ပါတိမောက္ခသံဝရသီလ
တစ်စိတ်တစ်ပိုင်း ဖော်ပြချက် |
ဗုဒ္ဓဘာသာ |
---|
စောင့်ထိန်းသူ ကျင့်ကြံလိုက်နာသူကို အပါယ်ဆင်းရဲစသည်တို့မှ လွတ်စေတတ်သောကြောင့် ပါတိမောက္ခ ကိုယ်နှုတ်တို့ကို မလွန်ကျူးခြင်း တည်းဟူသော စောင့်ထိန်းခြင်းကြောင့် သံဝရ မည်၏၊ ရဟန်းတော်တို့အတွက် မြတ်စွာဘုရားရှင်သည် ပညတ်တော်မူအပ်သော အကျဉ်း (၂၂၇)သွယ်, ရဟန်းမများအတွက် (၃၀၄)သွယ် သိက္ခာပုဒ်တော်တို့သည် ပါတိမောက္ခသံဝရသီလဟူသော ပေယျာလမုခအားဖြင့် ပြတော်မူအပ်သော ကုဋေပေါင်း ကိုးထောင်ကျော် (၉၁၈၀၅၀၃၆၀၀၀)သိက္ခာပုဒ်တို့၏ မူလ အခြေခံ ဖြစ်ကြ၍ အရေးအကြီးဆုံး မှတ်သားသင့် မှတ်သားထိုက် ကျက်မှတ်သင့် ကျက်မှတ်ထိုက်လှပါသည်။
(ဆောင်) ကိုးထောင်တစ်ရာ၊ ရှစ်ဆယ်သာ၊ သင်္ချာကုဋေ ထုတ်။
ငါးသန်း သုံးသောင်း၊ ခြောက်ထောင်ပေါင်း၊ များတောင်း သိက္ခာပုဒ်။ [၁]
ဤသီလကို စောင့်ရှောက်သောသူသည်
[ပြင်ဆင်ရန်]- (က) ကောင်းမြတ်သော အကျင့်တရား
- (ခ) ကောင်းမြတ်သော= အပြစ်မရှိသော ကျက်စားရာဌာနတို့နှင့် ပြည့်စုံရသည်။
- (ဂ) ပရမာဏုမြု=ခေါ်သည့် အလွန် အသေးငယ်ဆုံးဖြစ်သော မြူမှုန်မျှလောက်ရှိသည့် အပြစ်ကလေးတွေကိုပင် ရေပေါ်ရေအောက် ယူဇနာပေါင်း တသိန်း ခြောက်သောင်းရှစ်ထောင် အစောက်ရှိသော မြင်းမိုရ်တောင်ကြီးလောက် ကြောက်ဖွယ်မဟေး ဘေးကြီး အပြစ်ကြီးဟူ၍ ရှုကြည့်လေ့ရှိပြီးလျှင်
- (ဃ) သိက္ခာပုဒ်တို့ကို ကောင်းစွာဆောက်တည် ကျင့်ကြံရသည်။ ထိုစကားရပ်ကို ချဲ့ဦးအံ့..၊[၂]
ကောင်းမြတ်သော အကျင့်တရား
[ပြင်ဆင်ရန်](က) လောက၌ ကျင့်အပ် ကျင့်ထိုက် ကျင့်ကောင်းသည့် အာစာရတရားလည်း ရှိသည်၊ မကျင့်အပ် မကျင့်ထိုက် မကျင့်ကောင်းသည့် အနာစာရတရားလည်း ရှိသည်။
ပါဏာတိပါတစသော ဒုစရိုက်သုံးပါး (သက်သတ် ခိုးမှု၊ ကာမေသု)တို့ကို ကိုယ်ဖြင့် လွန်ကျူးခြင်း
မုသာဝါဒစသော ဒုစရိုက်လေးပါး (မုသာ မိတ်ခွဲ ဆဲရေး ပြိန်ဖျင်း)တို့ကို နှုတ်ဖြင့်လွန်ကျူးခြင်း ထိုဒုစရိုက် ခုနစ်ပါးတို့ကို ဆိုင်ရာဆိုင်ရာ ကိုယ်နှုတ်ဖြင့် လွန်ကျူးခြင်း ကိုယ်နှုတ်နှစ်ပါးဆိုင်ရာ ဒုစရိုက်ခုနစ်ပါးတို့တွင် မပါဝင်ပဲ အခြားသော သီလပျက်စီးကြောင်း မကောင်းသော အမှုဟူသမျှသည် မကျင့်အပ် မကျင့်ထိုက် မကျင့်ကောင်းသည့် အနာစာရမည်၏။[၂]
