အဋ္ဌာနပါဠိ-ဒုတိယဝဂ်
တစ်စိတ်တစ်ပိုင်း ဖော်ပြချက် |
ဗုဒ္ဓဘာသာ |
---|
လောကဓာတ်တစ်ခု၌ စကြဝတေးမင်း ၂-ပါး တချိန်တည်း မဖြစ်၊ တစ်ပါးတည်းသာ ဖြစ်သည်၊ မိန်းမသည် ဘုရား၊ စကြဝတေးမင်း၊ သိကြားမင်း၊ မာရ်မင်း၊ ဗြဟ္မာကြီး မဖြစ်၊ ယောက်ျားသည်သာ ဘုရားစသည် ဖြစ်နိုင်သည်။
ကိုယ်နှုတ်စိတ်ပြစ်မှုများသည် ကောင်းကျိုးကိုမဖြစ်၊ ဆိုးကျိုးကိုသာ ဖြစ်စေသည်။
စကြာမင်း ၂-ပါး တချိန်တည်း
[ပြင်ဆင်ရန်]စကြာရတနာပေါ်လာသည်မှ မကွယ်မီအတွင်းတည်း၊ စကြာမင်းနတ်ရွာစံခြင်း၊ ရသေ့ရဟန်းပြုခြင်း၊ ဤ ၂-ပါးကြောင့် ၇-ရက် ကြာလျှင် စကြာရတနာကွယ်သည်။ သူမင်းကိုယ်မင်း အငြင်းမပွားစေလိုသောကြောင့်လည်းကောင်း၊ အံ့ဖွယ်ဖြစ်စေလိုသောကြောင့်လည်းကောင်း၊ ကျွန်းငယ် ၂-ထောင်ရံသော ၄-ကျွန်းလုံးကို အုပ်စိုးနိုင်အောင် စကြာရတနာက အာနုဘော်ကြီးသောကြောင့် လည်းကောင်း မင်း ၂-ပါး မဖြစ်ကောင်းပါ။
မိန်းမသည် ဘုရားမဖြစ်
[ပြင်ဆင်ရန်]ဘုရားဖြစ်ဖို့ထား၊ ဘုရားဖြစ်ကြောင်း ဆုတောင်းသော်မှ မပြည့်စုံနိုင်၊ လူသားဖြစ်ခြင်း၊ ယောက်ျားမြတ်ဖြစ်ခြင်း၊ ယခုဘဝပင် အရဟတ္တဖိုလ် ရနိုင်သူဖြစ်ခြင်း၊ ဘုရားရှင်နှင့် တွေ့ဆုံဖူးမြင်ရခြင်း၊ ကံကိုယုံသူ ရသေ့ဖြစ်ခြင်း၊ ဈာန် အဘိညာဉ်ရခြင်း၊ အဓိကာရကုသိုလ်ခေါ် အသက်စွန့်လှူခြင်းဟူသော အထိကရ ကုသိုလ်ရှိခြင်း၊ ဘုရားဖြစ်လိုမှုဆန္ဒ ပြင်းပြခြင်းဟူသော အကြောင်း ၈-ပါးရှိမှ ဆုတောင်းပြည့်၍ ဗျာဒိတ်ခံနိုင်သည်ဖြစ်ရာ အခြင်းအရာ စုံလင် ဘုန်းကံရှင် ယောက်ျားသာ ဘုရားဖြစ်နိုင်သည်။
စကြဝတေးမင်း မဖြစ်
[ပြင်ဆင်ရန်]မိန်းမ၌ အိမ်နှင့်ဖုံးသော အင်္ဂါဇာတ်ရှိခြင်းစသော လက္ခဏာကြီးများ မပြည့်စုံ၊ မိန်းမက စကြာမင်းဖြစ်နေလျှင် မိန်းမရတနာ ထားမရ၊ ရတနာ ၇-ပါး မပြည့်စုံ၊ လူသားအားလုံးထက် လွန်မြတ်သော ကိုယ်ခန္ဓာလည်း မိန်းမမှာ မဖြစ်နိုင်သောကြောင့်တည်း။
သိကြားမင်းစသည်မဖြစ်
[ပြင်ဆင်ရန်]သိကြားစသော ၃-နေရာကား မြတ်၍ ဣတ္ထိလိင်ကား ယုတ်သည်၊ ဗြဟ္မာ့ပြည်၌ ပုရိသလိင်လည်း မရှိသဖြင့် ယောက်ျားသာ ဗြဟ္မာဖြစ်သည် ဟူသောစကား မှားသည်မဟုတ်ပါလော၊ မမှားပါ၊ ယောက်ျားသာ မဟာဗြဟ္မာ ဖြစ်နိုင်သည်၊ မိန်းမဈာန်ရများကား အလုပ်အကျွေးဗြဟ္မာသာ ဖြစ်နိုင်ပါ၏၊ ဗြဟ္မာများမှာ လိင် ၂-ပါးလုံး မရှိစေကာမူ ယောက်ျားသဏ္ဌာန်ကား ရှိနေ၍ ထိုစကား ပြည့်စုံလှသည်။
ပြစ်မှုနှင့်ဆိုးကျိုး
[ပြင်ဆင်ရန်]တမာစေ့ စသည်များသည် အချိုသီး မသီးနိုင်သလို ပြစ်မှုများသည် ဆိုးကျိုးကိုသာ ဖြစ်စေနိုင်သည်၊ ကြံမျိုးပင်စသည်များသည် အချိုရည်ကို ထုတ်ပေးနိုင်သလို ကောင်းမှုများလည်းကောင်းကျိုးကိုသာ ဖြစ်စေသည်၊ ထို့ကြောင့် “ကောင်းတာပြုမှ ကောင်းကျိုးရ၊ ဆိုးက ဆိုးကျိုးရမည်၊ မျိုးစေ့နှင့်အမျှ အသီးရ မုချတူရမည်”ဟူသော အဓိပ္ပာယ်ကို ယာဒိသံ ဝပ္ပတေ ဗီဇံ စသည်ဖြင့် ဘုရားဟောတော်မူသည်။[၁]
ကိုးကား
[ပြင်ဆင်ရန်]- ↑ တိပိဋကဓရဓမ္မဘဏ္ဍာဂါရိက အရှင်ကောသလ္လ ပြည်။ မြတ်ဗုဒ္ဓ၏ အင်္ဂုတ္တရနိကာယ် မြန်မာ ကျမ်းစာ။