မာတိကာသို့ ခုန်သွားရန်

ချင်းတွင်းခရိုင် (အထက်)

ဝီကီပီးဒီးယား မှ

ချင်းတွင်းခရိုင် (အထက်)

[ပြင်ဆင်ရန်]

အထက်ချင်းတွင်းခရိုင်သည် ချင်းတွင်းမြစ်၏ အလယ်ပိုင်း ဒေသဖြစ်၍ ခရိုင်၏ မြောက်ဘက်တွင် နာဂတောင်တန်းခရိုင်၊ အရှေ့ဘက်တွင် ကသာနှင့် ရွှေဘိုခရိုင်များ၊ တောင်ဘက်တွင် အောက်ချင်းတွင်းခရိုင်နှင့် ပခုက္ကူခရိုင်၊ အနောက်ဘက်တွင် ချင်းဝိသေသတိုင်းနှင့် မဏိပူရပြည်နယ်၊ အိန္ဒိယနိုင်ငံ ရှိသည်။ ချင်းတွင်းမြစ်သည် အထက်ချင်းတွင်းခရိုင်ကို မြောက်မှတောင် သို့ ဖြတ်၍စီးဆင်းသည်။ ယခင်က ယင်းခရိုင်အတွင်း ဟုမ္မလင်း မြို့နယ်၊ ဇင်ဂလိန်ခန္တီးစော်ဘွားနယ်နှင့် သောင်သွပ်စော်ဘွားနယ် ၂ နယ်ကို နာဂတော်တန်းခရိုင်တွင်းသို့ ပေါင်းစပ်သွတ်သွင်း ထားသည်။ ချင်းတွင်းမြစ်ဝှမ်းနှင့် မြစ်သာမြစ်ဝှမ်း၊ ကဘော် တောင်ကြားတို့မှအပ တောင်များ တောများ ထူထပ်သောခရိုင် ဖြစ်သည်။ ကသာခရိုင်နှင့် အထက် ချင်းတွင်းခရိုင်ကြားတွင် ဗြုတောင်တန်းရှိသည်။ ချင်းတွင်းမြစ်နှင့် ယင်း၏မြစ်လက်တက် ဖြစ်သော မြစ်သာမြစ်တို့၏ အကြားတွင် ပုံညာတောင်သည် ရှည်လျားသော တောင်တန်းဖြစ်သည်။

ရာသီဥတုမှာ ခရိုင်တောင်ပိုင်းတွင် အနည်းငယ်ပူပြင်းသော် လည်း မြောက်ပိုင်းတွင် အပူအအေးမျှတ၏။ ဥတ္တရယဉ်စွန်း တန်းသည် အထက်ချင်းတွင်းခရိုင်ကို အလယ်လောက်က ဖြတ် ၏။ ပျမ်းမျှမိုးရေချိန် ၆၇ လက်မခန့် ရွာသွန်းသည်။

ဤခရိုင်တွင် သစ်တောများ ထူထပ်၍ ပျဉ်းကတိုး၊ ပျဉ်းမ၊ အင်ကြင်း၊ သစ်ယာ၊ ယမနေ၊ အင်၊ ကညင်၊ သစ်စေး နှင့် ကျွန်းပင်များ ပေါက်ရောက်၏။ ဤခရိုင်ထွက်ကုန်များမှာ အထူးကြီးမား၏။ အချို့ ကျွန်းပင်၏ အချင်းမှာ ၆ ပေမျှ ရှိတတ်၏။

ဤခရိုင်တွင် တွေ့ရှိနိုင်သော တွင်းထွက်ပစ္စည်းများမှာ ရွှေ၊ ပတ္တမြား၊ နီလာ၊ ကျောက်စိမ်း၊ ပယင်းနှင့် ကျောက်မီး သွေးများ ဖြစ်၏။ ဤခရိုင်မှ ရေနံလည်း ထွက်လေသည်။ ကျောက်မီးသွေးကို အကြီးအကျယ် တူးဖော်ခြင်းမရှိသေးချေ။ သို့သော် မကြာသေးမီက မြန်မာနိုင်ငံတော်အစိုးရသည် ကလေးဝမြို့နှင့် ၄ မိုင်ကွာ သစ်ခြောက်အရပ်၌ သက်ရင့် ကျောက်မီးသွေးတွင်းကို တွေ့ရှိရသဖြင့် စတင်တူးဖော် လုပ်ကိုင်နေပြီ ဖြစ်၏။

