စေတုတ္တရာမြို့

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
စေတုတ္တရာမြို့
မြန်မာနိုင်ငံရှိ မြို့များ
Skyline of စေတုတ္တရာမြို့
စေတုတ္တရာမြို့ သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
စေတုတ္တရာမြို့
စေတုတ္တရာမြို့
မြို့တည်နေရာပြ မြန်မာနိုင်ငံမြေပုံ
ကိုဩဒိနိတ်: 20°27′N 94°15′E / 20.450°N 94.250°E / 20.450; 94.250ကိုဩဒိနိတ်: 20°27′N 94°15′E / 20.450°N 94.250°E / 20.450; 94.250
နိုင်ငံအမည်  မြန်မာ
တိုင်းဒေသကြီး မကွေး
ခရိုင် မင်းဘူး
လတ္တီကျု (၂၀)ဒီဂရီ၊ (၂၆)မိနစ်
လောင်ဂျီကျု (၉၄)ဒီဂရီ၊ (၁၄)မိနစ်
မြို့နယ်ရုံးစိုက်ရာမြို့ စေတုတ္တရာမြို့
အချိန်ဇုန် မြန်မာစံတော်ချိန် (UTC+ ၆ နာရီ ၃၀ မိနစ်)
မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့ ရှိ ပုဂံခေတ်မှ ရှေးဟောင်းစေတီတစ်ဆူ
မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့ ရှိ တစ်ခုတည်းသော အခြေခံပညာအတက်တန်းကျောင်း
မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့ အနီးဝန်းကျင်ရှိ တောင်တန်းများအလှကို မြို့၏ကျောင်းကုန်းပေါ်မှ မြင်တွေ့ရပုံ

စေတုတ္တရာမြို့ သည် မင်းဘူးခရိုင်စေတုတ္တရာမြို့နယ်၏ ရုံးစိုက်ရာမြို့ ဖြစ်သည်။ စလင်းနယ်တွင် ပါဝင်၍ ဧရာဝတီမြစ်ကမ်းမှ ဝေးကွာသည့် အတွင်းဖက်ကျသော အရပ်တွင် တည်ရှိသည်။ စလင်းမြို့မှ ၃၆ မိုင်ခန့်ဝေးသည်။ စေတုတ္တရာမြို့သည် ရခိုင်ရိုးမတောင်၏ အရှေ့ ဖက် ဆင်ခြေလျှောတွင် တည်ရှိသည်။ မြို့မှာ ရှည်လျားသည်။ ရဲဌာနသည် မြို့အဝင်ဝတွင် ရှိသည်။ မုန်းမြစ်သည် မြို့နယ် အလယ်ကို တည့်တည့်ဖြတ်၍ မြောက်မှတောင်သို့ စီးဆင်း၏။ ထိုဒေသကို မုန်းချောင်းနယ်ဟုလည်း ခေါ်သည်။ မြို့နယ်၏ အကျယ်အဝန်းမှာ ၁၁၂၁ စတုရန်းမိုင်ဖြစ်၍ ရွာပေါင်း ၂ဝဝ ကျော် ပါဝင်သည်။ မုန်းမြစ် ဝှမ်းတစ်လျှောက်တွင် ညီညာ ပျံ့ပျူးသော မြေပြင်များရှိသည်။ မြို့နယ်၏ ကျန်အပိုင်းမှာ တောင်ကုန်းဒေသများသာဖြစ်၍ ငှက်ဖျားထူသည်။

မြို့နယ်၏လူဦးရေမှာ ၁၉၅၆ ခုနှစ်အတွက် ခန့်မှန်းခြေ စာရင်းအရ ၃ဝ၇၄၈ ယောက်ခန့် ဖြစ်သည်။ မြန်မာလူမျိုး၏ လူဦးရေများပြားသော်လည်း ချင်းလူမျိုးတို့လည်း ရှိသေးသည်။ ထိုဒေသရှိ ချင်းများသည် မြန်မာများနှင့် နီးစပ်ရောနှော ပေါင်း သင်းဆက်ဆံခဲ့သည်မှာ ကြာပြီဖြစ်သဖြင့် အမူအရာ ဓလေ့ထုံးစံ အားဖြင့် မြန်မာများနှင့် များစွာကွဲပြားခြားနားခြင်း မရှိပေ။

စေတုတ္တရာနယ်မှ ထွက်ကုန်များမှာ ကျွန်းသစ်၊ အင်ကြင်း၊ ရှားစေး၊ ချိပ်၊ အင်တွဲ၊ ဝါ၊ လူး၊ ဆပ် ပြောင်းများဖြစ်၍ အဓိက အလုပ်အကိုင်များမှာ စပါးစိုက်ပျိုးခြင်း၊ သစ်ဝါးခုတ် ခြင်း စသည်တို့ဖြစ်၏။

စေတုတ္တရာမြို့နယ်၌ ယနေ့တိုင် ရှေးရိုးဆန်သော ဝတ်စား ဆင်ယင်ပုံကို တွေ့နိုင်သည။ အသုံးအဆောင်များတွင်လည်း ဒေါင်းလန်း၊ မြေအိုး၊ မြေခွက်၊ ယွန်းတည် စသည်တို့ကို ယခု တိုင် သုံးစွဲလျက်ရှိကြသည်။ အလှူအတန်း ပွဲလမ်းသဘင် စသည်တို့တွင် မြန်မာရှေးဟောင်း တူရိယာများကို တီးမှုတ်ကြ လျက် အရာရာတွင် စုပေါင်းလုပ်ဆောင်ကြသော အလေ့အထ ရှိသည်။

