ကမ္မပစ္စည်း
တစ်စိတ်တစ်ပိုင်း ဖော်ပြချက် |
ဗုဒ္ဓဘာသာ |
---|
- [၁] (၁) ကံအဖော် ရှိသော အကြောင်း၊ ကံ၏အဖော်ဖြစ်သော အကြောင်း။ [၂]
- (၂) ကံဖြစ်သောအကြောင်း၊ ကမ္မပစ္စည်း။ [၃]
- (၃) ကံ၏အကြောင်း၏အဖြစ်၊ ကံ၏အစွမ်းသတ္တိ။ [၄]
- (တိ) (၄) ကံဟူသော အကြောင်းရှိသော။ [၅][၆]
စိတ်၏စေ့ဆော်အားထုတ်မှု အမူအရာသတ္တိထူး အဖြစ်ဖြင့် အကျိုးပစ္စယုပ္ပန်တရားတို့ ဖြစ်ပေါ် တည်တံ့နိုင်ရန် ကျေးဇူးပြုပေးသော စေတနာတရားကို ကမ္မပစ္စည်း ဟု ခေါ်သည်၊ ယင်း ကမ္မပစ္စည်းသည် နာနာက္ခဏိကကမ္မပစ္စည်း, သဟဇာတ ကမ္မပစ္စည်းဟု ၂-မျိုးရှိသည်၊
အကျိုး ပစ္စယုပ္ပန် တရားမဖြစ်ပေါ်မီ ကြိုတင်ဖြစ်ပေါ်၍ အကျိုး ပစ္စယုပ္ပန်တရားနှင့် ဖြစ်ရာကာလကွဲပြားသော အတိတ်ကုသိုလ်, အကုသိုလ်စေတနာ ၃၃-ခုကို နာနာက္ခဏိက ကမ္မပစ္စည်းဟု ခေါ်၍
အကျိုး ပစ္စယုပ္ပန်တရားနှင့်အတူတကွ တပြိုင်နက် ဖြစ်ပေါ်သောကုသိုလ်, အကုသိုလ် ဝိပါက် ကိရိယာစေတနာ အားလုံးကို သဟဇာတကမ္မပစ္စည်းဟု ခေါ်သည် [၇]။
နာနာက္ခဏိကကမ္မပစ္စည်းသည်၊ မိမိဖြစ်ပေါ် ချုပ်ပျောက်ပြီးနောက် ဝိပါက်စိတ် စေတသိက်နာမ်တရားနှင့် ပဝတ္တိ, ပဋိသန္ဓေ ကမ္မဇရုပ်တရားတို့အား ဖြစ်ပေါ်တည်တံ့စေသော အားဖြင့် ကျေးဇူးပြုသည်၊
သဟဇာတကမ္မပစ္စည်းသည် ယှဉ်ဖက်စိတ် စေတသိက် နာမ်တရားနှင့် စိတ္တဇ ပဋိသန္ဓေကမ္မဇရုပ် တရားတို့အား ဖြစ်ပေါ် တည်တံ့စေသောအားဖြင့် ကျေးဇူးပြုသည်၊
ကုသိုလ်, အကုသိုလ်စေတနာ ၃၃-ခုသည် သဟဇာတကမ္မသတ္တိဖြင့်လည်းကောင်း, နာနာက္ခဏကကမ္မသတ္တိဖြင့်၎င်း ကျေးဇူးပြုသည်၊
ဝိပါက်, ကိရိယာ စေတနာသည်ကား သဟဇာတကမ္မသတ္တိဖြင့်သာ ကျေးဇူးပြုသည် [၈]။
နာနာက္ခဏိကကမ္မစေတနာသည် မိမိဖြစ် ပေါ် ချုပ်ပျောက်ပြီးဖြစ်သော်လည်း ဂတိ, ဥပဓိ, ကာလ, ပယောဂစသော အခြား အကြောင်းများနှင့် ပေါင်းဆုံညီညွတ်လျှင် ဝိပါက်စိတ်, စေတသိက်နာမ်တရားနှင့် ပဝတ္တိ, ပဋိသန္ဓေ ကမ္မဇရုပ်အကျိုးတရားတို့ ဖြစ်ပေါ် လာစေရန် မိမိဖြစ်ပေါ်ရာပုဂ္ဂိုလ်၏ ခန္ဓာ အစဉ်၌ သတ္တိထူးကို မြှုပ်နှံထားသကဲ့သို့ သတ္တိထူးရှိလေသည် [၉]။