အထက်ချင်းတွင်းခရိုင်တွင် ထင်ရှားသော အိမ်တွင်းမှု လုပ်ငန်းတစ်ရပ်မှာ ယောပုဆိုးရက်သည့်လုပ်ငန်းပင် ဖြစ်သည်။ ဤခရိုင်မှ ဆန်းစပါးအသင့်အတင့်ထွက်၍ နှမ်း၊ ဆေး၊ ပဲနှင့် ဝါ အနည်းငယ်ထွက်၏။ လူနေအိမ်ခြေ နည်းပါး၏။ မြန်မာမင်းတို့လက်ထက်တွင် အထက်ချင်းတွင်းခရိုင်ကို ခန်းပတ်ဝန်က အုပ်ချုပ်ခဲ့၏။ အင်္ဂလိပ်မြန်မာ တတိယစစ်ပွဲ ဖြစ်သည်မှစ၍ အထက်ချင်းတွင်းခရိုင်သို့ ဗြိတိသျှများ တစ်စစ ဝင်ရောက်ခဲ့လေသည်။ ထိုသို့ ဝင်ရောက်အုပ်ချုပ်ခဲ့သည်တွင် ပုန်ကန်ထကြွမှုများ ဖြစ်ပွားခဲ့၏။ ခရစ်သက္ကရာဇ် ၁၈၈၈ ခုနှစ်တွင် ရွှေဂျိုးဖြူမင်းသား၏ နောက်လိုက်ဖြစ်သော ဗိုလ်စကားသည် မင်းကင်းတွင် ထကြွလေသည်။ ထိုနှစ်မှာပင် ချင်းတွင်းနယ်ကို အောက်ချင်းတွင်းခရိုင်၊ အထက်ချင်းတွင်းခရိုင်ဟူ၍ ၂ ပိုင်းခွဲပြီး လျှင် အောက်ချင်းတွင်းခရိုင်အဖို့ မုံရွာမြို့ကို၎င်း၊ အထက် ချင်းတွင်းခရိုင်အဖို့ ကင်းတပ်မြို့ကို၎င်း ခရိုင်ရုံးစိုက်မြို့ကြီးများ အဖြစ် သတ်မှတ်ခဲ့သည်။ ကလေးမြစ်ဝှမ်းတစ်ဝိုက်တွင်လည်း ထကြွမှုများ ဖြစ်ပွားခဲ့၏။ မြန်မာနိုင်ငံအထက်ပိုင်းကို ဗြိတိသျှ တို့ အုပ်ချုပ်စဉ် ကလေးနယ်စော်ဘွားသည် မိမိ၏တူတော်သူ ပါကြီးဆိုသူနှင့် မသင့်မမြတ်သောကြောင့် အချင်းချင်းတိုက်ခိုက် လျက်ရှိ၏။ ထိုအချက်ကို အခွင့်ကောင်းယူ၍ စီယင်ချင်း၊ စုတ်တေးချင်းနှင့် ကန်ဟောင်ချင်းတို့သည် ထကြွကြကာ ကလေးနှင့် ကဘော်မြစ်ဝှမ်းများကို တိုက်ခိုက်ကြ၏။ ၁၈၈၈ ခုနှစ်နှင့် ၁၈၈၉ ခုနှစ်များတွင် အပြင်းအထန် နှိပ်ကွပ်ခံရသော် လည်း ကဘော်မြစ်ဝှမ်းတွင်မူ အတိုက်အခိုက်မလျော့ခဲ့ချေ။

