ခန္တီးလုံနယ်
ခန္တီးလုံနယ်
[ပြင်ဆင်ရန်]ခန္တီးလုံနယ်သည် မြန်မာနိုင်ငံ မြောက်ဘက်အစွန်ဆုံးတွင် ရှိသည်။ မြန်မာနိုင်ငံရှိ တောင်တန်း တောင်ထွတ်များတွင် ခန္တီးလုံနယ်ရှိ တောင်တန်းတောင်ထွတ်များမှာ အမြင့်ဆုံး ဖြစ်သည်။ ထို့ကြောင့် ဆောင်းရာသီ၌ ထိုဒေသသည် အအေး ဆုံးဖြစ်၏။ ခန္တီးလုံနယ်မှာ အုပ်ချုပ်မှုဆိုင်ရာဒေသ အပိုင်း အခြားအရဆိုလျှင် မြစ်ကြီးနားခရိုင်၏ နယ်ပိုင်တစ်ဦး အုပ်ချုပ်ရသော ပူတာအိုခရိုင်ကို ခန္တီးလုံဟုလည်း ခေါ်ကြသည်။ သို့ရာတွင် ခန္တီးရှမ်းတို့ နေရင်းဒေသမှာ ဧရာဝတီမြစ်နှင့် ထိုမြစ်၏ လက်တက်များ ဖြတ်စီးရာ မြေပြန့်ဒေသသာ ဖြစ် လေသည်။
ခန္တီးလုံ၏ နယ် ၄ ရပ်တွင် တောင်မြင့်ကြီးများ ရံလျက် ရှိသည်။ အထူးသဖြင့် တိဗက်နိုင်ငံ၊ အာသံပြည်နယ်တို့နှင့် အစပ်ဖြစ်သော နယ်ခြားဒေသရှိ တောင်ထွတ်တို့မှာ ပေ ၁ဝ,ဝဝဝ ကျော်မှ ၁၉,ဝဝဝ ကျော်အထိ မြင့်လေသည်။ ထိုတောင်ထွတ် တောင်တန်းတို့တွင် ဆီးနှင်းများ ကျသည် သာမက အချို့ဒေသတို့၌ ရေခဲပြင်ကြီးများ ဖြစ်၍ ထိုရေခဲ ပြင်တို့ရှိရာ တောင်ထွတ်များအနက် အမြင့်ဆုံးတောင်ထွတ် များမှာ ခါကာဘိုရာဇီနှင့် ဂမ်လန်ရာဇီဖြစ်၍ ပေ ၁၉,ဝဝဝ ကျော် မြင့်သည်။ မလိခမြစ်များ၏ လက်တက်တစ်ခုဖြစ်သော မဒွဲဝန်မြစ် ဖျားခံရာ နွိုင်မဒွဲမှာ ၁၅,၁၅၈ ပေ မြင့်၏။ မလိခမြစ်ကို ခန္တီးဘာသာဖြင့် နမ်ကွီဟု ခေါ်၏။ အဓိပ္ပာယ်မှာ မြစ် ၄ သွယ် ဖြစ်လေသည်။ မလိခမြစ်၏ လက်တက်ကြီး ၄ သွယ်ကို အကြောင်းပြု၍ ခေါ်ခြင်းဖြစ်သည်။ ခန္တီးရှမ်းမြေပြန့်၏ တောင်ဘက်အစပ်တွင် ဖြတ်စီးသော လက်တက်မှာ ပင်လယ်ပြင်ထက် ပေ ၁,၅ဝဝ မှ ၁,၈ဝဝ အထိ မြင့်သည်။ တောင်မှ မြောက်သို့ ကုန်းပြင်မြင့် ၃ ခုကို ဆက် ထားဘိသကဲ့သို့ တဖြည်းဖြည်း မြင့်သွားပေသည်။
