နေတ္တိကျမ်း
တစ်စိတ်တစ်ပိုင်း ဖော်ပြချက် |
ဗုဒ္ဓဘာသာ |
---|
ဒေသနာဟာရစသော နည်း-ဥပဒေ-တို့ကို ပြကြောင်း-ပြရာ-ဖြစ်သော ကျမ်း။[၁]
အရှင်မဟာကစ္စည်းဟောသည့်ကျမ်း
[ပြင်ဆင်ရန်]ဤနေတ္တိကျမ်းကို မဟာသာဝက (အရှင်မဟာကစ္စာယန) ဟောအပ်၍ ဘုရားရှင် အနုမောဒနာပြုအပ်၏”ဟု ဘယ်သို့သိသနည်း ? ဟူမူ ပါဠိအားဖြင့်ပင် သိသည်၊ ထိုစကား မှန်၏၊ ပါဠိတော်ထက် သာ၍ ပမာဏမြောက်သော အခြားကျမ်းမည်သည် မရှိပေ၊ မဟာပဒေသ ၄-ပါးတို့နှင့် မဆန့်ကျင်သော အကြင်ပါဠိသည် ရှိ၏၊ ထိုပါဠိသည် ပမာဏမြောက် ပေသည်၊ မှန်၏၊ မကဲ့ရဲ့အပ်သော ဆရာစဉ် အဆက်ဆက်သည် ပေဋကောပဒေသကဲ့သို့ ဤနေတ္တိကျမ်းကို ဆောင်ခဲ့သည်၊
ယင်းသို့ဖြစ်လျှင် အဘယ့်ကြောင့် နေတ္တိကျမ်း၌ နိဒါန်းကို မဟောအပ်သနည်း ? သာဝကဘာသိတဖြစ်သော သုဘသုတ်, အနင်္ဂဏသုတ်, ကစ္စာယနသံယုတ် စသည်တို့၏ နိဒါန်းကို ဟောအပ်သည်မဟုတ်လော ? ဟူမူ ဤနိဒါန်းကိုဟောခြင်း မဟောခြင်းသည် ဧကန္တိက မဟုတ်ပေ၊ အကြောင်းကား သာဝကဘာသိတဖြစ်သော ပဋိသမ္ဘိဒါမဂ် နိဒ္ဒေသစသည်တို့၏လည်းကောင်း, ဗုဒ္ဓဘာသိတတို့တွင် ဓမ္မပဒ, ဗုဒ္ဓဝံသ စသည်တို့၏လည်းကောင်း, နိဒါန်းကို မဟောအပ်သောကြောင့် ဖြစ်ပေသည်၊ နိဒါန်းမပါသောကြောင့်လည်း ယင်းကျမ်းတို့ ပမာဏမမြောက် မဟုတ်ကြပေ၊ ထို့အတူပင် ဤနေတ္တိကျမ်း၌လည်း မှတ်အပ်၏၊ ... တနည်းလည်း- ပါဠိတော်၏အနက်ကို ဖွင့်ပြရာကျမ်းဖြစ်သောကြောင့် ဤနေတ္တိကျမ်း၏ နိဒါန်းကို သီးခြားဆိုဖွယ် မလိုတော့ပေ၊ ပဋိသမ္ဘိဒါမဂ်, နိဒ္ဒေသ စသည်တို့၏ နိဒါန်းကို ဆိုဖွယ်မလိုသကဲ့သို့တည်း၊ ဤသို့ မှတ်အပ်၏”။
၎င်းပြင် နေတ္တိကျမ်း၏အဆုံး၌ “ဧတ္တာဝတာ သမတ္တာ နေတ္တိ ယာ အာယသ္မတာ မဟာကစ္စာယနေန ဘာသိတာ ဘဂဝတာ အနုမောဒိတာ မူလသင်္ဂီတိယံ သင်္ဂီတာတိ”ဟု လာရှိသော နိဂုံး ဝါကျကို ထောက်လျှင် ဤနေတ္တိကျမ်းကို မူလ(ပထမ)သင်္ဂါယနာ၌ သင်္ဂါယနာတင်အပ်သည်ဟု မှတ်ယူဖွယ်ရှိပြန်သည်။
