သစ္စကပရိဗိုဇ်

ဝီကီပီးဒီးယား မှ

(နိဂဏ္ဌ၏သား) သစ္စက မည်သော-တက္ကတွန်း-ပရိဗိုဇ်[၁][၂]

မိဘမျိုးရိုး[ပြင်ဆင်ရန်]

သစ္စကပရိဗိုဇ်သည် ဝေသာလီပြည်၌ အယူဝါဒ(၅၀၀) တတ်ကျွမ်းလိမ္မာသော ပရိဗိုဇ် နှင့် အယူဝါဒ (၅၀၀) တတ်ကျွမ်း လိမ္မာသော ပရိဗိုဇ်မတို့မှ မွေးဖွားသော သားရတနာဖြစ်သည်။ ဉာဏ်ပညာ ထက်မြက်လွန်ကဲ၍ မိဘ ၂-ဦးထံမှ အယူဝါဒ (၁၀၀၀) နှင့် ထို့ထက်များ ပြားသော သာသနာပြင်ပ အယူဝါဒများကိုပါ သင်ယူပြီး လိစ္ဆဝီမင်းသားငယ်များကို အတတ် ပညာများ သင်ကြားပေးကာ ဝေသာလီပြည်မှာပင် နေထိုင်လေသည်။ ပညာဖြင့် (မဆန့် နိုင်လောက်အောင်) အလွန်ပြည့်နေသောကြောင့် မိမိဝမ်းဗိုက် မပေါက်ကွဲစေရန် သံပြားဖြင့် (ခါးပတ်များ ပတ်သလို) ဝမ်းဗိုက်ကို ရစ်ပတ်ထားလေသည်။ [၂]

ဘုရားနှင့် ဝါဒပြိုင်[ပြင်ဆင်ရန်]

သစ္စကသည် “ဝါဒချင်းသာ ယှဉ်ပြိုင်ပြောဆိုရလျှင် သက်မဲ့တုံး, တိုင်ကိုသော်မှ တုန်လှုပ်စေရမည်” ဟု ကြုံးဝါးကာ လိစ္ဆဝီပရိသတ် များစွာနှင့်အတူ ဘုရားရှင်ထံ သွားရောက်ဝါဒ ပြိုင်ရာ ရှုံးနိမ့်ခဲ့သည်။ ထို့နောက် မိမိစော်ကား မိသမျှ ခွင့်လွှတ်ပါရန် ဘုရားရှင်အား လျှောက်ထား၍ ဘုရားရှင်နှင့်တကွ ရဟန်းသံဃာတော် များအား ဆွမ်းကပ်လှူခဲ့သည်။ [၃] [၂]

သစ္စကပရိဗိုဇ်အား ဟောသောတရား[ပြင်ဆင်ရန်]

သစ္စကပရိဗိုဇ်နှင့် ဘုရားရှင်တို့၏ ဝါဒ စစ်ထိုးပွဲအကျယ်နှင့် ဘုရားရှင်၏ အကျယ် ဟောပြချက်များကို စူဠသစ္စကသုတ် [၄] မဟာသစ္စကသုတ် [၅] တို့ကြည့်။ [၂]

သစ္စကသည် သာဝကဝေနေယျ, ဗုဒ္ဓဝေနေယျတို့တွင် ဗုဒ္ဓဝေနေယျဖြစ်သည်။ [၆] [၂]

ဘုရားရှင်သည် သစ္စကပရိဗိုဇ်အား (၁) ဘာဏဝါရပမာဏရှိသည့် စူဠသစ္စကသုတ် [၇] နှင့် (၁) ဘာဏဝါရခွဲ ပမာဏရှိသည့် မဟာသစ္စကသုတ် [၈] တရားတော်များကို ဟောကြားတော်မူသော်လည်း သစ္စကသည် မဂ်, ဖိုလ် လည်းမရ ရဟန်းလည်းမပြု၊ သရဏဂုမ်သော်မှ မဆောက်တည်နိုင်ပေ၊ ထိုသို့ဖြစ်ပါလျက် ဘုရားရှင်သည် သစ္စကအား အဘယ့်ကြောင့် ကြိုးစားပမ်းစား ဤမျှများပြားသော တရားတော်များကို ဟောကြားတော် မူပါသနည်း ? ဟု မေးဖွယ်ရှိ၏၊ အဖြေကား နောင် အနာဂတ်ကာလ၌ တရားအထုံဝါသနာ ရစိမ့်သောငှာ ဟောတော်မူလေသည်။

ကာဠဗုဒ္ဓရက္ခိတမထေရ်[ပြင်ဆင်ရန်]

