စကြဝတေးမင်း

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်
ရွှေသာလျောင်းဘုရား၏ ခြေတော် စက်လက္ခဏာတွင် စကြဝတေးမင်းပုံ
မြန်မာဝစ်ရှင်နရီ
မြန်မာ ဝစ်ရှင်နရီ တွင် ဤစကားလုံးအတွက်
အဓိပ္ပါယ်ဖွင့်ဆိုချက် ရှိသည် -

စကြဝတေးမင်းသည် အလျားယူဇနာ(၁၀ဝ)၊ အနံယူဇနာ(၂၅၀)၊ အဝန်းယူဇနာ(၉၀ဝ)ရှိသည့် မဇ္ဈိမဒေသ အရပ်မှာ ဖြစ်သည်။ မဇ္ဈိမဒေသ အရပ်သည် ဘုရား ပစ္စေကဗုဒ္ဓါ၊ အဂ္ဂသာဝက၊ မဟာသာဝက စသည့် မြင့်မြတ်သူများ ဖြစ်ရာအရပ်ဖြစ်သည်။ ပစ္စန္တရစ်အရပ်၌ မဖြစ်ပေ။

စကြဝတေးမင်း၏ ရတနာ(၇)ပါး[ပြင်ဆင်ရန်]

  1. စကြာရတနာ
  2. ဆင်ရတနာ
  3. မြင်းရတနာ
  4. မြရတနာ
  5. မိဖုရားရတနာ
  6. သူဌေးရတနာ
  7. သားကြီးရတနာ တို့ဖြစ်သည်။

ကဗျာ[ပြင်ဆင်ရန်]

`စကြာ၊ ဆင်ဖြူ၊ မြင်းပျံဟူ
မှတ်ယူ၊ ပတ္တမြား၊
မြောက်ကျွန်းသူနွယ်၊ သားနန်းနွယ်
မှတ်ဖွယ်၊ သူဌေးအား။ ။´

စကြဝတေးမင်း ပေါ်သောအခါ ရတနာ(၇)ပါးအနက် စကြာရတနာ အရင်ရောက်ရှိလာသည်။ ဆင်ရတနာ၊ မြင်းရတနာများသည် သာမန် ဆင်၊ မြင်းများထက် သာသည်။ မိဖုရားရတနာသည် အဆင်းလှသည်။ ကြည်ညိုဖွယ်ရှိသည်။ မြင့်ခြင်း၊ နိမ့်ခြင်း ဟူသော အပြစ်ခြောက်ပါး ကင်းသည်။ ကိုယ်နံ့သည် စန္ဒကူးနံ့၊ ခံတွင်းနံ့သည် ကြာညိုနံ့ သင်းသည်။ မဒ္ဒတိုင်း မင်းမျိုး ဖြစ်သည်။ မြောက်ကျွန်းသူ ဖြစ်သည်။ သူဌေးရတနာသည် မြေကြီးအတွင်း တစ်ယူဇနာတိုင်တိုင် အရှင်ရှိပြီး မြှုပ်ထားသော ဥစ္စာ၊ အရှင်မဲ့ မြှုပ်ထားသော ဥစ္စာများကို မျက်စိနှင့် မြင်နိုင်သည်။ စကြဝတေးမင်း စုံစမ်းခိုင်းသည့်အခါ ရတနာများကို ယူပေးသည်။ သားကြီးရတနာသည် ပညာရှိသည်၊ လိမ္မာသည်၊ သူတစ်ပါး၏ အကြံအစည်ကို သိနိုင်သည်။

စကြဝတေးမင်း သေပြီး (၇)ရက်မြောက်တွင် စကြာရတနာ ကွယ်သည်။ ဆင်၊ မြင်းရတနာ သေသည်။ မြရတနာ ပျောက်ကွယ်သည်။ မိဖုရားရတနာ တန်ခိုးအာနုဘော် ကွယ်သည်။ သူဌေးမျက်စိသည် သာမန်မျက်စိသာရှိတော့သည်။ သားကြီး၏ ဉာဏ်ပညာသည်လဲ သာမန်ပညာသာ ဖြစ်တော့သည်။

စကြဝတေးမင်း ကျင့်ဝတ်[ပြင်ဆင်ရန်]