စေတုတ္တရာမြို့၏ မြောက်ဖက် ၂၇ မိုင်ခန့် အကွာတွင် တောင်ထိပ်ပေါ်၌ ရေကန်ရှိသော ကန်တောင်ကြီး ရှိသည်။ မြို့နှင့် သုံးမိုင်ကွာ ဆင်မြီးချောင်းကမ်းပါး၌ ကျောက်ခဲပေါ်တွင် စေတီသဖွယ် ကျောက်အဆင့်ဆင့် တင်လျက်ရှိသော ခမောက်ပုံ နှင့်တူသည့် ကျောက်ခမောက်ဆိုသည့် နေရာလည်း ရှိသည်။[၁]


မာတိကာ

အမည်တွင်လာပုံ[ပြင်ဆင်ရန်]

စေတုတ္တရာမြို့ကို စတင်တည်ထောင်ချိန် ပုဂံခေတ်က အနော်ရထာမင်းစော၏ပျိုးထောင်မှုကြောင့် ထေရဝါဒဗုဒ္ဓဘာသာ သာသနာတော်မြတ် ထွန်းကားလာပြီဖြစ်သော်လည်း ရိုးရာနတ်ကိုးကွယ်မှုများ ကြီးစိုးနေဆဲဖြစ်သည်။ စေတုတ္တရာဟု တည်ထောင်မည့် အရပ်ဒေသတွင် ဒေသခံများ ကိုးကွယ်ကြသော နတ်မင်း၏ အမည်မှာ ဇေတနတ်မင်းဖြစ်သည်။ မြို့တည်ထောင်သောအခါ ဇေတနတ်မင်းကို ဂုဏ်ပြုပူဇော်သောအားဖြင့် မြို့အမည်ကို ဇေတဥတ္တရာ (ဇေတ= ဇေတနတ်မင်း+ ဥတ္တရာ=မြင့်မြတ်သောနေရာဌာန) ဟု အမည်ပေးခဲ့သည်။ ပါဠိဘာသာစကားတွင် ရှေ့ဗျည်းသံနှင့် နောက်သရသံတို့ကို တစ်ဆက်တည်းရွတ်ဆိုသောအခါ ဇေတုတ္တရာဟု အမည်တွင်လာရသည်။ ထိုမှတဆင့် ကာလရွေ့လျောလာသည့်အခါ စေတုတ္တရာဟု ဖြစ်လာကြောင်း သိရသည်။

ကိုလိုနီခေတ်တွင် အင်္ဂလိပ်နယ်ချဲ့တို့က စေတုတ္တရာမြို့ကို sidoktaya ဟုအမည်ပေးခဲ့သည်။ လွတ်လပ်ရေးရပြီးနောက်ပိုင်းတွင် sitoktaya ဟုလည်းကောင်း အမည်ပေးခဲ့ရာ မူလအမည်ဖြစ်သော စေတုတ္တရာ အစား စည်တုတ္တရာ ဟူသောအသံထွက်မျိုး ဖြစ်သွားစေသည်။ အမျိုးသားမှတ်ပုံတင်နံပါတ်တွင် အသုံးပြုသော အတိုကောက်စာလုံးမှာလည်း SDA ဟုလည်းကောင်း၊ ထိုမှတဆင့် STA ဟုလည်းကောင်း အဆင့်ဆင့် ပြောင်းလဲလာပြီး ယနေ့အချိန်တွင်မူ ၈/စတရ(နိုင်) ဟူသော မြို့နယ်သင်္ကတကို သတ်မှတ်ထားသည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

စေတုတ္တရာမြို့ကို ပုဂံပြည့်ရှင် ကျန်စစ်မင်းကြီး၏ သားတော် မင်းဇေယျခေတ္တရာဘွဲ့ခံ ရာဇကုမာရ်မင်းသားမှ မြန်မာသက္ကရာဇ် (၄၆၀)ခုနှစ်၊ ကုဆုန်လပြည့်ကျော် (၂)ရက်နေ့ တွင် စတင်တည်ထောင်ခဲ့သည်ဟု သမိုင်းမှတ်တမ်းများအရ သိရသည်။ မြို့ကို စတင်တည်စဉ်က မြို့အင်္ဂါ (၅)ရပ်ပါဝင်ခဲ့သည်။

  1. မြို့ရိုး
  2. ဇေတနတ်မင်းကြီးနတ်ကွန်း
  3. စည်းကြက်တောင်စေတီတော်
  4. အောင်ကြာသီရိစေတီတော်
  5. ဆုတောင်းပြည့်စေတီတော်

တို့ဖြစ်ကြသည်။

မြို့ကို တည်ထောင်သည်မှာ သက်တမ်း နှစ်ပေါသ်း (၉၀၀)ကျော်ပြီဖြစ်သော်လည်း မြို့သည် များစွာဖွံ့ဖြိုးကျယ်ပြန့်လာခြင်း မရှိပဲ ယခုတိုင်အောင် မြို့ငယ်ကလေးအဖြစ်သာ တည်ရှိနေဆဲဖြစ်သည်။

ပထဝီဝင်အနေအထား[ပြင်ဆင်ရန်]

