ဦးဆောက်ပန်း

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်

ဦးဆောက်ပန်း[ပြင်ဆင်ရန်]

ဦးဆောက်ပန်းဟူသောအမည်သည် ပုဂံခေတ်ကပင် အသုံးတွင်ကျယ်ခဲ့သော နာမည်တစ်ခုဖြစ်၏။ ကျန်စစ်သားမင်းကြီးသည် မထီးတူမ သမ္ဘူလအား ဦးဆောက်ပန်းဟူသောအမည်ဖြင့် မိဖုရားမြှောက်ခဲ့သည်။ အလောင်းစည်သူမင်းကြီးလည်း တိလောကစန္ဒာမိဖုရားအား ဦးဆောက်ပန်းဘွဲ့ကို ပေးခဲ့သည်။ နရပတိစည်သူမင်းကြီးလည်း မိဖုရားငယ်တစ်ပါးဖြစ်သော သုဘရာဇ်၏နှမအား ဦးဆောက်ပန်းဘွဲ့ပေးခဲ့ကြောင်း ရာဇဝင်များ၌ တွေ့ရှိရပေသည်။ ပုဂံခေတ်၌ ဦးဆောက်ပန်းဟူသောအမည်ကို ကျန်စစ်သားမင်းကြီးလက်ထက်မှစ၍ တွေ့ရှိရ၏။ ကျန်စစ်သားမင်းကြီး သားတော်ဖြစ်သော ရာဇကုမာန်မင်းသားကျောက်စာ၌ “တစ်ယောက်သုကာ တြိလောက ဝဋံသကာဒေဝီမည်ဧအ်”ဟု ရေးထိုးထားလေသည်။ ထိုကျောက်စာပါ ဘွဲ့အမည်ကို မြန်မာမှုပြု၍ “သုံးလူ့ဦးဆောက်ပန်း”ဟု ပြန်ဆိုခဲ့ကြသည်။


မြန်မာ့ယဉ်ကျေးမှုတွင် ဦးဆောက်ပန်းခေါ်သော ပစ္စည်းအမျိုးမျိုးရှိပေသည်။ ဇေယျသင်္ခယာရေးသော ရွှေဘုံနိဒါန်း၌...
ရာဇပလ္လင် ဥကင်လကျာ်လက်ဝဲ ခြူးနွယ်အလယ် တပင်တခက်တွင် တပွင့်တပွင့်စီသာ ကြဲလျက်ပါသော ဦးဆောက်ပန်း ထုလုပ်သည်မှာ မင်္ဂလာပန်းဖြစ်၍ မင်းတို့စီးသည့်မြင်းရထားဦးတွင် ဦးဆောက်ပန်းသဏ္ဌာန် စိုက်ဆောက်သည်ဟု ဆိုထားသည်။ ဗုဒ္ဓဘုရားရှင်၏ဘဝါးစက်ဝန်း လက္ခဏာတော်တွင်လည်း ဦးဆောက်ပန်းသဏ္ဌာန်ပါရှိကြောင်း ပါဒနက်သန်လင်္ကာ၌...
'လည်ရေးသုံးဆင့်၊ လှတင့်ရွှန်းရွှန်း၊ ဦးဆောက်ပန်းက၊ စသည်မကွဲဟု စပ်ဆိုထားလေသည်။ ထို့ပြင် သစ်ပင်တစ်မျိုး၏အမည်ကိုလည်း ဦးဆောက်ပန်းဟု ခေါ်ဝေါ်ကြောင်း သိရှိရသည်။


