မာတိကာသို့ ခုန်သွားရန်

အောင်နိုင်နတ်

ဝီကီပီးဒီးယား မှ

အောင်နိုင်နတ်ကို လယ်သမား၊ ယာသမား၊ ကိုင်းသမား၊ ကျွဲနွားမွေးသူများ၊ ငှားသူများ၊ လှည်းနွားနှင့် အသက်မွေးသော လှည်းသမားများ၊ နွားကျောင်းသား၊ ကျွဲကျောင်းသား စသူတို့က အထူးယုံကြည် ကိုးကွယ်ကြသည်။

နန်ကရိုင်းမယ်တော်ကို ကိုးကွယ်ကြသူများကလည်း မယ်တော်၏ လက်ဝဲဘက်တွင် မောင်အောင်နိုင်ပုံကို ထား၍၊ ပုံတော်ရှေ့တွင် ရေ ၁ ခွက် နှင့် ပဲလှော် ၁ ပန်းကန် ထားကာ ကိုးကွယ်ကြသည်။

(၁)ခမောက်၊ (၂)လွယ်အိတ်၊ (၃)ဘူးခါးရေဘူး၊ (၄)နွားနဖားကြိုး၊ (၅)နွားချည်ကြိုး၊ (၆)နွားရိုက်ကြိမ်၊ (၇)လောက်လေးခွ၊ (၈)လောက်စာလုံး၊ (၉)ကောက်ညှင်းထုပ် ၇ ထုပ်၊ (၁၀)ဆေးပေါ့လိပ် ၇ လိပ်၊ (၁၁)ပလွေ စသည်ပစ္စည်းများကို လွယ်အိတ်တွင် ထည့်၍ ချိတ်ဆွဲပေးထားရသည်။

နွားကျောင်းသားသေ၍ နတ်ဖြစ်သည်ဟု ယုံကြည်ကြသဖြင့် နွားပျောက်သောအခါတွင်လည်းကောင်း၊ နွားနာကျသောအခါတွင်လည်းကောင်း ပူဇော်ပသကြသည်။

နွားပျောက်နတ်ပင့် မေးနည်း

[ပြင်ဆင်ရန်]

ရပ်ရွာထဲ၍ အသောက်အစားကင်းသူ လူတစ်ယောက်က 'အောင်နိုင်နတ်'အဖြစ်နှင့် မဲပုဆိုးတောင်းရှည်ဝတ်၍ ရင်စေ့အင်္ကျီ (သို့မဟုတ်) လယ်တော်ဝတ်အင်္ကျီကို ပခုံးတင်၊ အထက်ဖော်ပြပါပစ္စည်း ၁၁ မျိုးကို ကိုင်ဆောင်ကာ ပျောက်သော နွားရှင်၏ နွားတင်းကုပ် ဥရုတိုင်ကို ဘယ်ခြေထောက်နိမ့်နင်းကျိုးဟန်ပြု၍ အောက်ပါသီချင်းကို ဆိုရင်း ၇ ပတ် လှည့်ရသည်။

  • ပုဆိုးရယ် စွန်တောင်စွန်တောင်၊ ဘယ်ပေါင်က နိမ့်နင်း နိမ့်နင်း။ မောင်အောင်နိုင် ဘယ်အခင်းကြောင့်၊ လာရတယ်မင်း။ နွားပျောက်ရှာရင်း လာရတယ်မင်း။

သီချင်းတစ်ပုဒ်ဆုံးတိုင်း ပလွေလိုက်မှုတ်ရသည်။ ပလွေကို သီချင်းသွားတိုင်း မမှုတ်တတ်သော်လည်း ပလွေသံ မြည်ရုံမပီတပီနှင့် တေးသွားအလိုက် မှုတ်တတ်သလိုမှုတ်ပြီး လှည့်ရသည်။ ၇ ပတ် ပြည့်လျှင် နွားရှင်က အောင်နိုင်နတ်လုပ်သည်သူထံတွင်ရှိသော ပစ္စည်းများကိုယူ၍ နွားတင်းကုပ် ဥရုတိုင်တွင် ချိတ်ဆွဲထားပြီး လိုက်ရှာလျှင် ပျောက်သောနွားကို ပြန်တွေ့သည်ဟု ယုံကြည်ကြသည်။