စေတုတ္တရာမြို့နယ်သည် ရခိုင်ရိုးမတောင်တန်းများ၏ အရှေ့ဘက်ရေဝေကြော သဘာဝ တောတောင်ထူထပ်သော ဒေသတွင် တည်ရှိသည်။

တည်နေရာအကျယ်အဝန်း[ပြင်ဆင်ရန်]

စေတုတ္တရာမြို့နယ်သည် မကွေးတိုင်းဒေသကြီးမင်းဘူးခရိုင်အတွင်းတွင် တည်ရှိသည်။ မြန်မာပြည်၏ အနောက်အလယ်ပိုင်း ရခိုင်ရိုးမနှင့် ချင်းတောင်တန်းများ ဆက်စပ်ရာ ဒေသဖြစ်သည်။ အရှေ့ဘက်တွင် စလင်းမြို့နယ်၊ အရှေ့တောင်ဘက်တွင် ပွင့်ဖြူမြို့နယ်၊ တောင်ဘက်တွင် ငဖဲမြို့နယ်၊ အနောက်ဘက်တွင် ရခိုင်ပြည်နယ်မင်းပြားမြို့နယ်၊ အနောက်မြောက်ဘက်တွင် ချင်းပြည်နယ်ကန်ပက်လက်မြို့နယ်၊ မြောက်ဘက်တွင် မကွေးတိုင်းဒေသကြီး၊ ဆောမြို့နယ်တို့နှင့် နယ်နိမိတ်ချင်းထိစပ်လျှက်ရှိသည်။ စေတုတ္တရာမြို့သည် မြို့နယ်ရုံးစိုက်ရာ ဖြစ်ပြီး မုန်းချောင်းနှင့် ဆီမီးချောင်း ပေါင်းဆုံရာ၏ အထက်နားတွင် တည်ရှိသည်။

စေတုတ္တရာမြို့၏ တည်နေရာသည် မြောက်လတ္တီကျု ၂၀°၂၅'၂၉" အရှေ့လောင်ဂျီကျု ၉၄°၁၅'၃၆" တွင် တည်ရှိသည်။ မြို့နယ်သည် တောင်မြောက် ၇၅မိုင်ခန့် ရှည်လျားပြီး အရှေ့အနောက် ၂၅မိုင်ခန့် ရှိကာ ဧရိယာ အကျယ်အဝန်းမှာ ၁၀၂၅ စတုရန်းမိုင်ခန့် ဖြစ်သည်။

မြေမျက်နှာသွင်ပြင်နှင့်ရေဆင်း[ပြင်ဆင်ရန်]

စေတုတ္တရာမြို့နယ် အနောက်ဘက်ခြမ်းတစ်ခွင်လုံးသည် ရခိုင်ရိုးမတောင်တန်းများ၏ အရှေ့ဘက်ရေဝေကြောဖြစ်ပြီး မြို့နယ်၏ အရှေ့ဘက်ခြမ်းသည် ပုံတောင်ပုံညာတောင်တန်းများ၏အဆက်ဖြစ်သော မြင်းညောင်းတောင်တန်းနှင့် နွားမတောင်တန်းများ ရှိနေသဖြင့် ယေဘုယျအားဖြင့် မြို့နယ်တစ်ခုလုံးသည် တောင်ထူထပ်ပြီး မြေပြန့်နည်းပါးသည်။ တောင်တန်းများအားလုံးသည် မြောက်မှတောင်သို့ သွယ်တန်းလျှက် ရှိကြသည်။ ရခိုင်ရိုးမတောင်တန်းတွင် အမြင့်ဆုံးတောင်ထွတ်ဖြစ်သော စွန်တောင် (ခေါ်) ချွန်းတောင် (၆,၅၂၇ ပေ (၁၉၈၉ မီတာ)) သည် စေတုတ္တရာမြို့၏ အနောက်မြောက်ဘက် တွင် တည်ရှိသည်။ တစ်မြို့နယ်လုံးသည် တောင်ထူထပ်ပြီး ပျမ်းမျှအမြင့်ပေ ၂၅၀၀ ခန့် ရှိသော်လည်း တောင်တန်းများ အကြားတွင် တည်ရှိသော စေတုတ္တရာမြို့ကွက်၏ ပျမ်းမျှအမြင့်မှာမူ ၁၀၈မီတာ (၃၅၄ပေ) ခန့်သာ ရှိသည်။ မြို့နယ်၏ အရှေ့ဘက်စွန်း နှင့် အရှေ့တောင်ဘက်စွန်း ဒေသများသည် ပျမ်းမျှအမြင့်ပေ ၁၀၀၀ ခန့်ရှိသော တောင်ကုန်းနိမ့်များ ဖြစ်ပြီး မြောက်ဘက်၊ အနောက်မြောက်ဘက်နှင့် အနောက်ဘက် နှင့် အနောက်တောင်ဘက် ဒေသများသည် ပေ၃၀၀၀ အထက်တောင်တန်းများ သာဖြစ်သည်။ မုန်းချောင်း ချောင်းဝှမ်းဒေသသည် ပျမ်းမျှအမြင့်ပေ ၅၀၀ ခန့်သာ ရှိသည်။