သီလပျက်စီးကြောင်း မကောင်းသောအမှု
[ပြင်ဆင်ရန်]သီလပျက်စီးကြောင်း မကောင်းသောအမှုထဲမှ အချို့ကို ထုတ်ပြရသော်.. ဤလောက၌ အချို့သော ရဟန်းသည် ဒကာ ဒကာမများအား
- ဝါးပေးခြင်းဖြင့်သော်၎င်း၊
- သစ်ရွက်ပေးခြင်းဖြင့်သော်၎င်း၊
- ပန်းပေးခြင်းဖြင့်သော်၎င်း၊
- သစ်သီး ပေးခြင်းဖြင့်သော်၎င်း၊
- ဆပ်ပြာမှုန့် ပေးခြင်းဖြင့်သော်၎င်း၊
- ဒန်ပူ ပေးခြင်းဖြင့်၎င်း၊
- မိမိကိုယ်ကို နှိမ့်ချကာ ဒကာ ဒကာမတို့၏ မမှန်ကန်သော စကားကိုပင် အတည်ပြုလျက် မိမိကိုယ်ကို ချစ်စေလိုသည့်အတွက် မြှောက်ထိုးပင့်ကော် ပြောဆိုခြင်းဖြင့်သော်၎င်း၊
- ပဲနောက်ဟင်း ချက်ရာမှာ နူးနပ် မနူးနပ် နှစ်မျိုး ရောနှောပါသကဲ့သို့ စကားပြောရာမှာ အမှန်နည်းပါး အမှားများ၍ ရောနှောပြောဆိုခြင်းဖြင့်သော်၎င်း၊
- ဒကာ ဒကမတို့၏ ကလေးများကို ကလေးထိန်းများပမာ ချီပိုးခြင်း တန်းဆာဆင်ပေးခြင်း စသည်ဖြင့်သော်၎င်း၊
- သလုံးမြင်းခေါင်း ညောင်းလောက်အောင် သွားလာကာ ဒကာ ဒကာမတို့၏ အစေအပါးကို ခံခြင်းဖြင့်သော်၎င်း၊
- ဆေးကုခြင်း ပစ္စည်းဥစ္စာထိန်းပေးခြင်း အစားအသောက် အပြန်အလှန်ပေးပို့ခြင်းစသည့် အခြားအမှတ်မရှိ တပါးပါးသော ဘုရားစက်ဆုပ်အပ်သည့် မကောင်းသော အသက်မွေးမှုဖြင့်သော်၎င်း အသက်မွေးအံ့၊ ထိုအသက်မွေးမှုများကို မကောင်းသောအကျင့် (အနာစာရ)ဟူ၍ ဆိုအပ်၏။[၂]
သဒ္ဓါတရားကို ဖျက်ဆီးခြင်းအမှု
[ပြင်ဆင်ရန်]ရဟန်းတို့မှာ ဒကာ ဒကာမတို့က မတောင်းမရမ်းပဲ ပေးသည်ကို မဆိုထားဘိ၊ အသုံးလိုကြောင်းဖြင့် လျှောက်တောင်းလာစေကာမူ ဝါး သစ်ရွက်စသော ပစ္စည်းတို့ကို မပေးကောင်း၊ ထိုသို့ပေးခြင်းများသည် ရဟန်းတို့၏ အလုပ်ကိစ္စမဟုတ်၊ မပြုကောင်းသည့် ထိုအမှုတို့ကို ပြုလုပ်ခဲ့လျှင် ဝိနည်းဒေသနာတော်အရ ကုလဒူသနဟု ခေါ်သည်။ (ဒကာ ဒကာမတို့၏ သဒ္ဓါတရားကို ဖျက်ဆီးခြင်းအမှုဟု ဆိုလိုသည်။)