ထို့ကြောင့် နာနာက္ခဏိကကမ္မ စေတနာသည် ဖြစ်ပေါ် ချုပ်ပျောက်ပြီး၍ ထင်ရှား မရှိသော်လည်း နောင်အခါဝယ် ကမ္ဘာပေါင်းကုဋေများစွာကွာခြားစေကာမူ အကျိုးပစ္စယုပ္ပန်တရားတို့ ဖြစ်ပေါ် လာစေရန် စွမ်းဆောင်နိုင်ပေသည်၊ ရှေးရှေး သင်ယူထားသော အတတ်ပညာသည် ဖြစ်ပေါ် ချုပ်ပျောက်ပြီး၍ ထင်ရှား မရှိသော်လည်း နောက်နောက် သင်ယူသော အတတ်ပညာများ တိုးတက်ဖြစ်ပွါးစေရန် စွမ်းဆောင်နိုင်သကဲ့သို့ဖြစ်ပေသည် [၁၀]။ [၁၁]
သဟဇာတကမ္မပစ္စယော
[ပြင်ဆင်ရန်]ကိုယ်၏အမူအရာအထူးသည် ကာယဝိညတ်ဖြစ်၍ နှုတ်၏အမူအရာ အထူးသည် ဝစီဝိညတ်ဖြစ်သကဲ့သို့ ထို့အတူ စိတ်၏အမူအရာအထူးကို “ပယောဂဗျာပါရ”ဟုခေါ်၏၊ တရားကိုယ် အားဖြင့် စေတနာပင်တည်း။ ထို့ကြောင့် စေတနာကို လုံ့လကြောင့်ကြဗျာပါရ အားကြီးသော တပည့်ကြီး စသည်နှင့်တူ၏-ဟု ဥပမာပြသည်။ ထိုစေတနာ၏ ထူးခြားသော အမူအရာ ဗျာပါရသတ္တိ [မှတ်စု ၁][မှတ်စု ၂]သည် ကမ္မပစ္စည်း မည်၏။ ကမ္မနှစ်မျိုးတွင် တကွဖြစ်ဘက်တရာစုအား ကျေးဇူးပြုသော စေတနာသည် သဟဇာတကမ္မပစ္စည်း ဖြစ်ရကား သူသည် ပစ္စယုပ္ပန်မဖြစ်နိုင်တော့သဖြင့် ပစ္စနိက်မှာ ပါဝင်ရပြန်သည်။
ပစ္စည်း | ပစ္စယုပ္ပန် | ပစ္စနိက် |
စိတ် ၈၉-ခုရှိ စေတနာ ၈၉ | စိတ် ၈၉၊ စေတနာကြဉ်
စေတသိက် ၅၁၊ စိတ္တဇရုပ်၊ ပဋိသန္ဓေကမ္မဇရုပ် |
စိတ် ၈၉ရှိ စေတနာ ၈၉-ခု၊
ဗာဟိရရုပ်၊ အာဟာရဇရုပ်၊ ဥတုဇရုပ်၊ အသညသတ်ကမ္မဇရုပ်၊ ပဝတ္တိကမ္မဇရုပ်၊ |
ပစ္စည်း ပစ္စယုပ္ပန်
