နံကရိုင်းမယ်တော်

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

နံကရိုင်းမယ်တော်သည် မြန်မာ့မိရိုးဖလာကိုးကွယ်ယုံကြည်သည့် နတ်တစ်ပါး ဖြစ်သည်။ မွန်လူမျိုးတို့၏ ရိုးရာနတ်တစ်ပါး ဖြစ်သည်။[၁]

သမိုင်း[ပြင်ဆင်ရန်]

နံကရိုင်းမယ်တော်၏ သမိုင်းကို နှစ်မျိုးတွေ့ရသည်။ ဇာတ်သည်သဘင်သည်များ ကပြကြသည့် သမိုင်းနှင့် မွန်ရာဇဝင်နှင့် စေတီပေါင်းချုပ်လာ သမိုင်းတို့ ဖြစ်သည်။[၁]

ဇာတ်သဘင်လာ သမိုင်း[ပြင်ဆင်ရန်]

သက္ကရာဇ် ၁၈၇ တွင် ဟံသာဝတီတွင် သမလမင်းကြီး စိုးစံလျက်ရှိ၏။ ထိုမင်းသည် ဝိမလဟု အမည်ရှိသည့် ညီတော်ကို အိမ်ရှေ့မင်းအဖြစ်နှင့် မြှောက်စားထား၏။ ထို့နောက်တွင် ညီတော်အား တက္ကသိုလ်ပြည်သို့ သွား၍ ပညာသင်ကြားရန်၊ ပညာသင်ကြားပြီး ပြန်လာပါက ကြီးစွာ မြှောက်စားမည်ဟု ကတိပေးလေသည်။ ညီဖြစ်သူ အိမ်ရှေ့မင်းလည်း ပညာသင်ရန် သွားလေသည်။

သမလမင်းကြီးသည် ရွှေဖရုံပွင့်ထဲတွင် သန္ဓေရှိသည် ဆိုသည့် မင်းသမီးကို “ရွှေဖရုံမယ်” ဟူသည့် ဘွဲ့ဖြင့် မိဖုရားကြီးအရာထားကာ သိမ်းပိုက်ခဲ့သည်။ မင်းကြီးသည် ပညာတော်သင်သွားသည့် ညီတော်ကို ကာလကြာရှည် မေ့လျော့နေ၏။

ညီတော်ဖြစ်သူသည် ပညာသင်ကြားပြီးနောက် တိုင်းပြည်သို့ ပြန်လာသည့်အခါ အစ်ကိုဖြစ်သူသည် သူ၏ ကတိကို မတည်ပဲ လျစ်လျူပြုလျက်ရှိလေသည်။ ထိုအခါ ညီဖြစ်သူသည် အမျက်ထွက်ကာ သမလမင်းကို လုပ်ကြံ၍ ထီးနန်းကို သိမ်းပိုက်လေသည်။

ထိုအခါတွင် ရွှေဖရုံမယ်သည် သားငယ်တစ်ယောက်ကို ဖွားမြင်လေသည်။ ထိုအခါ သားတော်ကလေးကို သတ်ဖြတ်စေဟု ဝိမလသည် မိန့်တော်မူရာ ရွှေဖရုံမယ်သည် ကလေးကို ယူဆောင်ကာ ကျွဲကျောင်းရာအရပ်နှင့်နီးသည့် တောစပ်တွင် ဖုံးကွယ်ကာ ဝှက်ထားခဲ့သည်။

ထိုအချိန်တွင်ပင် ကွယ်လွန်သွားရှာပြီဖြစ်သည့် သမလမင်းကြီးသည် ရုက္ခစိုးနတ် ဖြစ်နေ၏။ ထိုအခါ စွန့်ထားခြင်း ခံထားရသည့် သားတော်ကလေးကို ပြုစုစောင့်ရှောက်ခဲ့သည်။ ကလေးအား “နံကရိုင်း” ဟုအမည်ရှိသည့် ကျွဲမအား နို့တိုက်ကျွေးမွေးစေ၏။ ဤသို့ဖြင့် ကလေးသည် ကြီးပြင်းလာခဲ့သည်။