ယင်းသို့ပင် ပါဠိတော်နိဂုံးဝါကျနှင့် နေတ္တိအဋ္ဌကထာဆရာ အရှင်ဓမ္မပါလ မထေရ်တို့က ဆိုသော်လည်း နေတ္တိကျမ်းနှင့်ပတ်သက်၍ ဆင်ခြင်ဖွယ်အချက်များကား မရှိမဟုတ် ရှိကြသည်သာ။ နေတ္တိကျမ်းကဲ့သို့ ထင်ရှားသောကျမ်းကို မဟာသာဝက အရှင်မဟာကစ္စာယနမထေရ် ဟောသည် ဖြစ်ခဲ့လျှင် ထိုမထေရ်၏ အတ္ထုပ္ပတ္တိကို ပြဆိုသော ပမာဏအမြောက်ဆုံးဖြစ်သည့် အင်္ဂုတ္တိုရ် အဋ္ဌကထာ၌ ပြဆိုသင့်ပါလျက် ယင်းကို မပြဆိုခဲ့ခြင်း, ပထမသင်္ဂါယနာ၌ သင်္ဂါယနာတင်အပ် သည်မှန်လျှင် အရှင်မဟာဗုဒ္ဓဃောသထုတ်ပြသော ပထမသင်္ဂါယနာဝင်ကျမ်းများ၌ ပါဝင်သင့်ပါလျက် မပါဝင်ခဲ့ခြင်း အဋ္ဌသာလိနီအဋ္ဌကထာနိဒါန်းဝယ် ကထာဝတ္ထုကျမ်းကို သာဝကဘာသိတဖြစ်သော်လည်း ဘုရားဟောနှင့်တူစွာ လေးစားထိုက်သည်ကို ပြရာ၌ ဤနေတ္တိကျမ်းကို ဥဒါဟရုဏ် အဖြစ် ထုတ်ပြလိုက်ပါလျက် ဤကျမ်းကိုထုတ်မပြပဲ မဓုပိဏ္ဍိကသုတ်ကို ထုတ်ပြခဲ့ခြင်း[၂] စသည်တို့ကို ဆင်ခြင်ထောက်ထားလျှင် နေတ္တိကျမ်းကို[၃] မဟာသာဝက အရှင်မဟာကစ္စာယနမထေရ် ဟော၍ ဘုရားရှင် အနုမောဒနာပြုသည်ဟုလည်းကောင်း, ပထမသင်္ဂါယနာ၌ ယင်းကျမ်း ပါဝင်သည်ဟုလည်းကောင်း, အဋ္ဌကထာ ဆရာ အရှင်မဟာဗုဒ္ဓဃောသမထေရ် ယူဆဟန် မရှိပေ။
သို့ပင်ဖြစ်သော်လည်း နေတ္တိကျမ်းသည် အဋ္ဌကထာဆရာ အရှင်မဟာဗုဒ္ဓဃောသခေတ် မတိုင်မီက ပေါ်ရှိခဲ့သည်မှာကား ထင်ရှားပေသည်၊ အကြောင်းကား ပါရာဇိကဏ်အဋ္ဌကထာ ဝေရဉ္ဇကဏ္ဍဝယ် သာတ္ထံ, သဗျဉ္ဇနံ-ပုဒ်တို့ကိုဖွင့်ရာ၌[၄] နေတ္တိကျမ်းလာ အတ္ထပဒ ၆-ပါး, ဗျဉ္ဇနပဒ ၆-ပါးတို့ကိုလည်းကောင်း, မူလပဏ္ဏာသအဋ္ဌကထာ မူလပရိယာယသုတ် အဖွင့်(၃၂)၌ နေတ္တိကျမ်းလာ ဂါထာနှင့်တကွ လက္ခဏဟာရကိုလည်းကောင်း, ယူ၍ ဖွင့်ဆိုထားသည်ကို တွေ့ရသောကြောင့်တည်း။
