုနည်းခြင်းစသော ဂုဏ်တို့ကိုသာ အမှီပြုလျက် အသက်သေရမည် ဖြစ်စေကာမူ ဆိုအပ်ပြီးသည့် လေးချက်တို့ဖြင့် ဖြစ်စေအပ်သည့် ပစ္စည်းတို့ကို ရှောင်ကြဉ်၍သာ ပစ္စည်းလေးပါးတို့ကို မှီဝဲသုံးစွဲရာ၏။ ဤပုဂ္ဂိုလ်မျိုးကို အရှင်သာရိပုတြာ မထေရ်မြတ်ကဲ့သို့ “အလွန်မြတ်သည့် ခေါင်းပါးမှုအကျင့်နှင့် ပြည့်စုံသောပုဂ္ဂိုလ်”ဟူ၍ ခေါ်ဆိုအပ်၏။
အမ္ဗခါဒကမဟာတိဿမထေရ်လည်းကြည့်။[၃]
ပစ္စယသန္နိဿိတ သီလကို ပညာဖြင့် ပြည့်စုံစေပုံ
[ပြင်ဆင်ရန်]အာဇီဝပါရိသုဒ္ဓိသီလကို ဝီရိယဖြင့် ပြည့်စုံစေရာသကဲ့သို့ ပစ္စယသန္နိဿိတ သီလကို ပညာဖြင့် ပြည့်စုံစေရာ၏။ မှန်၏.. ပညာရှိသော သူမှသာလျှင် ပစ္စည်းလေးပါးတို့၌ အကျိုးအပြစ်တို့ကို အမှန်အတိုင်း သိမြင်နိုင်သောကြောင့် ထို ပစ္စယသန္နိဿိတသီလသည် ပညာဖြင့် ပြီးစေအပ်သော သီလဖြစ်၏။ သို့ရကား ပစ္စည်းလေးပါးတို့၌ တပ်မက်ခြင်းကို ပယ်ရှားကာ တရားနှင့်အညီ ဖြစ်စေအပ်သော (ရအပ်သော) ပစ္စည်းတို့ကို ဆိုခဲ့ပြီးသော အစီအရင်အတိုင်း ပစ္စဝေက္ခဏာ ဉာဏ်ပညာဖြင့်ဆင်ခြင်၍သာ သုံးဆောင် ပြည့်စုံစေရာ၏။[၃]