သံဃရက္ခိတ
တစ်စိတ်တစ်ပိုင်း ဖော်ပြချက် |
ဗုဒ္ဓဘာသာ |
---|
သာသနာတော်၌ ထင်ရှားသော သံဃရက္ခိတ[၁] အမည်ရသူများကို အောက်ပါအတိုင်း တွေ့ရပါသည်။
- (၁) အမှတ်မဲ့ သံဃရက္ခိတရဟန်း, သာမဏေ။ [၂]
- (၂) သံဃရက္ခိတမထေရ်။ [၃]
- (၃) သံဃရက္ခိတ ရဟန်းငယ်။[၄]
- (၄) သံဃရက္ခိတသာမဏေ။ [၅]
- (၅) သုဗောဓာလင်္ကာရကျမ်းပြု သံဃရက္ခိတမထေရ်။ [၆]
- (၆) သံဃာစောင့်ရှောက်အပ်သော သူ။ [၇]
သံဃရက္ခိတမထေရ်
[ပြင်ဆင်ရန်](က) သံဃရက္ခိတမထေရ်သည်— ဤဘဒ္ဒကမ္ဘာမှ ပြန်၍ရေသည်ရှိသော် ၉၄-ကမ္ဘာထက်၌ အမျိုးကောင်းသားဖြစ်၍ တစ်နေ့သ၌ တောင်ခြေ၌ သီတင်းသုံးတော်မူသော ပစ္စေကဗုဒ္ဓါ ၇-ဆူကို ဖူးမြင်ရသဖြင့် ကြည်ညိုသောစိတ်ဖြင့် ထိန်ပွင့် (မအူပွင့်)တို့ကို ပူဇော်ခဲ့သောကောင်းမှုကံကြောင့် နတ်ပြည်၌ ဖြစ်ရလေသည်။ အဆက်ဆက် ကောင်းမှုတို့ကိုပြုသဖြင့် သုဂတိဘုံတို့၌သာ ကျင်လည်၍ ငါတို့ဘုရားရှင်လက်ထက် သာဝတ္ထိပြည်၌ စည်းစိမ်ဥစ္စာ ကုံလုံကြွယ်ဝသော အမျိုး၌ ဖြစ်၍ သံဃရက္ခိတ ဟူသောအမည်ကို မှည့်ကြသည်။ ထိုသံဃရက္ခိတသည် သိကြား လိမ္မာသော အရွယ်သို့ရောက်သောအခါ သဒ္ဓါ တရားဖြစ်ပွား၍ ရဟန်းပြုပြီး ကမ္မဋ္ဌာန်းကို ယူကာ ရဟန်းတစ်ပါးကို အဖော်ပြု၍ တော၌ သီတင်းသုံး နေထိုင်တော်မူသည်၊ ထိုအခါ မနီးမဝေးသော တောချုံ၌ မွေးဖွားပြီးစ သားငယ်ကို စောင့်ရှောက်လျက် သား, သမီး၌ ချစ်ခြင်းဖြင့် အဝေးသို့အစာရှာမသွား၊ အနီး အရပ်၌လည်း မြက်, ရေကို မရခြင်းကြောင့် ပင်ပန်းဆင်းရဲသော သမင်မတစ်ကောင်ကိုမြင်၍ “ဤသတ္တဝါအပေါင်းသည် တဏှာ ဟူသော အနှောင်အဖွဲ့ဖြင့် နှောင်ဖွဲ့အပ်သည် ဖြစ်၍ ဆင်းရဲကြီးစွာခံစားရသည်၊ ထိုအနှောင် အဖွဲ့ကို မဖြတ်နိုင်ပါတကား “ဟု ထိတ်လန့် ခြင်းဖြစ်၍ ထိုထိတ်လန့်ခြင်းကိုပင် ချွန်း