ဆဗ္ဗဂ္ဂီ

ဝီကီပီးဒီးယား မှ

[၁] ၆-ပါး-အစု-အပေါင်း-အသင်း-၌ဖြစ်သော၊ ဆဗ္ဗဂ္ဂီမည်သော၊ သူ။

(က) အရှင်ပဏ္ဍုက, အရှင်လောဟိတက, အရှင်မေတ္တိယ, အရှင်ဘူမဇက, အရှင်အဿဇိ, အရှင်ပုနဗ္ဗသုက-ဟူသော ဂိုဏ်းဆရာ ၆-ပါးနှင့် ထိုပုဂ္ဂိုလ်တို့၏ တပည့်, တပည့်မများ။ [၂][၃]

(ခ) မြတ်စွာဘုရား, အရှင်ကောဏ္ဍည အရှင်ဝပ္ပ, အရှင်ဘဒ္ဒိယ, အရှင်မဟာနာမ, အရှင်အဿဇိ[၄]

သူငယ်ချင်း ၆-ယောက်[ပြင်ဆင်ရန်]

သာဝတ္ထိပြည်၌ သူငယ်ချင်း ၆-ယောက်တို့သည် လယ်လုပ်မှု စသည်တို့သည် ပြုရန်ခဲယဉ်းသော အမှုကိစ္စများဖြစ်ပေသည်၊ ယခု ငါတို့သည် ကောင်းစွာရဟန်းပြုကြစို့၊ ရဟန်းပြုကြလျင်လည်း တစ်စုံတရာ အမှုကိစ္စဖြစ်ပေါ်လျှင် ထုတ်ဆောင်ကယ်တင်နိုင်သူ၏အထံ၌ ရဟန်း ပြုသင့်သည်” ဟု သဘောတူ တိုင်ပင်ပြီးလျှင် အဂ္ဂသာဝက (အရှင်သာရိပုတ္တရာ, အရှင်မောဂ္ဂလ္လာန်) ၂-ပါးတို့၏အထံ၌ ရဟန်းပြု ကြလေသည်။ ထိုသူငယ်ချင်း ၆-ယောက်တို့သည် ၅-ဝါရ၍ ဒွေမာတိကာ (ဘိက္ခုပါတိမောက် ဘိက္ခုနီပါတိမောက်)ကို အဝါးဝစ္စာ လေ့လာပြီးလျှင် “ဇနပုဒ်မည်သည် ရံခါ သာယာဝပြော၏၊ ရံခါ ငတ်မွတ်ခေါင်းပါး၏၊ ငါတို့ ၆-ယောက်သည် တနေရာတည်း၌ မနေပဲ သုံးနေရာခွဲ၍ နေကြစို့ဟု တိုင်ပင်ကြကုန်၏၊ [၃]

ပဏ္ဍုကနှင့် လောဟိတက[ပြင်ဆင်ရန်]

ထိုသို့ တိုင်ပင်ကြပြီးနောက် ပဏ္ဍုကနှင့် လောဟိတကတို့ကို "ငါ့ရှင်တို့ သာဝတ္ထိ မည်သည် ငါးဆဲ့ခုနစ်သိန်းသော အမျိုးတို့စွဲမှီ နေထိုင်ရာဖြစ်သည်၊ ရှစ်သောင်းသော ရွာတို့ဖြင့် တန်းဆာဆင်အပ်သည်၊ ယူဇနာသုံးရာရှိသော ကာသိတိုင်း, ကောသလတိုင်းတို့၏ အခွန်အတုတ်ဝင်ရာဖြစ်သည်၊ ထိုသာဝတ္ထိမြို့၌ အသင် ပဏ္ဍုက, လောဟိတကတို့သည်၏ အနီးအရပ်ဝယ် ပရိဝုဏ်(ကျောင်းတိုက်)တို့ကို ဆောက်လုပ်စေပြီး သရက်ပင်, ပိန္နဲပင်, အုန်းပင်စသည်တို့ကို စိုက်ပျိုး၍ ပန်းသစ်သီးတို့ဖြင့် လာလာသမျှ အမျိုးတို့ကို သိမ်းသွင်း ကာ အမျိုးသားငယ်တို့ကို ရှင်ရဟန်းပြုပေးပြီးလျှင် ပရိသတ်ကို တိုးပွားအောင်လုပ်ကြပါ” ဟု ပြောဆိုကြကုန်၏၊ [၃]

မေတ္တိယနှင့် သူမဇက[ပြင်ဆင်ရန်]

ထို့နောက် မေတ္တိယနှင့် သူမဇကတို့ကို “ငါ့ရှင်တို့ ရာဇဂြိုဟ်မြို့ မည်သည် တဆဲ့ရှစ်ကုဋေသော လူတို့၏နေရာ ဖြစ်သည်၊ ရှစ်သောင်းသော ရွာတို့ဖြင့် တန်းဆာဆင်အပ်သည်၊ ယူဇနာ သုံးရာရှိသော အင်္ဂတိုင်း, မဂဓတိုင်းတို့၏ အခွန်အတုတ်ဝင်ရာ ဖြစ်သည်၊ ထိုရာဇဂြိုဟ်မြို့၌ အသင် မေတ္တိယ, ဘူမဇကတို့သည် ဆိုခဲ့ပြီးအတိုင်း ပြုကျင့်၍ ပရိသတ်ကို တိုးပွားအောင်လုပ်ကြပါ”ဟု ပြောဆိုကြကုန်၏၊[၃]

အဿဇိနှင့် ပုနဗ္ဗသုက[ပြင်ဆင်ရန်]