တစ်ခုသောအချိန်တွင် မွန်တို့ အလိုမရှိသဖြင့် နှင့်ထုတ်ခဲ့သည့် ဟိန္ဒူလူမျိုးတို့သည် အရပ်ခုနစ်တောင်ရှည်သည့် လန်ဗားအမည်ရှိသည့် ကုလားကြီးကို တပ်မှူးပြုလုပ်ကို ဟံသာဝတီကို တိုက်ခိုက်ဖျက်ဆီးမည့် အရေးသည် ပေါ်လာ၏။ ထိုအခါ ဝိမလမင်းကြီးသည် ကုလားတို့ကို တိုက်ခိုက်နိုင်မည့် စစ်သူရဲကောင်းကို ရှာဖွေစေ၏။ ထိုသို့တိုင် ရှာဖွေသော်လည်း မတွေ့ဘဲ ဖြစ်နေ၏။

တစ်ခုသောအချိန်တွင် မုဆိုးတစ်ယောက်သည် အမဲရှာထွက်ရင်း ကျွဲအုပ်အလယ်တွင် ရဲစွမ်းသတ္တိရှိသည့် လူငယ်တစ်ယောက်ကို တွေ့ရကြောင်း ဇနီးသည် ဖြစ်သူကို ပြော၏။ ထိုဇနီးမှတစ်ဆင့် မင်းကြီးသည် ကြားသိရကာ ထိုလူစွမ်းကောင်းလူငယ်ကို ရှေ့တော်သို့ ခေါ်စေ၏။

ရှေ့တော်သို့ ရောက်သည့်အခါ ရုက္ခစိုးသမလမင်းကြီးသည် ညီတော်ဖြစ်သူကို ကိုယ်ထင်ပြကာ ဤလူစွမ်းကောင်းသည် မိမိ၏ သားတော်ဖြစ်ကြောင်း ပြောလေ၏။ ထိုအခါ ဝိမလမင်းကြီးသည် သူ၏တူတော်အား ရန်သူအပေါင်းကို အောင်နိုင်ရန် အစွဲပြုကာ “အဿကုမ္မာ” ဟု အမည်ကို ပေးကာ ချီးမြှင့်မြှောက်စားတော်မူ၏။ ဝိမလမင်းသည်လည်း တူဖြစ်သူကို မိမိ၏ အမှားအား ဝန်ချတောင်းပန်၏။

ဤသို့ဖြင့် အဿကုမ္မာမင်းသားလေးသည် လန်ဗားကုလားတို့ကို မတိုက်ခိုက်မီ ၇ ရက်အချိန်ပေးရန် ပြောဆိုပြီး မိခင်ကဲ့သို့ ကျေးဇူးရှိသည့် “နံကရိုင်း” ကျွဲမကြီးထံမှ ခွင့်ပြုချက် ရယူခဲ့သည်။ နံကရိုင်းကျွဲမကြီးက ခွင့်ပြုပေးခဲ့သည်။ ထို့အပြင် လန်ဗားကုလားတို့ကို တိုက်ခိုက်အောင်မြင်နိုင်မည့် နည်းလမ်းကို သင်ကြားပြသပေးလေသည်။

ဤသို့ဖြင့် အဿကုမ္မာသည် လမ်းခရီး၌ မြစ်တစ်ခုကို ဖြတ်ကူးမည်အပြုတွင် ဒီရေတို့သည် တက်လာ၏။ ထိုအခါ အဿကုမ္မာသည် တက်လာသော ဒီရေတို့ကို တက်မလာနိုင်စေရန် တားမြစ်လိုက်၏။ ထိုအခါ မေခလာ နတ်သမီးသည် ဒီရေကို တားမြစ်ရပါမည်လောဟု အပြစ်ဆိုလေသည်။

