မာတိကာသို့ ခုန်သွားရန်

သံဃာဂုဏ်တော်

ဝီကီပီးဒီးယား မှ

သံဃာ ဟူသော ပါဠိစကားသည် အစုအပေါင်း၊ အသင်းအဖွဲ့ဟု အဓိပ္ပာယ်ရပြီး ဗုဒ္ဓဘာသာတွင် အယူဝါဒနှင့် သိက္ခာချင်းတူညီကြသော ရဟန်းတော်များ၏ အစုအဝေးကို ဆိုလိုသည်။ မြတ်စွာဘုရားရှင်၏ တပည့်သား သံဃာတော်များတွင် မဂ်ဖိုလ်ရပြီးသော အရိယာသံဃာတော်များ နှင့် မဂ်ဖိုလ်ရအောင် ကျင့်ကြံနေဆဲဖြစ်သော ပုထုဇဉ်သံဃာတော်များ ဟူ၍ ရှိသည်။

အရိယာသံဃာတော် ရှစ်ပါး

[ပြင်ဆင်ရန်]

သံဃာ့ဂုဏ်တော်[] [] များတွင် ဖော်ပြလေ့ရှိသော သံဃာတော်များကို အစုံအားဖြင့် လေးစုံ၊ ပုဂ္ဂိုလ်အပြားအားဖြင့် ရှစ်ပါးဟု သတ်မှတ်သည်။ ၎င်းတို့မှာ -

  • မဂ္ဂဋ္ဌာန် ပုဂ္ဂိုလ် ၄ ပါး: သောတာပတ္တိမဂ်၊ သကဒါဂါမိမဂ်၊ အနာဂါမိမဂ်နှင့် အရဟတ္တမဂ် တည်သောပုဂ္ဂိုလ်များ။
  • ဖလဋ္ဌာန် ပုဂ္ဂိုလ် ၄ ပါး: သောတာပတ္တိဖိုလ်၊ သကဒါဂါမိဖိုလ်၊ အနာဂါမိဖိုလ်နှင့် အရဟတ္တဖိုလ် တည်သောပုဂ္ဂိုလ်များ။

သံဃာ့ဂုဏ်တော် ၉ ပါး

[ပြင်ဆင်ရန်]

သံဃာတော်များတွင် ကိန်းဝပ်တည်ရှိသော ဂုဏ်တော် ၉ ပါးမှာ အောက်ပါအတိုင်း ဖြစ်သည် -

သုပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော၊
ဥဇုပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော၊
ဉာယပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော၊
သာမီစိပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော၊
ယဒိဒံ စတ္တာရိ ပုရိသယုဂါနိ အဋ္ဌ ပုရိသပုဂ္ဂလာ ဧသ ဘဂဝတော သာဝကသံဃော၊
အာဟုနေယျော၊ ပါဟုနေယျော၊
ဒက္ခိဏေယျော၊ အဉ္ဇလိကရဏီယျော၊
အနုတ္တရံ ပုညက္ခေတ္တံ လောကဿ။[]


၁။ သုပ္ပဋိပန္န ဂုဏ်တော်

[ပြင်ဆင်ရန်]

မြတ်စွာဘုရားရှင်၏ အဆုံးအမတော်ကို လုံးဝဥဿုံ လိုက်နာကာ ကောင်းမွန်စွာ ကျင့်ကြံတော်မူသော ဂုဏ်ဖြစ်သည်။ အနည်းငယ်သော အပြစ်ကိုပင် ကြီးလေးသည်ဟု သတိထားကာ ရှောင်ကြဉ်တော်မူကြသည်။

၂။ ဥဇုပ္ပဋိပန္န ဂုဏ်တော်

[ပြင်ဆင်ရန်]

စဉ်းလဲခြင်း၊ လှည့်ပတ်ခြင်း (မာယာ) မရှိဘဲ နိဗ္ဗာန်လမ်းသို့ ဖြောင့်မတ်စွာ ကျင့်ကြံတော်မူသော ဂုဏ်ဖြစ်သည်။

၃။ ဉာယပ္ပဋိပန္န ဂုဏ်တော်

[ပြင်ဆင်ရန်]

သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်ရာဖြစ်သော နိဗ္ဗာန်အလို့ငှာသာ ကျင့်ကြံတော်မူသော ဂုဏ်ဖြစ်သည်။ မိမိကိုယ်၌ မီးလောင်နေသော်လည်း ထိုမီးကို မငြိမ်းအားဘဲ နိဗ္ဗာန်ရရေးအတွက်သာ ဦးစားပေး ကျင့်ကြံကြသည်။

၄။ သာမိစိပ္ပဋိပန္န ဂုဏ်တော်

[ပြင်ဆင်ရန်]

လူနတ်တို့၏ အရိုအသေပြုခြင်း (သာမိစိကံ) နှင့် ထိုက်တန်အောင် ရိုသေထိုက်သော အကျင့်တို့ကို ကျင့်ကြံတော်မူသော ဂုဏ်ဖြစ်သည်။

၅။ အာဟုနေယျ ဂုဏ်တော်

[ပြင်ဆင်ရန်]

အဝေးမှပင် တကူးတက ယူဆောင်လာသော လှူဖွယ်ဝတ္ထုများကို ခံယူတော်မူထိုက်သော ဂုဏ်ဖြစ်သည်။ သံဃာတော်အား လှူဒါန်းခြင်းသည် ကြီးကျယ်သော အကျိုးကို ပေးစွမ်းနိုင်သောကြောင့် ဖြစ်သည်။

၆။ ပါဟုနေယျ ဂုဏ်တော်

[ပြင်ဆင်ရန်]

ဧည့်သည်များအတွက် ရည်စူးထားသော အကောင်းဆုံး ခဲဖွယ်များကိုပင် လှူဒါန်းပူဇော်ရန် ထိုက်တန်သော ဂုဏ်ဖြစ်သည်။ သံဃာတော်များသည် ဘုရားပွင့်မှသာ တွေ့ရခဲသော "ကမ္ဘာ့ဧည့်သည်တော်ကြီးများ" နှင့် တူသောကြောင့် ဖြစ်သည်။

၇။ ဒက္ခိဏေယျ ဂုဏ်တော်

[ပြင်ဆင်ရန်]

နောင်တမလွန်ဘဝ ချမ်းသာရန် သို့မဟုတ် သေလွန်သူများကို ရည်စူး၍ လှူဒါန်းအပ်သော အလှူ (ဒက္ခိဏာ) ကို ခံယူတော်မူထိုက်သော ဂုဏ်ဖြစ်သည်။

၈။ အဉ္စလိကရဏီယျ ဂုဏ်တော်

[ပြင်ဆင်ရန်]

လူနတ်ဗြဟ္မာ အပေါင်းတို့က လက်အုပ်ချီ မိုး၍ ရှိခိုးပူဇော်ခြင်းကို ခံယူတော်မူထိုက်သော ဂုဏ်ဖြစ်သည်။

၉။ အနုတ္တရံ ပုညက္ခေတ္တံ ဂုဏ်တော်

[ပြင်ဆင်ရန်]

ဝေနေယျ သတ္တဝါအပေါင်းတို့၏ ကုသိုလ်မျိုးစေ့ စိုက်ပျိုးရာ အတုမရှိ မြတ်သော လယ်ယာမြေနှင့် တူသော ဂုဏ်ဖြစ်သည်။

သာသနာတော်၌ တာဝန်ထမ်းဆောင်မှု

[ပြင်ဆင်ရန်]

သံဃာတော်များသည် မြတ်စွာဘုရားရှင်၏ သာသနာတော် သုံးရပ် (ပရိယတ္တိ၊ ပဋိပတ္တိ၊ ပဋိဝေဓ) ကွယ်ပျောက်မသွားအောင် အစဉ်အဆက် ထိန်းသိမ်း စောင့်ရှောက်လာခဲ့ကြသည်။ သင်္ဂါယနာ အဆင့်ဆင့် တင်ခဲ့ခြင်းနှင့် ပိဋကတ်တော်များကို နှုတ်တက်ဆောင်ခြင်း၊ ပေထက်အက္ခရာတင်ခြင်း၊ ကျောက်ထက်အက္ခရာတင်ခြင်း တို့ဖြင့် သာသနာတော်ကို သယ်ယူဆောင်ရွက်ခဲ့ကြသည်။