ဤအရာ၌ “ပစ္စည်းလာတောင်းသူအား ရှိပါလျက်နှင့် မပေးလိုက်လျှင်သာ သဒ္ဓါတရား ပျက်ကွက်မည်ဖြစ်သည်။ ပေးလိုက်ပါမူ ငါအလိုရှိရာကိုပေးသော ကိုယ်တော်ဟူ၍ ကြည်ညိုခြင်း သဒ္ဓါတရား တိုးပွါ၍လာမည်သာ မဟုတ်ပါလော”ဟု မေးရန်ရှိ၏။ ထိုပစ္စည်းပေးသော ကိုယ်တော်ကို မပေးခင်က ဒကာ ဒကာမတို့၏စိတ်၌ မြတ်စွာဘုရား၏ တပည့်သားတော်အနေဖြင့် ကြည်ညိုခြင်းသည် သဒ္ဓါတရား အစစ်အမှန်ဖြစ်၏၊ ဝါး စသည်ကို ပေးလိုက်သောအခါ “ငါ့အား ဝါးပေးသည့်ကိုယ်တော်၊ ဟင်းရွက်ပေးသည့် ကိုယ်တော်”စသည်ဖြင့် စိတ်ထဲမှာ ထင်မြင်ကာ သံယောဇဉ်တွယ်လာသည် ဖြစ်သောကြောင့် ပစ္စည်းပေး၍ ကြည်ညိုခြင်းမှာ တကယ် စင်ကြယ်သော သဒ္ဓါတရားအစစ်မဟုတ်၊ သဒ္ဓါတရားအစစ်ကား ပျက်စီးသွားလေပြီ၊ ဤသို့ သဒ္ဓါတရားအစစ် ပျက်စီးစေတတ်သည်ကို ရည်ရွယ်၍ ကုလဒူသန= ဒကာဒကာမတို့၏ သဒ္ဓါတရားအစစ်ကို ပျက်စီးစေတတ်သောအမှုဟူ၍ မြတ်စွာဘုရား ဟောကြားတော်မူသည်။
ကျင့်အပ် ကျင့်ထိုက် ကျင့်ကောင်းသည့် အာစာရတရားအရမှာ မကျင့်ကောင်းသည့် အနာစာရ၌ ပြခဲ့သမျှကို ပြောင်းပြန်လှန်၍ယူလျှင် ကျင့်ကောင်းသည့် အာစာရတရားစု ဖြစ်လာ၏၊ ပြောင်းပြန်လှန်ဟူသည်ကား.. ပါဏာတိပါတစသော ဒုစရိုက်သုံးပါးတို့ကို ကိုယ်ဖြင့် မကျူးလွန်ခြင်း စသည်ပင်ဖြစ်၏။[၂]
ကျက်စားရာ ဌာန
[ပြင်ဆင်ရန်](ခ) ကျက်စားရာ ဌာနမှာလည်း အပြစ်မရှိသော ကျက်စားရာဌာန အပြစ်ရှိသော ကျက်စားရာဌာနဟူ၍ နှစ်မျိုးရှိ၏။ ထိုနှစ်မျိုးတို့တွင်..
အပြစ်ရှိသော ကျက်စားရာဌာန ဟူသည်ကား.. ဤသာသနာတော်၌ အချို့သော ရဟန်းသည် ပြည့်တန်ဆာမလျှင် အရောတဝင် ကျက်စားရာရှိတတ်၏။ (ပြည့်တန်ဆာမအိမ်သို့ အရောတဝင် ဝင်ထွက်သွားလာခြင်းကို ဆိုလိုသည်။) လင်သေ လင်ကွာသော မိန်းမ၊ အပျိုကြီး၊ ပဏ္ဍုက်၊ ဘိက္ခုနီမ၊ သေတင်းကုပ် (ဘုံဆိုင်)လျှင် အရောတဝင် ကျက်စားရာရှိတတ်၏။ ဘုရင်မင်းတို့နှင့်၎င်း မင်း၏ အမတ်ကြီးတို့နှင့်၎င်း တိတ္ထိတို့နှင့်၎င်း တိတ္ထိများ၏ တပည့်တို့နှင့်၎င်း ရဟန်းတို့အား မသင့်လျော်သော လူတို့၏ရောနှောခြင်းမျိုးဖြင့် ရောနှောနေတတ်၏။ ဘိက္ခု ဘိက္ခုနီ ဥပါသကာ ဥပါသိကာ တည်းဟူသော မြတ်စွာဘုရား၏ တပည့် သား တပည့်မတို့အား မသဒ္ဓါ မကြည်ညို ဆဲရေးခြိမ်းချောက်စကား ပြောကြား၍ အကျိုးမဲ့ အစီးပွါးမဲ့ ချမ်းသာမဲ့ကို အလိုရှိသည့်အိမ်တို့သို့ မှီဝဲဆည်းကပ်တတ်၏။ ထိုရဟန်း၏ ကျက်စားရာဖြစ်သော ပြည့်တန်းဆာမ၊ လင်သေ လင်ကွာသောမိန်းမ၊ အပျိုကြီး၊ ပဏ္ဍုက်၊ ဘိက္ခုနီမ၊ သေတင်းကုပ် (ဘုံဆိုင် အရက်ဆိုင်)၊ မင်း၊ မင်း၏အမတ်ကြီး၊ တိတ္ထိ၊ တိတ္ထိတို့၏ တပည့်များ၊ မြတ်စွာဘုရား၏ ပရိသတ်လေးပါး တပည့်များကို မသဒ္ဓါ မကြည်ညိုသောအိမ် ဤအလုံးစုံသည် အပြစ်ရှိသော ကျက်စားရာဌာနမည်၏။ ထိုရဟန်း၏ ထိုဆိုအပ်ပြီးသော ဌာနတို့၌ ကျက်စားခြင်းကိုလည်း အပြစ်ရှိသော အပြစ်မကင်းသော ကျက်စားခြင်းဟူ၍သာ ဆိုအပ်၏။[၂]