၁၈၉ဝ၊ ၉၁ ခုနှစ် ဝန်းသိုပုန်ကန်ထကြွမှုတွင် ဗိုလ်လေး ခေါ် ခေါင်းဆောင်တစ်ဦးသည် ဟုမ္မလင်းမြို့ကို တိုက်ခိုက်ခဲ့ သည်။ ထိုအချိန်အတွင်း ဗြိတိသျှတို့၏ အာဏာသည် ခရိုင်၏ မြောက်ဘက်အထိ ပျံ့နှံ့ခဲ့ပြီးဖြစ်ရာ ဟုမ္မလင်းအထက်မိုင် ၅ဝ ကွာ ထမန်းသီးတွင် စစ်ရဲဌာနတစ်ခုထားရှိလျက် ထကြွသော ချင်းများကို နှိမ်နင်းခဲ့၏။ ၁၈၉၆ ခုနှစ်တွင် ဗြိတိသျှ လက် အောက်ခံ ချင်းများနှင့် လက်အောက်ခံမဟုတ်သော ချင်းများကို ခွဲခြားထားနိုင်ရန် အထက်ချင်းတွင်းခရိုင်၏ အနောက်မြောက် ဘက်တွင် နယ်နိမိတ်မှတ်တိုင်များ စိုက်ထူခဲ့လေသည်။ ထိုအခါ မှစ၍ ပုန်ကန်ထကြွမှုများ မပေါ်တော့ဘဲ ငြိမ်းအေးခဲ့၏။


အထက်ချင်းတွင်းခရိုင်တွင် ကူးသန်းသွားလာရေးအတွက် ချင်းတွင်းမြစ်လက်တက်များနှင့် မော်တော် ကားလမ်းများကို အသုံးပြု၏။ စစ်တောင်းရွာမှ တမူးမြို့ကို ဖြတ်၍ မဏိပူရသို့ ၎င်း၊ ကလေးဝနှင့် ကလေးမြို့မှ တမူးသို့၎င်း လမ်းများရှိသည်။ ချင်းတောင်တန်းရှိ ဖလမ်းမြို့သို့ ကလေးဝမှ ယခုအခါ ကား လမ်းဖောက်လုပ်ထားသည်။ ကလေးဝမှ မြစ်သာမြစ်ဝှမ်းအတိုင်း ပခုက္ကူခရိုင် ဂန့်ဂေါ၊ ထီးလင်းအထိ လမ်းပေါက်သည်။

ကလေးဝအောက်ဘက် ချင်းတွင်းတဘက်ကမ်းရှိ ရွှေကျင်မှ ရွှေဘိုခရိုင် ရေဦးမြို့နယ်အထိ လမ်းရှိသည်။ ဖောင်းပြင်မှ ဟုမ္မလင်းအထိလည်း လမ်းရှိသည်။ ပန်းသာမှ တောင်ဘက်သို့ ဖောက်သောလမ်းသည် ပြင်ကိုင်းတွင် ရေဦးလမ်းနှင့် ဆက်မိ သည်။ ရန်ကုန်မှ ကလေးမြို့သို့ လေယာဉ်ပျံနှင့် သွားနိုင်သည်။ ၁၉၅၃ ခုနှစ် သန်းခေါင်စာရင်းအရ မော်လိုက်၊ ကလေးဝ၊ မင်းကင်း၊ ကလေးမြို့၊ တမူးနှင့် ဖောင်းပြင် မြို့ ၆ မြို့ရှိသည့် လူဦးရေမှာ ၁၃,၁၄ဝ ယောက်ဖြစ်၏။ နေထိုင်သူများတွင် မြန်မာလူမျိုးမှာ အများဆုံးဖြစ်၍ ရှမ်း၊ တရုတ်၊ ကုလားနှင့် ကဒူး၊ ကနန်းလူမျိုးများလည်းရှိလေသည်။

အထက်ချင်းတွင်းခရိုင်၏ ရုံးစိုက်ရာမြို့မှာ မော်လိုက်မြို့ ဖြစ်သည်။ ခရိုင်ကို မော်လိုက်နှင့် ကလေးဝဟု ၂ နယ်ခွဲထား သည်။ မော်လိုက်နယ်ပိုင်တပိုင်တွင် မော်လိုက်မြို့နယ်၊ ဖောင်း ပြင်မြို့နယ်၊ တမူးမြို့နယ် ၃ နယ် ရှိသည်။ ကလေးဝနယ်ပိုင် တစ်ပိုင်တွင် ကလေးဝမြို့နယ်၊ ကလေးမြို့နယ်၊ မင်းကင်း မြို့နယ်ဟု မြို့နယ် ၃ နယ် ရှိသည်။ []

ကိုးကား

[ပြင်ဆင်ရန်]
  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)