ထို့နောက်တွင် အဿကုမ္မာနှင့် နတ်သမီးတို့သည် လောင်းစားပြုကာ တန်ခိုးပြိုင်ကြလေသည်။ မင်းသားလေးသည် တစ်မောင်းအတွင်း တဒရယ်ကျောပြောင် အမြီးတစ်ထောင်ကို ဖြတ်ပေးရမည်။ နတ်သမီးသည် ချည်ခင်တစ်ထောင်ကို ရှာပေးရမည် ဖြစ်သည်။ ဤသို့ ဖြင့် အချိန်တစ်မောင်းအတွင်းတွင်အဿကုမ္မာသည် အမြီးတစ်ထောင်ကို ရှာဖွေဖြတ်ယူလာခဲ့သည်။ နတ်သမီးသည်လည်း ချည်ခင်တစ်ထောင်ကို ဖန်ဆင်းခဲ့သည်။ သို့သော်လည်း နတ်သမီးသည် ဒရယ်ကျောပြောင် အမြီးတစ်ချောင်းကို သူ၏ ခါးကြားအနောက်တွင် ညှပ်ကာ ဝှက်ထားခဲ့သည်။ ထို့နောက် အဿကုမ္မာအား အမြီးတစ်ချောင်းလိုနေသဖြင့် မင်းသားအသင်ရှုံးပြီဟု ဆိုလေသည်။ အဿကုမ္မလည်း အရှုံးပေးလေသည်။

နတ်သမီးသည် “အသင်တောတွင်းသား မင်္ဂလာဆောင်သောနေ့မှာ ဇမ္ဗူရာဇ်ရွှေစင်ကိန်းအောင်းနေသည် ကျွဲခေါင်းကို ဖြတ်ကာ ကျွန်ုပ်ကို တင်မြှောက်ရမည်” ဟု ဆို၏။ မင်းသားသည် ပြိုင်ပွဲတွင် ရှုံး၍ ကတိအတိုင်း ပြုပါမည်ဟု ဝန်ခံခဲ့သည်။

ထို့နောက်တွင် အဿကုမ္မာသည် ဟံသာဝတီသို့ ပြန်လာပြီး လန်ဗားကုလားတို့နှင့် တိုက်ခိုက်ကာ အောင်မြင်ခဲ့သည်။ ထို့အတွက်ကြောင့် ဝိမလမင်းကြီးသည် သမီးတော် စောစန္ဒာနှင့် လက်ထပ်ပေးခဲ့ကာ အိမ်ရှေ့အရာ အပ်နှင်းခဲ့သည်။ လက်ထပ်သောနေ့တွင် နတ်သမီးကို ပေးထားသည့်ကတိအတိုင်း ဇမ္ဗူရာဇ်ရွှေစင်ကိန်းသည့် ကျွဲခေါင်းကို ဖြတ်ရန် ရှာဖွေလေသည်။ ထိုအခါ နံကရိုင်းကျွဲမကြီး၏ ချိုတွင် ဇမ္ဗူရာဇ်ရွှေစင်ကိန်းနေသည်ကို တွေ့ကြရလေသည်။

ကျွဲမကြီးက မိမိခေါင်းကို ဖြတ်၍ နတ်တင်ရန် မင်းသားအား ပြောသော်လည်း မင်းသားသည် မိမိ၏ ကျေးဇူးရှင်ခေါင်းကို မဖြတ်လိုပေ။ ထိုအခါ ကျွဲမကြီးသည် မိမိ၏ လည်ပင်းအပေါ်ဓားတင်လိုက်ရန် ပြော၍ ဓားတင်လိုက်ရာ ကျွဲမကြီးက သစ္စာပြုသဖြင့် ခေါင်းပြတ်သွားလေသည်။ ထို့နောက်တွင် ထိုနံကရိုင်းကျွဲမကြီး၏ ခေါင်းပြတ်ကြီးဖြင့် မေခလာနတ်သမီးကို ဆက်သလေသည်။

ထိုသို့ အဿကုမ္မာသည် မိခင်သဖွယ်ကျေးဇူးကြီးသည့် နံကရိုင်းကျွဲမကြီးကို သတ်ဖြတ်သည့် ကြီးလေးသည့် ကံကို ပြေပျောက်စေရန် ကျွဲခေါင်းကို ဖြတ်ကာ နံကရိုင်းကျွဲမကြီးကို တင်မြှောက်ပသကြသည်။ ထိုအခါမှ စတင်ကာ မွန်လူမျိုးတို့၏ ရိုးရာနတ်ဖြစ်လာ၍ အစဉ်အလာဖြစ်လာကာ ကျွဲခေါင်းဖြတ်၍ နတ်တင်မြှောက်လာကြသည်။ ကာလရွေ့လျားလာသည့်အခါတွင် ငါး၊ ငါးရံ့ စသည်တို့ကို နဖားထိုးကာ တင်မြှောက်လာကြသည်။[၁]

