ယုဂ
တစ်စိတ်တစ်ပိုင်း ဖော်ပြချက် |
ဗုဒ္ဓဘာသာ |
---|
ဝိမုတ္တိယုဂစသော ခေတ် ၅-မျိုးတို့ ရှိကုန်၏။[၁] [၂]
ယုဂ ၅ မျိုး (သာသနာတော်၏ ယုဂ ၅ မျိုး)
[ပြင်ဆင်ရန်]- ၁။ ဝိမုတ္တိယုဂ- ဝိမုတ္တိယုဂခေတ်, မဂ်, ဖိုလ်, နိဗ္ဗာန်ကို ရနိုင်သည့် ခေတ်ကာလ၊
- ၂။ သမာဓိယုဂ- ဈာန် သမာပတ် ရနိုင်သည့် ခေတ်ကာလ၊
- ၃။ သီလယုဂ-သီလဆောက်တည်နိုင်သည့် ခေတ်ကာလ၊
- ၄။ သုတယုဂ- ပိဋက အကြားအမြင် ရနိုင်သည့် ခေတ်ကာလ၊
- ၅။ ဒါနယုဂ- အလှူပြုနိုင်သည့် ခေတ်ကာလ။ [၃]
ထို၅-မျိုး တို့တွင် ဝိမုတ္တိယုဂခေတ် ကွယ်ပျောက်သောအခါ သမာဓိယုဂခေတ်ဖြစ်၏၊ သမာဓိယုဂ ခေတ်ကွယ်ပျောက်သောအခါ သီလယုဂခေတ် ဖြစ်၏၊ သီလယုဂခေတ် ကွယ်ပျောက်သောအခါ သုတယုဂ(ပရိယတ္တိ ဗဟုသုတ) ခေတ် ဖြစ်၏၊ သုတယုဂခေတ် ကွယ်ပျောက်၍ အသွင်မျှသာ ကျန်သောအခါ ဒါနယုဂခေတ် ဖြစ်လေတော့သည်။ [၄] [၅]
ဝိမုတ္တိယုဂ ခေတ်
[ပြင်ဆင်ရန်](၁) ဝိမုတ္တိယုဂ ဟူသည် မြတ်စွာဘုရား ပရိနိဗ္ဗာန် ဝင်စံတော် မူပြီးနောက် ရဟန္တာ ပုဂ္ဂိုလ်များ ထင်ရှားရှိနေသော ကာလကို ဆိုသည်၊ မဂ်တရား၊ ဖိုလ်တရား များကို ကျင့်ကြံ ကြိုးကုတ်၍ ရနိုင်သော ခေတ်ကောင်း ခေတ်မြတ်ကြီးပင် ဖြစ်သည်။ ပညာသိက္ခာ ထွန်းကားသော ခေတ်ဟု ဆိုလိုသည်။
သမာဓိယုဂ ခေတ်
[ပြင်ဆင်ရန်](၂) ထိုရဟန္တာခေတ် ဟုဆိုသော ဝိမုတ္တိယုဂ ခေတ်ကြီး ကုန်ဆုံးကွယ်ပ သွားသောအခါ သမာဓိယုဂ ခေတ်သို့ ရောက်၍လာ၏၊ မဂ်တရား ဖိုလ်တရားများကို အားထုတ်ကြသော ခေတ်ဖြစ်၏၊ ထိုခေတ်၌ မဂ်ဖိုလ်ကို မရနိုင်တော့ဘဲ လောကီစျာန် အဘိညာဉ် တို့ကိုသာ ရနိုင် ပေတော့သည်၊ ပညာသိက္ခာ ကွယ်ပျောက်၍ သမာဓိ သိက္ခာ ထွန်းကားသော အချိန်ဟု ဆိုလို၏ ။
သီလယုဂ ခေတ်