ကျက်စားခြင်းဟူသည်
[ပြင်ဆင်ရန်]မမြတ်သဘော အရောတဝင် မိတ်ဖွဲ့ကျက်စားခြင်းကို ဆိုလိုသည်။ ပြည့်တန်ဆာမပင် ဖြစ်သော်လည်း တရံတခါ လှူဒါန်းလို၍ ပင့်ဖိတ်လျှင် သတိတရား လက်မလွတ်စေပဲ အလှူခံသွားနိုင်ပေ၏။ ဤ၌ ပြည့်တန်းဆာမ၊ လင်သေ လင်ကွာသော မိန်းမ၊ အပျိုကြီး၊ ပဏ္ဍုက်၊ ဘိက္ခုနီမ ဤငါးဌာနမှာ ကာမဂုဏ်ငါးပါး၏ မှီရာနိဿယ ဖြစ်သောကြောင့် မကျက်စားကောင်းသောဌာန ဖြစ်ရသည်။
သေတင်းကုပ် ဘုံဆိုင် အရက်ဆိုင်တို့မှာ မြတ်သောအကျင့်၏ အန္တရာယ်ကို ပြုတတ်သောကြောင့် မကျက်စားရာသော ဌာနဖြစ်သည်။
မင်း မင်း၏အမတ်ကြီးတို့မှာ ရဟန်းတရားအား ကျေးဇူးမများသည့်ပြင် လာဘ်ပူဇော်သက္ကာရ တည်းဟူသော မိုးကြိုးစက်ဖြင့် ကြိတ်ဖျက်တတ်သောကြောင့် မကျက်စားအပ်သော ဌာနဖြစ်သည်၊
သဒ္ဓါတရားမရှိသောအိမ် မကြည်ညိုသောအိမ် ဆဲရေးခြိမ်းချောက်သည့်အိမ်မှာ သဒ္ဓါတရား ဆုတ်ယုတ်ခြင်း စိတ်၏ထိတ်လန့်ခြင်းကို ဖြစ်စေတတ်သောကြောင့် မကျက်စားအပ်သော ဌာနဖြစ်သည်။[၂]
အပြစ်မရှိသောကျက်စားရာဌာနအရကို ပြအပ်ပြီးသည်ကိုပြောင်းပြန်လှန်သောအားဖြင့် သိအပ်၏။ ပြောင်းပြန်လှန် ဟူသည်မှာ.. အကြင် အမျိုးသား အမျိုးသမီးတို့သည် သဒ္ဓါတရားရှိကုန်၏၊ ရတနာသုံးတန် ကံ-ကံ၏အကျိုးကို ယုံကြည်ကြကုန်၏။ ရဟန်းတို့၏ သောက်သုံး၍မကုန်နိုင်သော ရေတွင်းရေကန်သဖွယ် ဖြစ်ကြကုန်၏။ ရဟန်းတို့၏ သင်္ကန်းရောင်ဖြင့် ပြောင်ပြောင်တောက်၍ နေကုန်၏ (အိမ်သို့ဝင်ထွက်သော ရဟန်းများ မပြတ်သည်ကို ဆိုလိုသည်)၊ ရဟန်းတို့၏ သင်္ကန်း ကိုယ်အင်္ဂါလှုပ်ရှားမှုမှ ဖြစ်သောလေတို့ဖြင့် အမြဲတိုက်ခတ်၍ နေကုန်၏။ ဘိက္ခု ဘိက္ခုနီ ဥပါသကာ ဥပါသိကာတို့၏ အကျိုးစီးပွါး ချမ်းသာခြင်းကို အလိုရှိကုန်၏၊ ထိုသို့သဘောရှိသော အမျိုးသား အမျိုးသမီးတို့၏ နေအိမ်သည် ရဟန်းတော်များအဖို့ အပြစ်မရှိသော ကျက်စားရာဌာန မည်၏ဟူ၍ ဆိုအပ်၏။