ဤသို့အမျိုးမျိုးရှိရာ၌ ပုဂံခေတ်မိဖုရားများအား ဘွဲ့အမည်ပေးရာတွင် လူတို့ဦးခေါင်း၌ ပန်ဆင်သော ရတနာပန်းတစ်မျိုး၏အမည်ကို ဂုဏ်ပြုမှည့်ခေါ်ခဲ့ခြင်း ဖြစ်သည်။ ဝဋံသကခေါ်သော ပစ္စည်းသည် ထေရဝါဒဗုဒ္ဓဘာသာဝင်နိုင်ငံများ၏ အထွဋ်အမြတ်ထား၍ သုံးစွဲသောပစ္စည်းလည်းဖြစ်၏။ အိန္ဒိယနိုင်ငံ ဓမ္မာသောကမင်းကြီးသည် သီဟိုဠ်နိုင်ငံ ဒေဝါနံပိယတိဿမင်းအား လက်ဆောင်ပစ္စည်းများ ပေးရာတွင် ဝဋံသကခေါ်သောပစ္စည်းကိုလည်း ပေးကြောင်း ပါရာဇိကဏ်အဋ္ဌကထာ၌ တွေ့ရှိရ၏။ ဝဋံသကကို ဦးဆောက်ပန်းဟု ပြန်ဆိုခေါ်ဝေါ်ကြခြင်းမှာ အဘိဓာန်အများစု၏ဆန္ဒအရဖြစ်ပေသည်။ ပါဠိအဘိဓာန်ကျမ်းတွင် ဦးဆောက်ပန်းဟု ပြန်ဆိုနိုင်သော ပါဠိဝေါဟာရ ၅-မျိုးကို တွေ့ရှိရ၏။ ပထမကျော်အောင်စံထားဆရာတော်၏ အဘိဓာန်နိသျ၌ ဥတ္တံသ၊ သေခရ၊ အာဝေဠ၊ မုဒ္ဓမာလျ၊ ဝဋံသကဟူသော ၅-ပုဒ်လုံးကို ဦးဆောက်ပန်းဟုပြန်ဆိုခဲ့သည်။ အခြားအဘိဓာန်အများစုလည်း ဤသို့ပင် ပြန်ဆိုကြ၏။ ဦးဆောက်ပန်းဟူသောအမည်မှ ဦးဟူသောသဒ္ဒါကို ဦးခေါင်းဟူ၍ အဓိပ္ပါယ်ယူရပေမည်။ ဦးဆောက်ပန်းဆိုသည်မှာ ဦးခေါင်းတစ်ခုလုံးနှင့်စပ်ဆိုင်မှ သဘာဝကျပေမည်။ အချို့အဖွင့်များတွင် ဦးထိပ်၌ ပန်ဆင်အပ်သောပန်းဟု ဆိုကြသည်။ အဘယာရာမ ဆရာတော်၏အဘိဓာန်နိသျသစ်တွင် ဦးဆောက်ပန်း၊ ဦးစိုက်ပန်း(ဦးထိပ်၌ ပန်ဆင်အပ်သောပန်းခက်)ဟု ဆိုသည်။ ဤဖွင့်ဆိုချက်မှာ မုဒ္ဓမာလျခေါ်သော ပရိယာယ်ပုဒ်တစ်ခုကိုကြည့်၍ ဖွင့်ဆိုခြင်းဖြစ်တန်ရာသည်။