ထိုဒေသ၏ ရာသီဥတုမှာ ဆောင်းရာသီ၌ အအေးလွန် လှ၏။ ဇန်နဝါရီလလောက်မှ ဧပြီလလောက်အထိ မိုးတစ်စိမ့် စိမ့်ရွာကာ အေးချမ်းစွတ်စိုလှပေသည်။ မိုးရာသီ၌ မိုးသည်း ထန်လှ၏။ အောက်တိုဘာလမှ ဒီဇင်ဘာလကုန်လောက်အထိ ရာသီဥတုမှာ မိုးကင်း၍ သာယာပေသည်။ ၁၉၂၁ ခုနှစ် သန်းကောင်စာရင်းအရ ထိုမြေပြန့်မှာ စတုရန်းမိုင်ပေါင်း ၂ဝဝ (ဧက ၁၃ဝ,ဝဝဝ နီးပါး) မျှ ကျယ်ပြန့် ၍ လူဦးရေ ၇,၆၃၂ ယောက်သာ ရှိကြောင်း သိရသည်။ မြေ ပြန့်တွင် နေထိုင်သူတို့မှာ ခန္တီးရှမ်းများဖြစ်ကြသည်။ အနောက် နှင့် မြောက်ဘက်တောင်တန်းများပေါ်တွင် မစ်ရှမီလူမျိုးများရှိ၍ ကျန်ကုန်းမြင့်များပေါ် ၌ ကချင်လူမျိုးများ နေကြသည်။ ခန္တီးရှမ်းတို့အပြင် ခန္တီးလုံ၌ နေထိုင်သော အခြားလူမျိုး များမှာ ကန်၊ လန်ခိုင်၊ နှုတ်ကျို၊ ယိုးယာနှင့် တောဟောင်းတို့ ဖြစ်၏။ ခန္တီးတို့နှင့် ခွဲခြားသိသာရန် ခဲယဉ်းလေသည်။ အနည်းငယ် ခွဲခြားသိနိုင်သော အတူနေ အခြားလူမျိုးများမှာ နုတ်မွန်၊ အင်သစ်၊ နှင့် ပန်စုတို့ ဖြစ်၏။ ယင်အမည်များမှာ ခန္တီးတို့က ခေါ်ဝေါ်သောအမည်များ ဖြစ်သည်။ ထိုလူမျိုး အားလုံးကိုမူ ခန္တီးတို့က လုပ်ခဟု ခြုံ၍ ခေါ်ကြသည်။ ခန္တီး တို့၏ ဒေသအစပ် အရှေ့နှင့် မြောက်ဘက်တို့တွင် နုန်များ၊ ယောယင်ခေါ် လိစုများ ရှိကြသေး၏။
ရှေးမြန်မာဘုရင်တို့ တန်ခိုးကြီးစဉ်အခါက ခန္တီးလုံမှာ မြန်မာမင်းတို့၏ ဩဇာခံဖြစ်ကြ၏။ ခန္တီးလုံဒေသ ဖြစ်သော ပူတာအိုခရိုင်သည် သီးသန့်ခရိုင်အဖြစ် တည်ရှိခဲ့စဉ်က ခရိုင်ဝန် ဖြစ်သော မစ္စတာ ဂျေ၊ တီ၊ အို၊ ဗားနတ် ရေးသားသည့် ခန္တီးလုံဆောင်းပါးတွင် ခန္တီးလုံသည် မြန်မာဘုရင်တို့၏ ဩဇာခံဖြစ်ခဲ့ကြောင်း၊ ကုန်းဘောင်ခေတ် ဘိုးတော်ဘုရား လက်ထက်တွင် မကျိုးမနွံရှိသောကြောင့် မြန်မာစစ်တပ်များ စေလွှတ်ခဲ့ရကြောင်း၊ ပုဂံမင်းလက်ထက်တွင် အခွန်ပဏ္ဏာများ မဆက်သဘဲ ပျက်ကွက်သောကြောင့် စော်ဘွား ၇ ဦး ပါဝင် သော တပ်များကို စေလွှတ်ခဲ့ကြောင်း၊ ထိုစော်ဘွား ၇ ဦး၏ အမည်ဖြင့် စော်ဘွားနယ် ၇ နယ်ရှိကြောင်း ရေးသားထား လေသည်။ ခန္တီးလုံရှိ စော်ဘွားနယ် ၇ နယ်မှာ လုပ်ခွန်၊ လုန်ကြိမ်၊ မန်နု၊ မောစေ၊ မောစေကွန်၊ လန်ဒါအို၊ လန်နုတို့ ဖြစ်ကြသည်။
