မိုးခေါင်ကျော်စွာ

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်

မိုးခေါင်ကျော်စွာသည် မြန်မာ့မိရိုးဖလာကိုးကွယ်ယုံကြည်ကြသည့် နတ်တစ်ပါး ဖြစ်သည်။[၁]

သမိုင်းကြောင်း[ပြင်ဆင်ရန်]

မိုးခေါင်ကျော်စွာသည် ပုဂံမင်း နရသူလက်ထက်တွင် ပေါ်ပေါက်ခဲ့သည့် နတ်တစ်ပါး ဖြစ်သည်။ မိုးခေါင်ကျော်စွာ၏ လူ့ဘဝအမည်မှာ "ကျော်စွာ" ဖြစ်သည်။[၁]

ရှင်အဇ္ဇဂေါဏနှင့် ကျော်စွာ၊ သော်တာ[ပြင်ဆင်ရန်]

နရသူမင်းလက်ထက်တွင် ရှင်အဇ္ဇဂေါဏဟု ထင်ရှားလာမည့် ရှင်မထီးဟု ဘွဲ့ရှိသည့် ဆရာတော်သည် အဂ္ဂိရက်ပညာကို လေ့လာလိုက်စား၏။ ထိုအခါ ဘုရင်ဖြစ်သူ နရသူသည် အကျိုးကို မျှော်မှန်း၍ ရက်ရှည်လများ လှူဒါန်းပါသော်လည်း ဆရာတော်၏ ပြဒါးမှာ မအောင်မြင်ဘဲ ဖြစ်နေ၏။ တစ်ခုသောအချိန်တွင် မင်းကြီးသည် အမျက်တော်ဖြစ်၍ ရှင်မထီး၏ မျက်လုံးတို့ကို ဖောက်ပစ်ခဲ့လေသည်။

ဆရာတော်၏ ထွက်ရပ်ပေါက်ကိစ္စသည် ပျက်ဖန်များလာသဖြင့် ဒါယကာ၊ ဒါယကာမတို့၏ စည်းစိမ်တို့လည်း ယုတ်လျော့လာ၏။ ထိုအထဲတွင် နောက်ဆုံး၌ မောင်ကျော်စွာနှင့် မယ်သော်တာတို့ လင်မယားနှစ်ယောက်သည် ဆရာတော်အား ရှိသမျှ ပစ္စည်းများ လှူဒါန်းရာ သူရင်းငှားဘဝသို့ ရောက်သွားလေသည်။

နောင်အခါ ရှင်မထီး၏ ပြဒါးလုံးအောင်မြင်လာသည့်အခါတွင် ပုဂံပြည်တွင်လည်း ရှင်အဇ္ဇဂေါဏ ဟု ထင်ရှားခဲ့ပြီး ပုဂံပြည်ရှိ ဒကာ၊ ဒကာမတို့အား မစခဲ့သည်။ ထိုအချိန်တွင် ကျော်စွာနှင့် မယ်အောင်သာတို့ လင်မယားသည် မြို့နှင့် ဝေးကွာသည့်အရပ်တွင် ယာခင်းများ၌ အလုပ်လုပ်ကိုင်နေသဖြင့် ဆရာတော်နှင့် မတွေ့လိုက်ရပေ။ ဆရာတော်သည် မိမိ၏ အလုပ်ကို ဆက်လက်ကာ ကြိုးစားလုပ်ကိုင်ရန် ထွက်တော့မည်ဖြစ်ပြီး ပုပ္ပါးတောင်ဘက်သို့ ကြွသွားလေသည်။ ကြွသွားချိန်တွင် နရသူအား စိတ်နာသဖြင့် အကြောင်းမကြားခဲ့ပေ။[၁]

နရသူ၏ အငြိုး[ပြင်ဆင်ရန်]

ဤသို့ဖြင့် ကျော်စွာနှင့် သော်တာတို့သည် ဆရာတော်ထံသို့ ရောက်ရှိလာသည့် အချိန်တွင် ဆရာတော်သည် များစွာသော ရွှေငွေရတနာတို့ကို ပေးလေသည်။ ထို့အတွက်ကြောင့် ကျော်စွာတို့ ဇနီးမောင်နှံသည် နောက်ဆုံးမစခြင်း ခံခဲ့ရသည့် သူများဖြစ်ပြီး နောက်ဆုံး အချမ်းသာဆုံအဖြစ် ကျော်ကြားသည်။

