ရသေ့

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

ရသေ့ဟူသော အမည်သည် ဣသိမှ ဖြစ်လာသော မြန်မာ အမည်ဖြစ်၏။ သို့သော်လည်း တာပသ-ဇဋိလ စသော ပိုဒ်များ ကိုလည်း ရသေ့ဟူ၍ပင် မြန်မာပြန်ဆိုကြသည်။ ထိုရသေ့ကား ပဗ္ဗဇ္ဇ လေးမျိုးတွင် တစ်မျိုးအပါအဝင် ဖြစ်၏။

ထိုသို့ဖြစ်သော်လည်း ဗုဒ္ဓသာသနာတွင်း၌ နေရောင် ထွန်းခိုက် ပိုးစုန်းကြူးအရောင် မထွန်းနိုင်သကဲ့သို့ ဂုဏ်သိမ်နိမ့် ကျလျက် တန်ခိုးအာနုဘော် နည်းပါးလှ၏။ သာသနာပ၌ကား ပဗ္ဗဇ္ဇမျိုးဝင် မြင့်မြတ်သောသူတော်စင်ဖြစ်လျက် ဂုဏ်သိမ် မြင့် မား လူအများတို့ အားထားကိုးကွယ်ရာဖြစ်၏။ လူအများတို့ လိမ္မာရေးခြားရှိအောင် အသိဉာာဏ်ကို ပေးတတ်၏။ လူအများ တို့ ကုသိုလ်မျိုးစေ့ စိုက်ပျိုးကြဲချရာ လယ်ယာမြေကောင်း သဖွယ် ဖြစ်၏။ အစကို မမြင်နိုင်အောင် အလွန်ရှည်ဝေးသော ကမ္ဘာအဆက်ဆက်က ဖြစ်ပေါ်လာခဲ့၏။ ယင်းရသေ့ကား- (၁) သပုတ္တ ဘရိယ ရသေ့-အိမ်နေ လူဝတ်ကြောင် အလား ပစ္စည်းဥစ္စာ ရှာဖွေစုဆောင်းလျက် သားမယား မွေးမြူ သောရသေ့။ (၂) ဥÅာစရိယရသေ့-ကောက်နယ်တလင်းသို့ သွားကာ အလှူခံ၍ရသော စပါး၊ ပဲ စသည်တို့ကို ထောင်းထု ချက်ပြုတ် စားသောရသေ့။ (၃) အနဂ္ဂိ ပက္ကိကရသေ့-ဆန်၊ ပဲ စသည်တို့ကို အလှူခံ ၍ ချက်ပြုတ်စားသောရသေ့။ (၄) အသာမပါက ရသေ့ရွာ၊ နိဂုံး၊ မြို့သို့လှည့်လည်ကာ ချက်ပြုတ်ပြီး ဆွမ်းကို ခံ၍စားသော ရသေ့။ (၅) အသ္မမုဋ္ဌိကရသေ့-ကျောက်ခဲ စသည်ဖြင့် သစ်ခေါက် တို့ကို ထုခွာ၍ စားသောရသေ့။ (၆) ဒန္တဝက္ကလိက ရသေ့-သွားတို့ဖြင့် သစ်ခေါက်တို့ကို ကိုက်ခွာ၍ စားသောရသေ့။ (၇) ပဝတ္တဖလ ဘောဇနရသေ့-ခဲ၊ တုတ်၊ လှန်ကန် စသည်တို့ဖြင့် သစ်သီးတို့ကို ပစ်ခတ် ဆွတ်ခူး၍ စားသော ရသေ့။ (၈) ပဏ္ဍုပလာသိကရသေ့-အလိုလို ကြွေကျသော သစ်သီး သစ်ပွင့် သစ်ရွက်ရော်တို့ကို ကောက်၍ စားသော ရသေ့ဟူ၍ ရှစ်မျိုးရှိသည်။