ခန္တီးလုံနယ်သည် ပြည်မနှင့်သော်လည်းကောင်း၊ ပြည်ပ နိုင်ငံများနှင့်သော်လည်းကောင်း အဆက်အသွယ် အလွန် နည်းပါးခဲ့လေသည်။ နိုင်ငံခြားသားများအနက် ထိုဒေသသို့ ရောက်ရှိခဲ့သူများမှာ ၁၈၈၄ ခုနှစ်က ဗိုလ်ချုပ်ဝုဒသော့နှင့် ဗိုလ်မှူးကြီး မက္ကရီကာတို့ ဖြစ်ကြသည်။ ၁၈၈၅ ခုနှစ်တွင် မစ္စတာ အယ်ရောဂရေး၊ ၁၈၉၅ ခုနှစ်တွင် အော်လီယန်း မင်းသား ဟင်နရီတို့ ဖြစ်ကြသည်။ အထက်မြန်မာနိုင်ငံကို ဗြိတိသျှတို့ သိမ်းပိုက်ပြီးသည့်နောက် နှစ်အတန်ကြာမှ ဗြိတိသျှ အစိုးရသည် ခန္တီးလုံနယ် အုပ်ချုပ်ရေးကိစ္စကို အရေးယူ ဆောင် ရွက်လာကြသည်။ ဧရာဝတီမြစ်နှင့် သံလွင်မြစ်စပ်ကြား တောင်ရိုးမှ မေခမြစ်အတွင်းသို့ စီးဆင်းသည့် လက်တက်များ ဖြတ်သန်းစီးဆင်းရာဒေသကို ဗြိတိသျှပိုင်နယ်ဟု ကျေညာခဲ့ လေသည်။ ၁၉၁၂ ခုနှစ်တွင် မစ္စတာ ဂျေ၊ တီ၊ အို၊ ဗားနတ် ခေါင်းဆောင်သော လက်နက်ကိုင်တပ်များ ပါဝင်သည့်အဖွဲ့ ၂ ဖွဲ့သည် ခန္တီးလုံဒေသ သို့ ချီတက်သွားရောက်ခဲ့၏။ တစ်ဖွဲ့မှာ မလိခမြစ်တစ်လျှောက်နှင့် အခြားတစ်ဖွဲ့မှာ မေခမြစ်ဝှမ်း တစ်လျှောက် အကျန်ဒေသသို့ သွားခဲ့၏။ အကျန်ဒေသတွင် တရုတ်မြေတိုင်းအဖွဲ့ တစ်ဖွဲ့ကို တွေ့ရှိရသဖြင့် တိုက်ခိုက် နှင်ထုတ်ခဲ့ရလေသည်။
ဗြိတိသျှအစိုးရသည် ၁၉၁၄ ခုနှစ်တွင် ထိုဒေသ၌ အခြေစိုက်ကာ ခိုင်မြဲသောအုပ်ချုပ်မှုကို စတင်ခဲ့လေသည်။ ရှေးဦးစွာ ခရိုင်ဝန်အဖြစ် ခန့်အပ်ခြင်းခံရသူမှာ ခန္တီးလုံဒေသ အတွက် စွန့်စားစွာ ဆောင်ရွက်ခဲ့သော မစ္စတာဟက်ဇ ဖြစ်လေ သည်။ ခရိုင်ဝန်ရုံးစိုက်ခဲ့ရာမြို့မှာ ပူတာအိုမြို့ဖြစ်၍ မြစ်ကြီးနား နှင့် ၂၁၉ မိုင် ကွာဝေးသည်။ ခရိုင်ဝန်အမည်ကို အစွဲပြု၍ ပူတာအိုမြို့ကို ၁၉၁၈ ခုနှစ်တွင် ဖို့ဟက်ဇ ဟု အမည်ပြောင်း ခဲ့သည်။ ဤကဲ့သို့ အခြေတစိုက် အုပ်ချုပ်မိသည့်နောက် ပြင်ပနှောင့်ယှက်မှုများလည်း အေးငြိမ်းသွားသည်။ နယ်ရုံး အဆောက်အအုံများ ပေါ်ပေါက်လာကာ နယ်မှာ ဖွံ့ဖြိုးတိုးတက် လာသည်။ နယ်အေးချမ်းသာယာသည် ဖြစ်သည်ကတစ်ကြောင်း၊ အုပ်ချုပ်ရသည့် စရိတ်စက အကုန်အကျများသောကြောင့် ကတစ်ကြောင်း မြန်မာပြည် ဗြိတိသျှအစိုးရတို့သည် ၁၉၂၈ ခုနှစ် တွင် ပူတာအိုနယ်ကို ခရိုင်အဖြစ်မှ ရုပ်သိမ်းကာ မြစ်ကြီးနား ခရိုင်တွင်းသို့ သိမ်းသွင်း၍ နယ်ပိုင်တစ်ဦးကို အုပ်ချုပ်စေခဲ့ လေသည်။ ခန္တီးလုံနယ်၏ ပတ်ဝန်းကျင်တွင် တောတောင်ထူထပ်လှ၍ နယ်ရှိလူတို့မှာ စားနပ်ရိက္ခာအတွက် ခန္တီးလုံ မြေပြန့်ကို အားထားနေကြရ၏။ ထိုမှတစ်ပါး တရုတ်နိုင်ငံမှ တိဗက်သို့ သွားရာလမ်းခရီးတွင် ခန္တီးလုံသည် စားနပ်ရိက္ခာနှင့် ပြည့်စုံ သည့် ခရီးတထောက်နားရာ အရိပ်အာဝါသ သဖွယ်လည်း ဖြစ်ပေသည်။ ခန္တီးလုံမှ မြစ်ကြီးနားသို့ သွားရာကုန်းလမ်းနှင့် အာသံပြည်နယ်၊ ဗြဟ္မပုတ္တရမြစ်ဝှမ်း၊ တိဗက်နိုင်ငံနှင့် တရုတ် ပြည်တို့သို့ သွားသော လမ်းတစ်ခုသာလျှင် မယ်မယ်ရရ ရှိသည်။ ယခုအခါ၌ ပြည်တွင်းလေကြောင်း သယ်ယူပို့ဆောင် ရေးဌာန၏ အစီအစဉ်ဖြင့် ပူတာအိုတွင် လေဆိပ်တစ်ခု ထားရှိကာ လေယာဉ်ဆက်သွယ်မှုများ ရှိနေပေပြီ။ ယခုအခါ ပူတာအိုမြို့၌ ခန္တီးရှမ်းများအပြင် မြန်မာ၊ ကချင်၊ တရုတ်နှင့် အိန္ဒိယနိုင်ငံသားများလည်း နေထိုင်ကြသည်ကို တွေ့ရပေသည်။ ခန္တီးလုံနယ်သားတို့မှာ မြေပြန့်၌ လယ်ယာစိုက်ပျိုးခြင်းဖြင့် အသက်မွေးကြ၏။ ထိုနယ်မှ ထွက်ရှိသော စားနပ်ရိက္ခာတို့မှာ နယ်၏လူဦးရေ၏ ၁ဝ ဆမျှအတွက်ပင် လုံလောက်သည်ဟု သိရ၏။ ထိုမှတစ်ပါး ခန္တီးလုံဒေသတွင် ခဲကိုလည်း တွေ့ရှိလေ သည်။ ခန္တီးရှမ်းတို့မှာ ယခင်က ကြမ်းတမ်းခက်ထန်၍ စစ်မှု ရေးရာကို ဝါသနာပါခဲ့ကြသော်လည်း ယခုအခါတွင် အေးချမ်း စွာ နေထိုင်သူများ ဖြစ်ကြသည်။