နတ်မတောင် (ခေါ်) ခေါနုသုမ် တွင်ချောင်းဖျားခံသော မုန်းချောင်းသည် စေတုတ္တရာမြို့နယ်တွင်း မြောက်မှတောင်သို့ ထက်ခြမ်းခွဲ စီးဆင်းလျှက် ရှိသည်။ မုန်းချောင်းအတွင်းသို့ အနောက်ဘက်ခြမ်းမှ စီးဝင်ကြသော ချောင်းလက်တက်များအနက် မြို့နယ်၏ တောင်ဘက်ခြမ်းရှိ ကြီးချောင်းမှတစ်ပါး အများစုသည် အနောက်မှ အရှေ့သို့ သွယ်တန်းလျှက် ရှိကြပြီး ကြီးချောင်းမှာမူ တောင်မှမြောက်သို့ ဆီးဆင်းသည်။ အရှေ့ဘက်ခြမ်းမှ စီးဝင်ကြသော ချောင်းလက်တက်များမှာမူ မုန်းချောင်းနှင့်အပြိုင် မြောက်မှတောင်သို့ သွယ်တန်းစီးဆင်းကြသည်။

သဘာဝပေါက်ပင်များနှင့်တောရိုင်းတိရစ္ဆာန်များ[ပြင်ဆင်ရန်]

ကျွန်း၊ ပျဉ်းကတိုး၊ ပိတောက်၊ သစ်ရာ၊ အင်၊ အင်ကြင်း စသော အဖိုးတန် သစ်များနှင့် မျှင်ဝါး၊ ကြသောင်းဝါး၊ တင်းဝါး၊ သနဝါး စာသော ဝါးမျိုးများ သဘာဝအလျောက် ပေါက်ရောက်ကြသည်။ ကျွန်းသစ်နှင့် ဝါးတို့မှာ မြို့နယ်၏ အဓိက ထွက်ကုန်လည်း ဖြစ်သည်။ ဆေးဖက်ဝင် အပင်များအနေဖြင့် ဝံအူပင်၊ သက်ရင်းကြီး၊ သက်ရင်းကတိုး၊ ကြောင်ပန်း၊ မန်းသုံးခွ၊ ဒန်းကြီး စသော အဖိုးတန် အပင်များ ပေါက်ရောက်သည်။

တောတောင်ထူထပ်သဖြင့် တောရိုင်းတိရစ္ဆာန်များလည်း လွန်စွာပေါများသည်။ ကျား၊ ကျားသစ်၊ ဆင်၊ ပြောင်၊ စိုင်၊ ဆတ်၊ ချေ၊ ဝက်ဝံ၊ တောဝက်၊ မျောက်မျိုးစုံ၊ ခွေးအမျိုးစုံ၊ စပါးကြီးမြွေစပါးအုံးမြွေ၊ မြွေဟောက်၊ ငန်းမြွေ၊ လင်းမြွေ၊ ဖြူ၊ ယုန် တို့အပြင် စကားပြောသင်၍ရသောကျေးငှက်မျိုးစုံနှင့် ချောင်းကမ်းပါးယံများတွင် လိုဏ်ခေါင်းထွင်း၍ အသိုက်လုပ်နေလေ့ရှိသော မုန်းငှက်တို့မှာ ထင်ရှားသည်။ ၁၉၈၅မတိုင်မီအချိန်ကာလအထိ စေတုတ္တရာမြို့နယ်အတွင်းတွင် ကျားများ၊ ကျားသစ်များ လွန်စွာသောင်းကျန်းပြီး ညအချိန်တွင် ရွာများအတွင်းထဲအထိ ဝင်ကာ နွားပေါက်များ၊ ဝက်များကို ဖမ်းဆီးစားသောက်လေ့ရှိကြသော်လည်း ထို့နောက်ပိုင်းတွင် လူတို့၏ ပြင်းထန်စွာနှိမ်နင်းခြင်း နှင့် တရုတ်ပြည်မှ ကျားရိုးနှင့် ကျားရေတို့ကို ဆေးဖက်ဝင်ပစ္စည်းအဖြစ် ဈေးကောင်းပေး၍ ဝယ်ယူသဖြင့် သစ်တောဦးစီးဌာနမှ ဥပဒေဖြင့် တားမြစ်ထားသော်လည်း မှောင်ခိုသတ်ဖြတ်ခြင်း တို့ကြောင့် ယခုအခါ ဒေသအတွင်း ကျားမျိုး မရှိတော့ဟုယူဆရသည်။ သို့ရာတွင် တောတောင်အတွင်း သွားလာနေကြသော မုဆိုးတို့၏ အဆိုအရ ကျားသစ်မှာမူ မျိုးတုံးခြင်း မရှိသေးပဲ တောနက်ပိုင်းထဲတွင် နေထိုင်ကျက်စားနေဆဲဖြစ်ကြောင်း သိရသည်။ ထို့အပြင် တောဆင်ရိုင်းများလည်း ရခိုင်ရိုးမတောနက်ပိုင်းထဲတွင် ရှိနေဆဲဖြစ်သည်။ ဝက်ဝံများမှာလည်း ဆက်လက်ရှိနေဆဲဖြစ်ကြောင်း နှစ်စဉ်ဝက်ဝံကုတ်ခံရ၍ ဆေးရုံလာတက်သောလူနာများကို ကြည့်ခြင်းအားဖြင့် သိနိုင်သည်။ မျိုးတုံးမည့်အန္တရာယ်နှင့် ရင်ဆိုင်နေရသော နောက်ထပ်တိရစ္ဆာန်တစ်မျိုးမှာ ဆတ်ဖြစ်သည်။ ဆတ်သားမှာ နူးညံ့ပြီး အရသာကောင်းမွန်သဖြင် တောမုဆိုးတို့၏ ဖမ်းဆီး သတ်ဖြတ် အသားပေါ် ရောင်းချခြင်း ခံနေရသည်။ အခြားတိရစ္ဆာန်မျိုးစုံတို့ကိုမူ ယနေ့တိုင် ပေါများစွာတွေ့နေရဆဲ ဖြစ်သည်။

