မာတိကာသို့ ခုန်သွားရန်

အာဟာရပစ္စည်း

ဝီကီပီးဒီးယား မှ

[] (၁) အာဟာရပစ္စည်း၊ ရုပ်နာမ် တရားတို့ကို ထောက်ပံ့တတ်သော သဘောဖြင့် ကျေးဇူး ပြုတတ်သော အာဟာရ ၄-ပါး။ []

(က) ကလာပ်တူ ဩဇာကြဉ်သော ကလာပ်တူ ကလာပ်ပြား ဖြစ်သော စတုသမုဋ္ဌာနိကရုပ်အား ကျေးဇူးပြုတတ်သော အဇ္ဈတ္တ စတုဇဩဇာ, ဗဟိဒ္ဓ ဥတုဇဩဇာ ဟူသော ရုပ်အာဟာရပစ္စည်း၊ (ကဗဠီကာရအာဟာရ)။

(ခ) ယှဉ်ဘက်စိတ်, စေတသိက်, စိတ္တဇရုပ်, ပဋိသန္ဓေ ကမ္မဇရုပ်အား ကျေးဇူးပြုတတ်သော ဖဿ, စေတနာ, ဝိညာဉ်ဟူသော နာမ်အာဟာရ ပစ္စည်း။

(၂) ကံနှင့် ယှဉ်သော အာဟာရ ဟူသော အကြောင်း။

(၃) ရုပ်, ဝေဒနာ, သညာ, သင်္ခါရ ဟူသော အကြောင်း။ []

အာဟာရ လေးပါး

[ပြင်ဆင်ရန်]

အာဟာရာ-အာဟာရတို့သည်။ ကဗဠီကာရော အာဟာရော-ကဗဠီကာရာဟာရ၎င်း။ ဒုတိယော- ဒုတိယဖြစ်သော။ ဖဿော-ဖဿာဟာရ၎င်း။ တတိယာ-တတိယဖြစ်သော။ မနောသဉ္စေတနာ- မနောသဉ္စေတနာဟာရ၎င်း။ စတုတ္ထံ-စတုတ္ထဖြစ်သော။ ဝိညာဏံ-ဝိညာဏာဟာရ၎င်း။ ဣတိ-ဤသို့။ စတ္တာရော- လေးပါးတို့တည်း။[] []

အာဟာရမည်ကြောင်း

[ပြင်ဆင်ရန်]

မိမိဆိုင်ရာ ပစ္စယုပ္ပန်တရားတို့ကို လွန်စွာဆောင်တတ်သောကြောင့် အာဟာရမည်၏။ ဟိတ်အာရုံစသော ပစ္စည်းတို့လည်း မိမိဆိုင်ရာ ပစ္စယုပ္ပန်တရားများကို ဆောင်ကြပေ၏။ သို့သော် အဇ္ဈတ္တသန္တာန်မှာ (ခန္ဓာအစဉ်မှာ) လွန်စွာကျေးဇူးများသည့်အတွက် ကဗဠီကာရစသော ၄-ပါးကိုသာ “အာဟာရ”ဟု ခေါ်သည်။ “လွန်စွာဆောင်”ဟူရာ၌ ဆောင်ဟူသည်ကား အကျိုးပစ္စယုပ္ပန်တရားစုကို အဓွန့်ရှည်စွာ ဆက်လက် တည်တန့်အောင် ထောက်ပန့်မှု ဥပတ္ထမ္ဘနသဘောပင်တည်း။ “သူဆောင်နေလို့ သည်အလုပ်ကြီး တည်တန့် နိုင်တယ်, သူမရှိရင်ပျက်မှာဘဲ”ဟူသော လောကပြောရိုးစကား၌ တည်တန့်အောင်ဆောင်ရွက်မှုကို “ဆောင်” ဟု သုံးနိုင်သကဲ့သို့တည်း။ ထို့ကြောင့် “ဤအာဟာရပစ္စည်းကို အိမ်စသည်၌ မယိမ်းမယိုင် ခိုင်မြဲအောင် ထောက်ထားသည့် “ကျား”ခေါ်သော ထောက်တိုင်နှင့်တူ၏”ဟု ဥပမာပြကြလေသည်။