ဗုဒ္ဓသာသနာတွင် အထူးလေးနက်စွာ သက်ဝင်ယုံကြည် သူများ ဖြစ်သည့်အတိုင်း ခန္တီးလုံတွင် ဘုန်းကြီးကျောင်း၊ စေတီ ပုထိုးများကို အနှံ့အပြား တွေ့ရှိရသည်။ ပူတာအိုမြောက်ဘက် တောနက်အတွင်း၌ပင် ရှေးက တည်ထားခဲ့သော ဘုရားပျက်၊ ကျောင်းအိုများကို တွေ့ရှိနိုင်သေးသည်။ ထူးခြားချက်တစ်ရပ်မှာ ဘုရားစေတီ၏ မုခ် ၄ ဘက်အနက် ၃ ဘက်တွင် ခြင်္သေ့ရုပ် ၁ ရုပ်နှင့် လူရုပ် ၁ ရုပ်စီ ရှိ၏။ အခြားတစ်ဘက်၌သော် ကား မင်းသားရုပ် ၂ ရုပ်ကို ထားရှိသည်။ ထိုမင်းသားရုပ် ၂ ရုပ်ထားသောမုခ်မှာ တောင်ဘက်မုခ် ဖြစ်၏။ ထိုတောင် ဘက်မုခ်၌ မင်းသားရုပ်ထားရှိခြင်းမှာ ခန္တီးရှမ်းတို့သည် မြန်မာ နိုင်ငံတော်၏ ကျေးဇူးသစ္စာတော် စောင့်သိခြင်းရှိသည်ကို ဖော်ပြလို၍ ဖြစ်သည်။
ခန္တီးရှမ်းတို့ အိမ်ဆောက်ရာတွင်လည်း အားလုံး တောင် ဘက် မျက်နှာမူ၍ ဆောက်လုပ်ကြသည်။ ဤသို့ ဆောက်လုပ် ခြင်း အကြောင်းရင်းမှာလည်း မြန်မာဘုရင်တို့၏ ဩဇာခံဖြစ်ခဲ့ ကြောင်းနှင့် မြန်မာဘုရင်တို့၏ ကျေးဇူးသစ္စာကို စောင့်သိခြင်း အထိမ်းအမှတ်ကိုပြခြင်း ဖြစ်ပေသည်။
၁၉၂၇ ခုနှစ်တွင် ပူတာအိုမြို့၌ တိုင်းမင်းကြီး၏ ဒါဗာပွဲ ကို တက်ရောက်ကြကုန်သော ခန္တီးလုံစော်ဘွားများအနက် အသက်အရွယ်ကြီးရင့်လှသော စော်ဘွားကြီးအချို့မှာ မြန်မာ ဘုရင်က စော်ဘွားအဖြစ် ခန့်အပ်ကြောင်း အထိမ်းအမှတ် ဖြစ်သည့် ရွှေနဖူးစည်းကြီးများကို နဖူးတွင် စည်းလျက် အဆောင်အယောင်ဖြင့် တက်ရောက်ကြောင်း ကိုယ်တွေ့မျက်မြင် ဖြစ်သူ မစ္စတာကင်ဒန်ဝတ်က ဖော်ပြထားသည်ကို တွေ့ရပေ သည်။ [၁]
ကိုးကား
[ပြင်ဆင်ရန်]- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)