မြို့နယ်အုပ်ချုပ်ရေးပြည်သူ့ဝန်ထမ်းဌာနများ[ပြင်ဆင်ရန်]

စေတုတ္တရာမြို့သည် မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် (၅) မြို့နယ်တွင်ပါဝင်ပြီး မြို့ပေါ်တွင် မြို့နယ်အဆင့် အစိုးရပြည်သူ့ဝန်ထမ်း ဌာနပေါင်း () ခုရှိပါသည်။

  1. အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန
  2. မြို့နယ်တရားရုံး
  3. မြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့
  4. မြို့နယ်ဥပဒေရုံး
  5. မြို့နယ်စာရင်းရုံး
  6. မြန်မာ့စီးပွားရေးဘဏ်ခွဲ
  7. ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း
  8. မြို့နယ်သစ်တောဦးစီးဌာန
  9. မြို့နယ်သစ်ထုတ်လုပ်ရေးလုပ်ငန်း
  10. မြို့နယ်ပညာရေးဌာန
  11. မြို့နယ်ကျန်းမာရေးဌာန
  12. မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန
  13. မြို့နယ်သမဝါယမဦးစီးဌာန
  14. မြို့နယ်စာတိုက်
  15. မြို့နယ်ကြေးနန်းရုံး
  16. မြို့နယ်တိရစ္ဆာန်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန
  17. မြို့နယ်စိုက်ပျိုးရေးလုပ်ငန်း
  18. မုန်းတမံဆည်မြောင်းဦးစီးဌာန
  19. မုန်းရေအားလျှပ်စစ်ဌာန
  20. မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်
  21. မြို့နယ်စည်ပင်သာယာရေးဦးစီးဌာန
  22. မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန
  23. မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန

မြို့ပေါ်ရပ်ကွက်များ[ပြင်ဆင်ရန်]

မြို့ပေါ်ရပ်ကွက်ငယ် (၁၀)ခုရှိပြီး ရပ်ကွက်ကြီး(၂)ခုအဖြစ် ဖွဲ့စည်းသည်။

အမှတ်(၁)ရပ်ကွက်

  • စံပြရပ်ကွက်
  • ဗန္ဓရရပ်ကွက်
  • သီဟရပ်ကွက်
  • ဇေယျရပ်ကွက်
  • ဝဏ္ဏရပ်ကွက်

အမှတ်(၂)ရပ်ကွက်

  • မြောက်ခေတ္တရာရပ်ကွက်
  • တောင်ခေတ္တရာရပ်ကွက်
  • ရွာသစ်ရပ်ကွက်
  • ပိတောက်မြိုင်ရပ်ကွက်
  • လယ်ပြင်စုရပ်ကွက်

စေတုတ္တရာမြို့တွင် စုစုပေါင်း အိမ်ခြေ (၈၀၀)ကျော်၊ လူဦးရေ (၄၃၀၀)ကျော်မျှသာရှိသဖြင့် လူနေနည်းပါးသည်။ သို့ရာတွင် အနီးအနားဝန်းကျင်တွင် နီးကပ်စွာတည်ရှိနေသော ခိုဝင်၊ မထိမ်း၊ မြေနီကုန်း၊ တောင်မြေနီ၊ အောက်ပုံ၊ မကြီးစု၊ ညောင်အိုင်၊ ခြင်ပြစ်ကိုင်း၊ သရန်ကိုင်း၊ လုံးပေါ စသောကျေးရွာများတွင်လည်း လူဦးရေအတော်အသင့်ရှိသဖြင့် စေတုတ္တရာမြို့ ပတ်ဝန်းကျင်ဒေသသည် မြို့နယ်အတွင်းတွင် လူနေအထူထပ်ဆုံးဖြစ်သည်။

ဘုန်းတော်ကြီးကျောင်းများ[ပြင်ဆင်ရန်]

မြို့ပေါ်တွင် -

  • တောရအရှေ့ကျောင်း
  • မြောင်းခွတောင်ကျောင်း
  • မြောင်းဝမြောက်ကျောင်း
  • ရန်အောင်ဘုံသာကျောင်း
  • လေးထပ်တောင်ကျောင်း
  • လယ်ပြင်စုကျောင်း
  • ရွာသစ်ကျောင်း
  • အောင်မင်္ဂလာကျောင်း

ဟူ၍ ဘုန်းတော်ကြီးကျောင်း (၈)ကျောင်း ရှိသည်။ အခါကြီးရက်ကြီးများတွင် အခမ်းအနား ကျင်းပရန်အတွက် မြို့လယ်ဓမ္မာရုံကြီးတစ်ခုရှိသည်။ မိုးကုတ်ဝိပဿနာအဖွဲခွဲအမှတ် (၁၅၁)၊ တရားရိပ်သာကြီး တစ်ခုရှိသည်။

လူမှုရေး[ပြင်ဆင်ရန်]