[ပြင်ဆင်ရန်]လောဘမူပဌမစိတ်, စေတသိက်ဖြစ်ရာ၌ ထို၌ပါသော စေတနာသည် ပစ္စည်း, လောဘမူပဌမစိတ်, စေတနာမှကြွင်းသောစေတသိက်၁၈, လောဘမူစိတ်ကြောင့်ဖြစ်သော စိတ္တဇရုပ်သည် ပစ္စယုပ္ပန်။(ဤ၌ ပစ္စည်းထိုက်သော စေတနာမှာ ပစ္စနိက်ဖြစ်ရတော့သည်၊ ဤနည်းအတိုင်း အရဟတ္ထဖိုလ်စိတ်တိုင် အောင် သိလေ) ပဋိသန္ဓေကိစ္စတပ်၍ မဟာဝိပါက် ပဌမစိတ်စေတသိက်ဖြစ်ရာ ထို၌ပါသော စေတနာသည် ပစ္စည်း, မဟာဝိပါက်ပဌမစိတ်, စေတနာမှကြွင်းသော စေတသိက်ဗာတ္တိံသ, ပဋိသန္ဓေကမ္မဇရုပ်သည် ပစ္စယုပ္ပန်၊ ပဋိသန္ဓေစိတ်ဟူသမျှ ဤနည်းအတိုင်းသိလေ၊ အရူပဘုံ၌ဖြစ်ခိုက်မှာ ပစ္စယုပ္ပန်၌ ရုပ်မပါခြင်းသာ ထူး၏။
နာနာက္ခဏိကကမ္မ
[ပြင်ဆင်ရန်]သီးခြားဖြစ်သောခဏ၌ ဖြစ်သောကံသည် နာနက္ခဏိကကံမည်၏။ သဟဇာတကမ္မသည် အကျိုးပစ္စယုပ္ပန်နှင့် တပြိုင်နက်သော ခဏ၌ ဖြစ်သကဲ့သို့ ဤနာနာက္ခဏိကကမ္မကား တပြိုင်နက်သော ခဏ၌ ဖြစ်သည်မဟုတ်။ အကျိုးပစ္စယုပ္ပန်ဖြစ်ရာခဏသည် နောက်, ကံ(စေတနာ)ဖြစ်ရာခဏသည် ရှေ့တည်း။ ဤသို့ ပစ္စယုပ္ပန်မှ တသီးတခြားကွဲပြားသော ခဏ၌ဖြစ်သော စေတနာသည် နာနာက္ခဏိကကမ္မ မည်၏။ မျိုးစေ့သည် မြေရေစသော အကြောင်းအထောက်အပန့်ကိုရလျှင် ကြီးကျယ်သော သစ်ပင်ကို ဖြစ်စေနိုင်သကဲ့သို့ ဤနာနာက္ခဏိကစေတနာလည်း ဂတိ ကာလ ဥပဓိ ပယောဂ ဟူသော အကြောင်းအထောက်အပံ့ကို ရလျှင် ကြီးကျယ်သော ဝိပါက်နာမက္ခန္ဓာ ကမ္မဇရုပ်များကို ဖြစ်စေလျက် (ခန္ဓာအစဉ် ဘဝတည်းဟူသော သစ်ပင်ပေါက်အောင်) ဖြစ်ပေါ်စေနိုင်သည်။ ဆက်ဦးအံ့-ဆီမီးတန်ဆောင်သည် တကြိမ်မျှ ထွန်းပြောင်လျှင် အမှောင်ကိုလည်းခွင်း အလင်းကိုလည်းပြ ဤကိစ္စကို တပြိုင်နက် ပြီးစေနိုင်သကဲ့သို့ ကုသိုလ်အကုသိုလ်စေတနာ တို့လည်း တကွဖြစ်ဘက်တရားတို့အား သဟဇာတကမ္မသတ္တိဖြင့် ကျေးဇူးပြုခြင်းကိစ္စ နောင်အကျိုးဝိပါက် တို့အား နာနာက္ခဏိကကမ္မသတ္တိဖြင့် ကျေးဇူးပြုခြင်းကိစ္စကို တပြိုင်နက် ပြီးစေနိုင်ပေသည်။
ပစ္စည်း | ပစ္စယုပ္ပန် | ပစ္စနိက် |
အတိတ် ကုသိုလ် အကုသိုလ်
စေတနာ ၃၃ |
ဝိပါက် ၃၆ စေ ၃၈
ပဋိသန္ဓေကမ္မဇရုပ်အသညသတ်ကမ္မဇရုပ် ပဝတ္တိကမ္မရုပ် |