တချို့ကလည်း အောင်နိုင်နတ်မေးပြီး ဗေဒင်ဆရာကို သွားမေးကြသည်။ အောင်နိုင်နတ်က ဗေဒင်ဆရာကို စီးပြီး တွက်ချက်ဟောပြောပေးသောကြောင့် ဗေဒင်ဆရာဟောပြောညွှန်ကြားရာ လိုက်ရှာလျှင် ပျောက်သောနွားကို ပြန်တွေ့သည်ဟု ယုံကြည်ကြသည်။

နွားနာ နတ်ပင့် ကုသနည်း

[ပြင်ဆင်ရန်]

နွားနာကျသောအခါ၊ အထက်နည်းအတိုင်း ဝတ်ဆင်ကိုင်ဆောင်ပြီး သီချင်ဆို ပလွေမှုတ်ရင် ဘယ်ခြေကို နိမ့်နင်းဟန်ပြု၍ နွားတင်းကုပ်ကို ၇ ပတ် လှည့်ရသည်။ နွားတင်းကုပ်လှည့်စရာနေရာမရှိလျှင် နွားကို လှည့်ရသည်။

  • ပုဆိုးရယ် စွန်တောင် စွန်တောင်၊ ဘယ်ပေါင်က နိမ့်နင်း နိမ့်နင်း။ နတ်အောင်နိုင် ဘယ်အခင်း လာရချက်ချင်း။ နွားနာကို ပျောက်အောင်ကုရင်း လာရတယ်မင်း။

နွားရှင်က အောင်နိုင်နတ်လုပ်သူထံမှ ပစ္စည်းများကို ယူပြီး နွားတင်းကုပ်အဝင်ဝတွင် ချိတ်ဆွဲထားလျှင် နွားနာပျောက်ကင်းသည်ဟု အဆိုရှိသည်။

ကိုအောင်နိုင် နတ်ပွဲပြင်နည်း

[ပြင်ဆင်ရန်]

အလုံးလှ ကြွက်မြီးကောင်း အုန်းသီး ၁ လုံး၊ ဖီးကြမ်း (သို့မဟုတ်) ရခိုင်ငှက်ပျောသီး အစိမ်း ၂ ဖီး၊ သပြေပန်း ၂ ခက်၊ စံပယ်ပန်းတို့ကို ရေဆေးပါ။ သန့်ရှင်းသော ဇလုံထဲသို့ ငှက်ပျောသီး ၂ ဖီးကို မျက်နှာချင်းဆိုင်ထား၍ အလယ်တွင် အုန်းသီးကို တည့်မတ်စွာထားပါ။ အုန်းညှာတွင် စံပယ်ပန်းများချိတ်၍ ဘေးသို့ ညီညာစွာ ချထားပါ။

သပြေပန်း ၂ ခက်၊ အမွှေးတိုင် ၂ တိုင်၊ ကွမ်းယာ ၂ ယာတို့ကို ငှက်ပျောသီး တစ်ဖီးစီ၏ကြားတွင် မျှတစွာ ထိုးညှပ်ပါ။ နံသာဖြူရည် (သို့မဟုတ်) ရေမွှေးပတ်ဖျန်းပြီးပါက ကန်တော့ပွဲပြင်၍ ပြီးပါပြီ။

ကန်တော့ပွဲရှေ့တွင် စားပွဲအဖြစ် အရက် ၁ ပုလင်း (သို့မဟုတ်) ဖန်ခွက် ၁ ခွက် (သို့မဟုတ်) ထန်းရည်တစ်မြူ၊ သောက်တော်ရည် ၁ ခွက်၊ ပဲကြီးလှော် ၁ ပန်းကန်ဖြင့် တင်မြှောက်ပြီး ဖယောင်းတိုင် ၁ တိုင် ထွန်းညှိ ပူဇော်နိုင်သည်။

အကိုးအကား

[ပြင်ဆင်ရန်]

ဥတ္တရဘုမ္မာဆရာစိန်ဝင်း။ နတ် ၃၇ ပါး ပသနည်းနှင့် တောင်ပြုံးပွဲ ရတနာ့ဂူပွဲ နတ်သမိုင်း။ ဇမ္ဗူဒီပစာပေ၊ ရန်ကုန်။ ပကြိမ်၊ ဩဂုတ် ၉၃။