(မဟာသုဒဿနသုတ်)အရ သုံးပါး

  1. ဒါန = အလှူပေးခြင်း၊
  2. ဒမ္မ = က္ကန္ဒြေကို ဆုံးမခြင်း၊
  3. သံယမ = ငါးပါး၊ ရှစ်ပါးသီလတို့ကို ဆောက်တည်ခြင်း၊(တစ်နည်း) ကိုယ်နှုတ်တို့ကို စောင့်စည်းခြင်း၊

(ဒီဃနိ ကာယ် ပါထိကဝဂ် စက္ကဝတ္တိသုတ်) အရ ဆယ်ပါး

၁။ သားမယားတို့ကို သီလ၌ ဆောက်တည်စေခြင်း၊ အဝတ် ပုဆိုး၊ နံ့သာ၊ ပန်း စသည်တို့ကို ပေးခြင်း၊ဘေးဥပဒ် မရှိအောင် စောင့်ရှောက်ခြင်း၊

၂။ အဘိသိက် ခံလေပြီးသော မင်းတို့အား မြည်း၊ မြင်း၊ အဿဇနေယျ စသော ရတနာတို့ကို ပေး၍ ချီးမြှောက်ခြင်း၊

၃။ မိမိထံ၌နေသော မင်းတို့ကို ထိုက်သည့်အားလျှော်စွာ ယာဉ်၊ သံလျင်းပေး၍ နှစ်သက်စေခြင်း၊

၄။ ပုဏ္ဏားတို့အား ထမင်း၊ အဖျော်၊ ပုဆိုး စသောလှူဖွယ်ဝတ္တုကို ပေးခြင်း၊ သူကြွယ်တို့အား မျိုးစေ့၊ ထွန်တုံး၊ ထွန်သွား၊ နွားလား စသည်တို့ကို ပေးခြင်း၊

၅။ နိဂုံး၊ ဇနပုဒ် နေသူတို့အား ထမင်း၊ မျိုးစေ့၊ ရိက္ခာ၊ ထွန်တုံး၊ ထွန်သွား၊ ကျွဲ၊ နွား စသည်တို့ကို ပေးခြင်း၊

၆။ ရဟန်းတို့အား ရဟန်းတို့နှင့်လျော်သော ပရိက္ခရာများ လှူဒါန်း၍ ပူဇော်ခြင်း၊

၇။ သားရဲတိရစ္ဆာန်တို့အား ဘေးမဲ့ပေး၍ သက်သာရာကို ရစေခြင်း၊

၈။ မတရားသော အမူအရာကို မပြုစေခြင်း၊

၉။ ဥစ္စာ မရှိသောသူတို့အား ဥစ္စာကိုပေးခြင်း၊

၁၀။ ရဟန်းပုဏ္ဏားတို့ထံသို့ကပ်၍ ကုသိုလ်၊ အကုသိုလ်၊ အပြစ်ရှိ၊ အပြစ်မရှိ၊ မှီဝဲအပ်၊ မမှီဝဲအပ် စသော တရားကိုမေး၍ အကုသိုလ်ကိုပယ်၊ ကုသိုလ်ကို ဆောက်တည်စေခြင်း၊ [၁] [၂]

တန်ခိုးကြီးပုံ[ပြင်ဆင်ရန်]