ရုပ်အာဟာရများ ကျေးဇူးပြုပုံ

[ပြင်ဆင်ရန်]

ဆက်ဦးအံ့-“ဤအာဟာရပစ္စည်းတရားတို့၌ ထောက်ပံ့မှု ဥပတ္ထမ္ဘနသတ္တိသာ ရှိ၏, ပစ္စယုပ္ပန်တရား ကို ဖြစ်စေနိုင်သောသတ္တိကားမရှိ”ဟု ထင်မှားတတ်၏။ စင်စစ်မှာ ဇနကသတ္တိလည်း ရှိပါ၏။ ဇနကသတ္တိဖြင့် ဖြစ်စေသည့်အရာဝယ် (အခြားပစ္စည်းများလို ဖြစ်စေရုံမျှမဟုတ်, သွားရင်းဟန်လွဲဆိုသလို) အဆက်မပြတ်အောင် ထောက်ပံ့လျက် ဖြစ်စေသောကြောင့် “ထောက်ပံ့တတ်သည်”ဟု ဆိုသည်။ ထင်ရှားစေအံ့ အစာစားလိုက်သည့်အခါ ထိုအစာအာဟာရကြောင့် အာဟာရဇရုပ်ဖြစ်ရုံသာမက တကိုယ်လုံး၌ရှိသော ကမ္မဇ စိတ္တဇ ဥတုဇရုပ်များလည်း တောင့်တောင့်တင်းတင်း လန်းလန်းဆန်းဆန်း ရှိကြ၏။ ထိုကဲ့သို့ လန်းလန်း ဆန်းဆန်းရှိကြသဖြင့် ထိုကမ္မဇ စသောရုပ်တို့ မပြတ်စဲနိုင်ဘဲ ဆက်လက်ဖြစ်ပွား ကြပြန်လေသည်။ နာမ်အာဟာရတို့ကလည်း တကွဖြစ်ဘက်တရားတို့ကို ဖြစ်လဲဖြစ်စေ၏, နာမ်တရားတို့ အဆက်ဆက် တိုးပွားအောင် ထောက်လည်း ထောက်ပံ့လေသည်။

နာမ်အာဟာရများ ကျေးဇူးပြုပုံ

[ပြင်ဆင်ရန်]

နာမ်အာဟာရ သုံးပါးတို့တွင် ဖဿသည် အာရုံ၏အရသာ အကောင်းအဆိုးကို ထုတ်ယူလျက် သမ္ပယုတ်တရားတို့ကို ထိုအာရုံသို့ ရှေးရှုပို့ဆောင်၏။ မှန်၏။ တွေ့ထိခြင်း ဖဿမရှိခဲ့သော် အာရုံ၏ အရသာကို ခံစားခြင်း ဝေဒနာသည် မဖြစ်ပေါ်ပေရာ။ ဝေဒနာမဖြစ်ပေါ်ကလည်း လောဘ, ဒိဋ္ဌိစသော အကုသိုလ်တရားတို့သည်လည်းကောင်း သဒ္ဓါ, သတိစသော ကုသိုလ်တရားတို့သည်လည်းကောင်း ဖြစ်ပေါ်ရန် အခွင့်မရှိချေ။ ထို့ကြောင့် ဖဿာဟာရသည် အစာကို ယူပေးသော ငှက်သတ္တဝါတို့၏ နှုတ်သီးနှင့် တူပေသည်။