ယင်းသို့ အရှင်မဟာဗုဒ္ဓဃောသခေတ် မတိုင်မီက ရှိခဲ့သော်လည်း နေတ္တိကျမ်းကို မဟာသာဝက အရှင်မဟာကစ္စာယနမထေရ် ဟော၍ ဘုရားရှင်က အနုမောဒနာပြုပြီး ပထမသင်္ဂါယနာ၌ သင်္ဂါယနာတင်ခဲ့သည်ဟူသော အယူအဆကို မည်သည့်အချိန်က ပေါ်ပေါက်ခဲ့သည်ဟု အတိအကျဖော်ပြရန်ကား မဖြစ်နိုင်ပေ၊ အရှင်မဟာဗုဒ္ဓဃောသခေတ်၏နောက် အရှင်ဓမ္မပါလမပေါ်မီ ခေတ်အတွင်း တချိန်ချိန်မှာ ထိုအယူအဆ ပေါ်ပေါက်လာသည်ဟုသာ မှတ်ယူအပ်ပေသည်။
“မူလသင်္ဂီတိယံ သင်္ဂီတာ” ဟူသော နေတ္တိကျမ်းလာ နိဂုံးစကားနှင့် နေတ္တိအဋ္ဌကထာ၌ ရှင်းပြချက်တို့ကို အရှင်မဟာဗုဒ္ဓဃောသ၏ မိန့်ဆိုချက်နှင့် ညီညွတ်စေရန် ဤသို့လည်း နှီးနှော၍ ယူဆကြသေး၏။ ယူဆပုံကား ... “အရှင်မဟာဗုဒ္ဓဃောသ၏ အဋ္ဌကထာတို့၌ သင်္ဂါယနာသုံးတန် စာရင်းဝင်ကျမ်းအဖြစ်ဖြင့် ဖော်ပြထားသော ၁၅-ကျမ်းတို့အနက် နိဒ္ဒေသကျမ်းကဲ့သို့ပင် ပါဠိတော်တို့၏ အဖွင့်ဖြစ်သောကြောင့် ဤနေတ္တိကျမ်းကို အသီးအခြား မပြတော့ပဲ နိဒ္ဒေသကျမ်းကိုသာ နိဒဿနနည်းဖြင့် ပြတော်မူခဲ့သည်။ သို့ဖြစ်၍ ဤနေတ္တိကျမ်းကိုလည်း နိဒ္ဒေသကျမ်းကဲ့သို့ပင် သင်္ဂါယနာသုံးတန်ဝင်ကျမ်းဟု မှတ်ယူရမည်”ဟူ၏။ ဤယူဆချက်ကို လက်ခံနိုင်လျှင်ကား အထူးစိစစ်ဖွယ် မရှိတော့ပြီ။
နေတ္တိအဋ္ဌကထာ
[ပြင်ဆင်ရန်]နေတ္တိပါဠိတော်အဖွင့်။ နေတ္တိပါဠိတော်၏ အနက်အဓိပ္ပါယ်ကို ဖွင့်ကြောင်းဖွင့်ရာ အဋ္ဌကထာ။ (ယင်းသည် A.D. ၅–ရာစု နောက်ပိုင်း သို့မဟုတ် A.D, ၆-ရာစုရှေ့ပိုင်း လောက်တွင် ပေါ်ထွန်းခဲ့သည့် ပဒရတိတ္ထ ဝိဟာရဝါသီ အရှင်ဓမ္မပါလထေရ်ရေးသားသော ကျမ်းဖြစ်သည်။ ဆဋ္ဌသံဂါယနာတင်မူ ၂၇၆-ရှိ၏၊ [၅]