စေတုတ္တရာမြို့နယ်

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်
စေတုတ္တရာမြို့နယ်
မြို့နယ်
စေတုတ္တရာမြို့နယ် သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
စေတုတ္တရာမြို့နယ်
စေတုတ္တရာမြို့နယ်
ကိုဩဒိနိတ်: 20°26′48″N 94°14′44″E / 20.44667°N 94.24556°E / 20.44667; 94.24556
နိုင်ငံ မြန်မာ
တိုင်းဒေသကြီးမကွေးတိုင်းဒေသကြီး
ခရိုင်မင်းဘူးခရိုင်
လူဦးရေ (၂၀၀၄)
 • မြို့နယ်၄၇,၅၂၆[၁]
 • မြို့ပေါ်၆,၅၁၄
 • ကျေးလက်၄၁,၀၁၂
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6:30)

စေတုတ္တရာမြို့နယ် သည် မြန်မာနိုင်ငံမကွေးတိုင်းဒေသကြီးမင်းဘူးခရိုင်တွင် ပါဝင်သည့် မြို့နယ်တစ်ခုဖြစ်သည်။ မြို့နယ်ရုံးစိုက်ရာမြို့မှာ စေတုတ္တရာမြို့ဖြစ်သည်။

ပထဝီဝင်အနေအထား[ပြင်ဆင်ရန်]

စေတုတ္တရာမြို့နယ်သည် ရခိုင်ရိုးမတောင်တန်းများ၏ အရှေ့ဘက်ရေဝေကြော သဘာဝ တောတောင်ထူထပ်သော ဒေသတွင် တည်ရှိသည်။

တည်နေရာအကျယ်အဝန်း[ပြင်ဆင်ရန်]

စေတုတ္တရာမြို့နယ်သည် မကွေးတိုင်းဒေသကြီးမင်းဘူးခရိုင်အတွင်းတွင် တည်ရှိသည်။ မြန်မာပြည်၏ အနောက်အလယ်ပိုင်း ရခိုင်ရိုးမနှင့် ချင်းတောင်တန်းများ ဆက်စပ်ရာ ဒေသဖြစ်သည်။ အရှေ့ဘက်တွင် စလင်းမြို့နယ်၊ အရှေ့တောင်ဘက်တွင် ပွင့်ဖြူမြို့နယ်၊ တောင်ဘက်တွင် ငဖဲမြို့နယ်၊ အနောက်ဘက်တွင် ရခိုင်ပြည်နယ်မင်းပြားမြို့နယ်၊ အနောက်မြောက်ဘက်တွင် ချင်းပြည်နယ်ကန်ပက်လက်မြို့နယ်၊ မြောက်ဘက်တွင် မကွေးတိုင်းဒေသကြီး၊ ဆောမြို့နယ်တို့နှင့် နယ်နိမိတ်ချင်းထိစပ်လျှက်ရှိသည်။ စေတုတ္တရာမြို့သည် မြို့နယ်ရုံးစိုက်ရာ ဖြစ်ပြီး မုန်းချောင်းနှင့် ဆီမီးချောင်း ပေါင်းဆုံရာ၏ အထက်နားတွင် တည်ရှိသည်။ မြို့နယ်သည် တောင်မြောက် ၇၅မိုင်ခန့် ရှည်လျားပြီး အရှေ့အနောက် ၂၅မိုင်ခန့် ရှိကာ ဧရိယာ အကျယ်အဝန်းမှာ ၁၀၂၅ စတုရန်းမိုင်ခန့် ဖြစ်သည်။

မြေမျက်နှာသွင်ပြင်နှင့်ရေဆင်း[ပြင်ဆင်ရန်]