မွန်ရာဇဝင်လာသမိုင်း[ပြင်ဆင်ရန်]

သမလမင်းကြီးသည် ဟံသာဝတီထီးနန်းကို စိုးစံလျက် ညီဖြစ်သူ ဝိမလမင်းသားကို အိမ်ရှေ့အရာ ပေးသနားထား၏။ သမလမင်းသည် ဘူး၊ ဖရုံ၊ တောင်ယာပဲခင်းလုပ်ကိုင်စားသောက်သည့် မဲအိုးလောင်း၏ သမီးဖြစ်သူကို မိဖုရားတင်မြှောက်ရန် မှူးမတ်တို့ကို သွားရောက်ဆောင်ကြည်းခိုင်း၏။ ထိုအခါ အမျိုးသမီးလေးသည် ကြောက်ရွံ့သဖြင့် ရွှေဖရုံခြမ်းထဲသို့ ဝင်ရောက်ပုန်းအောင်းနေ၏။ သို့သော်လည်း မှူးမတ်တို့သည် အမျိုးသမီးလေးကို နန်းတော်သို့ ခေါ်ဆောင်သွားခဲ့ပြီး မင်းကြီးသည် မိဖုရားတင်မြှောက်ခဲ့သည်။

ဘွဲ့တော်ကိုလည်း မွန်ဘာသဖြင့် "ကပိုထော်" ဟု ပေးခဲ့သည်။ မြန်မာဘာသာဖြင့် "ရွှေဖရုံမယ်" ဟု အဓိပ္ပာယ်ရသည်။ (မွန်ရာဇဝင်တစ်စောင်တွင်မူ မိဖုရားကို ရွှေဖရုံမယ်ဖြစ်၍ "ထော်ပွီမန်ဖွိုင်း" ဟု ခေါ်သည်။) မိဖုရားကြီးသည် သားတော်တစ်ပါး ဖွားမြင်ပြီးသည့်အခါတွင် ညီဖြစ်သူ ဝိမလမင်းသားသည် အစ်ကိုဖြစ်သူကို လုပ်ကြံကာ ထီးနန်းကို သိမ်းပိုက်ခဲ့သည်။ ထို့နောက်တွင် မိဖုရားကြီး မွေးဖွားပြီး မိမိနှင့် တူတော်စပ်သည့် ကလေးငယ်ကိုလည်း ဟံသာဝတီနှင့် သထုံပြည်နယ်ခြားရှိ "ကွမ်အပ်သာ" တောအရပ်တွင် သွားရောက်လွှင့်ပစ်စေခဲ့သည်။

ကလေးငယ်ကို တောင်ယာလုပ်ကိုင်စားသောက်သည့် တလိုင်းကရင်အမျိုးသမီး မုဆိုးမတစ်ဦးဖြစ်သည့် "မိနံကရိုင်း" သည် ကျွဲကျောင်းထွက်လာရင်းတွေ့သဖြင့် ကောက်ယူမွေးစားခဲ့သည်။ ကလေးငယ်အား ကွမ်အပ်သာ တောစပ်မှ ရခဲ့သည်ကို အမှတ်တရ ဖြစ်စေရန် "အမ်သာ" ဟု အမည်ပေးခဲ့သည်။ "ကွမ်သာ" မှာ မွန်ဘာသာဖြင့် နယ်ခြားမင်းသားဟု အဓိပ္ပာယ်ရသည်။ ထို့ကြောင့် "နယ်ခြားမင်းသား" ဟု ခေါ်ခဲ့ရာမှ ကာလရွေ့လျားလာသည့်အခါတွင် "အသားမင်းသား" ဖြစ်လာခဲ့သည်။