ကု ၂၁၊ အကု ၁၂၊ ကြိယာ ၂၀၊
စေ ၅၂၊ စိတ္တဇရုပ် ဗာဟိရရုပ် အာဟာရဇရုပ် ဥတုဇရုပ် |
မရှိဘဲနှင့်အကျိုးပေးပုံ
[ပြင်ဆင်ရန်]“ကုသိုလ် အကုသိုလ်စေတနာသည် ချုပ်ပြီးနောက်မှ ခဏချင်းကွာခြား၍လည်းကောင်း ဘဝများစွာကွာခြား၍လည်းကောင်း အကျိုးဝိပါက်ကို ဖြစ်စေ၏”ဟူရာ၌ သာမန်စဉ်းစားလျှင် ယုံကြည်နိုင် ဘွယ်မရှိ။ လောက၌ ထင်ရှားမရှိခါမှ အကျိုးပေးနေသောတရားတွေ အတော်များစွာရှိ၏။ အမြှော်အမြင်ရှိသော မိဘသည် မိမိတို့သားသမီးကို နုနုနယ်နယ် ငယ်ရွယ်စဉ်ကပင် ကျန်းမာစေကြောင်း အစာကောင်း ဆေးကောင်းကို ကျွေးမွေး၏။ ထိုဆေး ထိုအစာနှင့် ထိုဆေးထိုအစာတို့ကြောင့် ဖြစ်သော ရုပ်တို့သည် အတော်အတန်ကြီးသည့်အခါ စွဲမြဲတည်ရှိကြတော့သည် မဟုတ်။ သို့ရာတွင် ထိုသူငယ်တို့ ကြီးရင့်သည့်အခါ သူတကာထက် ကျန်းမာသန့်ရှင်းသော ရုပ်အဆင်းများကို ရရှိနိုင်ကြလေသည်။ ထို့ပြင် ငယ်ရွယ်စဉ်က သင်ကြားထားအပ်သော နှုတ်မှု လက်မှု စိတ်မှု အတတ်တို့သည် ခန္ဓာကိုယ်တွင်း၌ စွဲမြဲတည်ရှိကြတော့သည်မဟုတ်။ တချို့အတတ်များကို မှတ်ပင်မမှတ်မိတော့ပေ။ သို့သော် ငယ်ရွယ်စဉ်က သင်ကြားမှုကြောင့် (အောက်အောက်အတန်း၌ သင်ကြားမှုကြောင့်) ကြီးရင့်သည့်အခါ (အထက်အထက် အတန်းမှာ)ကျေးဇူးပြုလျှက် အသိဉာဏ် တိုးတက်ကြပေသည်။ ထိုကဲ့သို့မရှိဘဲ ချုပ်ကွယ်ပြီးနောက်မှ ကျေးဇူးခံစားရသော်လည်း အခြားသူ ခံစားရသည်မဟုတ်, ထိုသူပင်ခံစားရသည်။ ဤသို့လျှင် ချုပ်ကွယ်ပြီးမှ ကျေးဇူးခံစားရသော အရာတွေ လောကမျက်မြင် အထင်အရှား ရှိလေရကား ဤ ကုသိုလ် အကုသိုလ် စေတနာတို့ ချုပ်ကွယ်ပြီးမှ အကျိုးပေးမှု၌ ယုံမှားဘွယ် မရှိထိုက်တော့ပြီ။
သတ္တိထင်ရှားရှိပုံ