သံဃာတော်များကို ကိုးကွယ်ဆည်းကပ်ခြင်းသည် ကောင်းမွန်သော မြေဆီလွှာရှိသည့် လယ်ကွင်းပြင်ကြီးတွင် မျိုးစေ့များ ကြဲချစိုက်ပျိုးသကဲ့သို့ ဖြစ်ပါသည်။ လယ်မြေကောင်းလျှင် စိုက်ပျိုးသမျှ မျိုးစေ့များ ဖွံ့ထွားသန်မာသကဲ့သို့ ဂုဏ်တော်နှင့် ပြည့်စုံသော သံဃာတော်၌ ပြုအပ်သော ကုသိုလ်သည်လည်း နိဗ္ဗာန်တိုင်အောင် အကျိုးပေး ထွားကျိုင်းလှပါသည်။ []

အဓိပ္ပါယ် အကျယ်

[ပြင်ဆင်ရန်]
  1. (သံဃာ့ဂုဏ်တော် (၉)ပါးတို့တွင် အရိယမဂ်ဟုဆိုအပ်သော မဖောက်မပြန်သော အကျင့်ကို ကောင်းစွာကျင့်ခြင်း-သုပ္ပဋိပန္နတာဂုဏ်တော် (ဝါ)သုတ်, အဘိဓမ္မာ, ဝိနည်းတရား၌ မြတ်စွာဗုဒ္ဓ ဆုံးမတော်မူတိုင်း-မချွတ်မယွင်းသော အကျင့်ကို ကောင်းစွာ ကျင့်ခြင်း = သုပ္ပဋိပန္နတာဂုဏ်တော်,
  2. အရိယမဂ်ဟုဆိုအပ်သော ဖြောင့်မတ်သောအကျင့်ကို ကျင့်ခြင်း-ဥဇုပ္ပဋိပန္နတာဂုဏ်တော် (ဝါ) အလယ်၌ဖြစ်သော အကျင့် (မဇ္ဈိမပဋိပဒါ)ဖြင့် အယုတ်တရား (၂)ပါးသို့ မကပ်ရောက်မူ၍ အကောက်သုံးပါး အပြစ်များကို ပယ်ခွါခြင်းငှာ ကျင့်ခြင်း-ဥဇုပ္ပဋိပန္နတာဂုဏ်တော်,
  3. နိဗ္ဗာန်သို့ သွားရောက် တတ်သောကြောင့် လည်းကောင်း, နိဗ္ဗာန်ကို ထိုးထွင်း၍ သိကြောင်း ဖြစ်သောကြောင့်လည်းကောင်း ဉာယမည်သော အရိယမဂ်ကို ကျင့်ခြင်း ဉာယပ္ပဋိပန္နတာဂုဏ်တော် (ဝါ) ဉာယမည်သော သင့်လျော်လျောက်ပတ်သော အကျင့်ကို နိဗ္ဗာန်အလို့ငှာ ကျင့်ခြင်း-ဉာယပ္ပဋိပန္နတာဂုဏ်တော်,
  4. နိဗ္ဗာန်အား သင့်လျော်သောကြောင့်လည်းကောင်း, ဝဋ်ဆင်းရဲမှထွက်မြောက်ခြင်းငှာ သင့်လျော်သောကြောင့်လည်းကောင်း၊ သာမီစိမည်သော အရိယမဂ်ကို ကျင့်ခြင်း သာမီစိပ္ပဋိပန္နတာဂုဏ်တော်, (ဝါ) ဂုဏ်ကျေးဇူးကို မြတ်နိုးသဖြင့်လူ, နတ်, ဗြဟ္မာ, သတ္တဝါတို့ ပြုအပ်သော ခရီးဦးကြိုဆိုခြင်း, လက်အုပ်ချီမိုး ရှိခိုးခြင်း, နေရာဖြင့် ဖိတ်မန်ခြင်းစသော အရိုအသေပြုမှုကို ခံထိုက် အောင်ကျင့်ခြင်း = သာမီစိပ္ပဋိပန္နာဂုဏ်တော်,
  5. ဝေးသောအရပ်မှသော်လည်းဆောင်၍ သီလဝန္တပုဂ္ဂိုလ်တို့အား ပေးလှူအပ်သော (ထူးဆန်းရှားပါး မွန်မြတ်သော) လှူဘွယ် ဝတ္ထုကို ခံယူခြင်းငှာ သင့်လျော် လျောက်ပတ်ခြင်း . အာဟုနေယျတာဂုဏ်တော်, (ဝါ) ဝေးသောအရပ်မှသော်လည်း အလုံးစုံသော ဥစ္စာနှစ်ကိုလည်း ပေးလှူရာ၏အဖြစ် (ဝါ) သိကြားစသောပုဂ္ဂိုလ်တို့၏လည်းပေးလှူ ပူဇော်အပ်သော (ထူးဆန်းရှားပါး မွန်မြတ်သော)လှူဖွယ်ဝတ္ထုကို ခံထိုက်သည်၏အဖြစ် = အာဟုနေယျတာဂုဏ်တော်,
