ထီးလင်းမြို့
ထီးလင်းမြို့ | |
---|---|
မြန်မာနိုင်ငံရှိ မြို့များ | |
မြို့တည်နေရာပြ မြန်မာနိုင်ငံမြေပုံ | |
ကိုဩဒိနိတ်: 21°41′30″N 94°05′50″E / 21.69167°N 94.09722°Eကိုဩဒိနိတ်: 21°41′30″N 94°05′50″E / 21.69167°N 94.09722°E | |
နိုင်ငံ | မြန်မာ |
တိုင်းဒေသကြီး | မကွေးတိုင်းဒေသကြီး |
ခရိုင် | ဂန့်ဂေါခရိုင် |
လတ္တီကျု | (၂၁)ဒီဂရီ၊ (၄၁)မိနစ် |
လောင်ဂျီကျု | (၉၄)ဒီဂရီ၊ (၅)မိနစ် |
အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC+ ၆ နာရီ ၃၀ မိနစ်) |
ထီးလင်းမြို့သည် မြန်မာနိုင်ငံ၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ထီးလင်းမြို့နယ်၏ ရုံးစိုက်မြို့ဖြစ်သည်။ ထီးလင်းမြို့နယ်၏ မြေမျက်နှာပြင်သည် ကျောက်ထူထပ်၍ မညီညာသည့်ပြင် တောင်ကုန်းများလည်းရှိသဖြင့် လယ်ယာစိုက်ပျိုးခြင်းကို မြစ်များချောင်းများနှင့်နီးသော မြေပြန့်ပိုင်းတွင်သာလုပ်ကိုင်နိုင်ကြသည်။ ထီးလင်းမြို့နယ်၏ အကျယ်အဝန်းမှာ ၄၉၃ စတုရန်းမိုင်ရှိသည်။ ပိုးမွေးမြူခြင်းလုပ်ငန်းလည်း အတော်အသင့်ရှိ၍၊ ယာတိုင်ပိုး ယောလုံချည်များကို ရက်လုပ်ရောင်းချသည်။ ဗြိတိသျှအစိုးရ မအုပ်ချုပ်မီက ထီးလင်းမြို့သည် စော်ဘွားနယ်တစ်ခုဖြစ်၏။
ထီးလင်းမြို့နယ်အတွင်းရှိ ထင်ရှားသော တန်ခိုးကြီးဘုရားမှာ ရွှေကွန်အုပ်ဘုရားဖြစ်၍၊ နရပတိစည်သူမင်းကြီးက တည်ထားကိုးကွယ်သည်ဟုဆိုလေသည်။ ထိုဘုရားကို ကဝိလက္ခဏာသတ်ပုံတွင် ထီးလင်းတမ်းခွန်၊ ဖုန်းရှိန်မွန်၊ ရွှေကွန်အုပ်မြတ်စွာ ဟု စပ်ဆိုထားလေသည်။ ထီးလင်းမြို့နယ်အတွင်း မှီတင်း နေထိုင်စားသောက်ကြသော လူမျိုးများသည် တောင်သားလူမျိုးနှင့် ချင်းလူမျိုးများဖြစ်၏။ ထီးလင်းမြို့သည် ပခုက္ကူမြို့နယ်၏ ၉၇ မိုင်ခန့်ဝေး၍၊ မော်တော်ကားလမ်းဖြင့် ဆက်သွယ်ထားလေသည်။ ထို့အပြင် ထီးလင်းမှ အထက်ချင်းတွင်းခရိုင် ကလေးဝမြို့သို့ နွေရာသီတွင် သွားလာနိုင်သော ကားလမ်းတစ်လမ်းတည်းရှိ၍၊ အရှည် ၁၃၈ မိုင်ရှိ လေသည်။ မြို့နယ်၏ လူဦးရေမှာ ၁၉၅၆ ခုနှစ် သန်းခေါင်စာရင်းအရ ၂၂ဝဝဝ ယောက်ဟူ၍ ခန့်မှန်းရသည်။[၁]
သမိုင်းကြောင်း