စေတနာသည် သတ္တဝါတို့၏ ကိုယ်မှုနှုတ်မှုစိတ်မှုတို့၌ အားထုတ်ခြင်းကို ဖြစ်စေလျက် သမ္ပယုတ်တရား တို့ကို ဆောင်ထား၏။ ကံကြီးကံငယ် အသွယ်သွယ်တို့ကို ပြီးမြောက်စေရန် စေတနာသည် အစဉ်မပြတ် စေ့ဆော်တိုက်တွန်း အားပေးခြင်းကို ပြု၏။ ထို့ကြောင့် စေတနာသည် တနေရာမှ တနေရာသို့ ပျံသန်းသွားလာသော ငှက်တို့၏ အစဉ်မပြတ်လှုပ်ရှားနေသော တောင်ပန်နှင့် တူပေသည်။

ဝိညာဏာဟာရခေါ်သော စိတ်သည်ကား အာရုံကို ယူမှုသိမှု၌ ရှေ့ဆောင်ရှေ့သွားပြုလျက် သမ္ပယုတ် တရားတို့ကို အာရုံသို့ဆောင်၏။ မှန်၏။ ဝိညာဏ်က အာရုံကို ယူပေးခြင်းကြောင့်သာ တွေ့ထိခြင်း ဖဿ, ခံစားခြင်း ဝေဒနာ စသော တရားတို့သည် ဖြစ်ပေါ်ရကုန်၏။ အာရုံကို ယူပေးမည့် ဝိညာဏ်မရှိခဲ့သော် ထိုတရားများလည်း ဖြစ်ပေါ်ရန် အခွင့်မရှိတော့ပေ။ ထို့ကြောင့် ဝိညာဏာဟာရသည် ပျံသန်းသွားလာရန် အရပ်ကို ညွှန်ပြပေးသည့် ငှက်သတ္တဝါ၏ မျက်စိနှင့် တူပေသည်။

ဤသို့လျှင် မိမိတို့ဆိုင်ရာ ပစ္စယုပ္ပန်တရားတို့အား အခြားတရားများနှင့် မတူပဲ ထူးကဲသော အကြောင်း အထောက်အပန့်အနေအားဖြင့် ကျေးဇူးပြုတတ်သောကြောင့် စိတ်, ဖဿ, စေတနာ ဟူသော နာမ်တရား သုံးမျိုးတို့ကို အာဟာရ ဟု ခေါ်ဆိုပေသည်။ []

လယ်တီဒီပနီမှ အာဟာရနှင့်စပ်၍ သိမှတ်စရာ စာပိုဒ်များ

[ပြင်ဆင်ရန်]

အာဟာရဆိုသည်ကား မိမိနှင့်ဆိုင်ရာ ရုပ်ခန္ဓာ နာမ်ခန္ဓာတို့ကို လွန်စွာဆောင်ရွက်နိုင်သောစွမ်းအား ဗလ ကြီးကျယ်လှသော တရားကို အာဟာရဟု ဆိုသတည်း။ ထိုအာဟာရသည် ရုပ်အာဟာရတစ်ပါး, နာမ်အာဟာရသုံးပါးဟူ၍ လေးပါးရှိ၏။

ရုပ်အာဟာရဆိုသည်ကား ဩဇာရုပ်ကို ဆိုသတည်း၊ ရုပ်အနှစ် ရုပ်အဆီ ဟူ၍လည်းကောင်း ဓာတ်အနှစ် ဓာတ်အဆီဟူ၍လည်းကောင်း ဆိုအပ်၏။ ထိုဩဇာဓာတ်အဆီသည် အဇ္ဈတ္တဩဇာ ဗဟိဒ္ဓဩဇာ ဟူ၍ နှစ်ပါး ရှိ၏။ ပဋိသန္ဓေဥပါဒ်သည်မှစ၍ အဇ္ဈတ္တရုပ်သန္တာန်မှ အစဉ်ပါလာခဲ့သော ဩဇာစုသည် အဇ္ဈတ္တဩဇာ မည်၏။ ကလလရေကြည်တည်သော သတ္တာဟမှ နောက်သတ္တာဟ နှစ်သတ္တာဟအလွန်တွင် အမိမျိုသော အစာမှ စိမ့်လာ၍ သူငယ်ရုပ်မှာ ပျံ့နှံ့သည့်အခါမှ စ၍ အသက်ထက်ဆုံး အပမှ မျိုအပ်သော ထမင်းဘောဇဉ် စသည်၌ ပါရှိသော ဩဇာစုသည် ဗဟိဒ္ဓဩဇာ မည်၏။