စကြဝတေးမင်းမှာ ကျွန်းကြီး လေးကျွန်း နှင့် အရံကျွန်းငယ် (၂၀ဝ၀) ကို အစိုးရသော မင်းဟု ကျမ်းဂန်များက ဆိုသည်။ ဇမ္ဗူဒိပ် မင်းအပေါင်းက ဝပ်တွား ခညောင်းရသော မင်းဖြစ်သည်။ အလိုခပ်သိမ်းကို ပြည့်စုံစေတတ်သော စကြာရတနာ ရရှိသဖြင့် စကြဝတေးမင်းဟု ခေါ်သည်။ ယင်းမှ အစွဲပြု၍ အစွမ်းထက်မြက်လှသော လှံ ၊ ရထား ၊ ခြေနင်း စသည်တို့ကို လှံစကြာ ၊ ရထားစကြာ ၊ ခြေနင်းစကြာ စသည်ဖြင့် ခေါ်ဝေါ်ကြသည်။ စကြဝတေးမင်းကို မန္ဓာတု စကြာမင်း ၊ မန္ဓတ်မင်း ဟုလည်း ခေါ်ကြသည်။ ဂေါတမ မြတ်စွာဘုရားအလောင်းသည် မဟာသမ္မတမင်းမှ စ၍ နှစ်ကျိပ်ရှစ်ပါးသော မင်းတို့တွင် ခုနစ်ဆက်မြောက် မန္ဓတ်မင်း ဖြစ်ဖူး၍ ကျွန်းငယ် အရံ (၂၀ဝ၀) နှင်တကွ ကျွန်းကြီး လေးကျွန်းတွင် စကြဝတေးမင်း စည်းစိမ်ကို ခံစားတော်မူသည်။

စကြဝတေးမင်းတို့သည် အံ့ဘွယ် လေးပါး ရှိမြဲဖြစ်သည်။ ယင်းတို့မှာ ဘုန်းကံ ပါရမီအလျောက် အလွန်အဆင်းလှ၍ အသံသာယာခြင်း ၊ သတ္တဝါတို့၏ ကောင်းကျိုးကို ဆောင်ရွက်တတ်ခြင်း ၊ ကောင်းကင်ခရီးဖြင့် သွားလာတတ်ခြင်း ၊ တရားနှင့်အညီ စိုးစံတတ်ခြင်း တို့ ဖြစ်သည်။ ယင်းဂုဏ်များကြောင့် အခြားသော မင်း ၊ ပုဏ္ဏား ၊ သူကြွယ် ၊ ရသေ့ ၊ ရဟန်းတို့သည် အဆင်းကို ရှု၍မဝ ၊ အသံကို ကို ကြား၍မဝ ၊ တရားစကား နှီးနှော၍ မဝ အောင် ဖြစ်ကြရသည်။ စကြာရတနာတန်ခိုးကြောင့် အခြားသော မင်းများ မတုပြိုင်နိုင်သော တန်ခိုးရှင်လည်း ဖြစ်သည်။

စကြာဝတေးမင်း တန်ခိုး[ပြင်ဆင်ရန်]

တန်ခိုး ၄-မျိုးရှိသည်။

  1. လူတကာတို့ထက်လွန်ကဲသော အဆင်းရှိခြင်း၊
  2. လွန်ကဲသောအသက်ရှည်ခြင်း၊
  3. အနာရောဂါကင်းခြင်း၊
  4. အမျိုးလေးပါးတို့၏ ချစ်မြတ်နိုးခံရခြင်း။[၃]

ဗုဒ္ဓဝင် လာ[ပြင်ဆင်ရန်]

(၁)ဂေါတမ မြတ်စွာဘုရား အလောင်းတော်သည် ကောဏ္ဍညမြတ်စွာဘုရားထံတော်၌ ဝိဇိတာ စကြာမင်းဖြစ်၍ ရဟန်းအဖြစ် နှင့်

သုဇာတမြတ်စွာဘုရားထံတော်၌ စကြာမင်းဖြစ်၍ ရဟန်းအဖြစ် ဗျာဒိတ်ခံယူတော်မူခဲ့သည်။

(၂)သိဒ္ဓတ္ထ မင်းသားကလေး၏ အင်္ဂါလက္ခဏာတို့ကို ပုဏ္ဏားတော်များကို ကြည့်ရှုစစ်ဆေးစေရာ ပုဏ္ဏား ရ-ယောက်က စကြဝတေးမင်း သော်လည်း ဘုရားသော်လည်း ဖြစ်လိမ့်မည် ဟု ဟောကြ၏။ အငယ်ဆုံးဖြစ်သော ကောဏ္ဍညအနွယ် ဖြစ်သည့် သုဒတ္ထ ပုဏ္ဏားကလေးကမူ လက်ညှိုးတစ်ချောင်းထောင်၍ မုချဘုရား ဖြစ်မည်ဟု တစ်ခွန်းတည်း အတပ် ဟောလိုက်သည်။


သတ်ပုံ[ပြင်ဆင်ရန်]

