ကယ်လဆီယမ်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ကယ်လဆီယမ်အား မီးရှို့စဉ် အနီရောင်သန်းသည့် လိမ္မော်ရောင် ထွက်ပေါ်သည်။

ကယ်လဆီယံ (ထုံးသတ္တု) သည် ပျော့၍ ငွေဖြူရောင်ရှိသော သတ္တုဒြပ်စင် ဖြစ်သည် ။ ထိုသတ္တုကို ဓားဖြင့် လှီးနိုင်သည့် အပြင် နန်းကြိုးသေးသေးလည်း ဆွဲ၍ရနိုင်သည် ။ ကယ်လဆီယမ်ကို သတ္တုသန့်သန့် အနေဖြင့် သဘာဝတွင် တွေ့ရခဲ၏ ။ သို့သော် အခြားပစ္စည်းများနှင့်ရော၍ ကယ်လဆီယံ ဒြပ်ပေါင်းမှုန့်အဖြစ်နှင့်မူ အနှံ့အပြား တွေ့ရ၏။ ထင်ရှားသော ကယ်လဆီယမ် ဒြပ်ပေါင်းတို့မှာ

ထုံးရေကြည်ထဲတွင် ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့လွှတ်လိုက်လျှင် ကယ်လဆီယမ် ကာဗွန်နိတ်သည် အနည်ဖြူများအဖြစ် ကျလာသည်။ ထို့ကြောင့် ထုံးရည်ကြည်သည် နို့ရည်ကဲ့သို့ ဖြူသွားသည်။ ထိုကျလာသော အနည်ဖြူကို စစ်၍ အခြောက်ခံယူလျှင် ကယ်လဆီယံကာဗွန်နိတ် အမှုန့်များကိုရ၏။ ထိုအမှုန့်များသည် အရသာမရှိသည့် အပြင် ရေတွင်မပျော်ဝင်နိုင်ချေ။ သို့သော် ကာဗွန်ဒိုင်အောက်ဆိုဒ် ပျော်ဝင်ရည်ထဲတွင် ထည့်လိုက်သောအခါ ချက်ချင်းပင် အရည်ပျော်သွား၏။ ကယ်လဆီယမ် ကာဗွန်နိတ်ကို အမျိုးမျိုး အသုံးပြုနိုင်သည်။ စကျင်ကျောက်သည် ကျောက်ပြား၊ ကျောက်ရုပ်၊ လျှပ်စစ်မလိုက် ပစ္စည်းနှင့်တကွ အခြား အိမ်အသုံး အဆောင်များ ပြုလုပ်ရာ၌ များစွာအသုံးဝင်သည်။ ထုံးကျောက်သည်လည်း ကာဗွန်နိတ်ထဲတွင် အပါအဝင်ဖြစ်၏။ ထုံးကျောက်ကို ထုံးလုပ်ရာ၌ လည်းကောင်း၊ အင်္ဂတေလုပ်ရာ၌ လည်းကောင်း၊ ကယ်လဆီယမ် ကာဗိုက် လုပ်ရာ၌ လည်းကောင်း၊ သံရည်ကျိုလုပ်ငန်း၌ လည်းကောင်း များစွာပင် အသုံးပြုကြသည်။ မြေဖြူသည်လည်း ကာဗွန်နိတ် ဖြစ်၏။

မြေဖြူကို အများသိကြသည့်အတိုင်း ကျောက်သင်ပုန်းပေါ်၌ စာရေးရန်အတွက် လည်းကောင်း အဆောက်အဦ နံရံတွင် အဖြူရောင်ချယ်ရန်အတွက် လည်းကောင်း၊ သွားတိုက်ဆေးမှုန့် ပြုလုပ်ရန် အတွက်လည်းကောင်း အသုံးပြုသည်။ ထုံးကျောက် ဂူလိုဏ်များ အတွင်း၌ ကျောက်စက်ပန်းဆွဲနှင့် ကျောက်စက်မိုးမျှော်တို့ကို တွေ့ရလေ့ရှိသည်။ ထိုထုံးကျောက်တိုင်တို့သည် တစ်စိမ့်စိမ့်ကျနေသည့် ရေထဲတွင် ကာဗွန်ဒိုင်အောက်ဆိုက် ပျော်ဝင်လျက်ရှိရာမှ ခန်းခြောက်သွားသောအခါ ကျောက်ဖြစ်၍ ကျန်ခဲ့သော ကယ်လဆီယမ် ကာဗွန်နိတ်များပင် ဖြစ်ကြသည်။