တနည်းကား...ဤဆိုလတ္တံ့သော နည်းဖြင့်လည်း အာစာရနှင့် ဂေါစရအရကို သိအပ်၏။ အဘယ်သို့ သိအပ်သနည်းဟူမူကား-
မကျင့်ကောင်းသော အနာစာရတရားသည် ကိုယ်၌မှီသော ကာယိကအနာစာရ နှုတ်၌မှီသော ဝါစသိကအနာစာရဟူ၍ နှစ်ပါးရှိရာ[၂]
ကိုယ်၌မှီသော ကာယိကအနာစာရ ဟူသည်မှာ
[ပြင်ဆင်ရန်]ရဟန်းဖြစ်လျက် သံဃာ့ဘောင်သို့ ရောက်ရှိသောအခါ ရိုသေသော အခြင်းအရာကို မပြုခြင်း၊ မထေရ်ကြီးတို့ကို ထိပါးပွတ်တိုက်၍ ရပ်ခြင်း ထိုင်ခြင်း မထေရ်ကြီးများ၏ ရှေ့မှ ရပ်ခြင်း ထိုင်ခြင်း မထေရ်ကြီးတို့၏ အထက်ကျသော နေရာ၌ နေထိုင်ခြင်း ခေါင်းမြီးခြုံ၍ ထိုင်နေခြင်း မတ်တတ်ရပ်၍ စကားပြောခြင်း လက်ကိုဝှေ့၍ ရမ်း၍ မြှောက်၍ စကားပြောခြင်း မထေရ်ကြီးများ ဘိနပ်မစီးပဲ စင်္ကြံသွားနေစဉ် မိမိက ဘိနပ်စီးလျက် စင်္ကြံသွားခြင်း မထေရ်ကြီးများ နိမ့်သောနေရာ၌ စင်္ကြံသွားစဉ် မိမိက မြင့်သောနေရာ၌ စင်္ကြံသွားခြင်း မထေရ်ကြီးများ မြေအပြင်၌ စင်္ကြံသွားစဉ် မိမိက စင်္ကြံ၌ စင်္ကြံသွားခြင်း မထေရ်ကြီးတို့ကို တိုးဝှေ့၍ထိုင်ခြင်း တိုးဝှေ့၍ ရပ်ခြင်း သီတင်းငယ်များကို နေရာဖြင့် တားမြစ်ခြင်း (နေရာမပေးခြင်း) မီးတင်းကုပ်ထဲ၌ မထေရ်ကြီးတို့ကို ခွင့်မပန်ပဲ ထင်းထည့်ခြင်း တံခါးပိတ်ခြင်း ရေဆိပ်၌ မထေရ်ကြီးတို့ကို ပွတ်တိုက်ထိပါး၍ ဆင်းခြင်း ရှေ့မှဆင်းခြင်း ပွတ်တိုက်ထိပါး၍ ရေချိုးခြင်း ရှေ့မှရေချိုးခြင်း မထေရ်ကြီးတို့ကို ပွတ်တိုက်ထိပါး၍ ကမ်းသို့တက်ခြင်း ရှေ့မှတက်ခြင်း ရွာတွင်းသို့၀င်သောအခါ မထေရ်ကြီးတို့ကို ပွတ်တိုက် ထိပါး၍သွားခြင်း ရှေ့မှသွားခြင်း ရှေ့ကသွားသော မထေရ်ကြီးများကို ဘေးမှ ရှောင်တက်ကာ ထိုမထေရ်ကြီးတို့၏ရှေ့မှ သွားခြင်း မြို့ရွာအတွင်းရောက်သောအခါ ဒကာ ဒကမတို့၏ လျှို့ဝှက်အပ်သော တိုက်ခန်း အမျိုးသမီးများ နေထိုင်ရာ တိုက်ခန်းအတွင်းသို့ အဆောတလျင်ဝင်ခြင်း ထိုအိမ်ရှိ ကလေးသူငယ်တို့၏ ဦးခေါင်းကို သုံးသပ်ကိုင်တွယ် (ချစ်ခင်သည့် အမူအရာကိုပြ)ခြင်း ဤအလုံးစုံသည် ကိုယ်၌မှီသော (ကိုယ်ဖြင့်ပြုအပ်သော) မကောင်းသောအကျင့်= ကာယိကအနာစာရ မည်၏။[၂]
နှုတ်၌မှီသော (နှုတ်ဖြင့်ပြောအပ်သော) မကောင်းသောအကျင့်