ဆရာတော်သည် ဖိုဝင်ရန် အချိန်ရောက်လာသည့်အခါ ကျော်စွာအား တပည့်အဖြစ်နှင့် စောင့်ရှောက်ရန် ခေါ်လေသည်။ ထိုအခါ ကျော်စွာသည် ဇနီးဖြစ်သူ မယ်သော်တာနှင့် သားဖြစ်သူ ဝံသာကို စိတ်မချသဖြင့် မလိုက်နိုင်ကြောင်း ငြင်းပယ်ခဲ့သည်။ ထိုအခါ ဆရာတော်သည် ဘာမျှ မပြောဘဲ သော်တာရှိသည့် ယာခင်းသို့ လိုက်သွားကာ သော်တာကို တပည့်အဖြစ် ခေါ်လေသည်။

ထိုအခါ သော်တာသည် ဝမ်းပန်းတသာ ဆရာတော်၏ တပည့်အဖြစ် လိုက်သွားခဲ့သည်။ နဂိုကတည်းကပင် ဆရာတော်အပေါ် အငြိုးထားသည့် နရသူသည် ကျော်စွာနှင့် သားဖြစ်သူတို့ကို ခေါ်ယူစစ်ဆေးလေသည်။ ထိုအခါ လက်လွန်ခြေလွန်ဖြစ်ပြီး သားအဖနှစ်ဦးစလုံး သေဆုံးခဲ့သည်။

သော်တာသည် ဆရာတော်ဖိုဝင်သည်ကို စောင့်ရှောက်တော်မူပြီး ဝိဇ္ဇာဖြစ်သွားသည်ဟု ဆိုကြသည်။ သော်တာ၏ မိခင်ဖြစ်သူမှာ မိမိ၏ ခင်ပွန်းနှင့်သား ဖြစ်သူ သေဆုံးသည်ကို ကြားသိရသည့်အခါတွင် သောကပရိဒေဝတောက်လောင်ကာ ပုပ္ပါးတောင်တွင် ရသေ့မပြုခဲ့သည်။

ကျော်စွာမှာမူ နတ်ဖြစ်သွားခဲ့သည်။[၁]

ကိုးကွယ်ယုံကြည်ခြင်း[ပြင်ဆင်ရန်]

နတ်ဖြစ်သွားသည့်အခါ ကျော်စွာသည် မင်းနှင့်တကွ မှူးမတ်တို့ကို နာကြည်း၏။ ထိုအတွက်ကြောင့် ပုပ္ပါးတောင်စွန်းမှနေကာ ပယ်လယ်မှ တက်လာသည့် တိမ်လိပ်မိုးသားတို့ကို ဖယ်ရှားပစ်လေသည်။ ဤသို့ဖြင့် ပုဂံပြည်တွင် မိုးခေါင်လေသည်။ ထိုအခါ မင်းနှင့်တကွ ပြည်သူပြည်သားတို့သည် နကန္နားပွဲကျင်းပကာ ၃၇ မင်းနတ်တို့အား မေးမြန်းသည့်အခါတွင် မိမိတို့ထက် တန်ခိုးကြီးသော ကျော်စွာပြုလုပ်သဖြင့် မိုးခေါင်ကြောင်း ပြောလေသည်။ ထိုအခါမှ နရသူသည် မိမိမှားယွင်းကြောင်း ဝန်ချတောင်းပန်လေသည်။ ကျော်စွာသည် နရသူ လွန်သည့်အကြောင်းကို ပြည်သူတို့သိစေရန် လွန်ကြိုးကို တစ်ဖက်တစ်ချက်စီ ဆွဲကြ၍ မိမိမှာမူ လွန်ခေါင်းပေါ်၌ ထိုင်ရမှ ကျေနပ်နိုင်မည်ဟု ပြောလေသည်။ ဤသို့ဖြင့် ယခုတိုင် လွန်ဆွဲသည့်အခါတွင် လွန်ခေါင်းအပ်ပွဲ ပေးပြီးမှ လွန်ဆွဲကြသည်။

မိုးခေါင်လျှင် လွန်ဆွဲရသည်ကို အကြောင်းပြုကာ "မိုးခေါင်ကျော်စွာ" ဟု ထင်ရှားလာခဲ့သည်။ မိုးခေါင်ကျော်စွာနတ်သည် ၃၇ မင်းနတ်များထက် တန်ခိုးပိုကြီးလေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ ဦးထွေးဟန် (၁၉၉၁ ခုနှစ်၊ ဇူလိုင်လ၊ ၁၇ ရက်). မြန်မာ့မိရိုးဖလာဓလေ့ နတ်သမိုင်း. အမှတ် - ၅၊ တင့်ဆန်းလမ်း၊ ဗဟန်း၊ ရန်ကုန်မြို့: ရွှေပုရပိုက်စာပေ, ၁၉၃၊ ၁၉၄၊ ၁၉၅၊ ၁၉၆။