တစ်သတ္တာဟ နှစ်သတ္တာဟ အလွန်မှစ၍ အဘယ်ကြောင့် ဗဟိဒ္ခဩဇာ မပြတ်မစဲ အမြဲထောက်ပံ့ ရလေသနည်းဟူမူ ဗဟိဒ္ဓဩဇာ ကူညီထောက်ပံ့မှု မရှိခဲ့လျှင် အားနည်းစွာသော အဇ္ဈတ္တဓာတ်ဆီစုကို အားကြီး စွာသော အဇ္ဈတ္တဓာတ်မီးလောင်သဖြင့် အလျင်အမြန် ခန္ဓာကာယ ခြောက်ခမ်းပျက်ဆုံးရာသောကြောင့် တည်း။ []

နာမ်အာဟာရသုံးပါးတို့မှာ ဝိညာဏ်သည်သာ ပဓာနဖြစ်၏။ သို့သော်လည်း အလွန်ထင်ရှားသည့် အတွက် ရုပ်အာဟာရကို ရှေးဦးစွာဟောပြီးနောက် ရုပ်အာရုံ၌ တွေ့ထိမှုထင်ရှားသည်ဖြစ်၍ ဖဿကို ဟောတော်မူ၏။ ဖဿမှ ဆက်လက်သော အကျိုးတရားဖြစ်၍ ဖဿ၏အခြားမဲ့၌ စေတနာအာဟာရကို ဟောတော်မူ၏။ ထို့ကြောင့် ထိုသုံးပါးတို့၏ အကြား၌ ဝိညာဏာဟာရကို ဟောခွင့် မရလေရကား နောက်ဆုံးထား၍ ဟောတော်မူသည်။ ကိစ္စပဓာနပြု၍ စဉ်လိုမူကား ဝိညာဏာဟာရ၊ ဖဿာဟာရ၊ မနောသေဉ္စတာဟာရဟူ၍ စီစဉ်ရာ၏။ ဤစာအုပ်၌မူကား ကိစ္စပြဌာန်းမှုကို ပဓာနပြု၍ ဝိညာဏာဟာရကို ရှေ့ထား၍ ပြဆိုပေအံ့။

ထိုသုံးပါးတို့၏ အစဉ်ကား အာရုံကိုသိခြင်းအမှုသည် ဝိညာဏ်ဖြစ်၏။ အာရုံ၌ပါရှိသော ဣဋ္ဌရသ, အနိဋ္ဌရသကို အရ အမိ ယူခြင်းအမှုသည် ဖဿမည်၏။ ဣဋ္ဌရသ, အနိဋ္ဌရသ အတွက်နှင့် သမ္ပယုတ်တရားတို့ကို မနားမနေ စေ့ဆော်ခြင်းအမှုသည် စေတနာမည်၏။

အာဟာရ သုံးပါး အထူး

[ပြင်ဆင်ရန်]