[ပြင်ဆင်ရန်]ဝါစသိကအနာစာရ ဟူသည်ကား.. ရဟန်းဖြစ်လျက် သံဃာ့ဘောင်သို့ ရောက်ရှိသောအခါ ရိုသေသော အခြင်းအရာကို မပြုမူ၍ မထေရ်ကြီးများကို အခွင့်မပန်ပဲ တရားဟောခြင်း သူတပါးအမေးကို ဖြေဆိုခြင်း ပါတိမောက်ကိုပြခြင်း (ရွတ်ဆိုခြင်း) မတ်တတ်ရပ်၍ စကားပြောခြင်း လက်ရုံးဆန့်တန်း ရမ်း၍ စကားပြောခြင်း မြို့တွင်းရွာတွင်း ရောက်သောအခါ မိန်းမကြီးများကို၎င်း မိန်းမပျိုများကို၎င်း “ဤမည်သောမိန်းမ.. (သုမနာ..စသည်) ဤအနွယ် ရှိသောမိန်းမ (ဂေါတမီ..စသည်) ဘာများရှိသနည်း ယာဂုရှိသလော ထမင်းရှိသလော ခဲဖွယ်ရှိသလော ဘာကိုသောက်ရမည်နည်း ဘာကို ခဲရမည်နည်း ဘာကိုစားရမည်နည်း ငါ့အား ဘာကိုပေးလှူမည်နည်း” အစရှိသည်ဖြင့် အထူးထူး အထွေထွေ ဣန္ဒြေမစောင့်စည်းပြောဆိုခြင်း ဤအလုံးစုံသည် နှုတ်၌မှီသော (နှုတ်ဖြင့်ပြောအပ်သော) မကောင်းသောအကျင့်= ဝါစသိကအနာစာရ မည်၏။
ကျင့်ကောင်းသော အာစာရတရားကိုလည်း ဆိုအပ်ပြီးသည့် မကျင့်ကောင်းသော အနာစာရတရားတို့ကို ပြောင်းပြန်လှန်သောအားဖြင့် သိအပ်၏။ တနည်းကား.. ရိုသေခြင်း ကျိုးနွံခြင်း အရှက်အကြောက်နှင့် ပြည့်စုံခြင်း သင်းပိုင်ကို ကောင်းစွာဝတ်ခြင်း ဧကစ္စီကို ကောင်းစွာရုံခြင်း ကြည်ညိုဖွယ်ကောင်းသည့် ရှေ့သို့တက်ခြင်း နောက်သို့ဆုတ်ခြင်း တည့်တည့်ကြည့်ခြင်း တစောင်းကြည့်ခြင်း ကွေးခြင်း ဆန့်ခြင်း မျက်လွှာချခြင်း တည်းဟူသော ဣရိယာပုသ်နှင့် ပြည့်စုံခြင်း ဣန္ဒြေတို့၌ လုံခြုံစွာ စောင့်ရှောက်ခြင်း အစားအသောက်တို့၌ အတိုင်းအရှည် ပမာဏကိုသိခြင်း နိုးကြားမှုကို အားထုတ်ခြင်း မမေ့မလျော့ခြင်း အရာရာ၌ သမ္ပဇဉ်တရား လက်ရှိထားခြင်း အလိုနည်းခြင်း ရောင့်ရဲလွယ်ခြင်း ကုသိုလ်တရားတို့၌ အားထုတ်သော လုံ့လဝီရိယရှိခြင်း ရှေး၌ပြဆိုခဲ့သော အာဘိသမာစာရိကသီလ အကျင့်တို့၌ ရိုသေစွာ ကျင့်လေ့ရှိခြင်း ဤတရားစုကို ကောင်းသောအကျင့် ကျင့်ကောင်းသော အာစာရတရားဟူ၍ ဆိုအပ်၏။[၂]
ကျက်စားရာ ဂေါစရကား
[ပြင်ဆင်ရန်]- (၁) ဥပနိဿယဂေါစရ= သီလစသော ဂုဏ်ကျေးဇူးတို့၏ အားကြီးသော အကြောင်းဖြစ်သည့် ကျက်စားရာ၊
- (၂) အာရက္ခဂေါစရ= စိတ်ကို စောင့်ရှောက်တတ်သော ကျက်စားရာ၊
- (၃) ဥပနိဗန္ဓဂေါစရ= စိတ်ကို ဖွဲ့ချည်၍ထားရာဖြစ်သော ကျက်စားရာဟူ၍ သုံးပါး အပြားရှိ၏။ ထိုသုံးပါးတို့တွင်.
