ချင်းတွင်းခရိုင် (အောက်)

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်

ချင်းတွင်းခရိုင် (အောက်)[ပြင်ဆင်ရန်]

စစ်ကိုင်းတိုင်းအပါအဝင်ဖြစ်သော အောက်ချင်းတွင်းခရိုင်သည် အောက်ချင်းတွင်းမြစ်ဝှမ်းရှိ မြို့နယ်များကို ပေါင်းထားသောခရိုင်တစ်ခုဖြစ်၏။ ထိုခရိုင်၏ မြောက်ဘက်တွင် အထက်ချင်းတွင်းခရိုင်နှင် ရွှေဘိုခရိုင်၊ အရှေ့ဘက်တွင် စစ်ကိုင်းခရိုင်၊ တောင်ဘက်နှင့် အနောက်ဘက်တွင် ပခုက္ကူခရိုင်တို့ ရှိသည်။ ချင်းတွင်းမြစ်သည် ထိုခရိုင်ကို အနောက်မြောက်မှ အရှေ့တောင်သို့ ဖြတ်လျက်စီးဆင်းလေသည်။ ထိုမြစ်ကြောင်းတစ်လျှောက် သင်္ဘောကြီးများ စုန်ဆန်သွားလာနိုင်သော်လည်း မိုးအခါတွင်မူ ရေလျှံသဖြင့် အသွားအလာခက်ခဲသည်။ ခရိုင်၏ အနောက်ဘက်ပိုင်းတွင် ပုံတောင် တောင်တန်း၏ မြောက်ဖျားနှင့် ဆက်လျက်ရှိသော မဟူတောင်သည် ထင်ရှားသော တောင်တန်းကြီးတစ်ခု ဖြစ်ပေသည်။ အောက်ချင်းတွင်းခရိုင်သည် မိုးခေါင်ရေရှားရပ်ဝန်းတွင် တည်ရှိသဖြင့် နွေအခါတွင် အထူးပူပြင်း၍ မိုးနှင့် ဆောင်းအခါများတွင် နေခင်းထိုင်ခင်းသာယာသည်။ ပျမ်းမျှမိုးရေချိန် ၃၂ လက်မရှိ၏။ သို့သော် မြောက်ဘက်ပိုင်းရှိ ဒေသများ၌မူ မိုးရေချိန် ၅၂ လက်မအထိ ရွာသွန်းသည်။

ဥသျှစ်၊ သနပ်ခါး၊ တမာ၊ ထနောင်း၊ ထန်း၊ ကုက္ကို စသော အပူပိုင်းသစ်ပင်များ ပေါက်၍ တောင်များပေါ်တွင် ကျွန်း၊ ပျဉ်းကတိုး၊ သစ်ယာ၊ အင်ကြင်း၊ ပိတောက် စသော သစ်တောကြီးများ ရှိလေသည်။ အောက်ချင်းတွင်းသစ်တောများကို သစ်တောကြိုးဝိုင်း သတ်မှတ်၍ သစ်တောခရိုင်ဝန် တစ်ဦးက အုပ်ချုပ်သည်။

ထိုခရိုင်တွင် ကော့ပါးဆာလဖိတ်ကို ဆားလင်းကြီးမြို့နယ်တွင်၎င်း၊ ရွှေကို ပုလဲမြို့နယ်တွင်၎င်း၊ ရေနံကို ကန္နီနှင့် ပုလဲမြို့နယ်တွင်၎င်း တွေ့ရသည်။ မြေစေး၊ ဂဝံကျောက်နှင့် ကျောက်စရစ်များကို နေရာအနှံ့အပြားတွင် တွေ့ရ၍ ထုံးကျောက်ကို တောင်များ၌ အနည်းငယ်တွေ့ရှိရလေသည်။ ဆားလင်းကြီးရွာတွင် ဆားချက်ကြသည်။