နံနက်ခင်းဈေး (မြို့နယ်စည်ပင်သာယာဈေး) တစ်ခု၊ မြို့မအားကစားကွင်းတစ်ခု၊ ပန်းခြံတစ်ခု တို့လည်း ရှိသည်။ ဆေးရုံတစ်ရုံ၊ အထက(၁)ကျောင်း၊ အမက(၂)ကျောင်း၊ မူကြိုကျောင်း(၁)ကျောင်းလည်း ရှိသည်။

ကျေးရွာများ[ပြင်ဆင်ရန်]

ကျေးရွာပေါင်း ၁၁၅ ကို ကျေးရွာအုပ်စု (၄၈)အုပ်စုဖြင့်ဖွဲ့စည်းထားပါသည်။ ချင်းရွာ (၁၀၀)၊ ဗမာရွာ (၂၀) ဖြစ်ပါသည်။ ထင်ရှားသောရွာကြီးများမှာ -

  1. တန့်လည်ကျင်း
  2. လုံးကြီး
  3. အကြည်
  4. တပွင်
  5. နတ်ကြီး
  6. အာယော
  7. နဘဲတုံး
  8. ဒွေးကုန်း
  9. ဗူး
  10. မကြီး
  11. ပွင့်တောက်
  12. ချီ
  13. အောင်း
  14. အလယ်ပုံ
  15. အောက်ပုံ
  16. ခြင်ပြစ်ကိုင်း
  17. ကျင်းကြီး
  18. ပန်းအိ
  19. အုံးဝါး
  20. ကျန်စိမ့်
  21. လက်ဖွဲ့ဆိုင်
  22. ရေသောင်
  23. ခွေးမလောင် (မန်းပလောင်)
  24. ညောင်ပင်ကျင်း
  25. ကြောင်သိုက်
  26. ပေါက်ချောင်း
  27. လုံးပေါ
  28. သရန်ကိုင်း
  29. ပန်းချက်
  30. မြောင်းဦး
  31. ကျောက်မွဲ
  32. ငါးမ
  33. သံဆယ်
  34. ကြီးအုံ
  35. ကြီးဝ
  36. မြေနီကုန်း
  37. တောင်မြေနီ
  38. ခိုဝင်
  39. မထိမ်း
  40. သက်လယ်
  41. မွန်ဇော်
  42. မဏ္ဍပ်ကိုင်း
  43. ပဲယင်းကိုင်း
  44. တယ်ဇား
  45. အောက်ဝေါ
  46. ထမင်းချက်
  47. ကူတော်
  48. ဖအိုင်း
  49. စစ်ငန်း
  50. ဆားတွင်း
  51. ဒုံချောင်း

လူဦးရေနှင့်လူမျိုးများ[ပြင်ဆင်ရန်]

မြို့နယ်အတွင်း ဗမာ နှင့် ချင်း တိုင်းရင်းသားလူမျိုးများ ချစ်ကြည်ရင်းနှီးစွာ အတူတကွ နေထိုင်လျှက် ရှိကြသည်။ ဒေသတွင်း ချင်းလူမျိုးစုများသည် ချင်းတောင်တန်းပေါ်ရှိ ချင်းလူမျိုးများနှင့် ယဉ်ကျေးမှု ဓလေ့ထုံးစံများ ကွာခြားပြီး ဗမာလူမျိုးတို့၏ ယဉ်ကျေးမှု ဓလေ့ထုံးစံများနှင့် နီးစပ်သည်။ ဒေသအတွင်းတွင် ချင်းပုံချင်းမရင်းချင်းလုံးပေါချင်းမင်းကျချင်း နှင့် တောင်သူချင်း ဟု မျိုးနွယ်စု (၅) စု နေထိုင်ကြသည်။ ချင်းမျိုးနွယ်စုအချင်းချင်းကြားတွင် ပြောဆိုကြသောစကားများကို နားလည်ကြသော်လည်း စကားချင်း မတူကြပေ။

ပညာရေး[ပြင်ဆင်ရန်]

စေတုတ္တရာမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း (၁)ကျောင်း၊ တွဲဖက်အခြေခံပညာအထက်တန်းကျောင်း (၂)ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း (၆)ကျောင်း၊ တွဲဖက်အခြေခံပညာအလယ်တန်းကျောင်း (၂)ကျောင်း အခြေခံပညာမူလတန်းကျောင်း (၉၀) ရှိပြီး စုစုပေါင်း (၉၇)ကျောင်း ဖြစ်သည်။ မြို့နယ်ပညာရေးဌာနသည် အခြေခံပညာဦးစီးဌာန(အထက်မြန်မာပြည်)၏ လက်အောက်တွင်ထားရှိပြီး မြို့နယ်ပညာရေးမှူးအဆင့်ဖြင့် စီမံအုပ်ချုပ်သည်။

အထက်တန်းကျောင်း[ပြင်ဆင်ရန်]

  • စေတုတ္တရာမြို့

တွဲဖက်အထက်တန်းကျောင်း[ပြင်ဆင်ရန်]

  • တန့်လည်ကျင်း
  • ဗူးကျေးရွာ
  • ဖအိုင်းကျေးရွာ

အလယ်တန်းကျောင်း[ပြင်ဆင်ရန်]

  • တန့်လည်ကျင်း
  • ဗူးကျေးရွာ
  • အုံးဝါး
  • ခွေးမလောင်(မန်းပလောင်)
  • ကြီးဝ
  • ဖအိုင်း

တွဲဖက်အလယ်တန်းကျောင်း[ပြင်ဆင်ရန်]