  6. အရပ်လေးမျက်နှာတို့မှ လာသော ဆွေမျိုး မိတ်သင်္ဂဟတို့၏ အကျိုးငှာ ကောင်းစွာ ပြုပြင်စီရင်အပ်သော ဧည့်သည်တို့အား ရည်ရွယ်၍ ထားအပ်သော လှူဖွယ်ဝတ္ထုကို ပေးလှူခြင်းငှာ သင့်လျော် လျောက်ပတ် သည်၏အဖြစ်, ခံယူခြင်းငှာလည်း ထိုက်သည်၏အဖြစ် = ပါဟုနေယျတာ ဂုဏ်တော်, (ဝါ) သူခပ်သိမ်းတို့၏ ရှေးဦးစွာ ဆောင်ယူ၍ ပေးလှူရာ၏အဖြစ် (ဝါ) ခပ်သိမ်းသောအပြားအားဖြင့် ဆောင်ယူ၍ပူဇော်အပ်သော (သန့်ရှင်းစင်ကြယ် ထူးဆန်းမွန် မြတ်သော) လှူဖွယ်ဝတ္ထုကို ခံထိုက်သည်၏ အဖြစ် = ပါဟုနေယျတာဂုဏ်တော်,
  7. တမလွန် လောကကို ယုံကြည်၍လှူအပ်သော (သန့်ရှင်း စင်ကြယ် မွန်မြတ်သော) လှူဖွယ်ဝတ္ထုကို ခံထိုက်သည်၏အဖြစ် (ဝါ) တမလွန်လောကကို ယုံကြည်၍ လှူအပ်သော (သန့်ရှင်းစင်ကြယ် မွန်မြတ်သော) လှူဖွယ်ဝတ္ထုအားလျော်သည်၏အဖြစ် = ဒက္ခိဏေယျတာဂုဏ်တော်,
  8. ကောင်းမှုကို အလိုရှိသော ပုဂ္ဂိုလ်တို့၏လက် အုပ်ချီခြင်းကို ပြုထိုက်သည်၏ အဖြစ် = အဉ္ဇလိကရဏီယတာဂုဏ်တော်,
  9. သတ္တဝါ အားလုံး၏ ကောင်းမှုတည်းဟူသော မျိုးစေ့ကို အကျိုးစီးပွား များစွာရနိုင်သဖြင့် ထူးကဲမြင့်မြတ်သော လယ်, ယာမြေကောင်းသဖွယ် ဖြစ်သည်၏အဖြစ် = လောကဿ အနုတ္တရပုညက္ခေတ္တတာဂုဏ်တော် ဤသို့ သံဃာ့ဂုဏ်တော်သည် ကိုးပါးဖြစ်သတည်း။ [] []
  • ဘဂဝတော - မြတ်စွာဘုရားရှင်၏၊ သာဝကသံဃော- တပည့်သားဖြစ်သော အရိယာသံဃာတော်အပေါင်း (နှင့် အရိယာနွယ်ဝင် သံဃာတော်အပေါင်း)သည် ---
  • သုပ္ပဋိပန္နော - လောဘ၊ ဒေါသ၊ မောဟကင်းကြောင်း သီလ၊ သမာဓိ၊ ပညာ အကျင့်ကောင်းကို) ကောင်းစွာ ကျင့်တော်မူသော သံဃာတော်။
  • ဥဇုပ္ပဋိပန္နော - ကိလေသာအကောက်ကင်းရန် ဖြောင့်မှန်စွာ ကျင့်တော်မူသော သံဃာတော်။
  • ဉာယပ္ပဋိပန္နော - ဆင်းရဲငြိမ်းရန် နိဗ္ဗာန်အလို့ငှာ သင့်လျော်စွာကျင့်တော်မူသော သံဃာတော်။
  • သာမိစိပ္ပဋိပန္နော - သူများကပြုသည့် ရိုသေမှုနှင့် သင့်တင့်ထိုက်တန်အောင် ကျင့်ကြံတော်မူသော သံဃာတော်။
  • အာဟုနေယျော - ရပ်ဝေးမှပင် ဆောင်ယူလာ၍ ပေးလှူသည်ကို ခံယူတော်မူထိုက်သော သံဃာတော်
  • ပါဟုနေယျော - ချစ်မြတ်နိုးအပ်သည့် ဧည့်သည်များ အတွက် အထူးပြုပြင်ထားသော စားကောင်းသောက်ဖွယ် ကိုပင် ပေးလှူပူဇော်ထိုက်သော သံဃာတော်။
  • ဒက္ခိဏေယျော - နောင်တမလွန်လောက၌ ကောင်းကျိုးရမည်ဟု ယုံကြည်၍ ပေးလှူသည်ကို ခံယူတော်မူထိုက်သော သံဃာတော်။
  • အဉ္စလိကရဏီယျော - ကောင်းကျိုးချမ်းသာ မှန်စွာ ရမည်ဟု ယုံကြည်မျှော်ကိုးလျှက် လက်အုပ်မိုး၍ ရှိခိုးထိုက်သော သံဃာတော်။
  • အနုတ္တရံ ပုညက္ခေတံ လောကဿ - ကောင်းမှုမျိုးကို စိုက်ပျိုးရန်အလို့ငှာ သတ္တဝါအပေါင်း၏ အကောင်းဆုံးလယ်ယာမြေဖြစ်တော်မူသော သံဃာတော်။