အရာတော်နှင့် ရေထွက်ရွာများတွင် မြေအိုးမြေခွက်များကို လုပ်ကိုင်ကြ၍ အင်းဒိုင်ရွာမှ ကြေးမောင်း၊ ကြေးဇွန်းနှင့် ကြေးဖလားများ ထွက်သည်။ ကျောက်ကာရွာနှင့် မောင်းထောင်ရွာမှ ထွက်သောယွန်းထည်များမှာ မြန်မာနိုင်ငံတစ်ခုလုံးတွင် ထင်ရှားသည်။ ယင်းမာပင်နယ်တွင် ဖျာနှင့် ထန်းခေါက်ဖာများကို ရက်လုပ်ကြသည်။

ထိုခရိုင်တွင် ဝါဂွမ်း၊ ပြောင်းဖူး၊ မြေပဲ၊ နှမ်းနှင့်ဆေးတို့ကို အကြီးအကျယ်စိုက်ပျိုး၍ ဆန်းစပါးကိုမူ အနည်းငယ် သာ စိုက်ပျိုးကြသည်။

တန်ခိုးကြီးဘုရားများစွာ ရှိသည့်အနက် ကန္နီနယ် မဟူတောင်တွင်ရှိသော အလောင်းတော်ကဿပ၊ ဆားလင်းကြီး နယ်ရှိ ဖိုးဝန်းတောင်နှင့် မိုးညှင်းတောရတို့မှာ ထင်ရှားလှ၍ နှစ်စဉ်ဘုရားဖူးများဖြင့် စည်ကားသည်။

ချင်းတွင်းနယ်ကို ဗြိတိသျှစစ်တပ်များသည် ခရစ်သက္ကရာဇ် ၁၈၈၆ ခုနှစ်နှင့် ၁၈၈၇ ခုနှစ်များက စတင်ဝင်ရောက်ခဲ့ကြသည်။ ရှေးအခါက ချင်းတွင်းနယ်ကို ယခုကဲ့သို့ အောက်ချင်းတွင်း ခရိုင်၊ အထက်ချင်းတွင်းခရိုင်ဟု ခွဲခြားထားခြင်းမရှိဘဲ တစ်နယ်လုံးကို ခရိုင်ဝန်တစ်ဦးတည်းက အုပ်ချုပ်ခဲ့၏။ ၁၈၈၈ ခုနှစ်တွင်မှ ၂ ပိုင်းခွဲလိုက်ခြင်း ဖြစ်လေသည်။

၁၈၈၇ ခုနှစ်နှင့် ၁၈၈၈ ခုနှစ်များတွင် အင်္ဂလိပ်အစိုးရအား ပုန်ကန်ထကြွမှုများ ဖြစ်ပွားခဲ့သည်။ ပထမဦးစွာ ဖိုးတုတ် ခေါင်းဆောင်၍ ပုန်ကန်ခဲ့၏။ သို့ရာတွင် ဖိုးတုတ်မှာ အရေးနိမ့်၍ အသတ်ခံခဲ့ရ၏။ ၁၈၈၇ ခုနှစ်နောက်ပိုင်းတွင် ရွှေချိုးဖြူ မင်းသားအမည်ခံ ခေါင်းဆောင်တစ်ဦးသည် ဗိုလ်စကားနှင့် ဗိုလ်ပျိုအမည်ရှိ နောက်လိုက် ၂ ဦး၏ အကူအညီဖြင့် ထကြွ ပုန်ကန်ခဲ့လေသည်။ ပထမအကြိမ် ဖြစ်ပွားသောတိုက်ပွဲတွင် ဗြိတိသျှစစ်ဗိုလ် ၂ ဦး ကျဆုံးသည်။ ဗြိတိသျှစစ်ကူများ ရောက်ရှိလာသောအခါ ရွှေချိုးဖြူမင်းသားတို့ တိမ်းရှောင်သွားကြ၏။၁၈၈၉ ခုနှစ်တွင် ရွှေချိုးဖြူမင်းသား တစ်ဖန်ထကြွပြန်သည်။ သို့သော် ဂန့်ဂေါတွင် အနှိမ်နင်းခံရပြီးနောက် ချင်းတောင်တန်းများသို့ ထွက်ပြေးတိမ်းရှောင်သွားရသည်။ ဗိုလ်စကားနှင့် ဗိုလ်ချိုတို့ကား ကျဆုံးကြ၏။ ထိုအခါမှစ၍ ချင်းတွင်းနယ်မှာ ငြိမ်းချမ်းစွာ ရှိခဲ့သည်။