[ပြင်ဆင်ရန်]“ကုသိုလ်အကုသိုလ် စေတနာတို့သည် ချုပ်ကွယ်သွားပြီ”ဟု ဆိုသော်လည်း ပြီးပြီး ပျောက်ပျောက်ဆိုသလို ဘာမှ အစအန မကျန်အောင် ချုပ်ကွယ်ကြသည်မဟုတ်၊ ဥပါဒ် ဌီ ဘင် စေ့၍ ပရမတ္ထအထည်ကိုယ်သဘော ပျောက်ကွယ်သွားသော်လည်း ကုသိုလ်အကုသိုလ်စေတနာ၏ သတ္တိမှာ ကျန်ရစ် လေသည်။ ဤအရာဝယ် ကုသိုလ်အကုသိုလ်စိတ်ဖြစ်ပုံနှင့် ဝိပါက်စိတ်ဖြစ်ပုံကို လေးလေးနက်နက် စဉ်းစားရာ၏။ ထိုထိုအမှုကိစ္စကို ပြုလုပ်နေသောအခါ ဇောစိတ်တွေနှင့် ရောနှောနေမှုကြောင့် ဝိပါက်စိတ်များဖြစ်ပုံကို မသိသော်လည်း ဝိပါက်ချည်းသက်သက်ဖြစ်နေရာ အိပ်ပျော်နေတဲ့အခါ၌ လွန်စွာသိသာ၏။ ဝိပါက်စိတ်အစဉ် ဖြစ်နေပုံသည် အလွန်ညင်သာ၏။ ထိုဝိပါက်နှင့်ယှဉ်သော စေတနာတို့လည်း ဗျာပါရမများလှချေ။ ထို့ကြောင့်ပင် ခန္ဓာကိုယ်ကြီးသည် အိမ်ပျော်နေခိုက်မှာ မလှုပ်မယှက် ငြိမ်သက်နေလေသည်။ သာမန် ကုသိုလ် အကုသိုလ်စိတ် ဖြစ်ပုံမှာ မသိသာသော်လည်း တကယ်ထက်သန်သော စေတနာနှင့်ပြုသော ကုသိုလ်အကုသိုလ်တို့ဖြစ်ပုံမှာ အလွန်သိသာ၏။ ချစ်ဘွယ်အာရုံတစ်ခု၌ လောဘစိတ်ဖြစ်ပုံ, မုန်းဘွယ်အာရုံ၌ ဒေါသစိတ်ဖြစ်ပုံ ဘုရားစသည်ကို လေးနက်စွာ အာရုံပြုရာ၌ အလှူအတန်းရွှင်လန်းစွာ ပေးကမ်းရာ၌ မဟာကုသိုလ်စိတ်ဖြစ်ပုံကို ကိုယ်တွေ့ကြုံသမျှ စဉ်းစားပါ။ ထိုအခါ၌ စိတ်စေတနာတို့ဖြစ်ပုံသည် တက်တက်ကြွကြွ ထက်ထက်သန်သန် ရှိလှ၏။ ထို့ကြောင့် ထိုစေတနာတွေ ဥပါဒ် ဌီ ဘင် စေ့၍ ချုပ်ကွယ်သွားသော်လည်း စေတနာ၏သတ္တိမှာ ခန္ဓာအစဉ်၌ အဖတ်တင်ရစ်၏။ အနန္တရသတ္တိဖြင့် စိတ်တစ်ခုက စိတ်တစ်ခုအား ကျေးဇူးပြုလျက် ဆက်သွယ်နေရာ၌ ထို စိတ်အစဉ်ဝယ် စေတနာပေါင်းများစွာ၏ သတ္တိပေါင်းများစွာသည် ဧကန်ပါဝင်လျက် ရှိလေတော့၏။
ထို့ကြောင့် ကာလ ဂတိ ဥပဓိ ပယောဂ ညံ့ဖျင်းသောအခါ အကုသိုလ်စေတနာ၏သတ္တိကြောင့် မကောင်းကျိုးများ ထွက်ပေါ်လာ၍ ကာလစသည်တို့က ကောင်းမွန်သည့်အခါ ကုသိုလ်စေတနာ၏ သတ္တိကြောင့် ကောင်းကျိုးထွက်ပေါ်လာ၏။ မျိုးစေ့တစ်ခုလျှင် ဆိုင်ရာသစ်ပင်ကို တစ်ကြိမ်ပေါက်စေပြီးနောက် ထိုမျိုးစေ့ အသုံးမကျတော့သကဲ့သို့ ဆိုင်ရာအကျိုးပေးပြီးသည့်အခါ ထိုသတ္တိအရှိန် ကုန်ခန်းလေတော့၏။ ထို့ကြောင့် “စေတနာကွယ်ပျောက်ရာ၌ တရားကိုယ်သာ ကွယ်ပျောက်၍ သူ၏ နာနာက္ခဏိကကမ္မသတ္တိမှာ မပျောက်မပျက် ဆက်လက်တည်ရှိ၏။ အကျိုးပေးပြီးသည့်အခါနှင့် အကျိုးပေးခွင့်မရ၍ အဟောသိကံ ဖြစ်သည့်အခါကျမှ စေတနာတို့၏ သတ္တိများ လုံးဝကင်းရှင်းသည်”ဟု မှတ်ပါ။
ပစ္စည်းပစ္စယုပ္ပန်ဖြစ်ပုံ
[ပြင်ဆင်ရန်](ပစ္စည်းတရား၌“အတိတ်ဖြစ်သော”ဟူသည်ကား ပစ္စယုပ္ပန်တရားတို့ဖြစ်သည့် အခါ ထိုနာနာက္ခဏိကကမ္မစေတနာကချုပ်ပြီးဖြစ်၍ “အတိတ်”ဟုဆိုသည်။) အတိတ်လောဘမူပဌမစိတ်၌ ယှဉ်သောစေတနာသည် နာနာက္ခဏိကကမ္မပစ္စည်း, ထိုစေတနာကြောင့် အပါယ်ဘုံ၌ ပဋိသန္ဓေ ဝိပါက် နာမက္ခန္ဓာ ပဋိသန္ဓေကမ္မဇရုပ်သည်လည်းကောင်း ပဝတ္တိအခါ အကုသလဝိပါက်စက္ခုဝိညာဏ်စသော နာမက္ခန္ဓာသည်လည်းကောင်း ပဝတ္တိအခါ ဖြစ်ဖြစ်သမျှသော အနိဋ္ဌကမ္မဇရုပ်သည်လည်းကောင်း နာနာက္ခဏိကကမ္မပစ္စည်း၏ ပစ္စယုပ္ပန်၊ ဤသို့စသည်ဖြင့် အကုသိုလ်နာနာက္ခဏိက ကမ္မပစ္စည်း တပ်ပုံကိုသိလေ။
အတိတ်မဟာကုသိုလ် ပဌမစိတ်ရှိသော စေတနာသည် နာနာက္ခဏိကကမ္မပစ္စည်း, ထိုစေတနာကြောင့် ကာမသုဂတိဘုံ၌ ပဋိသန္ဓေဝိပါက်နာမက္ဓန္ဓာ ပဋိသန္ဓေကမ္မဇရုပ်သည်လည်းကောင်း ပဝတ္တိအခါ ကုသလဝိပါက် စက္ခုဝိညာဏ်စသော ဝိပါက်နာမက္ခန္ဓာသည်လည်းကောင်း ပဝတ္တိအခါ ဖြစ်ဖြစ်သမျှ ဣဋ္ဌကမ္မဇရုပ်သည် လည်းကောင်း နာနာက္ခဏိကကမ္မပစ္စည်း၏ ပစ္စယုပ္ပန်, ရူပကုသိုလ်စေတနာသည် ပစ္စည်း, ရူပဘုံ၌ ပဋိသန္ဓေ နာမက္ခန္ဓာကမ္မဇရုပ်နှင့် ပဝတ္တိနာမက္ခန္ဓာကမ္မဇရုပ်သည် ပစ္စယုပ္ပန်, သညာဝိရာဂဘာဝနာဖြစ်သော အတိတ်ရူပ ပဉ္စမဈာန်၌ရှိသော စေတနာသည် ပစ္စည်း, အသညသတ်ကမ္မဇရုပ်သည် ပစ္စယုပ္ပန်၊ မဂ်ဇော၌ရှိသော စေတနာ သည်ပစ္စည်း, ဖိုလ်ဇောနာမက္ခန္ဓာသည် ပစ္စယုပ္ပန်၊ စသည်ဖြင့်သိပါ။ [၁၂][၁၃]