[ပြင်ဆင်ရန်](၃) လောကီစျာန် အဘိညာဉ် ခေတ်ဟု ဆိုအပ်သော သမာဓိယုဂခေတ် ကုန်ဆုံး ကွယ်ပ ပြီးသည့်နောက် သီလယုဂ ခေတ်သို့ ရောက်လာရ၏၊ ထိုခေတ်တွင် စျာန်သမာပတ် အားထုတ်မှု မရှိတော့ဘဲ သီလကိုသာ အားထုတ် ကြရတော့၏ ။ ရဟန်း သံဃာများ ပျောက်ကွယ် မသွားသေး၊ သီလတရား အားထုတ်မှု ပျောက်ကွယ် မသွားသေးသဖြင့် စတုပါရိ သုဒ္ဓိသီလ စသော သီလတရားများ ၊ (၁၀)ပါး (၈)ပါး (၅)ပါး သီလများ ထွန်းကား နေသေးသော ခေတ်ဖြစ်၏ ။ အထူးအားဖြင့် သိက္ခာ သုံးပါးတွင် သီလ သိက္ခာသာ ကျန်ရှိတော့၍ ရဟန်းတို့ အဖို့ သီလတရား မှတပါး စျာန်တရား မဂ်တရားတို့ကို အားထုတ် ကြိုးစားခြင်း လုံးဝ မရှိတော့သော ခေတ် ဖြစ်လေသည်။
သုတယုဂ ခေတ်
[ပြင်ဆင်ရန်](၄) ထိုသီလယုဂခေတ် ကုန်ဆုံး သွားပြီးသည့် နောက်တွင် သုတယုဂ ခေတ် ဖြစ်ပေါ်လာ၏။ ထိုခေတ်တွင် ရဟန်းတို့သည် သီလကို စင်ကြယ်အောင် ထိန်းသိမ်းခြင်းပင် မပြုတော့ဘဲ စာပေ ကျန်းဂန် သင်အံ့ ပို့ချမှုမျှသာ ရှိတော့၏။ တနည်း ဆိုရသော် သီလ စင်ကြယ်သူ ဟူ၍ပင် မရှိ၊ စာပေ ကျန်းဂန် တတ်ကျွမ်းမှု ကိုသာ အကောင်းဆုံး ထား၍ ကိုးကွယ်ရသော ခေတ် ဖြစ်လေသည်။
ဒါနယုဂ ခေတ်
[ပြင်ဆင်ရန်](၅) နောက်ဆုံးတွင် ထိုစာပေကျန်းဂန် သင်အံပို့ချမှုပင် မရှိတော့ဘဲ ( ဝါ - သုတယုဂ ခေတ်ကြီး ကုန်ဆုံး ပျက်ပြုန်း၍ သွားသော အခါတွင်) ထိုခေတ်ပေါ် ရဟန်း သံဃာတော် တို့သည် ပစ္စည်း လာဘ်သပ္ပကာ တို့ကိုသာ ရှာမှီး၍ ဒါနပြုခြင်း တတ်နိုင်သမျှ လှူဒါန်း ပေးကမ်းခြင်း မျှကိုသာ ရဟန်း တရားအနေဖြင့် အားထုတ်ကြသော ခေတ် (ဒါန ယုဂခေတ်) သို့ ရောက်ရှိ လာရလေတော့သည်။ အကျင့် တရားဟူ၍ မည်မည်ရရ မရှိ၊ ရဟန်း အသွင်မျှသာ ကျန်ရှိနေပြီး စွန့်ကြဲ ပေးကမ်းမှု ကိုသာ အမြတ်ဆုံးတရား အနေဖြင့် အားထုတ်နေရသော ခေတ်ကြီးတည်း၊ အလှူအတန်း ပေးကမ်းစွန့်ကြဲ တတ်သော ရဟန်းကိုပင် အကောင်းဆုံး အမြတ်ဆုံး ထား၍ ကိုးကွယ်ရသော ခေတ်ဟု ဆိုလိုပေသည်။