စေတုတ္တရာမြို့နယ် အနောက်ဘက်ခြမ်းတစ်ခွင်လုံးသည် ရခိုင်ရိုးမတောင်တန်းများ၏ အရှေ့ဘက်ရေဝေကြောဖြစ်ပြီး မြို့နယ်၏ အရှေ့ဘက်ခြမ်းသည် ပုံတောင်ပုံညာတောင်တန်းများ၏အဆက်ဖြစ်သော မြင်းညောင်းတောင်တန်းနှင့် နွားမတောင်တန်းများ ရှိနေသဖြင့် ယေဘုယျအားဖြင့် မြို့နယ်တစ်ခုလုံးသည် တောင်ထူထပ်ပြီး မြေပြန့်နည်းပါးသည်။ တောင်တန်းများအားလုံးသည် မြောက်မှတောင်သို့ သွယ်တန်းလျှက် ရှိကြသည်။ ရခိုင်ရိုးမတောင်တန်းတွင် အမြင့်ဆုံးတောင်ထွတ်ဖြစ်သော စွန်တောင် (ခေါ်) ချွန်းတောင် (၆,၅၂၇ ပေ (၁၉၈၉ မီတာ)) သည် စေတုတ္တရာမြို့၏ အနောက်မြောက်ဘက် တွင် တည်ရှိသည်။ တစ်မြို့နယ်လုံးသည် တောင်ထူထပ်ပြီး ပျမ်းမျှအမြင့်ပေ ၂၅၀၀ ခန့် ရှိသော်လည်း တောင်တန်းများ အကြားတွင် တည်ရှိသော စေတုတ္တရာမြို့ကွက်၏ ပျမ်းမျှအမြင့်မှာမူ ၁၀၈မီတာ (၃၅၄ပေ) ခန့်သာ ရှိသည်။ မြို့နယ်၏ အရှေ့ဘက်စွန်း နှင့် အရှေ့တောင်ဘက်စွန်း ဒေသများသည် ပျမ်းမျှအမြင့်ပေ ၁၀၀၀ ခန့်ရှိသော တောင်ကုန်းနိမ့်များ ဖြစ်ပြီး မြောက်ဘက်၊ အနောက်မြောက်ဘက်နှင့် အနောက်ဘက် နှင့် အနောက်တောင်ဘက် ဒေသများသည် ပေ၃၀၀၀ အထက်တောင်တန်းများ သာဖြစ်သည်။ မုန်းချောင်း ချောင်းဝှမ်းဒေသသည် ပျမ်းမျှအမြင့်ပေ ၅၀၀ ခန့်သာ ရှိသည်။

နတ်မတောင် (ခေါ်) ခေါနုသုမ်တွင်ချောင်းဖျားခံသော မုန်းချောင်းသည် စေတုတ္တရာမြို့နယ်တွင်း မြောက်မှတောင်သို့ ထက်ခြမ်းခွဲ စီးဆင်းလျှက် ရှိသည်။ မုန်းချောင်းအတွင်းသို့ အနောက်ဘက်ခြမ်းမှ စီးဝင်ကြသော ချောင်းလက်တက်များအနက် မြို့နယ်၏ တောင်ဘက်ခြမ်းရှိ ကြီးချောင်းမှတစ်ပါး အများစုသည် အနောက်မှ အရှေ့သို့ သွယ်တန်းလျှက် ရှိကြပြီး ကြီးချောင်းမှာမူ တောင်မှမြောက်သို့ ဆီးဆင်းသည်။ အရှေ့ဘက်ခြမ်းမှ စီးဝင်ကြသော ချောင်းလက်တက်များမှာမူ မုန်းချောင်းနှင့်အပြိုင် မြောက်မှတောင်သို့ သွယ်တန်းစီးဆင်းကြသည်။

သဘာဝပေါက်ပင်များနှင့်တောရိုင်းတိရစ္ဆာန်များ[ပြင်ဆင်ရန်]

ကျွန်း၊ ပျဉ်းကတိုး၊ ပိတောက်၊ သစ်ရာ၊ အင်၊ အင်ကြင်း စသော အဖိုးတန် သစ်များနှင့် မျှင်ဝါး၊ ကြသောင်းဝါး၊ တင်းဝါး၊ သနဝါး စာသော ဝါးမျိုးများ သဘာဝအလျောက် ပေါက်ရောက်ကြသည်။ ကျွန်းသစ်နှင့် ဝါးတို့မှာ မြို့နယ်၏ အဓိက ထွက်ကုန်လည်း ဖြစ်သည်။ ဆေးဖက်ဝင် အပင်များအနေဖြင့် ဝံအူပင်၊ သက်ရင်းကြီး၊ သက်ရင်းကတိုး၊ ကြောင်ပန်း၊ မန်းသုံးခွ၊ ဒန်းကြီး စသော အဖိုးတန် အပင်များ ပေါက်ရောက်သည်။


