ဥက္ခိတ္တကဩသာရဏသိက္ခာပုဒ်

ဝီကီပီးဒီးယား မှ

အမှု—သံဃာက ဖယ်ထုတ်ထားသူကို ပြန်၍သွင်းမှု။ အမှုသည်—ထုလ္လနန္ဒာ။


စဏ္ဍသာဠီကို ကံပြုခြင်း[ပြင်ဆင်ရန်]

သာဝတ္ထိမြို့၌ “စဏ္ဍကာဠီ” မည်သော ဘိက္ခုနီသည် ကံပြုခြင်း မိမိအသင်းအပင်းတွင် တိုင်ပင်မှုကိုလည်း ပြုတတ်၏, ခိုက်ရန်ဖြစ်မှုကိုလည်း ပြုတတ်၏, ဆန့်ကျင်ဘက် ပြောမှုကိုလည်း ပြုတတ်၏, စကားအလွန်များ၏, သံဃာ၌ အဓိကရုဏ်းဖြစ်အောင်လည်း ပြုတတ်၏, ထိုစဏ္ဍကာဠီကို ဘိက္ခုနီသံဃာက ဥက္ခေပနီယကံ (နှင်ထုတ်မှုကံ) ပြုမည်လုပ်လျှင် ထုလ္လနန္ဒာသည် မပြုဖို့ရန် ကန့်ကွက်၏၊

အခါတပါး၌ကား ရွာနယ်တစ်ခုကို ထုလ္လနန္ဒာ သွားနေခိုက်၌ ထိုစဏ္ဍကာဠီကို သင့်နေသော အာပတ်ကို (အာပတ်ဟု) မရှုသည့်အတွက် ဥက္ခေပနီယကံ ပြုလေသည်။ [ဤကံအပြုခံရသူသည် သံဃာ့ကိစ္စ၌ အပေါင်းအဖေါ် မလုပ် ရတော့၊ ][၁]


ထုလ္လနန္ဒာအား အကြောင်းပြန်ပြောပုံ[ပြင်ဆင်ရန်]

ထုလ္လနန္ဒာသည် ရွာငယ်၌ ကိစ္စပြီး၍ ပြန်လာသောအခါ စဏ္ဍကာဠီသည် (ပြုနေကျဖြစ်သော ခြေဆေး ရေခပ်ပေးခြင်း, သပိတ် သင်္ကန်း လှမ်းယူခြင်းက စသော) တာဝန်ဝတ်တရားကိုမပြုဘဲ (စိတ်ကောက်)နေ၏၊ ထုလ္လနန္ဒာက “ဘာပြုလို့ ဝတ်တရားကို မပြုသလဲ” ဟုမေးသောအခါ အားကိုးစရာ မရှိတဲ့ သူဟာဒီလို (ဝတ်တရားမပြုဘဲ) နေရတာပေါ့”ဟု လျှောက်၏၊ “ဘာလို့ အားကိုးစရာမရှိရမှာလဲ” ဟု ပြောသောအခါ “သူ့ကို ဘိက္ခုနီသံဃာက (ဒီဘိက္ခုနီဟာ အားကိုးစရာမရှိ, ထင်ရှားသူမဟုတ်, သူ့ဘက်က ဘယ်သူမှ ကန့်ကွက်မည့်သူမရှိဘူး-ဆိုတဲ့အနေမျိုးဖြင့်) သူ့ကိုနှင်ထုတ်ထားကြောင်းကို ပြောပြလေသည်။ [၁]

ထုလ္လနန္ဒာ ပြန်၍သွင်းပုံ[ပြင်ဆင်ရန်]

ထိုအခါ ထုလ္လနန္ဒာသည် “ကံပြုတဲ့ ဒီကောင်မတွေဟာ အမိုက်မတွေ့ ဉာဏ်ရှိသူမတွေမဟုတ်ကြဘူး၊ ဒင်းတို့ဟာ ကံကိုလဲ နားမလည်ကြဘူး, ကံရဲ့အပြစ်ကိုလဲ နားမလည် ကြဘူး, ကံရဲ့ပြည့်စုံပုံ ပျက်စီးပုံကိုလဲ နားမလည်ကြဘူး၊ ငါတို့သာ နားလည် ကြတယ်, ငါတို့ဟာ မပြုရသေးတဲ့ ကံကိုလဲ ပြုအောင်လုပ်နိုင်ကြတယ်, ပြုပြီး တဲ့ကံကိုလဲ ဖျက်ပစ်နိုင်ကြတယ်”ဟု ပြော၍ ဘိက္ခုနီသံဃာကို ကပျာကယာ စည်းဝေးစေပြီးလျှင် ထုတ်ဖယ်ထားသော စဏ္ဍကာဠီကို သံဃာတွင်းသို့ ပြန်၍ သွင်းလေသည်။ (ပြန်၍သွင်းသောကံ ပြုပေးလေသည်-ဟူလို။) ထိုအခါ ဘိက္ခုနီအများက ထုလ္လနန္ဒာ၏ ပြောပုံ ဆိုပုံ လုပ်ကိုင်ပုံကို ကဲ့ရဲ့ကြ၍ ရဟန်းတော်များ လျှောက်ထားသဖြင့် ဘုရားရှင် သိတော်မူသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။ [၁]

သိက္ခာပုဒ်[ပြင်ဆင်ရန်]

ယာ ပန ဘိက္ခုနီ သမဂ္ဂေန သံဃေန ဥက္ခိတ္တံ ဘိက္ခုနိံ ဓမ္မေန ဝိနယေန သတ္ထုသာသနေန အနပလောကေတွာ ကာရကသံဃံ, အနညာယ ဂဏဿ ဆန္ဒံ ဩသာရေယျ, အယမ္ပိ ဘိက္ခုနီ ပဌမာပတ္တိကံ ဓမ္မံ အာပန္နာ နိဿာရဏီယံ သံဃာဒိသေသံ။[၁]

မြန်မာပြန်[ပြင်ဆင်ရန်]

အကြင်ဘိက္ခုနီသည် မှန်ကန်သော သဘောလည်းဖြစ်သော ဝိနည်းထုံးစံအတိုင်း စစ်ဆေး မေးမြန်းမှုလည်း ရှိသော ဉ တ်ကမ္မဝါစာဖြင့် (ကံပြု၍) သံဃာမှ ဖယ်ထုတ်ထားအပ်သော ဘိက္ခုနီကို ကံပြုသော သံဃာကိုလည်း ခွင့်မပန်ဘဲ ထိုကံသော ဘိက္ခုနီအပေါင်း၏ စိတ်ဆန္ဒကိုလည်းမသိရဘဲ သံဃာ့အတွင်းသို့ ပြန်၍သွင်းအံ့၊ ထိုဘိက္ခုနီလည်း လွန်ကျူးလျှင် လွန်ကျူးခြင်း သင့်ရောက်အပ်သော သံဃာမှ နှင်ထုတ်ကြောင်းလည်းဖြစ်သော သံဃာဒိသေသ် အာပတ်သင့်၏။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ အရှင်ဇနကာဘိဝံသ (၁၉၉၆)။ ဘုရားဥပဒေတော်ကြီး