သတ္တဝါ၏သန္တာန်၌ စိတ်ဝိညာဏ်သက်သက်သာ ရှိငြားအံ့၊ အဝီစိငရဲမှာဖြစ်၍ ငရဲမီးလောင်၍ နေသော်လည်း ပူသည်ကို သိရုံမျှသာ ရှိလေရာ၏။ မခံသာခြင်း ဆင်းရဲဒုက္ခ ဖြစ်ခြင်းဟူ၍ အဏူမြူမျှ မရှိလေရာ၊ ဖဿရှိနေသည့်အတွက်ကြောင့် မခံသာခြင်း ဆင်းရဲဒုက္ခ ဖြစ်ခြင်း ရှိရလေသည်။ ဖဿသာရှိ၍ စိတ်မရှိခဲ့ငြားအံ့၊ အဝီစိငရဲမီး ပူသည်ကိုမျှ သိခြင်းမရှိပြီ၊ သစ်တုံးနှင့် အတူတူသာ ဖြစ်၍ နေလေရာ၏။ စိတ်နှင့် ဖဿသာရှိ၍ စေတနာမရှိငြားအံ့၊ ကိုယ်၌ မခံသာခြင်း အပြင်းအထန်ဖြစ်၍ နေငြားသော်လည်း ပူလေခြင်း ပူလေခြင်းဟု မနောကံ လှုပ်ရှားမှု၊ ဝစီကံ လှုပ်ရှားမှု၊ ကာယကံလှုပ်ရှားမှု ဟူ၍ မရှိလေရာ၊ စေတနာရှိနေသည့်အတွက် ထိုလှုပ်ရှာခြင်းသုံးပါး ဖြစ်ရလေသတည်း။

(ဆိုလိုရင်းမှာ ဖဿမရှိပဲ ဝိညာဏ်သာရှိက သိရုံသာဖြစ်၍ ခံသာခြင်း မခံသာခြင်း မဖြစ်။ ဝိညာဉ်မရှိပဲ ဖဿသာရှိက သစ်တုံးနှင့် အတူတူပင်။ စေတနာမရှိကလည်း ကံသုံးပါး လှုပ်ရှားမှု မရှိနိုင်။ ဖဿ ကြောင့် သုခ ဒုက္ခဖြစ်သည်၊ သုခ ဒုက္ခကြောင့် လောဘ ဒေါသဖြစ်သည်။ နာမ်တရားများ အာရုံကို ဆက်တိုက်ယူနေခြင်းသည် စေတနာကြောင့်ဖြစ်သည်။ သို့ဖြစ်၍ နာမ်တရားများ သူတို့ဆိုင်ရာ အလုပ်လုပ်နေနိုင်ခြင်းသည် စိတ် ဖဿ စေတနာတို့က ထောက်ပန့်နေခြင်း(အာဟာရ)ကြောင့် ဖြစ်သည်ဟု နားလည်ပါ) []

နာမ်အာဟာရ ပစ္စည်း ပစ္စယုပ္ပန် ပစ္စနိက်

[ပြင်ဆင်ရန်]
ပစ္စည်း ပစ္စယုပ္ပန် ပစ္စနိက်
စိတ် ၈၉၊ ဖဿ၊ စေတနာ စိတ် ၈၉၊ စေတသိက် ၅၂၊

စိတ္တဇရုပ်၊ ပဋိသန္ဓေကမ္မဇရုပ်

ဗာဟိရရုပ်၊ အာဟာရဇရုပ်၊ ဥတုဇရုပ်၊

အသညသတ်ကမ္မဇရုပ်၊

ပဝတ္တိကမ္မဇရုပ်၊

[]

နာမ်အာဟာရ

[ပြင်ဆင်ရန်]

ဖဿပစ္စည်းဖြစ်ခိုက် စေတနာ ဝိညာဏ်တို့ ပစ္စယုပ္ပန်၌ ပါ၏။ ထို့အတူ စေတနာ ပစ္စည်းဖြစ်ခိုက် ဖဿ ဝိညာဏ်တို့ ပစ္စယုပ္ပန်၊ ဝိညာဏ်ပစ္စည်းဖြစ်ခိုက် ဖဿစေတနာတို့ ပစ္စယုပ္ပန်ဖြစ်ရကားပစ္စယုပ္ပန်၌ ထိုသုံးပါးကို မကြဉ်ရ။ အားလုံးစိတ်စေတသိက်တို့ ပစ္စယုပ္ပန်ဖြစ်ကြရသည်။

