ကျုံး

ဝီကီပီးဒီးယား မှ
မန္တလေး နန်းမြို့ရိုးနှင့် ရေကျုံး

ကျုံး[ပြင်ဆင်ရန်]

ကျုံးမှာ ရှေးဘုရင်တို့၏ မြို့တော်များအတွင်းသို့ ရန်သူ များ အလွယ်တကူ မဝင်ရောက်နိုင်စေရန် မြို့ရိုးတံတိုင်း၏ ပြင်ဖက်တွင် ပတ်လည်ဝန်းရံ၍ ပြုလုပ်ထားသော အတားအဆီး မြောင်းကြီးဖြစ်သည်။ ပါဠိဘာသာဖြင့် ပရိခါ ဟုခေါ်သည်။ (ပရိ-ထက်ဝန်းကျင်၊ ခါ- တူးအပ်သည်။)

ကျုံးမှာ ၃ မျိုးရှိသည်။ ယင်းတို့မှာ ရေကျုံး၊ ညွန်ကျုံး၊ အခြောက်ကျုံးတို့ ဖြစ်သည်။ မြို့တော်များတွင် ဆိုခဲ့သည့် ကျုံး ၁ မျိုးဖြစ်စေ၊ ၂ မျိုးဖြစ်စေ၊ ၃ မျိုးဖြစ်စေ၊ စီမံထားရှိ ကြသည်။ မြို့ရိုးတံခါးများတွင် ထိုကျုံးတို့ကို ကူးဖြတ်ရန် တံတားငယ်များ ထားရှိ၍ ထိုတံခါးပေါက်ကို ခိုင်လုံစွာ စောင့်ရှောက်ကြရသည်။ တံခါးမရှိသောနေရာတွင်ကား ကျုံးများကို ရန်သူက အလွယ်တကူ မဖြတ်ကူးနိုင်သဖြင့် စောင့်ကြပ်ကာကွယ်ရန် များစွာတာဝန်မရှိဘဲ၊ မြို့ရိုးပေါ်ရှိ သူရဲခို၊ ပြအိုး စသည်တို့၌ အစောင့်ချထားရုံသာလိုသည်။ အချို့မြို့ရိုးများတွင် ကျုံးကူး တံတားကို အရေးရှိလျှင် လွယ်ကူစွာ ဖျက်နိုင် ဖြုတ်နိုင်အောင်လည်း စီရင်ထားတတ် ကြသည်။

ရေကျုံး[ပြင်ဆင်ရန်]

ရေကျုံးမှာ ရန်သူစစ်သည် ဆင်မြင်းတို့ အလွယ်တကူ မကူးနိုင်အောင် ကျယ်ပြန့်စွာပတ်၍ တူးဖောက်ထားသည့်ကျုံး ဖြစ်သည်။ ရေအောက်တွင်လည်း ဆူးငြောင့်ခလုတ်များနှင့် မိကျောင်း၊ လင်းပိုင် အစရှိသော အန္တရာယ်ပြုတတ်သည့် ရေသတ္တဝါများကို ထည့်သွင်းထားတတ်သည်။ ရေပြင်၌ကား အမြင်တင့်တယ်အောင် ကြာမျိုး ၅ ပါး စိုက်ပျိုးထားသည်။ ညွန်ကျုံးမှာ ရန်သူစစ်သည် ဆင်မြင်ရထားတို့ ဖြတ်ကူး လျှင် နစ်ကျွံနေလေအောင် တူးဆွရေသွင်း၍ ရွံ့ညွန်များ ဖြစ် အောင် စီရင်ထားသော ကျုံးဖြစ်သည်။ ညွန်၏အစောက်မှာ အလွန်နက်အောင် ပြုလုပ်ထားသဖြင့် ထိုညွန်၌ ကျုံးမိသူများမှာ ရုန်းထွက်ရန် ခက်ခဲသည်။

အခြောက်ကျုံး[ပြင်ဆင်ရန်]

အခြောက်ကျုံးမှာ ရေမတင် ညွန်မတင်သော မြေလွတ် တွင် ရန်သူစစ်သည် ဆင်မြင်းရထားတို့ ဖြတ်ကျော်လျှင် ထိုခိုက်ပြိုလဲလေအောင် ဆူးချွန် ငုတ်ချွန်ငြောင့်၊ ခလုတ်၊ တွင်းချိုင့် စသည်တို့ဖြင့် စီမံထားသောကျုံး ဖြစ်သည်။ ကျုံး ၃ ရပ် အနက် ရှေးမြန်မာဘုရင် မြို့တော်ဟောင်း များတွင် အများအားဖြင့် ရေကျုံးကိုသာ ပြုလုပ်စီရင်ထားလေ့ ရှိသည်။ ဇာတ်နိပါတ်တော်များ၌သာ အခြောက်ကျုံး ညွန်ကျုံး စသည်တို့ကို ပြုလုပ်တတ်ကြောင်း ဖော်ပြပါရှိ သည်။ မြို့တော် ဟောင်းနေရာများတွင် အုတ်မြို့ရိုး ပတ်လည်တို့၌ ကော၍ ရေခန်းခြောက်နေသော ရေကျုံး ဟောင်းချိုင့်ဝှမ်းကြီးများကို တွေ့မြင်ရလေ့ရှိသည်။ မန္တလေးမြို့ နန်းတော်အုတ်မြို့ရိုး ပတ်လည်တွင် ယခုထက်တိုင် ရေကျုံးထင်ရှား တွေ့မြင် ရသေးသည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)