ဂုဏ်တော်

ဝီကီပီးဒီးယား မှ

ဗုဒ္ဓဘာသာတွင် ဂုဏ်တော် (အင်္ဂလိပ်: supreme qualities) ဆိုသည်မှာ ရတနာသုံးပါး၏ ဂုဏ်ကျေးဇူး (သို့) စွမ်းရည်သတ္တိ (သို့) အရည်အချင်းများ ကိုဆိုလိုသည်။ ဂုဏ်တော် ဟူသော စကားလုံးသည် "ဂုဏ"[၁] နှင့် "တော်" တို့ကို ပေါင်းစပ်ထား၍ "ဂုဏ" သည် ကျေးဇူးတရား၊ အရည်အချင်းများဟု အနက်ယူနိုင်ပြီး "တော်" သည် မြင့်မြတ်မှုကို ညွှန်းဆိုသည့် နာမ်နောက်ဆက်စကားလုံးဖြစ်သည်။[၂]

မြတ်ဗုဒ္ဒသည် ဒီဃနိကာယ်၊ သီလက္ခန္ဓဝဂ်တစ်ခုတည်းတွင်ပင် ဘုရားဂုဏ်တော်ကိုးပါးကို (၂၃) ကြိမ်အထိ ကိုယ်တိုင်ဟောတော်မူကြောင်း ကိုးကားရင်းမြစ်စာအုပ်တစ်ခု၌ ဆိုသည်။ ဂုဏ်တော်များမှာ အနန္တဖြစ်၍ ရေတွက်မရနိုင်သော်လည်း အချုပ်အားဖြင့် ဤကိုးပါးကိုသာ ပြဆိုလေ့ရှိသည်။ ဝင်္ဂီသရန္တာမထေရ်ကလည်း မြတ်စွာဘုရား၏ ဂုဏ်တော်များကို ဂါထာအမျိုးမျိုးဖွဲ့ဆို၍ သီကုံးခဲ့သည်။ ထို့အပြင် အရှင်သာရိပုတ္တရာသည်လည်း သီဟနာဒသုတ်၌ ဘုရား၏ ဂုဏ်တော်များကို ချီးကျူးဖွဲ့ဆို လျှောက်ထားမှုရှိသည်။[၃]

ထေရဝါဒဗုဒ္ဓဘာသာ၌ ဗုဒ္ဓနုဿတိ၊ ဓမ္မနုဿတိ၊ သံဃာနုဿတိ ဘာဝနာများပွားများရာ၌ ထိုဂုဏ်တော်များကို အဖန်တလဲလဲပွားများကြသည်။ အရှင်ဗုဒ္ဓဃောသ၏ ဝိသုဒ္ဓိမဂ်တွင် ဤသို့ နုဿတိပွားများခြင်းသည် ယုံကြည်မှုသဒ္ဒါ၊ သမာဓိ၊ ပညာနှင့် ကုသိုလ်တရားများရရှိနိုင်ကြောင်း ဆိုထား၏။ ထို့နောက် ပွားများအားထုတ်သူသည် ဘုရားရှင်၏ တည်ရှိမှုတွင် နေရသကဲ့သို့ ခံစားရနိုင်သည်ဟုလည်း ဆိုထားလေသည်။[၄]

ဥပမာအနေဖြင့် ဘုရားဂုဏ်တော်ကိုးပါး ဂါထာကို အောက်တွင် ဖော်ပြထားသည်။

ဣတိ ပိ သော ဘဂဝါ အရဟံ သမ္မာသမ္ဗုဒ္ဓေါ ဝိဇ္ဇာစရဏ သမ္ပန္နော သုဂတော လောကဝိဒူ အနုတ္တရော ပုရိသဒမ္မသာရထိ သတ္ထာဒေဝ မနုဿာနံ ဗုဒ္ဓေါ ဘဂဝါ — ဘုရားဂုဏ်တော်ဂါထာ

အသေးစိတ်ကြည့်ရန်[ပြင်ဆင်ရန်]


ကိုးကား[ပြင်ဆင်ရန်]

  1. ဦးဟုတ်စိန်၊ ပါဠိ-မြန်မာ အဘိဓာန်
  2. Burmese Orthography, Myanmar Language Commission, 1993.၊ မြန်မာဝစ်ရှင်ရီနတွင် ထိုအဓိပ္ပာယ်ဖွင့်ဆိုချက်များရှိသည်။
  3. ရတနာသုံးပါးဂုဏ်တော်နှင့် ဗုဒ္ဓဂုဏ်တော်ကိုးပါးအကျိုး။ သာသနာရေးဦးစီးဌာန။ ၁၉၈၇။ p. ၄၂-၄၃။
  4. McMahan, David; Empty Vision: Metaphor and Visionary Imagery in Mahayana Buddhism, RoutledgeCurzon, 2002. p. 149.