လောဘမူပဌမစိတ် စေတသိက် စိတ္တဇရုပ်တို့ တပြိုင်နက်ဖြစ်ရာ ဖဿသည် ပစ္စည်း၊ စိတ်, ဖဿကြဉ်သော စေတသိက် ၁၈ခု, စိတ္တဇရုပ်သည် ပစ္စယုပ္ပန်၊ ထို့အတူ စေတနာသည် ပစ္စည်း, စိတ်, စေတနာကြဉ်သော စေတသိက် ၁၈ခု, စိတ္တဇရုပ်သည် ပစ္စယုပ္ပန်၊ လောဘမူပဌမစိတ်ဟူသော ဝိညာဏ်သည် ပစ္စည်း, စေတသိက်၁၉ စိတ္တဇရုပ်သည် ပစ္စယုပ္ပန်။ ပဋိသန္ဓေကိစ္စတပ်၍ ဆိုင်ရာ စိတ်စေတသိက် ပဋိသန္ဓေကမ္မဇရုပ်တို့ဖြစ်ရာ၌ ဖဿသည် ပစ္စည်း, စိတ်, စေတသိက်, ပဋိသန္ဓေကမ္မဇရုပ်သည် ပစ္စယုပ္ပန် စသည်ဖြင့်သိပါ။[]

အာဟာရဇရုပ်များထောက်ပံ့ပုံ-၁
အာဟာရဇရုပ်များထောက်ပံ့ပုံ-၂

ကိုးကား

[ပြင်ဆင်ရန်]
  1. အာဟာရပစ္စယ (ပု) [အာဟရ+ပစ္စယ]
  2. (၁) ကဗဠီကာရော အာဟာရော ဣမဿ ကာယဿ အာဟာရပစ္စယေန ပစ္စယော။ အရူပိနော အာဟာရာ သမ္ပယုတ္တကာနံ ဓမ္မာနံ တံသမုဋ္ဌာနာနဉ္စ ရူပါနံ အာဟာရပစ္စယေန ပစ္စယော။ ပဋ္ဌာန၊၁၊၇။ ရူပါရူပါနံ ဥပတ္ထမ္ဘကဋ္ဌန ဥပကာရကာ စတ္တာရော အာဟာရာ အာဟာရပစ္စယော။ အဘိ၊ဋ္ဌ၊၃၊၃၅၀။ ဝိသုဒ္ဓိ၊၂၊၁၇၀။ (ပဋ္ဌာန၊၁၊၁၅၆။ အဘိ၊ဋ္ဌ၊၃၊၃၇၇-၈။)
  3. (၂) (၃) ယံ ကိဉ္စိ ဒုက္ခံ သမ္ဘောတိ၊ သဗ္ဗေ အာဟာရပစ္စယာ။ သုတ္တနိ၊၃၉၅။ အာဟာရပစ္စယာတိ ကမ္မသမ္ပယုတ္တာဟာရပစ္စယာ။ အပရော နယော စတုဗ္ဗိဓာ သတ္တာ... သင်္ခါရူပဂေါ သင်္ခါရာဘိနိဗ္ဗတ္တ ဝိညာဏာဟာရသေဝနတော။ သုတ္တန၊ဋ္ဌ၊၂၊၂၂၄။
  4. စတ္တာရော အာဟာရာ ကဗဠီကာရော အာဟာရော, ဖဿော ဒုတိယော, မနောသေဉ္စတနာ တတိယာ, ဝိညာဏံ စတုတ္ထံ။ (အဘိဓမ္မတ္ထသင်္ဂဟ ပါဠိ ၁၂၀)
  5. (အခြေပြုသင်္ဂြိဟ်-၄၃၀)
  6. (ပရမတ္ထသံခိပ်ဋီကာ ဒုတိယတွဲ ၅၁၀)
  7. (လယ်တီဒီပနီပေါင်းချုပ် တတိယတွဲ စာမျက်နှာ-၂၁၇)
  8. (လယ်တီဒီပနီပေါင်းချုပ် တတိယတွဲ စာမျက်နှာ-၂၃၆)
  9. ၉.၀ ၉.၁ ဆရာတော် ဦးဂရုဓမ္မ။ ကုသလကာရီ ပဋ္ဌာန်းပဉှာဝါရ ပို့ချချက်