သဖွယ် လမ်းညွှန်ပြုကာ ဝိပဿနာတရား ပွားများသောကြောင့် ရဟန္တာအဖြစ်သို့ရောက်တော်မူသည်။ ယင်းမထေရ်သည် ထိန်ပွင့်တို့ကို လှူဒါန်းခဲ့ဘူးသော ရှေးကောင်းမှုကို အစွဲပြု၍ “ကဒမ္ဗပုပ္ဖိယမထေရ် “ဟူ၍လည်း ကဒမ္ဗပုပ္ဖိယမထေရ်”ဟူ၍လည်း အမည်တွင်သည်။ [၈]
သံဃရက္ခိတ ရဟန်းငယ်
[ပြင်ဆင်ရန်](ခ) သံဃရက္ခိတ ရဟန်းငယ်သည်— သံဃရက္ခိတမထေရ်၏တူ (ညီမ၏သား)ဖြစ်၍ ဦးရီးတော်ဖြစ်သော သံဃရက္ခိတမထေရ်၏ အမည်အတိုင်းပင် “သံဃရက္ခိတ” ဟု မှည့် ခေါ်ကြသည်။ အရွယ်ရောက်သောအခါ ဦးရီး ဖြစ်သော သံဃရက္ခိတမထေရ် အထံ၌ပင် ရှင်ရဟန်းပြု၍ တစ်ခုသောရွာငယ်ကျောင်း၌ ဝါဆိုဝါကပ်ပြီး ၇-တောင်ရှိသော ဝါဆိုသင်္ကန်း တစ်ထည်, ၈-တောင်ရှိသော ဝါဆိုသင်္ကန်း တစ်ထည်အားဖြင့် ဝါဆိုသင်္ကန်းနှစ်ထည်ကိုရ၍ ၈-တောင်ရှိသော ဝါဆိုသင်္ကန်းကို မိမိ၏ ဥပဇ္ဈာယ် (ဦးရီးဖြစ်သော သံဃရက္ခိတ မထေရ်)အား လှူအံ့ဟုကြံလျက် ဝါကျွတ်သောအခါ ဥပဇ္ဈာယ်၏ အထံသို့သွား၍ ထိုသင်္ကန်းကို လှူဒါန်းရာ ဥပဇ္ဈာယ်က အလှူ မခံသောကြောင့် စိတ်ပျက်သဖြင့် “လူထွက်တော့အံ “ဟု ဆုံးဖြတ်၍” လူ့ဘောင်သို့ ရောက်သည့်အခါ မည်သို့မည်ပုံ အသက်မွေး ဝမ်းကြောင်းမှုကို ပြုမည်ဟု အမျိုးမျိုးစိတ် ကူးယဉ်လျက် ဥပဇ္ဈာယ်ကို ယပ်လေခပ်ရာ ဥပဇ္ဈာယ်၏ ဦးခေါင်းကို ယပ်တောင်ဖြင့် ခပ်မိလေသည်။ ထိုအခါ ဥပဇ္ဈာယ်က မိမိ၏ အကြံအစည်အားလုံးကို သိသဖြင့် ယပ်တောင် ကိုစွန့်၍ ထွက်ပြေးရန်အားထုတ်ရာ ရှင်ငယ်, ရဟန်းငယ်တို့က ထိုသံဃရက္ခိတကို အစဉ် လိုက်၍ ခေါ်ယူကြပြီး ဘုရားရှင်ထံပို့ဆောင် ကြသည်၊ ထိုအခါ ဘုရားရှင်က “ဒူရင်္ဂမံ ဧကစရံ” အစရှိသော ဂါထာကို ရွတ်ဆို၍ ဟောဖော်ညွှန်ပြ ဆုံးမတော်မူသောကြောင့် လူမထွက်ဖြစ်တော့ပဲ သောတာပတ္တိဖိုလ်သို့ ရောက်တော်မူသည်။ [၉]