  • တပွင်
  • ချီ

မူလတန်းကျောင်း[ပြင်ဆင်ရန်]

မြို့နယ်အတွင်း အိမ်ခြေအလွန်နည်းပါးသော တောင်ပေါ်ရွာငယ်လေးများနှင့် ရွာချင်းလွန်စွာကပ်နေသော ရွာများမှအပ ကျေးရွာအများစုမှာ မူလတန်းကျောင်းများကို တစ်ရွာလျှင်တစ်ကျောင်း ဖွင့်လှစ်ထားရှိသည်။

ကျန်းမာရေး[ပြင်ဆင်ရန်]

စေတုတ္တရာမြို့ပေါ်တွင် (၂၅)ကုတင်ဆံ့ မြို့နယ်ပြည်သူ့ဆေးရုံ (၁)ရုံ၊ တပွင်ကျေးရွာတွင် တိုက်နယ်ပြည်သူ့ဆေးရုံ (၁) ရှိပါသည်။ မြို့နယ်အတွင်း ဒေသန္တရကျေးလက်ကျန်းမာရေးဌာန (၄) ခု ဖွင့်လှစ်ထားပြီး လက်ထောက်ကျန်းမာရေးမှူးများ ခန့်ထားကုသပေးသည်။ ထို့အပြင် ကျေးရွာအုပ်စုတစ်စုလျှင် သားဖွားဆရာမ တစ်ဦးကျစီ ခန့်ထားသည်။ မြို့နယ်သည် တောတောင်ထူထပ် ခြင်ပေါပြီး အဓိကဖြစ်ပွားသောရောဂါမှာ ငှက်ဖျားရောဂါဖြစ်သည်။

(၂၅)ကုတင်ဆံ့ပြည်သူ့ဆေးရုံ[ပြင်ဆင်ရန်]

  • စေတုတ္တရာမြို့

တိုက်နယ်ပြည်သူ့ဆေးရုံ[ပြင်ဆင်ရန်]

  • တပွင်

ဒေသန္တရကျေးလက်ကျန်းမာရေးဌာန[ပြင်ဆင်ရန်]

  • အုံးဝါး
  • ခွေးမလောင် (မန်းပလောင်)
  • ကြီးဝ
  • ဖအိုင်း

စိုက်ပျိုးရေးနှင့်မွေးမြူရေး[ပြင်ဆင်ရန်]

  • ချောင်းဝှမ်းဒေသများတွင် ရေသွင်း၍ စပါးစိုက်ပျိုးခြင်း
  • တောင်ပေါ်ဒေသများတွင် တောင်ယာစပါး၊ နှမ်း၊ ပြောင်းစိုက်ပျိုးခြင်း
  • မြေပဲ၊ ပဲတီစမ်း၊ ပဲနောက်၊ ပဲထောပတ်၊ ပဲကြီး၊ ကုလားပဲ၊ ပဲစဉ်းငုံ
  • ဥယျာဉ်ခြံမြေတွင် သရက်၊ ပိန္နဲ၊ မလာကာ၊ ဩဇာ
  • ဆောင်းကာလတွင် ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂေါ်ဖီထုပ်၊ ပန်းမုန်လာ၊ မုန်လာဥဖြူ
  • လယ်ယာစိုက်ပျိုးရေးတွင် အသုံးပြုရသော ကျွဲနွားများမွေးမြူခြင်း
  • ဆိတ်၊ ဝက်၊ ကြက် မွေးမြူခြင်း

လမ်းပန်းဆက်သွယ်ရေး[ပြင်ဆင်ရန်]

စေတုတ္တရာမြို့၏အရှေ့ဘက် စလင်းမြို့သို့ ၃၆ မိုင်ခန့် ကတ္တရာလမ်းဖောက်လုပ်ထားရှိပြီး ပဒါန်း-ငဖဲ-စေတုတ္တရာ-လောင်းရှည်-သီးကုန်း ခရိုင်ချင်းဆက်ကတ္တရာလမ်း(ကတ္တရာခင်းနေဆဲ) ပေါ်ပေါက်လာခြင်းကြောင့် ယခင် စေတုတ္တရာ-စလင်း-ပွင့်ဖြူ-မင်းဘူး-မကွေးမော်တော်ကားလိုင်းအပြင် ယခုအခါ စေတုတ္တရာ-ငဖဲ-ပဒါန်း-မင်းဘူး-မကွေး မော်တော်ကားလိုင်းလည်း ပြေးဆွဲလျှက်ရှိပါသည်။ လမ်းခင်းမှုပြီးစီးပါက မြို့၏မြောက်ဘက်ရှိ ဆောမြို့နယ်ထိ လမ်းပန်းဆက်သွယ်ရေးများပွင့်လင်းလာမည်ဖြစ်ပါသည်။

စီးပွားရေး[ပြင်ဆင်ရန်]

ဒေသတွင်းထွက်ရှိသော ဟင်းသီးဟင်းရွက်နှင့် ငါးတို့ကို ရောင်းချခြင်းမှတစ်ပါး အခြားထူးခြားသော စီးပွားရေးလုပ်ငန်းများ မရှိပါ။ သစ်ထုတ်လုပ်ခြင်းလုပ်ငန်းကို အစိုးရမှလုပ်ကိုင်ပြီး၊ ဝါးထုတ်လုပ်ခြင်းကို ရိုးမဝါးကုန်ထုတ်သမဝါယမအသင်းမှ ဆောင်ရွက်လျှက်ရှိသည်။