တောတောင်ထူထပ်သဖြင့် တောရိုင်းတိရစ္ဆာန်များလည်း လွန်စွာပေါများသည်။ ကျား၊ ကျားသစ်၊ ဆင်၊ ပြောင်၊ စိုင်၊ ဆတ်၊ ချေ၊ ဝက်ဝံ၊ တောဝက်၊ မျောက်မျိုးစုံ၊ ခွေးအမျိုးစုံ၊ စပါးကြီးမြွေစပါးအုံးမြွေ၊ မြွေဟောက်၊ ငန်းမြွေ၊ လင်းမြွေ၊ ဖြူ၊ ယုန် တို့အပြင် စကားပြောသင်၍ရသောကျေးငှက်မျိုးစုံနှင့် ချောင်းကမ်းပါးယံများတွင် လိုဏ်ခေါင်းထွင်း၍ အသိုက်လုပ်နေလေ့ရှိသော မုန်းငှက်တို့မှာ ထင်ရှားသည်။ ၁၉၈၅မတိုင်မီအချိန်ကာလအထိ စေတုတ္တရာမြို့နယ်အတွင်းတွင် ကျားများ၊ ကျားသစ်များ လွန်စွာသောင်းကျန်းပြီး ညအချိန်တွင် ရွာများအတွင်းထဲအထိ ဝင်ကာ နွားပေါက်များ၊ ဝက်များကို ဖမ်းဆီးစားသောက်လေ့ရှိကြသော်လည်း ထို့နောက်ပိုင်းတွင် လူတို့၏ ပြင်းထန်စွာနှိမ်နင်းခြင်း နှင့် တရုတ်ပြည်မှ ကျားရိုးနှင့် ကျားရေတို့ကို ဆေးဖက်ဝင်ပစ္စည်းအဖြစ် ဈေးကောင်းပေး၍ ဝယ်ယူသဖြင့် သစ်တောဦးစီးဌာနမှ ဥပဒေဖြင့် တားမြစ်ထားသော်လည်း မှောင်ခိုသတ်ဖြတ်ခြင်း တို့ကြောင့် ယခုအခါ ဒေသအတွင်း ကျားမျိုး မရှိတော့ဟုယူဆရသည်။ သို့ရာတွင် တောတောင်အတွင်း သွားလာနေကြသော မုဆိုးတို့၏ အဆိုအရ ကျားသစ်မှာမူ မျိုးတုံးခြင်း မရှိသေးပဲ တောနက်ပိုင်းထဲတွင် နေထိုင်ကျက်စားနေဆဲဖြစ်ကြောင်း သိရသည်။ ထို့အပြင် တောဆင်ရိုင်းများလည်း ရခိုင်ရိုးမတောနက်ပိုင်းထဲတွင် ရှိနေဆဲဖြစ်သည်။ ဝက်ဝံများမှာလည်း ဆက်လက်ရှိနေဆဲဖြစ်ကြောင်း နှစ်စဉ်ဝက်ဝံကုတ်ခံရ၍ ဆေးရုံလာတက်သောလူနာများကို ကြည့်ခြင်းအားဖြင့် သိနိုင်သည်။ မျိုးတုံးမည့်အန္တရာယ်နှင့် ရင်ဆိုင်နေရသော နောက်ထပ်တိရစ္ဆာန်တစ်မျိုးမှာ ဆတ်ဖြစ်သည်။ ဆတ်သားမှာ နူးညံ့ပြီး အရသာကောင်းမွန်သဖြင် တောမုဆိုးတို့၏ ဖမ်းဆီး သတ်ဖြတ် အသားပေါ် ရောင်းချခြင်း ခံနေရသည်။ အခြားတိရစ္ဆာန်မျိုးစုံတို့ကိုမူ ယနေ့တိုင် ပေါများစွာတွေ့နေရဆဲ ဖြစ်သည်။

ကျေးရွာများ[ပြင်ဆင်ရန်]

ကျေးရွာပေါင်း ၁၁၅ ကို ကျေးရွာအုပ်စု (၄၈)အုပ်စုဖြင့်ဖွဲ့စည်းထားပါသည်။ ချင်းရွာ (၁၀၀)၊ ဗမာရွာ (၂၀) ဖြစ်ပါသည်။ ထင်ရှားသောရွာကြီးများမှာ - တမ်းပလိတ်:Column-lists

လူဦးရေနှင့်လူမျိုးများ[ပြင်ဆင်ရန်]