အောက်ချင်းတွင်းခရိုင်ကို မုံရွာနယ်နှင့် ယင်းမာပင်နယ်ဟု ၂ နယ်ခွဲ၍ အုပ်ချုပ်သည်။ ခရိုင်ဝန်သည် မုံရွာမြို့တွင် ရုံးစိုက်သည်။ မုံရွာနယ်တွင် မုံရွာမြို့နယ်၊ ဘုတလင်မြို့နယ်နှင် အရာတော်မြို့နယ်တို့ ပါဝင်၍ ယင်းမာပင်နယ်တွင် ယင်းမာပင် မြို့နယ်၊ ကန္နီမြို့နယ်၊ ဆားလင်းကြီးမြို့နယ်နှင့် ပုလဲမြို့နယ်တို့ ပါဝင်လေသည်။ ပြည်ထောင်စုပါလီမန် လူမျိုးစုလွှတ်တော်သို့ ခရိုင်အရှေ့ပိုင်းနှင့် အနောက်ပိုင်းမှ အမတ်တစ်ဦးစီ တင်မြှောက်ရ၍ ပြည်သူ့လွှတ်တော်သို့ မြို့နယ်တစ်နယ်မှ အမတ်တစ်ဦးစီ တင်မြှောက်ရသည်။

စစ်ကိုင်း-ရေဦး မီးရထားလမ်းသည် အောက်ချင်းတွင်းခရိုင်ကို ဖြတ်၍ ဖောက်လုပ်ထားသည်။ မီးရထားလမ်းအပြင် မုံရွာမှ အလုံ၊ ဘုတလင်နှင့် ရွှေဘိုခရိုင်တွင်းရှိ ရေဦး၊ ခင်ဦး၊ ရွှေဘို မြို့များကို ဖြတ်၍ ဧရာဝတီ မြစ်ကမ်းပေါ်ရှိ ကျောက်မြောင်းအထိ၎င်း၊ မုံရွာခရိုင်အတွင်းရှိ သာစည်နှင့် အရာတော်မြို့များသို့၎င်း၊ မုံရွာမှ ချောင်းဦး၊ မြင်းမူမြို့များကို ဖြတ်၍ စစ်ကိုင်းသို့၎င်း ကားလမ်းပေါက်သည်။ မုံရွာတဘက်ကမ်းမှ ယင်းမာပင်၊ ပုလဲမြို့များသို့၎င်း၊ ဆားလင်းကြီးကြာတက်သို့၎င်း ကျောက်လမ်းများ ခင်းထားသဖြင့် အသွားအလာ လွယ်ကူသည်။

အောက်ချင်းတွင်ခရိုင်၏ အကျယ်အဝန်းမှာ စတုရန်းမိုင် ၃၄၈ဝ ဖြစ်၍ ၁၉၄၁ ခုနှစ် သန်းခေါင်စာရင်း အရ ခရိုင် တစ်ခုလုံးရှိ လူဦးရေမှာ ၄၇,၃၄ဝ ဖြစ်၏။ ၁၉၅၃ ခုနှစ် သန်းခေါင်စာရင်းအရ မုံရွာ၊ ယင်းမာပင်၊ ဆားလင်းကြီး၊ ကန္နီ၊ ပုလဲ၊ ချောင်းဦး၊ အလုံနှင့် အရာတော်မြို့ ၈ မြို့၏ လူဦးရေမှာ ၄၄,၂၇၁ ဖြစ်လေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)