သတ်ပုံအဘိဓာန်ကျမ်း၌ ဦးဆောက်ပန်း=အမြတ်၊ ထိပ်ဦးစွန်း၌စောက်ထိုးချဆင်သောပန်း ဖြစ်ကြောင်း ဖွင့်ပြခဲ့၏။ လယ်တီ ပဏ္ဍိတ ဦးမောင်ကြီး၏ ပါဠိ-မြန်မာအဘိဓာန်နှင့်အခြားအဘိဓာန်အချို့က ဦးစောက်ပန်းဟု ပြန်ဆိုသည်လည်း ရှိသည်။ ဤအခေါ်ကိုကြည့်၍ ဦးထိပ်မှ စောက်ထိုးဆင်သောပန်းဟု ဖွင့်ဆိုကြခြင်းဖြစ်ဟန် တူသည်။ သီဟိုဠ်နိုင်ငံ၌ ရေးသားကြသော သီဟိုဠ်ဘာသာ၊ ပါဠိဘာသာ၊ အင်္ဂလိပ်ဘာသာအဘိဓာန်ကျမ်း၌ ဝဋံသကကို အင်္ဂလိပ်ဘာသာဖြင့် Chaplet ဟု ပြန်ဆိုလေသည်။ Chaplet ကို အင်္ဂလိပ်-မြန်မာအဘိဓာန်ကျမ်းများက လည်ဆွဲတန်ဆာ၊ ဦးရစ်၊ စိပ်ပုတီး၊ ဦးခေါင်း၌ ပန်ဆင်သောပန်းကုံး စသည်ဖြင့် ပြန်ဆိုလေသည်။ English Reader's Dictionary တွင်မူ Chaplet(n) Wreath(of leaves, flowers, etc.) for the head; String of prayer beads. ဟုဖွင့်ဆိုထားသည်။ ဤသို့ဖွင့်ဆိုချက်များသည်မြန်မာ့အသုံးအဆောင်နှင့်၎င်း၊ မူလပါဠိဝေါဟာရ၏လိုရင်းနှင့်၎င်း တိမ်းပါးသွားသည်ဟုယူဆမိပေသည်။ ထို့ကြောင့် မူလမှည့်ခေါ်ထားသော ဝဋံသက၏ဝေါဟာရရင်းမြစ်ကို လေ့လာမိပေသည်။ ဝဋံသကသဒ္ဒါသည် ဥတ္တံသ၊ အဝတံသ၊ ဝဋံသကစသည်ဖြင့် အဆင့်ဆင့် ပြောင်းလဲ၍ခွဲထွက်ထားသော ဝေါဟာရတစ်ခုဖြစ်၏။ ဥတ္တံသ၊ အဝတံသဟူသော ဝေါဟာရတို့၏အနက်ကို ပါဠိအဘိဓာန်ဂါထာ အမှတ် ၈၇ဝ-၌...
“ဥတ္တံသသော တွ ဝတံသောစ၊ ကဏ္ဏပူရေစသေခရေ”ဟု ရေးထိုးထားသည်။ ထိုပါဠိကို ကျော်အောင်စံထားဆရာတော်က“ဥတ္တံသော၊ ဥတ္တံသသဒ္ဒါသည်၎င်း၊ အဝတံသော၊ အဝတံသသဒ္ဒါသည်၎င်း၊ ကဏ္ဏပူရေစ၊ နားတန်ဆာ၌၎င်း၊ သေခရေ၊ အထွဋ်အဖျား၌၎င်း၊ ဘဝေ၊ ဖြစ်၏”ဟု နိသျပြန်ဆိုခဲ့ပေသည်။ ပင်းယခေတ်ပညာရှင် စတုရင်္ဂဗလအမတ်ကြီးက လည်း အဘိဓာန်ဋီကာ၌ “ကဏ္ဏပူရော ကဏ္ဏာလင်္ကာရော၊ သေခရေ အဂ္ဂေ”(ကဏ္ဏပူရဆိုသည်မှာ နားတန်ဆာ၊ သေခရ ဆိုသည်မှာ အထွဋ်)ဟူ၍ တိကျအောင် ဖွဲ့ပြခဲ့လေသည်။ ဤနေရာ၌ သီဟိုဠ်ပညာရှင်တို့ပြုစုထားသော သီဟိုဠ်၊ ပါဠိ၊ အင်္ဂလိပ်အဘိဓာန်၌ဥတ္တံသနှင့်အဝတံသကို An Earring; A Diadem ဟုပြန်ဆိုထားရာ နားတန်ဆာဟူသော ဝေါဟာရနှင့်တူညီလာ၏။ မြန်မာစာပေ ကဏ္ဍတွင် ဝဋံသကကို နားတန်ဆာနှင့် သဘောတူပြန်ဆိုခဲ့သော ပညာရှင်များလည်းရှိ၏။ ဗဒုံမင်းလက်ထက် သာသနာပိုင် မောင်းထောင်ဆရာတော်သည်အမေးတော်ဖြေကျမ်း၌-
“ဝဋံသက-နားပန်၊ ဒီပဝင် စသည်၌ ဆိုသည်။ နားပန်ဆံဆီတွင် နားသွယ်ပန်းလည်းဆိုသည်”ဟု ဖေါ်ထုတ်ခဲ့သည်။ ကျီးသဲလေးထပ်ဆရာတော်ကလည်း မဟာဝင်ဝတ္ထု၌ “နားသွယ်ပန်း”ဟုပင် ပြန်ဆိုခဲ့သည်။ မအူဆရာတော်ရေးသော ပါရာဇိကဏ်အဋ္ဌကထာနိသျသစ်၌လည်း-
“ဝဋံသက၊ ဦးဆောက်ပန်းကိုလည်းကောင်း၊ ဝါ နားတန်ဆာကိုလည်းကောင်း”ဟုပြန်ဆိုခဲ့သည်။ ထိုပြန်ဆိုမှုများသည် ဝဋံသကခေါ်သော ဦးဆောက်ပန်းကို နေရာမှန်ပို့ ဆောင်ပေးနိုင်ခဲ့သည်ဟု ဆိုရပေမည်။ ရှေးခေတ်အသုံးအဆောင်ဖြစ်သော ဦးဆောက်ပန်းပုံစံများကို နေရာအနှံ့အပြား၌ တွေ့ရှိတတ်ပေသည်။ ဗုဒ္ဓဘုရားရှင်၏ဘဝါးစက်ဝန်း ပုံသဏ္ဌာန်တို့ကို ထုလုပ်ရေးခြယ်ကြရာ၌ ဦးဆောက်ပန်း သဏ္ဌာန်လည်း ပါဝင်လေသည်။ ပုံစံ ၁-သည် ရေစကြိုမြို့ ဒီပင်္ကရာဘုရားအတွင်းက တွေ့ရသော ဆေးလက်ရာဖြစ်ပြီး ပုံစံ ၂-သည် နဂါးရုံကျောင်းတိုက်အတွင်း ရှေးဟောင်းသုတေသနဌာနမှ ထိန်းသိမ်းထားသော အမည်မသိဘုရားတစ်ဆူမှဆေးရေးလက်ရာဖြစ်၏။ ထိုလက်ရာ ၂-မျိုးကို လေ့လာလျှင် နား၌ဆင်မြန်းသောတန်ဆာမျိုးနှင့်မတူဘဲ ဦးထိပ်၌ ပန်ဆင်သောပန်းမျိုးနှင့်တူသည်။ လက်ရာရှင်တို့သည်လည်း ဝဋံသကဝေါဟာရနှင့်ပရိယာယ်တူသော မုဒ္ဓမာလျဝေါဟာရကို ကြည့်၍ ရေးခြယ်ခဲ့ကြဟန်တူပေသည်။


