အန်ကောဝပ်
អង្គរវត្ត | |
![]() အန်ကောဝတ်ကျောင်း၏ အရှေ့ဘက်ခြမ်း ပင်မကျောင်းဆောင် | |
တည်နေရာ | ဆယမ်ရပ်မြို့၊ ကမ္ဘောဒီးယားနိုင်ငံ |
---|---|
ပင်လယ်ပြင်ထက် အမြင့် | ၆၅ m (၂၁၃ ft) |
သမိုင်းကြောင်း | |
တည်ဆောက်သူ | Suryavarma II |
စတင်တည်ဆောက်ခြင်း | ၁၁၅၀ ခုနှစ် |
ယဉ်ကျေးမှုများ | ခမာအင်ပါယာ |
တရားဝင်အမည် | Angkor |
အမျိုးအစား | ယဉ်ကျေးမှုဆိုင်ရာ |
ရွေးချယ်သည့်စံနှုန်း | i, ii, iii, iv |
ရွေးချယ်ခြင်း | ၁၉၉၂ ခုနှစ် (၁၆ ကြိမ်မြောက် ညီလာခံအစည်းအဝေး) |
ရည်ညွှန်းနံပါတ် | 668 |
ဒေသ | အာရှနှင့် ပစိဖိတ် |
အန်ကောဝပ်သည် ကမ္ဘောဒီးယားနိုင်ငံ အန်ကောဒေသတွင် ရှိသော ဘုရားကျောင်း အဆောက်အဦး အစုအဝေးဖြစ်ပြီး ဆာရာဘာမန် (၂) ဘုရင်က ၁၂ ရာစု အစောပိုင်းတွင် နိုင်ငံတော် ဘုရားကျောင်းနှင့် မြို့တော်အဖြစ် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ အန်ကောဝပ်ဘုရားကျောင်းသည် စတင်တည်ဆောက်သော အချိန်မှစ၍ ယခုထက်တိုင် အကောင်းဆုံး ထိန်းသိမ်းထားသော ဘာသာရေး အဆောက်အဦးဖြစ်သည်။ အစဦးပိုင်းတွင် ဟိန္ဒူ ဗိဿနိုး နတ်ဘုရားကျောင်း အသွင် တည်ဆောက်ခဲ့ခြင်း ဖြစ်ပြီး နောက်ပိုင်းတွင် ဗုဒ္ဓဘာသာ အတွက် ရည်ရွယ်ကာ ဆက်လက် အသုံးပြုခဲ့သည်။ ၎င်းသည် ကမ္ဘာပေါ်တွင် အကြီးဆုံးသော ဘာသာရေး အဆောက်အဦး ဖြစ်သည်။ ခမာ ဗိသုကာ ပညာ၏ ထိပ်တန်းရောက်နေသည့် အချိန်ကို ထင်ဟပ်နေသည်။ ၎င်းသည် ကမ္ဘောဒီးယားနိုင်ငံ၏ သင်္ကေတဖြစ်ပြီး နိုင်ငံတော် အလံတွင်လည်း ပါဝင်ကာ ကမ္ဘာလှည့်ခရီးသည်တို့ကို အဓိက ဆွဲဆောင်ရာ နေရာလည်း ဖြစ်သည်။
အန်ကောဝပ်သည် ကမ္ဘာပေါ်တွင် အကြီးဆုံးဘုရားကျောင်းတစ်ခုဖြစ်သည်။ ၎င်း၏ အမြင့်မှာ မြေပြင်မှ ၆၅မီတာ မြင့်မားလှသည်။ ပုဂံမှ အမြင့်ဆုံး သဗ္ဗညု ( ၆၁မီတာ ) နှင့်နှိုင်းယှဉ်လျှင် အနည်းငယ်မြင့်မားလှပေသည်။ အန်ကောမြို့ဟောင်း၏ ဘုရားတိုင်းတွင် ကျုံးရှိသည်။ အန်ကောဝပ်၏ ကျုံးကား ကြီးမားကျယ်ပြန့်လှသည်။
အန်ကောဝပ်ဘုရားကျောင်းသည် မြင်းမိုရ်တောင်ကို အဓိပ္ပာယ်ဆောင်ပြီး တည်ဆောက်ထားခြင်း ဖြစ်သည်။ မြင်းမိုရ်တောင်ကို ဖော်ကျူးထားသော လက်ရာများအနက် အန်ကောဝပ်သည် အကောင်းဆုံး လက်ရာတစ်ခုဖြစ်သည်။ မြင်းမိုရ်တောင်ကို ဝိုင်းရံထားသော ပင်လယ်ခုနစ်စင်းနှင့် သမုဒ္ဒရာခုနစ်ခုကို အန်ကောဝပ်၏ ဗိသုကာလက်ရာထဲတွင် အကောင်းဆုံးဖော်ကျူးနိုင်ခဲ့သည်။