မိနံကရိုင်းသည် ကျွဲနွားများမွေးမြူကာ လယ်ယာလုပ်ငန်းဖြင့် အသက်မွေးဝမ်းကြောင်း ပြုသူဖြစ်၏။ မိနံကရိုင်းသည် အသားမင်းသားအား သူ၏ ကျွဲခြံအတွင်းရှိ နို့စားကျွဲမများထံမှ နို့ညှစ်ကာ တိုက်ကျွေးပြီး ပြုစုခဲ့သည်။ ဤသို့ဖြင့် အသားမင်းသားလေးမသည် ကြီးပြင်းလာသည့်အခါ ရန်သူတို့ကို ခုခံကာကွယ်တိုက်ခိုက်နိုင်စေရန်နှင့် ဇနီးကောင်းကောင်းရစေရန် မိနံကရိုင်း၏ ဖခင်ကြီးသည် လက်ဝှေ့ပညာကို သင်ကြားပေးခဲ့သည်။

တစ်နေ့သောအခါတွင် အသားမင်းသားလေးသည် မိနံကရိုင်း၏ ကျွဲများကို ကျောင်းနေစဉ် ဟံသာဝတီပြည်မှ အမဲပစ်ရန်လာသည့် မုဆိုးတစ်ဦးနှင့် တွေ့ဆုံမိကြပြီး ခင်မင်သွားကြသည်။

တစ်ခုသောအခါတွင် ဟံသာဝတီပြည်အား ဟိန္ဒူလူမျိုးတို့သည် တိုက်ခိုက်သိမ်းပိုက်မည့် အရေးသည် ပေါ်လာ၏။ ထိုလူမျိုးတို့သည် ဟံသာဝတီပြည်သို့ မွန်လူမျိုးတို့က နှင်ထုတ်လိုက်သည့်သူများ ဖြစ်ကြ၏။ ထိုလူမျိုးအုပ်စုတွင် အရပ်ခုနစ်တောင်ရှိပြီး အမည်မှာ “လန်ဗား” ဟု အမည်ရသည့် ကုလားကြီးသည် တပ်မှူးပြုကာ သင်္ဘောခုနစ်စင်းဖြင့် ရောက်ရှိလာကာ တိုက်ခိုက်သိမ်ပိုက်မည့်အကြောင်း သဝဏ်လွှာပေးပို့လေ၏။

ထိုအခါ ဝိမလလင်းကြီးသည် လန်ဗားနှင့် ယှဉ်ပြိုင်တိုက်ခိုက်နိုင်မည့် သူရဲကောင်းတွင် တိုင်းပြည်တွင်း လှည့်လှည်ရှာဖွေစေခဲ့သည်။ ထိုအခါ မုဆိုးနှင့် မင်းချင်းတို့သည် တွေ့ကြပြီးနောက် မုဆိုးသည် မင်းကြီးအား အသားမင်းသားအကြောင်းကို ပြောပြလေသည်။

ထိုအခါ မင်းကြီးသည် အသားမင်းသားအား တမန်များ လွှတ်ကာ သွားရောက်ခေါ်ဆောင်ခဲ့သည်။ ထို့နောက်တွင် လန်ဗားကို နိုင်အောင်တိုက်ခိုက်နိုင်ပါက သမီးတော်နှင့် လက်ထပ်ပေးမည်ဟု ဆို၏။ ထိုအခါ အသားမင်းသားသည် ခုနစ်ရက်မျှ ဆိုင်းပေးရန် ပြောဆိုပြီးနောက် မိနံကရိုင်းထံသို့ ပြန်လာခဲ့သည်။

မိနံကရိုင်းသည် တိုက်ခိုက်မည်ကို ခွင့်ပြုပြီးနောက် ဘယ်နည်းဘယ်ပုံတိုက်ခိုက်ရမည်ကို သင်ကြားပြသပေး၏။ တိုက်ခိုက်နေစဉ် “ဟေ့ လန်ဗား၊ နောက်ကအမိုးလာပြီဟု အော်ပါ၊ လန်ဗားက လှည့်ကြည့်ပါက လှံနဲ့ထိုးပါ” ဟု သင်ကြားပြသပေးလေသည်။

ထို့နောက်တွင် အသားမင်းသားသည် ပြန်လာခဲ့သည်။ ထိုအခါ လမ်းခုလပ်ရှိ မြစ်တစ်ခုသည် ရေတက်လျက်ရှိသည်။ ထို့နောက်တွင် အသားမင်းသားနှင့် ဒီရေစောင့်နတ်သမီးတို့ တွေ့ကြပြီး တန်ခိုးပြိုင်ကြသည်။