လက်မှုပညာများ[ပြင်ဆင်ရန်]

  • အိုးလုပ်ခြင်း
  • ဝါးနှီးဖျာရက်ခြင်း
  • ဝါးခမောက်ရက်ခြင်း
  • လွှာထရံရက်ခြင်း
  • တောင်းမျိုးစုံ
  • သက္ကယ်ရက်ခြင်း
  • ရိုးရာအိမ်ဆောက်ခြင်း
  • ရိုးရာသစ်လုံးထွင်လှေတည်ဆောက်ခြင်း
  • ယာယီသစ်ဝါးဆည်များတည်ဆောက်ခြင်း
  • ယာယီချောင်းကူးသစ်ဝါးတံတားများတည်ဆောက်ခြင်း

ထင်ရှားသောနေရာများ[ပြင်ဆင်ရန်]

  • စွန်တောင် (ခေါ်) ချွန်းတောင် (ရခိုင်ရိုးမတွင်အမြင့်ဆုံး)
  • ကန်တောင် (ပေ ၅၀၀၀ကျော်မြင့်သောတော်ထိပ်တွင် ရေကန်ကြီးရှိသည်။)
  • မိုးနတ်တောင် (အရည်အသွေးညံ့သော လက်ဝတ်ရတနာကျောက်များထွက်ရှိသည်။)
  • မုန်းတမံ (ရေအားလျှပ်စစ်ဓာတ်အား ၇၅ မဂ္ဂါဝပ်ထုတ်လုပ်သည်။)
  • စည်းကြက်တောင်စေတီတော် (ပုဂံခေတ်)
  • မြို့လယ်ဓမ္မာရုံဘုရားကြီး
  • အောင်စကြာသီရိစေတီ (ပုဂံခေတ်)
  • ဆုတောင်းပြည့်စေတီ (ပုဂံခေတ်)
  • ကျောက်ခမောက်ဘုရား
  • ရှင်မာလျစူဠာမဏိစေတီ (တပွင်ရွာ)
  • သံဆယ်မြောင်းဟောင်း
  • ပျက်စီးနေသောကိုယ်ထူကိုယ်ထလေယာဉ်ကွင်းဟောင်း

ထင်ရှားသောပုဂ္ဂိုလ်များ[ပြင်ဆင်ရန်]

အင်္ဂလိပ်နယ်ချဲ့တော်လှန်ရေးခေတ်တွင် ဗိုလ်ဥတ္တမ၏ တပည့်လက်ရုံးများဖြစ်သော ဗိုလ်ဗျိုင်းကြီး ဗိုလ်ဗျိုင်းကလေး တို့သည် စေတုတ္တရာနယ်တွင် အင်္ဂလိပ် စစ်တပ်အား တိုက်ခိုက်ခဲ့ကြသည်။ ထိုစဉ်က မျိုးချစ်တော်လှန်ရေးသမားများလက်ချက်ဖြင့် သေဆုံးခဲ့သော အင်္ဂလိပ်စစ်ဗိုလ် စစ်သားများ၏ အုတ်ဂူများကို ယနေ့တိုင် စေတုတ္တရာမြို့နှင့် ဖအိုင်းရွာတို့တွင် တွေ့နိုင်သည်။

ဝဏ္ဏကျော်ထင်ဦးလှမောင်း[ပြင်ဆင်ရန်]

ဦးလှမောင်းသည် လွတ်လပ်ရေးကြိုးပမ်းမှုကာလအတွင်း စေတုတ္တရာမြို့ပိုင်အဖြစ်အမှုထမ်းပြီး နယ်ချဲ့ဆန့်ကျင်ရေး နှင့် ဖက်ဆစ်ဆန့်ကျင်ရေးများကို ဦးဆောင်ခဲ့သည်။ နိုင်ငံတော်မှ ဝဏ္ဏကျော်ထင်ဘွဲ့တံဆိပ်ကို ချီးမြှင့်ခံခဲ့ရသည်။

သူရဦးစ[ပြင်ဆင်ရန်]

ဦးစသည် လွတ်လပ်ရေးကြိုးပမ်းမှုကာလအတွင်း နယ်ချဲ့ဆန့်ကျင်ရေး နှင့် ဖက်ဆစ်ဆန့်ကျင်ရေး တော်လှန်ရေးများကို ဦးဆောင်ခဲ့သည်။ လွတ်လပ်ပြီးနောက်တွင် မြို့နယ်ရဲမှူးအဆင့်ဖြင့် တာဝန် ထမ်းဆောင်စဉ် အလံနီကွန်မြူနစ်သူပုန် တိုက်တိုင်းအောင်ကျော်ကြီးအဖွဲ့က စလင်း-စေတုတ္တရာကြား ပေါင်းမကြီးချောက်တွင် ခြုံခိုတိုက်ခိုက်ခြင်း ခံရကာ ကျဆုံးခဲ့ရသည်။ နိုင်ငံတော်မှ သူရဘွဲ့တံဆိပ်ကို ချီးမြှင့်ခဲ့သည်။

ဦးလှအောင်[ပြင်ဆင်ရန်]

ဦးလှအောင်သည် ပါလီမန်ဒီမိုကရေစီခေတ်တွင် နိုင်ငံတော်ရှေ့နေချုပ် အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ယခုအခါ အငြိမ်းစား ဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း အတွဲ(၃)