သံဃရက္ခိတသာမဏေ
[ပြင်ဆင်ရန်](ဂ) သံဃရက္ခိတသာမဏေသည်— မဟာနာဂမထေရ်၏ တူဖြစ်၍ သင်တုန်း အမှု၏အဆုံး (ဆံရိတ်ခြင်း၏အဆုံး) ၌ပင် ရဟန္တာအဖြစ်သို့ရောက်ရာ “ရှင်ရဟန်းပြုသောနေ့၌ပင် ရဟန္တာအဖြစ်သို့ ရောက်၍ ဝေဇယန္တာပြာသာဒ်ကို တုန်လှုပ်စေခဲ့ဖူးသော တစ်စုံတစ်ယောက်သော ရဟန်းရှိလေသလော” ဟု ကြံစည်သောအခါ “တစ်စုံ တစ်ယောက်သော ရဟန်းမရှိ” ဟုသိ၍ “ဝေဇယန္တာပြာသာဒ်ကို ငါတုန်လှုပ်စေအံ့” ဟုကြံ၍ အဘိညာဉ်၏ အားအစွမ်းဖြင့် ဝေဇယန္တာပြာသာဒ်၏ အထက်၌ရပ်၍ ခြေဖြင့်ပုတ်ခတ်ရာ ပြာသာဒ်ကိုတုန်လှုပ်စေခြင်း ငှာမတတ်နိုင်ပြီ၊ ထိုအခါ ယင်းသာမဏေကို သိကြားမင်း၏ ကချေသည် နတ်မိန်းမတို့က ပြောင်လှောင် ကျီစယ်ကြသဖြင့် သာမဏေသည် “မိမိသည် ဆရာထံမှ နည်းကိုမရခဲ့၍ ဝေဇယန္တာပြာသာဒ်ကို မတုန်လှုပ်စေနိုင်ခြင်း ဖြစ်ကြောင်း”သိ၍ မဟာသမုဒ္ဒရာ၌ ရေလှိုဏ်း ကိုဖန်ဆင်း၍ နေ့၌ သီတင်းသုံးသော မိမိ၏ ဥပဇ္ဈာယ်ဆရာ သာမုဒ္ဒိက မဟာနာဂမထေရ်၏ အထံသို့သွား၍ နည်းလမ်းကိုလျှောက်ထားလေသည်။
ထိုအခါ ဥပဇ္ဈာယ်ဆရာက ရေအပြင်၌ နွားချေးပိုင်းပေါ်ပုံ၊ မုန့်ဆီကြော် ကြော်ရာ၌ အိုးကင်း၌ ရှေးဦးစွာအနည်းငယ်သော မုန့်ညက်ကိုထည့်၍ အစဉ်အားဖြင့် ပွားစေ၍ အတွင်းစွန်းဖြင့် ပိုင်းခြားပုံ ဥပမာ အမြွက်ကို ပြောလိုက်သည်၊ သာမဏေသည် ထိုမျှလောက်သော ဥပမာစကားမျှဖြင့် သဘောပေါက်ကာ အာပေါကသိုဏ်း၏ အစွမ်းအားဖြင့် “ပြာသာဒ်တည်ရာအရပ်သည် ရေ ဖြစ်စေသတည်း”ဟု အဓိဋ္ဌာန်၍ ဝေဇယန္တာ ပြာသာဒ်သို့ ရှေးရှုသွားလေ၏။ နတ်သမီးတို့သည်လည်း သာမဏေကိုမြင်၍ ယခင်အကြိမ် ၌ကဲ့သို့ပင် ပြောင်လှောင် ကျီစယ်ကြသည်၊ သာမဏေသည်လည်း ခြေမဖြင့် ပြာသာဒ်၏ အထွဋ်ကိုပုတ်ခတ်ရာ၊ ပြာသာဒ်သည် အရပ် လေးမျက်နှာတို့-ဖြင့်-မှ-သို့-ညွတ်သည်၊ နတ်သမီးတို့သည် အော်ဟစ် မြည်တမ်း တောင်းပန်ကြသောကြောင့် သာမဏေသည် ပြာသာဒ်ကို တည်မြဲတိုင်းသော နေရာ၌ထား၍ ပြာသာဒ်အထက်၌ရပ်ပြီးလျှင် “အဇ္ဇေဝါဟံ ပဗ္ဗဇိတော” အစရှိသောသုံးဂါထာကို ရွတ်ဆို ရွှင်မြူး ဥဒါန်းကျူးလေ၏။ [၁၀]
သုဗောဓာလင်္ကာရ ကျမ်းပြု သံဃရက္ခိတ မထေရ်
[ပြင်ဆင်ရန်](ဃ) သုဗောဓာလင်္ကာရ ကျမ်းပြု သံဃရက္ခိတ မထေရ်သည် သီဟိုဠ်ကျွန်း (သီရိလင်္ကာနိုင်ငံ)၌ သာသနာသက္ကရာဇ် (သုဗောဓာလင်္ကာရဋီကာ, ၁၇၀၃-ခု၊ နိဒါနကထာ, အလင်္ကာပန်းကုံး, နိဒါနကထာ) ၁၆၉၆-ခု၊ (အလင်္ကာ၊ သျ၊ သစ်၊ စံကျောင်း၊ နိဒါနကထာ) နှစ်တွင် မင်းအဖြစ်သို့ ရောက်သော မဟာပရက္ကမဗာဟုမင်း လက်ထက်၌ ဖြစ်ထွန်းပေါ်ပေါက်သော ကျမ်းပြု မထေရ်တစ်ပါးဖြစ်သည်။ ယင်းမထေရ်သည် ဥဒုမ္ဗရတောင်ကျောင်း၌ သီတင်းသုံးနေထိုင်သည်၊ တစ်ကြိမ်ကြားရုံမျှဖြင့် များစွာသော ကျမ်းဂန်တို့ကို ဆောင်စွမ်းနိုင်၍ ဝရဇိန်လက် နက်နှင့်တူသော ဉာဏ်ရှိသည်၊ အဘိဓာနပ္ပဒီပိကာကျမ်း, မောဂ္ဂလ္လာနဗျာကရဏကျမ်း စသော များစွာသောကျမ်းတို့ကို ပြုစီရင်သော မောဂ္ဂလ္လာန်မထေရ်, သာရတ္ထဒီပနီဋီကာ စသော များစွာသောကျမ်းတို့ကိုပြုစီရင်သော သာရိပုတ္တရာမထေရ်, တောင်ကြားတောရ၌ သီတင်းသုံးသော သီလမထေရ်တို့၏ တပည့် ဖြစ်၍ ဥဒုမ္ဗရဂိရိတောင်ကျောင်း၌ သီတင်းသုံးသော မေဓင်္ကရမထေရ်၏ ဆရာဖြစ်သည်။
သံဃရက္ခိတမထေရ်သည်— (၁) သုသဒ္ဒသိဒ္ဓိ၊ (၂) သုဗောဓာလင်္ကာရ၊ (၃) သုဗောဓာလင်္ကာရပုရာဏဋီကာ၊ (၄) သုဗောဓာလင်္ကာရအတ္ထဗျာချာ၊ (၅) ဝုတ္တောဒယ၊ (၆) ဆန္ဒမူလဋီကာ၊ (၇) ခုဒ္ဒသိက္ခာအဘိနဝဋီကာ၊ (၈) မူလသိက္ခာပုရာဏဋီကာ၊ (၉) သမ္ဗန္ဓစိန္တာ (ယောဂနိစ္ဆယ)၊ (၁၀) သာရတ္ထဝိလာသိနီ (ပဉ္စိကာဋီကာ) စသော များစွာသောကျမ်းတို့ကို ပြုစီရင်ခဲ့သည်။
