မာတိကာသို့ ခုန်သွားရန်

ရွှေပြည့် မြင်းဖြူရှင်

ဝီကီပီးဒီးယား မှ

ပုဂံခေတ် မင်းယဉ်နရသိင်္ခ (၅၃၃-၅၃၆) လက်ထက်တွင် မြင်စိုင်းဝက်ဝံအရပ်မှ ပြော့လူမျိုးများသည် တောတွင်းသို့ ထင်းခုတ်သွားရာမှ ဝါးလုံးကြီးတစ်ခုအတွင်းမှ ရုပ်ဆင်းအင်္ဂါလက္ခဏာနှင့် ပြည့်စုံသော သန္ဓေသူ မိန်းကလေးတစ်ယောက်ကို တွေ့ရ၏။ ပြော့လူမျိုးများသည် ယင်းမိန်းကလေးကို ပုဂံမင်း မင်းယဉ်နရသိင်္ခ အား ဆက်သကြရာ မင်းကြီးက နားပျက်ကျယ်သည်ဟု ဆိုကာ သူ၏ညီတော် အိမ်ရှေ့မင်းနရပတိစည်သူအား ပေးစေသည်။

မယ်တော်မိဖုရားကြီးကလည်း ယင်းမိန်းကလေးကို ဝေဠုဝတီဟု အမည်ပေးကာ ကြည့်ကောင်းအောင် ပြုပြင်ပြင်ဆင်ပေးခဲ့၏။ တစ်နေ့တွင် မယ်တော်မိဖုရားကြီး ချွေးမတော် ဝေဠုဝတီကို ခေါ်၍ နန်းတော်တွင်းသို့ ဝင်သွားသောအခါ မင်းယဉ်နရသိင်္ခသည် ယခင်ခေါ်လာစဉ်ကနှင့် မတူ တစ်မူထူးခြားလှပနေသော ခယ်မတော် ဝေဠုဝတီအပေါ် တပ်မက်စိတ်ဖြစ်ပေါ်လာလေသည်။ ထို့ကြောင့် ညီတော် နရပတေ့စည်သူအား ငဆောင်ချမ်းအရပ်၌ သူပုန်များ ထကြွသောင်းကျန်းနေ၍၊ ညီတော်ထွက်ပြီး နှိမ်နင်းရမည်။ဟု ဥပါယ်တံမျဉ်ဖြင့် စစ်ချီစေလေသည်။

သို့သော် ညီတော် နရပတိစည်သူက နောင်တော်၏ မရိုးသားမှုကို သံသယရှိတော်မူသဖြင့် ကျွန်ယုံ မြင်းခံငပြည့်အား သူ၏ မြင်းသူတော်ကို အပ်ခဲ့ပြီး ငါ၏ အိမ်တော်မှာ အမှုအခင်းကိစ္စထူး တစ်စုံတစ်ရာ ရှိလာပါက အလျင်အမြန် လိုက်ခဲ့ရမည်ဟု အမှာစကားထားပြီး စစ်ထွက်ခဲ့လေသည်။

သစ်ဆိမ့်သို့ရောက်သောအခါ ငဆောင်ချမ်းတွင် သူပုန်ထကြွခြင်း မရှိသဖြင့် နောင်တော် မင်းယဉ်နရသင်္ခ၏ မကောင်းကြံမှန်း သိရှိရကာ စစ်သည်ရဲမက်များအား သစ္စာပေးပြီး သွေးစည်းခဲ့သည်။ []

ဝေဠုဝတီကို နောင်တော်ဖြစ်သူ မင်းယဉ်မှ အခါမကူးဘဲ သိမ်း ပိုက်လိုက်ကြောင်းသိသိချင်း မြင်းခံငပြည့်လည်း သခင်ထားရစ်ခဲ့သော မြင်းသူတော် (မြင်းဖြူ) အား စီးပြီး နရပတိစည်သူအားသတင်းပေးရန် လိုက်ခဲ့သည်။ သို့သော် ညအချိန် အမြင်အာရုံဝေဝါးသော ငပြည့်သည် သစ်ဆိမ့်သို့မရောက်မီ တောင်ထိပ်မှကြည့်ရာ သဲချောင်းပေါ်နေသည်ကို တောင်ကျရေ ဆင်းသည်အထင်နှင့် တောင်ထိပ်တွင်ပင်တစ်ညတာ စခန်းချခဲ့သည်။ ဤတွင် မြင်းသူတော်က သခင်ဖြစ်သူ နရသီဟပတေ့ ၏ အနံ့ကိုရ၍ "ဟီ" လေရာ နရသီဟပတေ့ကြားပြီး ကျွန်ယုံတော် ငပြည့်အား မျှော်လင့်ခဲ့လေသည်။ သို့သော် ငပြည့်မှာ နောက်တစ်နေ့ နေအတန်မြင့်သောအခါတွင်မှ သခင် နရပတိစည်သူထံ အခစားဝင်ပြီး ဖြစ်ကြောင်းကုန်စင် လျှောက်တင် သော်လည်း သတင်းပေးနောက်ကျသည့်အတွက် အမျက်ထွက်ပြီး ငပြည့်အား ကွပ်မျက်စေသည်။ သို့သော် အချို့ရာဇဝင် များက တာဝန်ပျက်ကွက်သည့်အတွက် မြင်းခံ ငပြည့်ကိုယ်တိုင် မြင်းစီး၍ ချောက်ထဲသို့ ခုန်ချသဖြင့် မြင်းဖြူရှင် နတ် ဖြစ်သွားသည်ဟု ယုံကြည်ကြလေသည်။


ကိုးကား

[ပြင်ဆင်ရန်]
  1. အောင်ခင်စိုး ရေး နတ်နှင့်လူ ဆက်ဆံရေးနည်းများ၊ ၂၀၀၁-ခုနှစ်၊ ပထမအကြိမ်၊ စာ-၇၆

၂. တင်နိုင်တိုး ပုဂံမင်းဆက်ရာဇဝင်သစ် ၃. တက္ကသိုလ် စိန်တင် ပုဂံရှာပုံတော် ၂