နားတန်ဆာဟု ယူဆ၍ရသောပုံများမှာ ပုံစံ ၃၊ ၄၊ ၅တို့ဖြစ်၏။ ပုံစံ ၃-ကို ရေစကြိုမြို့နယ် ကြခတ်ကျေးရွာ ဘုရားတိုက်အတွင်း၌၎င်း၊ ပုံစံ ၄-ကို ပုဂံညောင်ဦးရှိ ရွှေစည်းခုံဘုရား၌၎င်း၊ ပုံစံ ၅-ကို ရေစကြိုမြို့ မြို့ထဲလေးမျက်နှာဘုရားအတွင်း၌၎င်း တွေ့ရှိရသည်။ အားလုံးသောလက်ရာများမှာ ကျောက်ဆစ်လက်ရာများဖြစ်၏။ ပုံစံ ၃-၅တို့သည် ပစ္စည်းအမျိုးအစားတူ ၂-မျိုးကိုပူးတွဲ၍ ထွင်းထုထားသည်။ ထို ၂-ခုကို ခွဲ၍ နားတစ်ဖက်စီတွင် ပန်ဆင်ရမည်ဟု ဆိုနိုင်ပေသည်။ ရွှေစည်းခုံဘုရားရှိကျောက်ဆစ်လက်ရာသည် နှောင်းလူတို့ ဆင်မြန်းသော နားဋောင်းသဏ္ဌာန် တူနေသည်ကိုလည်း သတိပြုနိုင်ပေသည်။ အချို့ဒေသများ၌ အခါအားလျော်စွာ လေ့လာရသော ဦးဆောက်ပန်းပုံများလည်းရှိသည်။ အချို့ပုံစံများမှာဆောက်ပန်းဟု ဆိုသဖြင့် မိမိတို့နှစ်သက်သောပန်းခက်တစ်မျိုး၏ပုံသဏ္ဌာန်ကို ထွင်းထုရေးခြယ်လိုက်ခြင်းမျိုးသာ ဖြစ်၏။ ယခုဖေါ်ပြပြီးသော လေ့လာချက်များကို ထောက်၍ ဆောက်ပန်း၏သဘောကို ကောက်ချက်ချနိုင်ပါပြီ။ ဦးဆောက်ပန်း၏အမှီခံဝဋံသကသည် မည်သည့်အဓိပ္ပါယ်များကိုထွက်ဆိုနိုင်သည်ကိုလည်း တင်ပြပြီးဖြစ်၏။ ဝဋံသကကို ဦးဆောက်ပန်းဟု ပြန်ဆိုထား သည်မှာလည်း မမှားပေ။ သို့ရာတွင် ဦးခေါင်းတစ်ခုလုံးတွင် ဆင်မြန်းသမျှကို ခေါ်နိုင်ခွင့်ရှိနေပြန်သည်။ မောင်းထောင်ဆရာတော်၊ ကျီးသဲလေးထပ်ဆရာတော်တို့ကဲ့သို့ “နားသွယ် ပန်း”ဟု ပြန်ဆိုခြင်းသည်သာ နား၏ပိုင်ဆိုင်မှုကို ညွှန်ပြရာရောက်ပေသည်။ ပုဂံခေတ်ကမိဖုရားများကို ပေးအပ်ခဲ့သော ဘွဲ့အမည်များမှာလည်း နားတွင်ဆင်မြန်းသော ရတနာ ပစ္စည်းကို တင်စား၍ ခေါ်ဝေါ်ပေးခဲ့ခြင်းသာ ဖြစ်၏။ ထို့ကြောင့် ဦးဆောက်ပန်းကို ထပ်ဆင့်၍ အဓိပ္ပါယ်ပြန်ဆိုလျက် “ရတနာနားပန်တော်”ဟု မှည့်ခေါ်ရေးသားချင်ပါသတည်း။ ဘုန်းနွယ်(ရေစကြို)[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြဝတီမဂ္ဂဇင်း၊ ၁၉၇၇-ခုနှစ်၊ ဒီဇင်ဘာလထုတ် စာမျက်နှာ(၂၃ မှ ၂၅ထိ)