တစ်မောင်းသောအချိန်အတွင်း ဒရယ်ကျောပြောင် အမြီးတစ်ထောင်ကို ရအောင်ရှာရန် ပြိုင်ဆိုင်ကြသည်။ ထိုပြိုင်ပွဲတွင် မင်းသားယူဆောင်လာခဲ့သည့် အမြီးတစ်ချောင်းကို နတ်သမီးသည် ဝှက်ထားသဖြင့် မင်းသားဘက်က တစ်ထောင်မပြည့်ဘဲ အရှုံးပေးရလေသည်။ ပြိုင်ပွဲတွင် “နိုင်တဲ့သူက ခိုင်းတဲ့အတိုင်း လုပ်ပါ့မည်” ဟု ထားခဲ့သည့် ကတိအတိုင်း နတ်သမီးက “အသင်နှင့်တကွ အသင်တို့လူမျိုးတို့ မင်္ဂလာဆောင်ကြသည့်အခါတွင် ကျွဲခေါင်းကို ဖြတ်ကာ ကျွန်ုပ်ကို တင်မြှောက်ရမည်”ဟု ခိုင်းလေသည်။

ဤသို့ဖြင့် အသားမင်းသားသည် ဟံသာဝတီသို့ ရောက်ရှိခဲ့၏။ ထို့နောက်တွင် မိနံကရိုင်းသင်ပေးသည့် နည်းလမ်းအတိုင်း လန်ဗားနှင့် တိုက်ခိုက်ရာ အနိုင်ရခဲ့သည်။ ထိုအခါ မင်းကြီးသည် သမီးဖြစ်သူနှင့် လက်ထပ်ပေးလေသည်။ မင်းသားသည် နတ်သမီးကို ပေးခဲ့သည့်ကတိအတိုင်း မိနံကရိုင်းထံသို့ ပြန်လာကာ ကျွဲခေါင်းကို ခွင့်တောင်းကာ ဖြတ်ခဲ့ပြီး တင်မြှောက်ပသခဲ့ပြီး နံကရိုင်းကျွဲနတ်ဟု ခေါ်ခဲ့သည်။

ထိုအကြောင်းကို မင်းကြီးက မေးမြန်းရာမှ မိမိ၏ တူတော်စပ်သူ ဖြစ်ကြောင်း သိခဲ့သည်။ ထို့နောက်တွင် မင်းကြီးသည် မင်းသားအား မိမိ၏ အပြစ်အတွက် တောင်းပန်လေသည်။

ထို့နောက်တွင် အသားမင်းသားအား “အသကုမ္မာ”ဟူသည့် ဘွဲ့ကို ပေးကာ ထီးနန်းကို လွှဲပေးခဲ့သည်။ အသားမင်းသား ထီးနန်းစံမြန်းပြီးနောက် ၎င်းကို သတိရနေစေရန် ကွမ်အပ်သာ တောစပ်တွင် “ကျိုက်အပ်သာ” ဟူသည့် ဘွဲ့နှင့် ဘုရားတစ်ဆူ တည်ခဲ့သည်။ ကာလကြာရှည်လာသည့်အခါတွင် ကျိုက်ကသာဟု ပြောင်းလဲခေါ်ဆိုလာကြသည်။ ထိုဘုရားသည် ယခုထက်တိုင် တည်ရှိသည်။

အသားမင်းသားသည် ကျွဲခေါင်းနှင့် ပူဇော်ပသရာမှ ရိုးရာအစဉ်အလာ ဖြစ်လာပြီး နောင်ကြာသည့်အခါတွင် ငါး၊ ငါးရံ့တို့ဖြင့် တင်မြှောက်ပူဇော်ပသလာကြသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ဦးထွေးဟန် (၁၉၉၁ ခုနှစ်၊ ဇူလိုင်လ၊ ၁၇ ရက်). မြန်မာ့မိရိုးဖလာဓလေ့ နတ်သမိုင်း. အမှတ် - ၅၊ တင့်ဆန်းလမ်း၊ ဗဟန်း၊ ရန်ကုန်မြို့: ရွှေပုရပိုက်စာပေ, ၁၈၂၊ ၁၈၃၊ ၁၈၄၊ ၁၈၅၊ ၁၈၆၊ ၁၈၇၊ ၁၈၈။