ဖော်ပြပါ ယုဂငါးမျိုးဟု ဆိုအပ်သော သာသနာ ခေတ်ငါးမျိုးကို ထေရဂါထာ အဋ္ဌကထာ ဒုတိယအုပ် ဖုဿ ထေရဂါထာ အဋ္ဌကထာ အဖွင့်၌ အဋ္ဌကထာ ဆရာ အရှင်ဓမ္မပါလမထေရ် “ နောက်အနာဂတ် ကာလ၌ ဤ တရားဆိုးများ ဖြစ်ပေါ် လာလိမ့်မည်” ဟူသော စကားတွင် ပါသော အနာဂတ် ကာလ အဓိပ္ပါယ်ကို ဖွင့်ဆို ဖော်ပြရင်း ဖွင့်ဆိုချက် မျှသာ ဖြစ်လေသည်။ ဤနေရာမှ တပါး အခြား အဋ္ဌကထာ ဋီကာတို့၌ ဤယုဂ ငါးမျိုး ဖော်ပြထားချက် တို့ကို မတွေ့ရပေ။
ဤဖုဿ ထေရဂါထာ အဋ္ဌကထာ ၌လည်း ဖော်ပြပါ ယုဂငါးမျိုးကို အမည်မျှသာ ထုတ်ပြပြီး မည်သည့် အချိန်၌ မည်သည့်ယုဂ ဖြစ်ပေါ်၍ ယုဂတစ်မျိုး တစ်မျိုး၌ မည်မျှ ကြာနေမည် စသော စကား အရိပ်အမြွတ်မျှ မပါမရှိပေ၊ ယုဂငါးမျိုး တစ်ခုပြီး တစ်ခု ဖြစ်လာနိုင်သည် ဟူ၍သာ ဖော်ပြ ထားပေသည်။ စင်စစ်မှာ သာသနာ ကွယ်ပျောက်ရာ၌ ဤယုဂငါးမျိုး အစဉ်အတိုင်း ဖြစ်ပေါ်လာပြီး နောက်ဆုံး သာသနာ ကွယ်ပျောက် သွားနိုင်ပုံကို ဖော်ပြထားခြင်း ဟုသာ နားလည် ထားသင့်ပါသည်။
သို့သော် နောက်ဆရာတို့ကား ဤယုဂ ငါးမျိုးကို နှစ်အပိုင်းများ ဖော်ပြလျက် တစ်ခုပြီး တစ်ခု ဖြစ်ပေါ်လာပြီး နောက်ဆုံးယုဂ ငါးမျိုးလုံး စုံသွားလျှင် ပထမ ဝိမုတ္တိယုဂသို့ ပြန်လှည်၍ လာရမည့် အကြောင်းဖြင့် ရေးသားဟောပြော လာလေသည်၊ မည်သည့် ကျမ်းဂန် အထောက်အထားမျှ ခိုင်ခိုင်လုံလုံ မရှိသဖြင့် အာစရိယ ပရံပရ ပရိယတ္တိ ဝိသာရဒ ပုဂ္ဂိုလ်တို့၏ ထောက်ခံမှုကို မရရှိခဲ့ပေ။
ထိုဆရာတို့ ရေးသား ဟောပြောပုံကား “ယုဂတစ်မျိုး တစ်မျိုးတွင် အနှစ် ၅၀၀ စီရှိသည်၊ ဘုရားပရိနိဗ္ဗာန် စံပြီးစအချိန်မှ စ၍ ဝိမုတ္တိယုဂ ခေတ် စတင်ခဲ့ရာ သာသနာ အနှစ် ၅၀၀ တွင် ဝိမုတ္တိယုဂ ခေတ်ကုန်ဆုံး သွားခဲ့ပြီးလျှင် သမာဓိယုဂ ခေတ် ဖြစ်ပေါ်လာခဲ့သည်။ ထို သမာဓိယုဂ ခေတ် သည် သာသာနာ အနှစ် ၁၀၀၀ ၌ ကုန်ဆုံးခဲ့ပြီးနောက် သီလယုဂခေတ်သို့ ရောက်ခဲ့ပြန်သည်။ သာသနာနှစ် ၁၅၀၀ တွင် သီလယုဂခေတ် ကုန်ဆုံးခဲ့ပြီး သုတယုဂ ခေတ် ထွန်းပေါ် လာပြန်၏။ သုတယုဂ ခေတ်သည် သာသနာ အနှစ် ၂၀၀၀ နှစ်၌ ကုန်ဆုံး သွားပြီးနောက် ၂၅၀၀ မှစ၍ ဝိမုတ္တိယုဂ ခေတ်ကြီး ပြန်လည် ထွန်းကား လာရလေသည်” ဟူသတည်း။[၆]