စူဠသစ္စကသုတ်

ဝီကီပီးဒီးယား မှ

ဘုရားရှင် ဝဇ္ဇီနိုင်ငံ ဝေသာလီမြို့တော်အနီး မဟာဝုန်တော ကူဋာဂါရ သာလာကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် နိဂဏ္ဌပုတ္တ သစ္စကပရိဗိုဇ်အား အောင်မြင်တော်မူစဉ် ဟောတော်မူသည့်သုတ်။

သစ္စကနိဂဏ္ဌပုတ္တ၏ ဂုဏ်ပုဒ်များ ပရိတ်သတ် အစည်းအဝေးပွဲများ၌ သစ္စက၏ကြုံးဝါးချက်များ၊ သစ္စကပရိဗိုဇ် ဝေသာလီမြို့တော်အတွင်း၌ လမ်းလျှောက်သွားစဉ် အရှင်အဿဇိမထေရ်နှင့် တွေ့ဆုံပုံ၊ အရှင်အဿဇိမထေရ်အား ဘုရားရှင်၏ တပည့်သာဝကတို့အား အနုသာသနီကထာ မိန့်ကြားချက် အကျဉ်း ချုပ်ကို မေးမြန်းခန်း၊ မြတ်စွာဘုရားရှင်အား မိစ္ဆာအယူမှ ကင်းဆိတ်အောင်ပြုလိုပုံ လိစ္ဆဝီမင်းငါးရာတို့ သန္ထာဂါရ၌ စည်းဝေးနေကြပုံ၊ လိစ္ဆဝီမင်းတို့အား ဘုရားရှင်နှင့် ဝါဒယှဉ်ပြိုင်ပြောဆိုရာ၌ ကြုံးဝါးပုံ ဥပမာလေးမျိုး၊ လိစ္ဆဝီမင်း ပရိသတ်ဖြင့် ခြံရံလျက် ဘုရားရှင်ထံ ရောက်လာကြပုံ၊ ဘုရားရှင် နှုတ်ဆက်စကား ပြောဆိုပုံ၊ ဘုရားရှင်ထံ ရောက်ရှိလာကြသော ပရိသတ်လေးမျိုးတို့ ဘုရားရှင်ထံချဉ်းကပ်ပုံ လေးမျိုး၊ ဘုရားရှင်ထံ သစ္စကပရိဗိုဇ် ဝါဒတင်ရန်အတွက် အယူဝါဒကို ရှေးဦးစွာ မေးမြန်းပုံ မိမိ၏အတ္တဝါ ကို တင်ပြပုံ ဘုရားရှင်က ကောသလမင်း, အဇာတသတ် မင်းတို့ ဥပမာဖြင့် သစ္စက၏ဝါဒကို ချုပ်ကိုင်တော်မူပြီး “ရူပံ မေ အတ္တာ”ကို အတ္တဖြစ်လျှင် ငါ၏ရုပ်သည် ဤစိတ်ကူးသည့် အတိုင်းဖြစ်စေ၊ မဖြစ်ပါစေလင့် တောင်းတတိုင်း ရ၊ မရ မေးမြန်းတော်မူသည့်အခါ မင်းပရိသတ်အလယ်၌ ကြုံးဝါး ခဲ့သော သစ္စကပရိဗိုဇ် မဖြေကြားပဲ ဆိတ်ဆိတ်နေပုံ၊ နှစ်ကြိမ်တိုင်တိုင် ဘုရားရှင် မေးမြန်းတော်မူသော်လည်း သစ္စကမဖြေနိုင်တော့ပုံ၊ ဘုရားရှင်က မိမိစကားကို မဖြေကြားလျှင် အန္တရာယ်ရှိနိုင်ကြောင်းကို မိန့်တော်မူသည့်အခါ သိကြားမင်း လာရောက်ခြိမ်းခြောက်၍ ပြဿနာဖြေခိုင်းပုံ ဘီလူးကို ဘုရားရှင်နှင့် သစ္စကတို့သာ တွေ့မြင်ကြပုံ၊ ပြဿနာ မေးပါတော့ ဖြေဆိုပါတော့မည် ဟုဝန်ချတောင်းပန်ပုံ၊ ဘုရားရှင်က အနတ္တလက္ခဏသုတ် ဒေသနာတော်အတိုင်း သစ္စက၏ခန္ဓာငါးပါး၌ အတ္တဟုယူပုံကို မေးပါသည်၊ သစ္စကက အတ္တမဟုတ်ပုံကို ဖြေဆိုပါသည်။ ဘုရားရှင်က “နှလုံးသွင်း၍ ဖြေပါ။ ရှေ့စကားနှင့် နောက်စကား မဆက်စပ်တော့ပုံကို သတိပေးပြီး ခန္ဓာတစ်ပါးစီ၌ အတ္တဝါဒကိုမေးပါသည်။ သစ္စကက ခန္ဓာငါးပါး၏ အနိစ္စ, ဒုက္ခ, အနတ္တ ဖြစ်ပုံတို့ကိုဖြေကြားပုံ၊ ပဉ္စက္ခန္ဓဒုက္ခကို တဏှာဒိဋ္ဌိတို့ဖြင့် ငြိတွယ် ကပ်ရောက်ပုံ တဏှာ, မာန, ဒိဋ္ဌိတို့ဖြင့် ရှုမြင်ပုံကိုမေးမြန်း တော်မူသည့်အခါ မဖြစ်နိုင်ပုံကို ဖြေကြားပုံ၊ အနှစ်မရှိသော ငှက်ပျောတုံးဥပမာဖြင့် သင့်ဝါဒကို မေးမြန်းစိစစ်သည်ရှိသော် ရိတ္တ, တုစ္ဆ အပရဒ္ဓ ဖြစ်နေပုံ၊ ဝေသာလီ ပရိသတ်၌ သစ္စကကြုံးဝါးချက်ကို ထုတ်ဖော်မိန့်ကြားပုံသင်သာ ချွေးထွက်နေ၍ ချွေးပေါက်များ ကျနေသော်လည်း ငါဘုရား၌ ချွေးမထွက်ပုံကို ရွှေကိုယ်တော်ကို လှစ်၍ပြသပုံ၊ နိဂဏ္ဌပုတ္တသစ္စကပရိဗိုဇ် စကားတုံ့မဖြေ မျက်နှာပျက် လည်ဂုတ် ကျိုးကျ မျက်နှာလျက် ပြောစရာ စကားမရှိတော့ပဲ ကြံမှိုင်နေပုံကို ကြည့်၍ ဒုမ္မခလိစ္ဆဝီက ရေကန်ထဲ၌ရှိသော ပုဇွန်လုံးဥပမာဖြင့် သစ္စကပရိဗိုဇ်ကို ရှုံ့ချပုံ၊ သစ္စကက တားမြစ်ပုံ၊ အကျွန်ုပ်နှင့် အညသမဏဗြဟ္မဏတို့ ပြောဆိုသောစကားသည် ဝိလာပ, ဝိလပိတ ဖြစ်၍ထားလိုက်ပါဟု လျှောက်ထားပြီး ဘုရားရှင်အား သေက္ခဘူမိ, အသေက္ခဘူမိ ပြဿနာနှစ်ရပ်ကို မေးလျှောက်ပါသည်။ ဘုရားရှင်က အနတ္တလက္ခဏသုတ် ဒေသနာတော်နည်းအတိုင်း သေက္ခဘူမိ, အသေက္ခ ဘူမိကို ဖြေကြားတော်မူပါသည်။ ဝိမုတ္တစိတ္တပုဂ္ဂိုလ်အား အနုတ္တရိယတရား သုံးပါးပြည့်စုံပုံ၊ ဝိမုတ္တစိတ္တပုဂ္ဂိုလ်၏ ပါဠိ(၅)ပုဒ်ဖြင့် ဘုရားရှင်အား