မြို့နယ်အတွင်း ဗမာ နှင့် ချင်း တိုင်းရင်းသားလူမျိုးများ နေထိုင်ကြသည်။ ဒေသတွင်း ချင်းလူမျိုးစုများသည် ချင်းတောင်တန်းပေါ်ရှိ ချင်းလူမျိုးများနှင့် ယဉ်ကျေးမှု ဓလေ့ထုံးစံများ ကွာခြားပြီး ဗမာလူမျိုးတို့၏ ယဉ်ကျေးမှု ဓလေ့ထုံးစံများနှင့် နီးစပ်သည်။ ဒေသအတွင်းတွင် ချင်းပုံချင်းမရင်းချင်းလုံးပေါချင်းမင်းကျချင်း နှင့် တောင်သူချင်း ဟု မျိုးနွယ်စု (၅) စု နေထိုင်ကြသည်။ ချင်းမျိုးနွယ်စုအချင်းချင်းကြားတွင် ပြောဆိုကြသောစကားများကို နားလည်ကြသော်လည်း စကားချင်း မတူကြပေ။

ပညာရေး[ပြင်ဆင်ရန်]

စေတုတ္တရာမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း (၁)ကျောင်း၊ တွဲဖက်အခြေခံပညာအထက်တန်းကျောင်း (၂)ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း (၆)ကျောင်း၊ တွဲဖက်အခြေခံပညာအလယ်တန်းကျောင်း (၂)ကျောင်း အခြေခံပညာမူလတန်းကျောင်း (၉၀) ရှိပြီး စုစုပေါင်း (၉၇)ကျောင်း ဖြစ်သည်။ မြို့နယ်ပညာရေးဌာနသည် အခြေခံပညာဦးစီးဌာန(အထက်မြန်မာပြည်)၏ လက်အောက်တွင်ထားရှိပြီး မြို့နယ်ပညာရေးမှူးအဆင့်ဖြင့် စီမံအုပ်ချုပ်သည်။

မြို့နယ်အတွင်း အိမ်ခြေအလွန်နည်းပါးသော တောင်ပေါ်ရွာငယ်လေးများနှင့် ရွာချင်းလွန်စွာကပ်နေသော ရွာများမှအပ ကျေးရွာအများစုမှာ မူလတန်းကျောင်းများကို တစ်ရွာလျှင်တစ်ကျောင်း ဖွင့်လှစ်ထားရှိသည်။

ကျန်းမာရေး[ပြင်ဆင်ရန်]

စေတုတ္တရာမြို့ပေါ်တွင် (၂၅)ကုတင်ဆံ့ မြို့နယ်ပြည်သူ့ဆေးရုံ (၁)ရုံ၊ တပွင်ကျေးရွာတွင် တိုက်နယ်ပြည်သူ့ဆေးရုံ (၁) ရှိပါသည်။ မြို့နယ်အတွင်း ဒေသန္တရကျေးလက်ကျန်းမာရေးဌာန (၄) ခု ဖွင့်လှစ်ထားပြီး လက်ထောက်ကျန်းမာရေးမှူးများ ခန့်ထားကုသပေးသည်။ ထို့အပြင် ကျေးရွာအုပ်စုတစ်စုလျှင် သားဖွားဆရာမ တစ်ဦးကျစီ ခန့်ထားသည်။ မြို့နယ်သည် တောတောင်ထူထပ် ခြင်ပေါပြီး အဓိကဖြစ်ပွားသောရောဂါမှာ ငှက်ဖျားရောဂါဖြစ်သည်။

စိုက်ပျိုးရေးနှင့်မွေးမြူရေး[ပြင်ဆင်ရန်]

  • ချောင်းဝှမ်းဒေသများတွင် ရေသွင်း၍ စပါးစိုက်ပျိုးခြင်း
  • တောင်ပေါ်ဒေသများတွင် တောင်ယာစပါး၊ နှမ်း၊ ပြောင်းစိုက်ပျိုးခြင်း
  • မြေပဲ၊ ပဲတီစမ်း၊ ပဲနောက်၊ ပဲထောပတ်၊ ပဲကြီး၊ ကုလားပဲ၊ ပဲစဉ်းငုံ
  • ဥယျာဉ်ခြံမြေတွင် သရက်၊ ပိန္နဲ၊ မလာကာ၊ ဩဇာ
  • ဆောင်းကာလတွင် ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂေါ်ဖီထုပ်၊ ပန်းမုန်လာ၊ မုန်လာဥဖြူ
  • လယ်ယာစိုက်ပျိုးရေးတွင် အသုံးပြုရသော ကျွဲနွားများမွေးမြူခြင်း
  • ဆိတ်၊ ဝက်၊ ကြက် မွေးမြူခြင်း

လမ်းပန်းဆက်သွယ်ရေး[ပြင်ဆင်ရန်]