[ပြင်ဆင်ရန်]ထီးလင်းမြို့ကို ခရစ်နှစ် ၇၄၈ တွင် စော်ဘွားနန္ဒရာဇ်က တည်ထောင်သည်။ သူ့ကို သား နန္ဒရာဇ်နှင့် စော်ဘွား ပုညစည်သူတို့က ဆက်ခံပြီးနောက် နှစ်ပေါင်း ၃၀၀ ကျော် စော်ဘွားဆက် ပြတ်သွားရာ ခရစ်နှစ် ၁၂၉၈ တွင်မှ စော်ဘွား ဦးခန်းပတ်က ထီးလင်းစော်ဘွားဆက်ကို ပြန်လည်ထူထောင်သည်။ ယင်းနောက် အင်းဝခေတ်တလျှောက် ထီးလင်းမြို့၌ စော်ဘွားအဆက်ဆက် အုပ်ချုပ်သည်။ အလောင်းမင်းတရားလက်ထက် ဟံသာဝတီသို့ သွားတိုက်စဉ် ထီးလင်းစော်ဘွား ဦးပြည့်ထွန်းအောင်သည် လိုက်ပါ စစ်မှုထမ်းပြီးနောက် ရန်ကုန်၌ ကွယ်လွန်ရာ သား ဦးကျန်က စော်ဘွားရာထူးကို ဆက်ခံသည်။ စော်ဘွားဦးကျန်လက်ထက် ၁၇၅၈ ခု မေလတွင် တောင်သားများ ထီးလင်းကို လာတိုက်သေးသည်။ ဦးကျန်သည် အလောင်းမင်းတရားနှင့် နောင်တော်ကြီးတို့ လက်ထက်တွင် စော်ဘွားအဖြစ် အုပ်ချုပ်သည်။
ဦးကျန်ကို ဆက်ခံသူများမှာ ညီ ဦးနက်၊ စော်ဘွားကြီး ဦးပြည့်ထွန်းအောင် ညီ ဦးသာကျော်၊ စောနံ၊ ဦးထွားဖြူ စသူတို့ ဖြစ်ပြီး၊ ဆင်ဖြူရှင်လက်ထက် ၂၆ မေ ၁၇၆၅ တွင် ထီးလင်းမြို့စစ်တမ်းကို စော်ဘွားဦးထွားဖြူက ဆက်သွင်းသည်။ ၁၅ ဇွန် ၁၇၇၃ တွင် လက်ရှိနေရာသို့ ထီးလင်းကို ရွှေ့ပြောင်းပြီး စော်ဘွားအစား မြို့သူကြီးများကို အုပ်ချုပ်စေသည်။ ထိုစဉ် ထီးလင်းမြို့သူကြီးမှာ ဦးမောင်ဦး ဖြစ်ကာ ဘိုးတော်ဘုရား လက်ထက် ၁၇၈၃ တွင် ထီးလင်းမြို့စစ်တမ်း ဆက်သွင်းသူ ဖြစ်သည်။ ထီးလင်းမြို့သူကြီး ဦးမြတ်စံလက်ထက် ၁၉ ဧပြီ ၁၇၉၃ တွင် သမီး ရှင်မင်းငြိမ်းကို ဘိုးတော်ဘုရားထံ ဆက်သရာ မိဘများနှင့် မြို့နေလူကြီးများ နေပြည်တော်သို့ လိုက်ပို့ရသည်။ ၁၇၉၈ ဇွန်လဆန်းမှ ၁၇၉၉ ခုနှစ်အထိ ထီးလင်းမြို့ကို အုပ်ချုပ်သူ မြို့သူကြီးအမည်က ဦးမြတ်မှန်း ဖြစ်ပြီး သူ့ကို ဦးရွှေပု၊ ဦးသာကျံတို့က ဆက်ခံသည်။ ဦးသာကျံသည် ၁၈၀၂ တွင် စစ်တမ်း ဆက်သွင်းသည်။ ဘကြီးတော်လက်ထက်တွင် ထီးလင်းမြို့သူကြီးမှာ သီဟရာဇကျော် ဖြစ်သည်။ ၁၈၃၀ တွင် မင်းလှသမန္တကျော်ထင် ဖြစ်သည်။ ၁၈၉၆ခုနှစ်တွင် ပခုက္ကူခရိုင်နှင့် ကန်ပက်လက်ခရိုင်တို့ကိုစုစည်း၍ ပခုက္ကူပြည်နယ်အဖြစ် ဖွဲ့စည်းရာတွင် ပခုက္ကူခရိုင်တွင် ပါဝင်သော မြို့နယ်အဖြစ်တည်ရှိလာခဲ့သည်။ [၂]
ကိုးကား
[ပြင်ဆင်ရန်]- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၅)
- ↑ တင်နိုင်တိုး (ဒီဇင်ဘာ ၂၀၁၃)။ မြန်မာပြည်တစ်ခွင် လမ်းညွှန်။ မဇ္ဈိမစာပေ။ p. ၁၄၀။