ရိုသေမြတ်နိုး ရှိခိုးပူဇော်ပုံ မိန့်ကြားတော်မူပါသည်။ ထိုအခါ သစ္စကက အကျွန်ုပ်တို့သည် ဓံသီ, ပဂဗ္ဗ ဖြစ်ကြပါသည်။ အရှင်ဂေါတမကို မိမိ၏ ဝါဒဖြင့် အရှင်ဂေါတမ၏ဝါဒကို ထိပါးချုပ်ချယ်ထိုက်၏ဟု မှတ်ထင်ခဲ့ပုံ၊ အမုန်ယစ်နေသော ဆင်ဥပမာ၊ အလျှံ တပြောင်ပြောင် တောက်လောင်နေသော မီးပုံကြီး ဥပမာ၊ အဆိပ်ပြင်းထန် သော မြွေဥပမာတို့ဖြင့် မိမိကိုယ်ကို ချီးမြောက်၍ လျှောက်ထားပုံ၊ ဘုရားရှင်အား ဆွမ်းပင့်ဖိတ်ပုံ၊ လိစ္ဆဝီမင်းတို့ ဆွမ်းအုပ် (၅၀၀)၊ သစ္စကအိမ်သို့ ပို့ကြပုံ၊ ဆွမ်းအလှူ ပွဲအပြီး သစ္စက၏ အနုမောဒနာကထာအတွက် လျှောက်ထားချက်၊ ဘုရားရှင်၏ အနုမောဒနာကထာတို့ကို ပြဆိုသည့်သုတ်။

အဋ္ဌကထာ၌ (၁) ကပိလဝတ္ထုမြို့တော်အနီးရှိ မဟာဝုန်တော၊ (၂) ဝေသာလီမြို့တော်အနီးရှိ မဟာဝုန်တောတို့၏ ခြားနားချက်၊ ကူဋာဂါရသာလာ ကျောင်းတော်ကြီး တည်ဆောက်ထားသည့် အခြေအနေ။ သစ္စကပရိဗိုဇ်၏ အတ္ထုပ္ပတ္တိ၊ သစ္စက၏ မွေးချင်းအစ်မ လေးယောက်ရှိပုံ၊ အရှင်သာရိပုတ္တရာက ချွေချွတ်ပုံ ရဟန္တာထေရီများဖြစ်သွားကြပုံ၊ သစ္စကပရိဗိုဇ် ဝေသာလီမြို့တော်၌နေ၍ မင်းသားငယ်တို့အား ပညာသင်ကြားပေးနေပုံ၊ ဝမ်းဗိုက်၌ သံပြားဖြင့်ပတ်ထားပုံ၊ အရှင်အဿဇိမထေရ်က သစ္စကအား အနိစ္စ၊ အနတ္တတို့ဖြင့် ပြဿနာကို ဖြေဆိုပုံ၊ သစ္စက၏ဂုဏ်ပုဒ်များ၊ ကြုံးဝါးချက် ပုဒ်ဖွင့်ဆိုချက်များ၊ သာဏဓေါဝိကမည်သော ကစားပျော်မြူးနည်း။ နေ့ဆွမ်းဘုဉ်းပေးပြီး ရဟန်းတော်များ၏ အခြေအနေများ၊ သစ္စကအကြောင်းကို ကြိုတင် သိမြင်တော်မူပုံ၊ လိစ္ဆဝီမင်းသားငါးရာအပြင် အခြားလူများလည်း မရေမတွက်နိုင်အောင် များစွာလိုက်လာကြပုံ၊ ဘုရားရှင်ထံ ချဉ်းကပ်သော ပရိတ်သတ်အမျိုးမျိုး၏ အနေအထားများ၊ သဗ္ဗညုတပဝါရဏာအကြောင်း၊ သစ္စက၏ ဝါဒတင်ရန်မေးလျှောက်ချက်ကို ဘုရားရှင်က အရှင်အဿဇိ ဖြေဆိုချက်အတိုင်း ဖြေဆိုပုံ၊ ဝေနေယျပုဂ္ဂိုလ်(၂)မျိုးရှိပုံ၊ မင်းတို့၏ မိမိနိုင်ငံအတွင်း အာဏာပျံ့နှံ့ပုံကို ပြဆိုသောပုဒ်များအဖွင့်၊ နိဂဏ္ဌ၏ဖြေဆိုချက်ကို ဖွင့်ပြချက်၊ သစ္စကပရိဗိုဇ် စကားမပြောတော့ပဲ ငြိမ်ကြသွားပုံ၊ ဘီလူးယောင်ဆောင်သော သိကြားမင်းအကြောင်း၊ မြွေကိုက်သောသူကို ထိုမြွေကို ပြန်ကိုက်စေပြီး အဆိပ်ထုတ်ပုံဥပမာ၊ ဒုက္ခအရ ပဉ္စက္ခန္ဓဒုက္ခကိုယူပုံ၊ တိတ္ထိဆရာကြီးများနှင့် သစ္စက တို့တွေ့ကြပုံ၊ ဤအခါ၌ သစ္စကပရိဗိုဇ်တစ်ကိုယ်လုံး ချွေးရွှဲစိုအောင် ထွက်နေသော်လည်း ဘုရားရှင်၌ ချွေးမထွက်ပုံ၊ ဒုမ္မုခဆိုသော်လည်း အဘိရူပ၊ ပါသာဒိက ဖြစ်ပုံ၊ ဒုမ္မုခလိစ္ဆဝီ၏လျှောက်ထားချက်ကို သစ္စကက တားမြစ်ခြင်းအကြောင်း၊ ဝိလာပ, ဝိလပိတ, အနုတ္တရိယသုံးပုဒ်အဖွင့်များ၊ ဗုဒ္ဓဝန္ဒနာ ပါဠိအဖွင့်များ၊ သစ္စက၏ ဥပမာ(၃)မျိုးသည် မိမိကိုယ်ကို ချီးမြှောက်၍ လျှောက်ထားပုံ၊ ဆွမ်းပင့်လျှောက်သည်ကို ဘုရားရှင် လက်ခံတော်မူပုံ၊ လိစ္ဆဝီမင်းတို့၏ ဆွမ်းအုပ်ငါးရာအကြောင်း သစ္စက၏ လျှောက်ထားချက်နှင့် ဘုရားရှင်၏ အမိန့်ရှိတော်မူပုံ အချက်များကို ဖွင့်ပြထားပါသည်။

ဘုရားရှင်၏ တရားတော်သည် သစ္စကအား အနာဂတ်ဘဝ၌ အထုံဝါသနာ ဖြစ်ခြင်းအကျိုးရှိပါသည်။

ဋီကာ၌ အရှင်အဿဇိထေရ်၏ သစ္စကမေးခွန်းကို ဖြေဆိုချက်၊ သန္ထာဂါရ၊ အရှင်အဿဇိထေရ်၏အဖြေ၌ ဒုက္ခမပါပဲ အနိစ္စနှင့် အနတ္တကိုဖြေဆိုပုံ၊ ဃာတိသဒ္ဒါအကြောင်း၊ ဦးခေါင်း(၅)စိတ်ကွဲပုံ၊ သိကြားမင်း ဘီလူးဟန် ဖန်ဆင်း လာပုံ၊ အနုတ္တရိယ(၃)ပါးအဖွင့် အစရှိသောပုဒ်များကို ဖွင့်ဆိုထားပါသည်။ [၁] [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. -မ၊၁၊၂၈၉-၂၉၉။ မ၊မြန်၊၁၊၂၉၇-၃၀၇။ မ၊ဋ္ဌ၊၂၊၁၆၉-၁၈၄။ မ၊ဋီ၊၂၊၂၀၀-၉ ။ ။ -မဇ္ဈိမနိကာယ၊ မူလပဏ္ဏာသ၊ ၄-မဟာယမကဝဂ္ဂ၊ ပဉ္စမသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