အပင်များ ကြီးထွားသန်မာလာစေရန် ကယ်လစီယမ်ဒြပ်ပေါင်းများကို လိုအပ်၏။ အရည်ပျော်လွယ်သော ကယ်လဆီယမ် ဖော့စဖိတ် (Ca3 (Po4) 2) သည် အလွန်ကောင်းသော ဓာတ်မြေဩဇာ ဖြစ်သည်။ လူတို့သည် အထူးသဖြင့် ကလေး သူငယ်များသည် ဟင်းသီးဟင်းရွက်နှင့် နို့ရည်များကို အထူးဂရုပြု၍ စားသုံးသင့်၏။ အဘယ်ကြောင့်ဆိုသော် အသီး၊ အရွက်၊ နို့ရည်များကို စားသုံးခြင်းဖြင့် ထုံးဓာတ်များရရှိပြီးလျှင် အရိုးများ မာလာနိုင်သောကြောင့် ဖြစ်သည်။ ကယ်လဆီယမ် ဓာတ်ဆားများပါရှိသော အစားအစာများသည် ဝမ်းတွင်းရှိ အက်ဆစ်အချဉ်ဓာတ်ကို ဖျက်ဆီးနိုင်၏။ ထုံးဓာတ်နည်းသော ကလေးသည် ရစ်ကတ်ရောဂါ (အရိုးပျော့နာ) စွဲကပ်တတ်သည်။ ကယ်လဆီယမ် အောက်ဆိုဒ် (CaO)ကို မဖောက်ထုံးဟု ခေါ်၏။ လေထဲတွင် ပစ်ထားလျှင် ကာဗွန်ဒိုင်အောက်ဆိုဒ်နှင့် ရောစပ်သဖြင့် ကယ်လဆီယမ် ကာဗွန်နိတ်ဖြစ်သွားသည်။ ကယ်လဆီယမ် ဟိုက်ဒရော့ဆိုဒ် (Ca (OH)2) ကို ဖောက်ထုံးဟုခေါ်သည် ။ သဲနှင့်ရောလိုက်သောအခါ အင်္ဂတေဖြစ်၏။ အင်္ဂတေ ကိုင်သောအခါ အင်္ဂတေသည် လေထဲတွင်ရှိသော ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့ကို စုပ်ယူနိုင်သဖြင့် ကယ်လဆီယမ် ကာဗွန်နိတ်ဖြစ်၍ မာသွားသည်။ သို့သော် လေထဲမှ ကာဗွန်ဒိုင်အောက်ဆိုဒ် အနည်းငယ်ကိုသာ စုပ်ယူသောကြောင့် အင်္ဂတေသည် ရုတ်တရက် မမာနိုင်ပဲ တဖြည်းဖြည်းမာသွားရသည်။ Ca (OH)2 + CO2 = Ca CO3 ထုံးကျောက် သို့မဟုတ် ထုံးကို အမှုန့်ပြုလုပ်၍ လျှပ်စစ်မီးဖိုတွင် ကုတ်မီးသွေးနှင့်အတူထည့်၍ မီးပြင်းတိုက်ပေး သောအခါ ကယ်လဆီယမ် ကာဗိုက် (CaC2)ကို ရရှိ၏။ ကယ်လဆီယမ် ကာဗိုက်တွင် ရေအနည်းငယ် ထည့်ပေးလိုက်လျှင် အဆက်တီလင် ဓာတ်ငွေ့ထွက်ပေါ်လာသည် ။

ကျမ်းကိုး[ပြင်​ဆင်​ရန်​]

မြန်မာ့စွယ်စုံကျမ်း ၊ အတွဲ (၁) ၊ အပိုင်း (ခ)

ဆက်လက် လေ့လာရန်[ပြင်​ဆင်​ရန်​]