- ↑ မိမိကိစ္စကို ပြီးစေသကဲ့သို့, သမ္ပယုတ်တရားတို့၏ကိစ္စလည်း ပြီးစေတတ်သော စေတနာကို စိတ်၏ ဗျာပါရဟု ဆိုသည်။ (ပဋ္ဌာန်အနုဋီကာ-၂၈၁၊ ပဋ္ဌာနသာရဝိဘာဝနီကျမ်း ဒု-၁၉၇)
- ↑ စေတနာဖြစ်မှ စိတ်အင်္ဂါဖြစ်သော ဝိတက် ဝီရိယ လောဘ ဒေါသ သဒ္ဓါ ပညာ စသော ဓာတ်တို့ ကိုယ်ကိစ္စကို လုပ်နိုင်ကြ၍ ကိုယ်မှုနုတ်မှု ကြံစည်မှု ပြီးသည်။(နိယာမဒီပနီ လယ်တီပေါင်းချုပ် ပတွဲ ၅၀၈)
ဆက်စပ်ဖတ်ရှုရန်
[ပြင်ဆင်ရန်]ကိုးကား
[ပြင်ဆင်ရန်]- ↑ ကမ္မပစ္စယ (ပု) [ကမ္မ+ပစ္စယ]
- ↑ (၁) ကမ္မပစ္စယဥတုသမုဋ္ဌာန-ကြည့်။
- ↑ (၂) ကမ္မပစ္စယော။ ပဋ္ဌာန၊၁၊၁။ ဝိသုဒ္ဓိ၊၂၊၁၆၃။ (ပဋ္ဌာန၊၁၊၇၊ ၂၄၊ ၁၅၄။ သံ၊ဋ္ဌ၊၁၊၂၇၅။ အံ၊ဋ္ဌ၊၂၊၁၆၀။ အဘိ၊ဋ္ဌ၊၃၊၃၄၉။ ဝိသုဒ္ဓိ၊၂၊၁၆၉။ မဟာနိ၊ဋ္ဌ၊၂၁၅။ ဇာ၊ဋ္ဌ၊၆၊၁၃၁။ ဒီ၊ဋီ၊၁၊၁၈၅။ ဒီ၊ဋီ၊၃၊၄၆။ သံ၊ဋီ၊၂၊၉၇။)
- ↑ (၃) န တေသံ ကောစိ သရတိ၊ သတ္တာနံ ကမ္မပစ္စယာ။ ခုဒ္ဒက၊၈။ ပေတ၊၁၂၉။ (မဟာနိ၊၃၁၈။) ကိံ ကာရုဏာ ? ကမ္မပစ္စယာတိ၊ အတ္တနာ ကတဿ အဒါနဒါနပဋိသေဓနာဒိဘေဒဿ ကဒရိယကမ္မဿ ကာရဏဘာဝတော။ ပေတ၊ဋ္ဌ၊၂၃။ (ခုဒ္ဒက၊ဋ္ဌ၊၁၇၄။)
- ↑ (တိ) (၄) ကမ္မဇံ, ကမ္မပစ္စယံ။ အဘိ၊ဋ္ဌ၊၁၊၃၇၇။ အဘိ၊ဋ္ဌ၊၂၊၂၇။ ဝိသုဒ္ဓိ၊၂၊၂၄၉။ (ဒီ၊ဋ္ဌ၊၁၊၁၀၂။ ဇာ၊ဋ္ဌ၊၅၊၂၈၄။) ကမ္မံ ဥပနိဿယဝသေန ပစ္စယော ဧတိဿာတိ ကမ္မပစ္စယာ။ ဒီ၊ဋီ၊၁၊၁၅၅။ (သီ၊ဋီ၊သစ်၊၁၊၄၁၆။)
- ↑ တိပိဋကအဘိဓာန် အတွဲ-၅
- ↑ (အဘိ၊ဋ္ဌ၊၃၊၃၄၉။ သင်္ဂဟ၊၁၃၆။ ဝိဘာဝိနီ၊၂၄၇)
- ↑ (ပဋ္ဌာန၊၁၊၇။ အဘိ၊ဋ္ဌ၊၃၊၃၇၅။ မူလဋီ၊၃၊၁၇၂။ အနုဋီ၊၃၊၂၃၂။ သင်္ဂဟ၊၁၃၆။ ဝိဘာဝိနီ၊၂၄၇။ ပရမတ္ထဒီပနီ၊၃၉၁။ ပဋ္ဌာနုဒ္ဒေသဒီပနီ။ ၄၈၅)
- ↑ (မူလဋီ၊၃၊၁၇၂။ အနုဋီ၊၃၊၂၃၂။ ပရမတ္ထဒီပနီ၊၃၉၁။ ပဋ္ဌာနုဒ္ဒေသ-ဒီပနီ။ ၄၈၅)
- ↑ (အဘိ၊ဋ္ဌ၊၃၊၃၇၄)
- ↑ တိပိဋကအဘိဓာန် အတွဲ-၇
- ↑ (သုံးချက်စုဘာဋီ ၂၁၈-၂၂၁)
- ↑ ဆရာတော် ဦးဂရုဓမ္မ။ ကုသလကာရီ ပဋ္ဌာန်းပဉှာဝါရ ပို့ချချက်။