ဆက်စပ်ဖတ်ရှုရန်

[ပြင်ဆင်ရန်]

သံဃာနုဿတိ

ကိုးကား

  1. သံဃဂုဏ (ပု) [သံဃ+ဂုဏ] “သုပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော” တိအာဒိနာ သုတ္တန္တပရိယာယေနေဝ သံဃဂုဏေ ကထယိံသု။ အံ၊ဋ္ဌ၊၃၊၂၁၀-၁။ သာရတ္ထ၊၃၊၃၂၅။ (မ၊ဋ္ဌ၊၁၊၁၇၆။ မ၊ဋ္ဌ၊၄၊၁၉၉။ ဝိသုဒ္ဓိ၊၁၊၂၁၄။ ဓမ္မ၊ဋ္ဌ၊၂၊၂၈၇။ သုတ္တနိ၊ ဋ္ဌ၊၁၊၂၈၁၊ ၂၈၃)။
  2. 1 2 တိပိဋကအဘိဓာန် အတွဲ-၁၀
  3. ဝိသုဒ္ဓိ၊၁၊၂၁၁-၂။ ဒီ၊၂၊၈၀။ ဒီ၊၃၊၄။ မ၊၁၊၄၅-၆။ သံ၊၁၊၂၂၁-၂၊ ၂၉၉။ သံ၊၂၊၄၆၄-၇၊ ၄၆၉-၇၂။ သံ၊၃၊၂၉၈၊ ၃၁၀။ အံ၊၁၊၂၀၉၊ ၂၂၃။ အံ၊၂၊၁၈၇၊ ၂၅၂-၃။ အံ၊၃၊၄၀၅။ နေတ္တိ၊၄၈)။
  4. ရတနာ့ဂုဏ်ရည်
  5. ဝိသုဒ္ဓိ၊၁၊၂၁၁-၄။ ဝိသုဒ္ဓိ၊ဋီ၊၁၊၂၇၈-၈၁။