`စကြာ´ သည် အမှားများသော သတ်ပုံသတ်ညွှန်း တစ်ခုဖြစ်သည်။ မြန်မာစာလုံးပေါင်း သတ်ပုံကျမ်း [၄]တွင် `စကြဝတေးမင်း´ ၊ `စကြာ´ ဟု ဖေါ် ပြသည်။ `စက်ကြာ´ ဟုဖတ်သည်။ [၅] ရန်ကုန်၊ ဗဟန်းမြို့နယ်၊ ခြောက်ထပ်ကြီး ရွှေသာလျောင်းဘုရား၏ ခြေတော် စက်လက္ခဏာတွင် စကြဝတေးမင်းပုံပါရှိသည်။ စက္ကဝတ္တိ = စကြာမင်း = THE CAKKAVATTI (THE UNIVERSAL MONARCH) ဟု ညွှန်းထားသည်။ ရဝေနွယ် စာအုပ်တွင်လည်း စကြဝတေးမင်း ၊ စကြာရတနာ ဟု ပုံနှိပ်ထားသည်။


စကြဝတေးမင်း[ပြင်ဆင်ရန်]

စကြဝတေးမင်းမှာ ကျွန်းကြီးလေးကျွန်းနှင့် ကျွန်းငယ် အရံ ၂ဝဝ ကို အစိုးရသောမင်းဟု ကျမ်းဂန်များတွင် ဆိုသည်။ ဇမ္ဗူဒိပ်မင်းအပေါင်းက ဝပ်တွားခညောင်းရသော မင်းဖြစ်သည်။ အလိုခပ်သိမ်းကို ပြည့်စေတတ်သော စကြာရတနာ ရရှိ သဖြင့် စကြဝတေးမင်းဟု ခေါ်သည်။ ယင်းမှ အစွဲပြု၍ အစွမ်း ထက်မြက်သော လှံ၊ ရထား၊ ခြေနင်း စသည်တို့ကို လှံစကြာ၊ ရထားစကြာ၊ ခြေနင်းစကြာ၊ စသည်ဖြင့် အသီးသီး ခေါ်သည်။ စကြာမင်းကို မန္ဓာတုစကြာမင်း၊မန္ဓာတ်မင်းဟုလည်း ခေါ်သည်။ စကြာမင်းတို့သည် ဇန္ဓူဒိပ်ကျွန်း၌သာ ဖြစ်ပေါ်လေ့ရှိသည်။ ဂေါတမမြတ်စွာဘုရားအလောင်းသည် မဟာသမ္မတမင်းမှ စ၍ နှစ်ကျိပ်ရှစ်ပါးသောမင်းတို့တွင် ခုနစ်ဆက်မြောက် မန္ဓာတင်း ဖြစ်ဘူး၍ ကျွန်းငယ်အရံ ၂ဝဝဝ နှင့်တကွ ကျွန်းကြီးလေးကျွန်း ၌ စကြဝတေးမင်းစည်းစိမ်ကို ခံစားတော်မူသည်။

စကြာမင်းတို့သည် ဘုန်းကံကြီးမားသည့် အလျောက် ကျောက်မျက်ရတနာ၊ ဆင်ဖြူတော်ရတနာ၊ စကြာရတနာ၊ မိဖုရားရတနာ၊ သဌေးရတနာ၊ မြင်းရတနာ၊ ဆင်ရတနာ ဟူသော ရတနာ ၇ပါး ပြည့်စုံမြဲဖြစ်သည်။ သို့ရာတွင် စကြဝတေးမင်းပင် ဖြစ်လျက် ပေးကမ်းမှုအလှူဒါနမရှိ၍၊ စကြရတနာ မရောက်သည်ကို သုတ်မဟာဝါပါဠိတော် စက္ကဝတ္တိ သုတ်၌ ဟောကြားသည်ကို ထောက်၍ စကြာရတနာ မရောက် သော စကြာမင်းလည်းရှိသေးသည်ဟု သိမှတ်ရာသည်။ စကြာမင်းတို့သည် အံ့ဖွယ်လေးပါးရှိမြဲဖြစ်သည်။ ယင်းတို့ မှာ ဘုန်းပါရမီအလျောက်၊ အလွန်အဆင်းလှ၍ အသံသာယာ ခြင်း၊ သတ္တဝါတို့၏ ကောင်းကျိုးကို ဆောင်ရွက်တတ်ခြင်း၊ ကောင်းကင်ခရီးဖြင့် သွားတတ်ခြင်း၊ တရားနှင့်အညီ စိုးစံခြင်း ဟူလေသည်။ ယင်းဂုဏ်များကြောင့် အခြားသောမင်းတို့သည် ၎င်း၊ ပုဏ္ဏားပရိသတ်တို့သည်၎င်း၊ သူကြွယ်ပရိသတ်တို့သည် ၎င်း၊ ရသေ့ရဟန်း ပရိသတ်တို့သည်၎င်း အဆင်းကို ရှု၍မဝ၊ အသံကို ကြား၍မဝ၊ တရားစကားနှီးနှော၍ မဝအောင် ဖြစ်ရသည်။