အန်ကော မြို့ဟောင်းကြီး၏ အခြားထင်ရှားသောနေရာမှာ ဘေယုံ (Bayon) ဖြစ်သည်။ ထိုဘုရားကျောင်း၏ ထူးခြားချက်မှာ များပြားလှသော မျက်နှာများဖြစ်သည်။ အရင်တုန်းက ဗုဒ္ဓ၏ မျက်နှာများဟု နာမည်ကြီးခဲ့ပြီး တချို့က ခမာဘုရင်တို့၏ မျက်နှာများဟု ယူဆကြသည်။ နောက်ထပ်နာမည်ကြီးသော နေရာမှာ တာဖရွမ် (Ta Prohm) ဆိုသောနေရာပင်ဖြစ်မည်။ Tomb Rider ကိုကြည့်ဖူးသူတိုင်းအတွက် ထိုနေရာနှင့်စိမ်းမည် မဟုတ်ပါ။ အန်ကောမြို့ဟောင်းသည် တစ်ချိန်က တောအုပ်ကြီးထဲတွင် နှစ်ပေါင်းများစွာ လူတို့၏ စွန့်ပစ်ခြင်းကို ခံခဲ့ရသည်။ ပြင်သစ်လူမျိုးက ပြန်လည်တူးဖော်ပြီးသောအခါ အန်ကောမြို့ဟောင်း၏ အလှသည် ပြန်ပြီးအသက်ဝင်လာသည်။ ထိုဘုရားကျောင်း၏ ထူးခြားချက်မှာ သမိုင်းပညာရှင်တို့၏ မတူးဖော်ခင်အတိုင်း အရှိကိုအရှိအတိုင်း ထားခြင်းဖြစ်သည်။ Silk Tree ၏ ကြီးမားလှသော အမြစ်များကြားထဲတွင် ဘုရားကျောင်းသည် တိတ်ဆိတ်ငြိမ်သက်စွာဖြင့် မတ်တပ်ရပ်စဲရှိသည်။ ပန်းရောင်ဖျော့ဖျော့ အမြစ်ကြီးများသည် မြွေလိမ်မြွေကောက်ပမာ ဘုရားကျောင်းကို ရစ်ပတ်ထားပြီး အစိမ်းရောင်ရေညှိပင်များက လွှမ်းခြုံထားသည်။ မြေ၏သဘာ၀နှင့် လူသားတို့ဖန်တီးမှု နှစ်ခုသည် လှပစွာပေါင်းစည်းနေသော နေရာလေးဖြစ်သည်။
အန်ကောမြို့ဟောင်းကြီးသည် ပုဂံလိုဘုရားကျောင်းများစွာ တည်ရှိသောနေရာဖြစ်သည်။ ထူထပ်အုပ်ဆိုင်းနေသော သစ်ပင်ကြီးများကြောင့် ဘုရားကျောင်း တစ်ခုနှင့်တစ်ခု မမြင်ရပေမယ့် တကယ်တော့ တစ်ခုနှင့်တစ်ခုက နီးနီးလေးပါ။ အန်ကောမြို့ဟောင်းသည် ဘုရားကျောင်းများနှင့် လှပနေရုံမျှမက မြို့လေးကလည်း နွေးထွေးပျူငှာသော ကမ္ဘောဒီးယား လူမျိုးများကြောင့် လှပသောမြို့ကလေး ဖြစ်သည်။
စားစရိတ်နှင့် ဟိုတယ်စရိတ်မှာလည်း သိပ်ပြီးဈေးမကြီးလှ။ Old Market မှာပိုးပုဝါနှင့် ငွေထည်များဈေးသက်သာစွာ ဝယ်ယူနိုင်သည်။ ပိုးပုဝါတစ်ထည်လျှင် US$ 2 သို့မဟုတ် $3 ခန့်သာ ပေးရသည်။ ငွေထည်များမှာ ဈေးသက်သာသော်လည်း အရည်အသွေး သိပ်မကောင်းပေ။