ဩဒါတကသိုဏ်း
ဩဒါတ − အဖြူကသိုဏ်းသည် ရှေးအတိတ်နီးသောဘဝက ဩဒါတ − အဖြူကသိုဏ်းကို ရဖူးသော အထုံဝသီ ပါရမီ အဓိကာရ ရှိခဲ့လျှင် မပြုမပြင်ဘဲ ဖြူဖြူမြင်သမျှ အလုံးစုံသော ဝတ္ထုကိုပင် ကြည့်ရှု၍ အလွယ်တကူဖြင့် နိမိတ်ရနိုင်၏။ အထုံဝသီပါရမီ အဓိကာရ မရှိခဲ့လျှင် မိမိအထွာဖြင့် တစ်ထွာလောက် အလျားအနံကျယ်စွာ သစ်သားကို ယပ်ဝန်း၊ ရေအိုးဖုံးများကဲ့သို့ လက်ကိုင်စရာ အရိုးနှင့်တကွ ကသိုဏ်းဝန်းလုပ်၍ အဖြူဆုံးသောဆေးကို အချောဆုံး အလှဆုံးနေအောင် သုတ်၍ အနား၌ အဖြူရောင်ကို တောက်ထစေတတ်သော အနက်ဖြစ်စေ၊ အဝါဖြစ်စေ၊ အနီဖြစ်စေ အမှတ်မရှိ တစ်ခုခု ဒန်ပူပြား (ငွေမူးစေ့ခန့်) ဆေးမင်အနားပတ် တင်သား သုတ်လိမ်း၍ "အဖြူ အဖြူ" ဟု စိတ်ထဲက မှတ်၍ ကြည့်ရှု၍ နိမိတ်ယူရာ၏။
ဤအဖြူကသိုဏ်း၌ ဥဂ္ဂဟနိမိတ်ကား ပြင်ဘက် ပရိကမ္မနိမိတ်နှင့် တထပ်တည်းတူစွာ မျက်စိနှင့် မြင်သောအတိုင်းပင် ထင်၏။ ပဋိဘာဂနိမိတ်မှာ ထိုဥဂ္ဂဟနိမိတ်ထက် အဆအရာမက ဖြူချောနုနယ်ပြောင်လင်းလျက် အလွန်နှစ်သက်ဖွယ် ဖြစ်၍ ထင်၏။ အဖြူ ပရိကမ္မနိမိတ်ကို ကြည့်ရှုသောအခါ အပေါ်ရံ၌ ရေကဲ့သို့ လှုပ်ရှားအိအိ အပေါ်ရောင်ရှိ၏။
ထိုအရောင်ပေါ်တွင် အတွင်းက ပေါ်လာသော အဖြူထက်ပင် ပဋိဘာဂနိမိတ်က အဆများစွာ သာလွန်၍ ဖြူချောနုနယ် ပြောင်လင်းသေး၏။ ဈာန်ပေါ်ပုံမှာ ပထဝီမြေကသိုဏ်းနည်းအတိုင်း ပေါ်၏။[၁]