ချဲ့ဦးအံ့-ဘုရားရှင်သည် “ဤသစ္စက ပရိဗိုဇ်ကား ယခု ငါဘုရားလက်ထက်၌ မဂ်, ဖိုလ်ရနိုင်လောက်သော ဥပနိဿယ အကြောင်းမရှိ၊ ငါဘုရား ပရိနိဗ္ဗာန် စံလွန်ပြီးနောက် နှစ်ပေါင်း (၂၀၀) ကျော်လွန်လျှင် သီဟိုဠ်ကျွန်း (သီရိလင်္ကာနိုင်ငံ)၌ သာသနာ တည်ထွန်းလိမ့်မည်။ ထိုအခါ သစ္စကပရိဗိုဇ်သည် သီဟိုဠ်ကျွန်းဝယ် အမတ်မျိုး၌ဖြစ်၍ အရွယ်ရောက်သောအခါ ရဟန်းပြုပြီးလျှင် ပိဋကတ်သုံးပုံကို သင်ကြားတတ်မြောက်ပြီး ဝိပဿနာတရားပွားများကာ ပဋိသမ္ဘိဒါဉာဏ် ၄-ပါးနှင့်တကွ အရဟတ္တဖိုလ်သို့ ရောက်ပြီးလျှင် ကာဠဗုဒ္ဓရက္ခိတမည်သော ရဟန္တာ မထေရ်ကြီး ဖြစ်လိမ့်မည်” ဟု အနာဂတံသ ဉာဏ်တော်ဖြင့် သိမြင်တော်မူသောကြောင့် နောင်အခါ တရားအထုံဝါသနာရစိမ့်သောငှာ ဆိုခဲ့ပြီး ၂-သုတ်တို့ကို ဟောကြားတော် မူခဲ့သည်။

ဘုရားရှင် ဗျာဒိတ်ဘော်အတိုင်း သစ္စက ပရိဗိုဇ်သည် သီဟိုဠ်ကျွန်း၌ သာသနာစည်ပင်ထွန်းကားသောအခါ နတ်ပြည်မှ စုတေ၍ ဒက္ခိဏဝိရိကျောင်းတိုက်အနီး ဆွမ်းခံရွာဝယ် အမတ်မျိုး၌ဖြစ်ပြီး အရွယ်ရောက်သောအခါ ရှင်ရဟန်းပြု၍ ပိဋကတ်သုံးပုံကို သင်ယူပြီးနောက် မကြာမီမှာပင် ပဋိသမ္ဘိဒါပတ္တ ရဟန္တာ ဖြစ်ပြီး ရဟန်းများစွာ ခြံရံလျက် စေတိယတောင်ကျောင်း၌ သီတင်းသုံး နေထိုင်လေသည်။

ဘုရားဂုဏ်တော်များ အနန္တ[ပြင်ဆင်ရန်]

ထိုအရှင်သည် တိဿမဟာရာဇာအား [၉] လာ ကာဠကာရာမသုတ်ကို ဟောကြားခဲ့သည်၊ ထိုသုတ်၌ ဘုရားဂုဏ်တော်များကို များစွာပြဆိုထားသည်ဖြစ်ရာ တိဿမဟာရာဇာက “အရှင်ဘုရား ဘုရား ဂုဏ်တော်များသည် ဤမျှလောက်ပဲလား ? ထို့ပြင် အခြားဂုဏ်တော်များ ရှိပါသေးသလား ဘုရား ? ဟု လျှောက်ထားမေးမြန်းရာ မိမိ ဟောကြားသော ဂုဏ်တော်များထက် မဟောကြားအပ်သေးသော ဂုဏ်တော်များက အနန္တ, အပရိမာဏ, အသင်္ချေယျ ဖြစ်ကြောင်း အကျယ်တဝင့် ရှင်းလင်း ဟောကြားတော်မူသည်။

ထို့နောက် တိဿမဟာရာဇာက ကြည်ညို လှသဖြင့် မင်းစည်းစိမ်ကို လှူဒါန်းရာ လက်မခံ ဘဲ “တရားနှင့်အညီ တိုင်းပြည်ကို အုပ်ချုပ်ပါ” ဟု မိန့်ဆိုကာ ယင်း မင်းစည်းစိမ်ကို မင်းအားပင် ပြန်လည်အပ်နှင်းခဲ့လေသည်။ ([၁၀]

ကိုးကား[ပြင်ဆင်ရန်]

  1. တေန ခေါ ပန သမယေန သစ္စကော နိဂဏ္ဌပုတ္တော ဝေသာလိယံ ပဋိဝသတိ။ မ၊၁၊၂၈၉။ အယံ သစ္စကော တာသံ စတုန္နမ္ပိ ကနိဋ္ဌဘာတိကော။ မ၊ဋ္ဌ၊၂၊၁၇၂။
  2. ၂.၀ ၂.၁ ၂.၂ ၂.၃ ၂.၄ တိပိဋကအဘိဓာန် အတွဲ-၂၁
  3. (မ၊၁၊၂၈၀-၂၉၉)
  4. (မ၊၁၊၂၈၉-၂၉၉)
  5. (မ၊၁၊၂၉၉-၃၁၇)
  6. မ၊ဋ္ဌ၊၂၊၁၇၇။
  7. (မ၊၁၊၂၈၉၊ ၂၉၉)
  8. (မ၊၁၊၂၉၉-၃၁၇)
  9. (အံ၊၁၊၃၃၃-၄)
  10. မ၊ဋ္ဌ၊၂၊၁၇၀-၈၄။ ဇာ၊ဋ္ဌ၊၃၊၁-၂)။