(၁) ဝဋ်မှထွက်မြောက်ကြောင်း စကားကောင်း ဆယ်မျိုးကိုသာ ပြောကြားခြင်း တည်းဟူသော ဂုဏ်ကျေးဇူးနှင့် ပြည့်စုံသည့် ကလျာဏမိတ်ဆွေသည် ဥပနိဿယဂေါစရ မည်၏။ ယင်း ကလျာဏမိတ်ဆွေကို အမှီပြု၍ မကြားဖူးသည်ကို ကြားနာရခြင်း ကြားနာပြီးသော တရားကို စင်ကြယ်စေခြင်း ယုံမှားကို ပယ်ဖျောက်ခြင်း အယူကို ဖြောင့်စွာပြုနိုင်ခြင်း စိတ်ကြည်လင်ခြင်း အကျိုးတို့ကို ရနိုင်သည့်ပြင် ယင်းသည့် ကလျာဏမိတ်ဆွေကို အတုလိုက်၍ ကျင့်ခြင်းဖြင့် သဒ္ဓါ သီလ သုတ စာဂ ပညာတရားတို့ တိုးပွါးနိုင်ပေသည်။ သို့ရကား ထိုကလျာဏမိတ်ဆွေသည် သီလစသော ဂုဏ်ကျေးဇူးတို့ တိုးပွါးရန် အားကြီးသော အကြောင်းဖြစ်သည့်= ဥပနိဿယဂေါစရ မည်၏။[၂]
ဝဋ်မှထွက်မြောက်ကြောင်း စကားကောင်း ဆယ်မျိုးဟူသည်ကား
[ပြင်ဆင်ရန်]- (၁) အပ္ပိစ္ဆကထာ = အလိုနည်းကြောင်းစကား၊
- (၂) သန္တုဋ္ဌီကထာ = မိမိမှာရှိသော ပစ္စည်းဖြင့်သာ နှစ်သိမ့်ကျေနပ်ကြောင်း စကား၊
- (၃) ပဝိဝေကကထာ = ဆိတ်ငြိမ်ရာအရပ်၌ နေသင့်ကြောင်းစကား၊
- (၄) အသံသဂ္ဂကထာ = မရောနှောထိုက်သောသူတို့နှင့် မရောနှောသင့်ကြောင်း စကား၊
- (၅) ဝီရိယာရမ္ဘကထာ = အားထုတ်ရမည့် အရာတို့မှာ ကောင်းစွာ အားထုက်သင့်ကြောင်း စကား၊
- (၆) သီလကထာ = ကောင်းမြတ်သောသီလနှင့် စပ်လျဉ်းသောစကား၊
- (၇) သမာဓိကထာ = တည်ကြည်ခြင်း သမာဓိနှင့် စပ်လျဉ်းသောစကား၊
- (၈) ပညာကထာ = ဝိပဿနာဉာဏ် မဂ်ဉာဏ်တို့နှင့် စပ်လျဉ်းသောစကား၊
- (၉) ဝိမုတ္တိကထာ = ဖိုလ်နှင့် စပ်လျဉ်းသောစကား (တနည်း ဝိမုတ္တိငါးမျိုးနှင့် စပ်လျဉ်းသောစကား)၊
- (၁ဝ) ဝိမုတ္တိဉာဏဒဿနကထာ = မဂ်ဖိုလ်တို့ကို ဆင်ခြင် သိမြင်သည့် ပစ္စဝေက္ခဏာဉာဏ်နှင့် စပ်လျဉ်းသောစကား-
ဤဆယ်ပါးတို့ဖြစ်သည်။