စကြာရတနာတန်ခိုးကြောင့် အခြားသောမင်းများ မတုပြိုင် နိုင်သော တစ်ဦးတည်းအရှင်သခင်ဖြစ်သည်။ ဂေါတမ မြတ်စွာ ဘုရားအလောင်း သိဒ္ဓတ္ထမင်းသာ ဖွားသည်တွင် လက္ခဏာ ဖတ် ပုဏ္ဏားတို့က မင်းသားငယ်သည် ဘုရားသော်၎င်း၊ စကြဝတေးမင်းသော်၎င်း ဖြစ်ရမည်ဟု ဗေဒင်ဟောကြားသည်ကို ထောက်၍ ဘုန်းကံအလွန်ကြီးမားလွန်းမှ စကြဝတေးမင်း ဖြစ်နိုင်ကြောင်းကို သိရသည်။ ရှေးစာပေဟောင်းတို့တွင် အိုင်ဆဒ္ဒန်မှ၊ နတ်ဖန်ဆောင်သ၊ နေလတဆူ၊ ကြွေကျတူသို့၊ လေးဆူကျွန်းကြီး၊ ရံသီးပတ်ဝန်း၊ ကျွန်းငယ်နှစ်ထောင်၊ ကုန် အောင်ရစ်ခွေ၊ မြင်းမိုရ်ခြေတွင်၊ ရေပင်လယ်ဝိုက်၊ စက်နယ် တိုက်ကို၊ စိတ်လိုက်လိုပါ၊ လှည့်နိုင်စွာသော၊ စကြာမန္ဓာတ်၊ ဥက္ကဋ္ဌ်ရွှေဘုန်း၊ လူမင်းဆုံးတို့၊ (မန်လည်ဆရာတော်) မဟာနာဂိန်၊ ဂဇာသိရ်နှင့်၊ အရိန္ဒမာ၊ စကြာရွှေလှံ၊ မြင်းပျံ အဿ၊ ဇာနေယျတို့၏သခင်၊ ဘုရင်မင်းမြတ်၊သမုနတ် ဖြစ်တော်မူသဖြင့်၊ရာဆူမကိုဋ်၊ သောင်းတိုက်ခွဲပါ၊ မဏ္ဍလာ ဝယ်နှံ ပဏ္ဏာ ဆက်သွင်းလျက်၊ အမင်းမင်းတို့၏ဦးညွတ်ရာ၊ စကြာ မန္ဓာတ်၊ (ဆတိုင်မွှတ်ဦးကူး)စသည်ဖြင့် ဖွဲ့ဆိုရေးသားကြသည်။[၆]


ကျမ်းကိုး[ပြင်ဆင်ရန်]

  1. သမန္တစက္ခိ ဒီပနီ ကျမ်း
  2. ရဝေနွယ်(အင်းမ)`ဘဝတိုင်း ဆုံတွေ့ချင်ပါသလား´
  3. သုတ်မဟာဝါ။ ပါ။ ၁၄၅။ ဋ္ဌ။ ၂၂ဝ။
  4. မြန်မာစာလုံးပေါင်း သတ်ပုံကျမ်း
  5. မြန်မာစာ မြန်မာစကား (မြန်မာစာ အဖွဲ)
  6. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)