ထို့နောက် အဿဇိနှင့် ပုနဗ္ဗသုကတို့ကို “ငါ့ရှင်တို့ ကီဋာဂီရိဇနပုဒ် မည်သည် ၂-မျိုးသော မိုးတို့၏ချီးမြှောက်မှုကို ခံရသည်၊ ၃-မျိုးသော ကောက်တို့သည် အသီးသီးကြသည်၊ ထိုကီဋာဂီရိ ဇနပုဒ်၌ အသင် အဿဇိ ပုနဗ္ဗသုကတို့သည် ရှေးဆိုခဲ့ပြီး အတိုင်း ပြုကျင့်၍ ပရိသတ်ကို တိုးပွားအောင် ပြုလုပ်ကြပါ” ဟု ပြောဆိုကုန်၏။ ထိုသူငယ်ချင်း ၆-ယောက်တို့သည် တိုင်ပင်သည့်အတိုင်း ပြုလုပ်ကြလေသည်၊ ထိုသုံးသင်းတို့တွင် တသင်းတသင်း၌ ငါးရာငါးရာသော အခြံအရံ ရဟန်းတို့ရှိကြလေသည်၊ ဤသို့လျှင် ၆-ပါး အပိုအလွန်နှင့်တကွ တထောင့် ငါးရာသော ဆဗ္ဗဂ္ဂီရဟန်းများဖြစ်လာကြသည်၊

ထိုရဟန်းတို့တွင် အခြံအရံနှင့်တကွသော ပဏ္ဍုက, လောဟိတကတို့သည် သီလရှိသူများသာ ဖြစ်ကြသည်၊ ဘုရားရှင်နှင့်အတူ ဒေသစာရီ ကြွချီရာသို့ လိုက်ပါကြကုန်၏၊ ထိုပဏ္ဍုက, လောဟိတကတို့သည် မပြုအပ်သေးသောအကြောင်း ဝတ္ထုကို ဖြစ်ပေါ်စေကြသည်၊ ပညတ်အပ်ပြီးသော သိက္ခာပုဒ်ကိုကား မကျော်နင်း မလွန်ကျူးကြကုန်၊

ပဏ္ဍုက, လောဟိတကမှ အခြားသော ဆဗ္ဗဂ္ဂီရဟန်း အားလုံးတို့သည် အလဇ္ဇီ(မကောင်းမှုမှ မရှက်သူ)များသာ ဖြစ်ကြသည်၊ မပြုအပ်သေးသော အကြောင်း ဝတ္ထုကိုလည်း ဖြစ်ပေါ်စေကြသည်၊ ပညတ် အပ်ပြီးသော သိက္ခာပုဒ်ကိုလည်း ကျော်နင်း ကျူးလွန်ကြလေသည်။ [၅]

ထိုဆဗ္ဗဂ္ဂီရဟန်းတို့သည် မြတ်စွာဘုရား ဝါတော် ၂၀-လွန်မှ ဖြစ်ပေါ်လာကြသည်။ [၆][၃]

ကိုးကား[ပြင်ဆင်ရန်]

  1. ဆဗ္ဗဂ္ဂိယ (တိ) [ဆဗ္ဗဂ္ဂ+ဣယ။ ပဉ္စဝဂ္ဂေ ဘဝါ ပဉ္စဝဂ္ဂိယာ။ ဧဝံ ဆဗ္ဗဂ္ဂိယာ။ ရူ။ ၃၇၈။]
  2. (က) သက္ကေသု ဆဗ္ဗဂ္ဂိယေ အာရဗ္ဘ ပညတ္တံ။ ကင်္ခါ၊၁၇၅။ ဆဗ္ဗဂ္ဂိယာ နာမ ပဏ္ဍုကလောဟိတကာဒယော ဆမူလကာ, တေသံ သိဿာ စ။ ကင်္ခါ၊ဋီ၊သစ်၊၃၂၁။ ပဏ္ဍုကော, လောဟိတကော မေတ္တိယော ဘုမ္မဇကော အဿဇိပုနဗ္ဗသုကောတိဣမေ ဆဇနာ ဆဗ္ဗဂ္ဂီယာ နာမ၊ မ၊ဋ္ဌ၊၃၊၁၃၀။ (ဝိ၊၁၊၅၅၊ ၂၉၄၊ ၃၁၅။ ဝိ၊၂၊၆၊ ၂၅၁၊ ၃၁၈၊ ၄၆၈—၉။ ဝိ၊၃၊၁၁၈၊ ၁၄၃၊ ၁၆၉၊ ၂၅၃၊ ၂၇၂။ ဝိ၊၄၊၁၈၈၊ ၂၃၉၊ ၂၆၉၊ ၂၇၇၊ ၂၈၄၊ ၃၀၉၊ ၃၁၂-၅။ ဝိ၊၅၊၁၄၊ ၁၀၃။ ဝိ၊ဋ္ဌ၊၂၊၁၉၈။ ကင်္ခါ၊၃၀၈။)
  3. ၃.၀ ၃.၁ ၃.၂ ၃.၃ ၃.၄ တိပိဋကအဘိဓာန် အတွဲ-၇
  4. (ခ) တေန ဆဗ္ဗဂ္ဂိယာ (ဆဗ္ဗဂ္ဂါ။ သီ၊သျာ၊ကံ။ ဆဗ္ဗဂ္ဂေါ။ ဣ၊ မူကွဲ) ယာပေမ။ မ၊၁၊၂၂၉။ မ၊၂၊၂၉၇။
  5. ဝိ၊ဋ္ဌ၊၂၊၁၉၉။
  6. ဝဇိရ၊၅၂၆။