ယင်းမထေရ်သည် သာသနာသက္ကရာဇ် ၁၇၈၇ (၁၇၉၀) ခုနှစ်ဝယ် သီဟိုဠ်ကျွန်း (သီရိလင်္ကာနိုင်ငံ) ဇမ္ဗုဒေါဏိမြို့၌ မင်းအဖြစ် သို့ရောက်သော “ဝိဇယဗာဟုမင်း” လက်ထက်တိုင်အောင် သက်တော်ထင်ရှား ရှိသေးသည်ဖြစ်၍ သက်တော် (၉၀)ခန့် နေခဲ့ရဟန် တူသည်။ သုဗောဓာလင်္ကာရဋီကာ၊ နိဒါနကထာ။ အလင်္ကာ၊ သျ၊၁၊စံကျောင်း၊ နိဒါနကထာ။ အလင်္ကာပန်ကုံး၊ နိဒါနကထာ)။ [၁၁]
ဆက်စပ်ဖတ်ရှုရန်
ကိုးကား
- ↑ သံဃရက္ခိတ (ပု) [သံဃ+ရက္ခိတ]
- ↑ (၁) အမှတ်မဲ့ သံဃရက္ခိတရဟန်း, သာမဏေ။ သံဃရက္ခိတော ဒိဋ္ဌော ဟောတိ ပါရာဇိကံ ဓမ္မံ အဇ္ဈာပဇ္ဇန္တော။ ဝိ၊၁၊၂၅၈-၉။ (ဝိ၊၂၊၁၀။ ဝဇိရ၊၁၆၀၊ ၁၆၂။ ဝိမတိ၊၂၊၁၃၁)။
- ↑ (၂) သံဃရက္ခိတမထေရ်။ တဿ သံဃရက္ခိတောတိ နာမံ အဟောသိ။ ထေရ၊ဋ္ဌ၊၁၊၂၇၅။ သာဝတ္ထိယံ ကိရေကော ကုလပုတ္တော—သံဃရက္ခိတစ္ဆေရော နာမ ဟုတွာ။ ဓမ္မ၊ဋ္ဌ၊၁၊၁၉၁။
- ↑ (၃) သံဃရက္ခိတ ရဟန်းငယ်။ ကိံ နု ခေါ အဟံ သံဃရက္ခိတေန သီသေ ပဟတော။ ဓမ္မ၊ဋ္ဌ၊၁၊၁၉၂-၃။
- ↑ (၄) သံဃရက္ခိတသာမဏေ။ ပုတ္တသံဃရက္ခိတ တွံ ပူတိဂန္ဓေနေဝ သီသေန ဝေဇယန္တံ ကပ္ပေတုံ ဣစ္ဆသိ။ ဒီ၊ဋ္ဌ၊၂၊၁၄၈။ အံ၊ဋီ၊၃၊၂၅၉။ (ဒီ၊ဋ္ဌ၊၂၊၁၄၉။ အံ၊၃၊၂၅၁။ ဒီ၊ဋီ၊၂၊၁၅၅။ အံ၊ဋီ၊၃၊၂၆၀)။
- ↑ (၅) သုဗောဓာလင်္ကာရကျမ်းပြု သံဃရက္ခိတ မထေရ်။ ဣတိ သံဃရက္ခိတမဟာသာမိဝိရစိတေ သုဗောဓာလင်္ကာရေ ရသဘာဝါ ဝဗောဓော နာမ ပဉ္စမော ပရိစ္ဆေဒေါ။ သုဗောဓာလင်္ကာရ။ ၁၉၀။ (၁၆၁၊ ၁၆၅၊ ၁၇၀၊ ၁၈၆)။
- ↑ (၆) သံဃာစောင့်ရှောက်အပ်သော၊ သူ။ သံဃံ ဩသရိတွာ သံဃရက္ခိတေန ဝသိတဗ္ဗံ။ မိလိန္ဒ၊၃၈၇။
- ↑ ထေရ၊၂၄၃။ အပ၊၁၊၁၉၇။ ဓမ္မ၊ဋ္ဌ၊၁၊၁၉၁။ ထေရ၊ဋ္ဌ၊၁၊၂၇၄-၆။ အပ၊ဋ္ဌ၊၂၊၁၆၅-၆။
- ↑ ဓမ္မ၊ဋ္ဌ၊၁၊၁၉၁-၄။
- ↑ ဒီ၊ဋ္ဌ၊၂၊၁၄၈-၉။ အံ၊ဋ္ဌ၊၃၊၂၅၁။ အံ၊ဋီ၊၃၊၂၅၉-၆၀။
- ↑ တိပိဋကအဘိဓာန် အတွဲ-၁၀