စေတုတ္တရာမြို့၏အရှေ့ဘက် စလင်းမြို့သို့ ၃၆ မိုင်ခန့် ကတ္တရာလမ်းဖောက်လုပ်ထားရှိပြီး ပဒါန်း-ငဖဲ-စေတုတ္တရာ-လောင်းရှည်-သီးကုန်း ခရိုင်ချင်းဆက်ကတ္တရာလမ်း(ကတ္တရာခင်းနေဆဲ) ပေါ်ပေါက်လာခြင်းကြောင့် ယခင် စေတုတ္တရာ-စလင်း-ပွင့်ဖြူ-မင်းဘူး-မကွေးမော်တော်ကားလိုင်းအပြင် ယခုအခါ စေတုတ္တရာ-ငဖဲ-ပဒါန်း-မင်းဘူး-မကွေး မော်တော်ကားလိုင်းလည်း ပြေးဆွဲလျှက်ရှိပါသည်။ လမ်းခင်းမှုပြီးစီးပါက မြို့၏မြောက်ဘက်ရှိ ဆောမြို့နယ်ထိ လမ်းပန်းဆက်သွယ်ရေးများပွင့်လင်းလာမည်ဖြစ်ပါသည်။

စီးပွားရေး[ပြင်ဆင်ရန်]

ဒေသတွင်းထွက်ရှိသော ဟင်းသီးဟင်းရွက်နှင့် ငါးတို့ကို ရောင်းချခြင်းမှတစ်ပါး အခြားထူးခြားသော စီးပွားရေးလုပ်ငန်းများ မရှိပါ။ သစ်ထုတ်လုပ်ခြင်းလုပ်ငန်းကို အစိုးရမှလုပ်ကိုင်ပြီး၊ ဝါးထုတ်လုပ်ခြင်းကို ရိုးမဝါးကုန်ထုတ်သမဝါယမအသင်းမှ ဆောင်ရွက်လျက်ရှိသည်။

လက်မှုပညာများ[ပြင်ဆင်ရန်]

  • အိုးလုပ်ခြင်း
  • ဝါးနှီးဖျာရက်ခြင်း
  • ဝါးခမောက်ရက်ခြင်း
  • လွှာထရံရက်ခြင်း
  • တောင်းမျိုးစုံ
  • သက္ကယ်ရက်ခြင်း
  • ရိုးရာအိမ်ဆောက်ခြင်း
  • ရိုးရာသစ်လုံးထွင်လှေတည်ဆောက်ခြင်း
  • ယာယီသစ်ဝါးဆည်များတည်ဆောက်ခြင်း
  • ယာယီချောင်းကူးသစ်ဝါးတံတားများတည်ဆောက်ခြင်း

ထင်ရှားသောနေရာများ[ပြင်ဆင်ရန်]

  • စွန်တောင် (ခေါ်) ချွန်းတောင် (ရခိုင်ရိုးမတွင်အမြင့်ဆုံး)
  • ကန်တောင် (ပေ ၅၀၀၀ကျော်မြင့်သောတော်ထိပ်တွင် ရေကန်ကြီးရှိသည်။)
  • မိုးနတ်တောင် (အရည်အသွေးညံ့သော လက်ဝတ်ရတနာကျောက်များထွက်ရှိသည်။)
  • မုန်းတမံ (ရေအားလျှပ်စစ်ဓာတ်အား ၇၅ မဂ္ဂါဝပ်ထုတ်လုပ်သည်။)
  • စည်းကြက်တောင်စေတီတော် (ပုဂံခေတ်)
  • မြို့လယ်ဓမ္မာရုံဘုရားကြီး
  • အောင်စကြာသီရိစေတီ (ပုဂံခေတ်)
  • ဆုတောင်းပြည့်စေတီ (ပုဂံခေတ်)
  • ကျောက်ခမောက်ဘုရား
  • ရှင်မာလျစူဠာမဏိစေတီ (တပွင်ရွာ)
  • သံဆယ်မြောင်းဟောင်း
  • ပျက်စီးနေသောကိုယ်ထူကိုယ်ထလေယာဉ်ကွင်းဟောင်း

ကိုးကား[ပြင်ဆင်ရန်]

  1. ၂၀၁၄ ခုနှစ် မြန်မာနိုင်ငံလူဦးရေနှင့် အိမ်အကြောင်းအရာ ပြည်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာ၊ အတွဲ(၂)၊ ပြည်သူ့အင်အားဦးစီးဌာန၊ May 2015၊ p. ၅၇


တမ်းပလိတ်:စေတုတ္တရာမြို့နယ်