အကျဉ်းချုပ် ပြဆိုလျှင် ဖော်ပြရာပါ ဝဋ်မှထွက်မြောက်ကြောင်း စကားကောင်း ဆယ်ပါးတို့ကိုသာ ပြောဆိုလေ့ရှိသဖြင့် မကြားနာဘူးသေးသည်ကို ကြားနာရခြင်းစသော အကျိုးငါးပါးကို ရစေနိုင်သည့်ပုဂ္ဂိုလ် သဒ္ဓါ သီလ သုတ စာဂ ပညာ တရားငါးပါးတို့ကို တိုးပွါးစေတတ်သည့် ကလျာဏမိတ်ဆွေပုဂ္ဂိုလ် ဤပုဂ္ဂိုလ်များသည် ဥပနိဿယဂေါစရ= သီလစသော ဂုဏ်ကျေးဇူးတို့ တိုးပွါးရန် အားကြီးသော အကြောင်းဖြစ်သည့် ကျက်စားရာမည်၏။[၂]
စိတ်ကိုစောင့်ရှောက်တတ်ခြင်း
[ပြင်ဆင်ရန်](၂) စိတ်ကို စောင့်ရှောက်တတ်သည့် သတိတရားသည် အာရက္ခဂေါစရ မည်၏။ အာရက္ခ= စိတ်ကိုစောင့်ရှောက်တတ်သည့်၊ ဂေါစရ= ကျက်စားရာ သတိတရား၊ ယင်းသည့် သတိတရားတည်းဟူသော ကျက်စားရာဂေါစရ၌ ကျက်စားသော ရဟန်းသည် မြို့အတွင်း ဆွမ်းခံဝင်သောအခါ မျက်လွှာကိုချ ထမ်းပိုးတပြန်မျှကြည့်၍ ဣန္ဒြေကိုစောင့်စည်း၍ သွားလေ့ရှိပေ၏၊ ဆင်တပ် မြင်းတပ် ရထားတပ် ခြေလျင်တပ် မိန်းမယောက်ျားတို့ကို မကြည့်မူ၍ သွား၏။ အထက်ကိုလည်း မော့၍မကြည့်၊ အောက်ကိုလည်း ငုံ့၍မကြည့်၊ အရပ်ရှစ်မျက်နှာ မှာမှာအရပ်တို့ကို မကြည့်မူ၍သာလျှင် သွား၏။ သတိတည်းဟူသော အာရက္ခဂေါစရ၌ မကျက်စားသော ရဟန်းကား မြို့ရွာအတွင်း ဆွမ်းခံဝင်သောအခါ ကျီးကာဏ်းတောင်းမှောက် တောင်မြောက်ထွေလာ ကြည့်၍သာ သွားတတ်၏။ သို့ရကား သတိတရားသည် ရဟန်း၏စိတ်ကို အကုသိုလ်များ မဝင်ရောက်အောင် စောင့်ရှောက်တတ်သည့် ကျက်စားရာ= အာရက္ခဂေါစရ မည်၏။[၂]
စိတ်ကို ဖွဲ့ချည်ထားရာ ကမ္မဋ္ဌာန်း ရှိခြင်း
[ပြင်ဆင်ရန်](၃) သတိပဋ္ဌာန်တရားလေးပါး ကမ္မဋ္ဌာန်းတို့သည် စိတ်ကို ဖွဲ့ချည်ထားရာ စားကျက်ကြီးများ ဖြစ်ကြသောကြောင့် ဥပနိဗန္ဓဂေါစရ မည်ကုန်၏။ (ဥပနိဗန္ဓ= စိတ်ကိုဖွဲ့ချည်ထားရာ၊ ဂေါစရ= စားကျက်ကြီးများ။)
ပါတိမောက္ခသံဝရသီလကို ထက်ဝန်းကျင် ဖြူစင်အောင် ဖြည့်ကျင့်လိုသော ရဟန်းသည် ဖော်ပြရာပါ ကောင်းမြတ်သော အာစာရတရား ဂေါစရတရားတို့နှင့် ပြည့်စုံသည့်ပြင် အဏုမြူမျှလောက်သော အပြစ်ငယ်ကလေးတို့ကိုပင်သော်လည်း ကြောက်ဖွယ်မဟေး ဘေးကြီး အပြစ်ကြီးဟူ၍ ရှုလေ့ရှိပြီးလျှင် သိက္ခာပုဒ်တို့ကို ကောင်းစွာဆောက်တည် ကျင့်ကြရလေသည်။
ပါတိမောက္ခသံဝရသီလ ပြီး၏။[၂]