ထို့ပြင် အဋ္ဌကရသေ့၊ ဝါမကရသေ့၊ ဝါဒမဒေဝရသေ့၊ အင်္ဂီရသ ရသေ့၊ ဘဂုရရသေ့၊ ယမဒဂ္ဂိ ရသေ့၊ ဝါသေဋ္ဌရသေ့၊ ဘာရဒွါဇရသေ့၊ ကဿပရသေ့၊ ဝေဿာမိတ္တရသေ့ စသော ရသေ့တို့သည် ဗေဒင်ကျမ်းတို့ကို ရေးသားပြုစုခဲ့ကြ၏။ တပည့် တို့ကိုလည်း သင်ကြားပို့ချခဲ့ကြ၏။ ဆရာအဆက်ဆက် တပည့် အဆက်ဆက်မှ ဆင်းသက်လာသော ဗေဒင်ကျမ်းတို့ကား ယနေ့ တိုင်အောင် ထင်ရှားရှိကုန်၏။ ကမ္ဘာသူ ကမ္ဘာသား လူအများ တို့အား အသိအလိမ်မာ ဉာာဏ်ပညာကို ပေးကုန်၏။ အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန် ကောင်းဆိုးနှစ်တန်ကို ဝေဖန်၍ ပြကုန်၏။ ထို့ပြင် အမတသာရရ ရသေ့၊ ဓာနွန္ဓရီ ရသေ့၊ စရက ရသေ့၊ သာရင်္ဂဓရရသေ့၊ မာဓဝရသေ့၊ ဘာဝမိဿရ ရသေ့၊ စက္ကပါဏိရသေ့ စသော ရသေ့တို့သည် ဆေးကျမ်းများကို ရေးသားပြုစုခဲ့ကြ၏။ တပည့်တို့အား သင်ကြားချပို့ခဲ့ကြ၏။ ထိုဆေးကျမ်းတို့ကား ကမ္ဘာသူ ကမ္ဘာသားတို့အတွက် အသက် ကို ပေးသောကျမ်းများဖြစ်၍ အလွန်ကျေးဇူးများကုန်၏။ ကျန်းမာရေးအတွက် အားထားမှီခိုရာတို့ ဖြစ်ကုန်၏။ ယနေ့ တိုင်အောင် ကုသလျက်ရှိသော ဆေးပညာအရပ်ရပ်တို့ကား ယင်းဆေးကျမ်းများမှ ဆင်းသက်ပေါက်ဖွားလာသော ပညာများ ဖြစ်ကြ၏။

ထို့ပြင် သုမေဓာ ရသေ့၊ အကိတ္တိ ရသေ့၊ သရဘင်္ဂရသေ့၊ သာရဒ ရသေ့ စသော ပိဋကတ်တော် ဇာတ်တော် နိပါတ်တော် လာ ဘုရားအလောင်း၊ပစ္စေကဗုဒ္ဓါအလောင်း၊ သာဝကအလောင်း ရသေ့တို့ကား များပြားလှကုန်၏။ ဘုရားဖြစ်ရန်၊ ပစ္စေကဗုဒ္ဓါ ဖြစ်ရန်၊ သာဝကဖြစ်ရန် သားမယားအိုးအိမ် စည်းစိမ်ဥစ္စာ ပြည်ရွာတိုင်းကားကို စွန့်လွှတ်ကြ၍ တောထွက်ကာ ရသေ့ပြု လျက် ပါရမီကုသိုလ်ကို ဖြည့်ကျင့်ဆည်းပူးကြ၏။ ထိုရသေ့ များကို အစွဲပြု၍ တောထွက်ကာ ရသေ့ပြုကြသော တိုင်းသူ ပြည်သားတို့လည်း မရေမတွက်နိုင်အောင် များလှကုန်၏။ ထိုရသေ့တို့တွင် အချို့ရသေ့တို့သည် ကံ၊ ကံ၏အကျိုးကို ယုံကြည်သော ကမ္မဝါဒီများ ဖြစ်ကြ၏။ အချို့ ရသေ့တို့လည်း မိမိကြိုက်နှစ်သက်ရာ အယူကို ယူဆကြ၏။ အချို့ရသေ့တို့ သည် လောကီအကျိုးကို ပြုကြ၏။အချို့ရသေ့တို့သည် လောကီ လောကုတ္တရာ နှစ်ဖြာသောအကျိုးကို ပြုကြ၏။ အချို့ ရသေ့တို့ သည် ဈာန်အဘိညာဏ်ကို မရကြကုန်။ အချို့ရသေ့တို့သည် ဈာန်အဘိညာဏ်ကို ရ၍ တန်ခိုးအာနုဘော် ကြီးမားကုန်၏။ ဖြစ်ပြီးအတိတ်က ကမ္ဘာလေးဆယ်၊ ဖြစ်လတ္တံ့အနာဂတ်က ကမ္ဘာလေးဆယ်အားဖြင့် ကမ္ဘာရှစ်ဆယ်အတွင်း အဖြစ်အပျက် ကို မြင်နိုင်ကြ၏။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)