သာမိသ သုခဝေဒနာ
တစ်စိတ်တစ်ပိုင်း ဖော်ပြချက် |
ဗုဒ္ဓဘာသာ |
---|
ကာမတဏှာ၏ ကျက်စားရာ ဖြစ်သော အဆင်း, အသံ, အနံ့, အရသာ, အတွေ့အထိ, ဓမ္မသဘောဟူသော ဤလိုချင်စရာ သက်ရှိ သက်မဲ့ ကာမဝတ္ထု အစုစုသည် ကာမဂုဏ် မည်၏။ ယင်းကာမဂုဏ်များကို ကာမ တဏှာ၏ နေအိမ်ကြီးသဖွယ် ဖြစ်သောကြောင့် ဂေဟဟူ၍ ခေါ်ဆို၏။ ကာမဂုဏ်ကို မှီခို အားထားကြကုန်သော ကာမာဝစရသတ္တဝါတို့၏ မှီခိုရာ အားထားရာ ပုန်းအောင်းရာ လဲလျောင်းရာ နေထိုင်ရာဟူသော အနက်သဘော ကြောင့် ကာမဂုဏ်တို့ကို ဂေဟ (= ကာမဂုဏ်အိမ်) ဟု ဆိုလိုသည်။ ထိုဂေဟ မည်သော ကာမဂုဏ်ကို အာရုံ ပြု၍ အကြောင်းပြု၍ ယင်းကာမဂုဏ်၌ ငြိကပ်လျက် ဖြစ်ပေါ်လာသော (နာမ်ကမ္မဋ္ဌာန်း ရှုကွက်တွင် ဖော်ပြ ခဲ့သော လောဘဒိဋ္ဌိ အုပ်စု, လောဘမာန အုပ်စုများတွင် ပါဝင်သော) ဝမ်းမြောက်ခြင်း သောမနဿဝေဒနာကို ဂေဟသိတ သောမနဿဝေဒနာဟု ခေါ်၏။ ယင်းဂေဟသိတ သောမနဿဝေဒနာသည် သာမိသ သုခဝေဒနာ မည်ပေသည်။[၁]
သာမိသ သုခဝေဒနာကို သိမ်းဆည်းပုံ
[ပြင်ဆင်ရန်]ယင်း သာမိသ သုခဝေဒနာကို သိမ်းဆည်း ရှုပွားလိုသော ယောဂါဝစရပုဂ္ဂိုလ်သည် ရှေးနာမ်ကမ္မဋ္ဌာန်း ရှုကွက်များတွင် ဖော်ပြခဲ့သည့်အတိုင်း ---
၁။ စက္ခုဒွါရ-မနောဒွါရ စသည့် ဆိုင်ရာဆိုင်ရာ ဒွါရတို့ကိုလည်းကောင်း,
၂။ ဣဋ္ဌဖြစ်သော ရူပါရုံ စသည့် ဆိုင်ရာဆိုင်ရာ အာရုံတို့ကိုလည်းကောင်း ---
ပူးတွဲသိမ်းဆည်းလျက် ယင်းဣဋ္ဌဖြစ်သော အာရုံ (၆)ပါးတို့တွင် ဆိုင်ရာဆိုင်ရာ အာရုံတစ်ခုခုက ဆိုင်ရာ ဆိုင်ရာ ဒွါရတို့၌ ရှေးရှူကျရောက်လာသောအခါ ထင်လာသောအခါ အယောနိသော မနသိကာရကို အခြေ စိုက်လျက် ဖြစ်ပေါ်လာကြကုန်သော သောမနဿဝေဒနာနှင့် အတူတကွဖြစ်သော လောဘ-ဒိဋ္ဌိအုပ်စု, လောဘ -မာနအုပ်စုဟူသော လောဘဇောများ စောသည့် ဝီထိစိတ်အစဉ်များကို ဝေဒနာကို အဦးမူ၍ သိမ်းဆည်းပါ။
အာယတနဒွါရအလိုက် (၆)လိုင်းလုံး၌ သိမ်းဆည်းပါ။ အာရုံ (၆)ပါးတို့တွင် အာရုံတစ်မျိုးမျိုးကို ထိုက်သလို အာရုံပြု၍ ဖြစ်ပေါ်လာသော နာမ်တရားတို့ကို သာမိသသုခဝေဒနာကို အဦးမူ၍ နာမ်တုံးနာမ်ခဲဟူသော နာမ် ဃန အသီးအသီးကို ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးလျက် ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် သိမ်းဆည်းပါ၊ ဉာဏ်ဖြင့် ပိုင်းခြားယူပါ။ အာရုံ (၆)ပါးကို ထိုက်သလို အာရုံပြု၍ ဖြစ်ပေါ်လာကြကုန်သော သာမိသ သုခဝေဒနာကို အဦးမူသဖြင့် နာမ်တရားအားလုံးတို့ကို ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် သိမ်းဆည်းနိုင်ပါက သာမိသ သုခ ဝေဒနာကို ကွဲကွဲပြားပြား သိသည် မည်ပေသည်။ နာမ်တရားတို့ကို သိမ်းဆည်းပြီးနောက် မှီရာဝတ္ထုရုပ်နှင့် အာရုံရုပ်တို့ကိုလည်း ဆက်လက်၍ သိမ်းဆည်းရမည်ဟူသော အချက်ကိုလည်း မမေ့ပါနှင့်။
ဂေဟသိတ သောမနဿဝေဒနာ ၆-မျိုး
[ပြင်ဆင်ရန်]ယင်း ဂေဟသိတ သောမနဿဝေဒနာသည် (၆)ဒွါရ၌ ထိုက်သလို ထင်လာသော ဣဋ္ဌ ဖြစ်သော အာရုံ (၆)မျိုးတို့ကို သာယာတပ်မက်တတ်သော တဏှာလောဘနှင့် တွဲဖက်၍ ဖြစ်ပေါ်လာသော သောမနဿဝေဒနာ ဖြစ်ရကား အာရုံ (၆)ပါး ကွဲပြားသဖြင့် ယင်း ဂေဟသိတ သောမနဿဝေဒနာလည်း (၆)မျိုးပင် ပြားလေသည်။
ပစ္စုပ္ပန်, အတိတ် အာရုံ
[ပြင်ဆင်ရန်]ယင်းအာရုံ (၆)မျိုးတို့မှာ သဠာယတနဝိဘင်္ဂသုတ္တန် ဒေသနာတော်နှင့် အညီ ပစ္စုပ္ပန်အာရုံ (၆)ပါးလည်း ဖြစ်နိုင်၏။ အတိတ်အာရုံ (၆)ပါးလည်း ဖြစ်နိုင်၏။ ယင်း ဂေဟသိတ သောမနဿဝေဒနာ = သာမိသ သုခဝေဒနာကို အသေဝိတဗ္ဗ = မမှီ ဝဲအပ်သော ဝေဒနာဟု သက္ကပဥှသုတ္တန် စသည်တို့၌ ဘုရားရှင်သည် ဟောကြားထားတော်မူ၏။[၂]
ဝိပဿနာ ရှုပါ
[ပြင်ဆင်ရန်]မမှီဝဲအပ်ဟူ၍ ဆိုသဖြင့် ဝိပဿနာမရှုကောင်းဟူ၍ကား အယူအဆ မမှားစေလိုပါ။ အကယ်၍ ဝိပဿနာမရှုကောင်းလျှင် ယင်းသာမိသ သုခဝေဒနာကို ကွဲကွဲပြားပြားသိအောင် သိမ်းဆည်းရှုပွားဖို့ရန် အဆင့် ဆင့် ဝိပဿနာ ရှုပွားသုံးသပ်သွားဖို့ရန် မဟာသတိပဋ္ဌာနသုတ္တန်တွင် ဘုရားရှင်သည် ညွှန်ကြားတော်မမူလေရာ။ ယင်းသာမိသ သုခဝေဒနာကို မှီဝဲလျှင်, ထပ်တလဲလဲ ဖြစ်ပွားစေလျှင်, ကာမဂုဏ်ကို ခံစားလျက် ဖြစ်ပေါ် စေလျှင် အကုသိုလ်တရားတို့သည် ဒီရေအလား တစ်နေ့တခြား တိုးပွားလာကြကုန်၍ ကုသိုလ်တရားတို့သည် လဆုတ် ပက္ခ လရေးကဲ့သို့ တစ်နေ့တခြား ဆုတ်ယုတ်ကုန်လေရာသည်၊ ထိုကြောင့် ဂေဟသိတ သောမနဿဝေဒနာ = သာမိသ သုခဝေဒနာကို မမှီဝဲအပ် မမှီဝဲကောင်းဟူ၍ ဘုရားရှင်သည် ဟောကြားတော်မူခြင်း ဖြစ်၏၊ သို့သော် ဝိပဿနာကား ရှုကောင်းသည်သာ ဖြစ်၏၊ ရှုရမည်သာ ဖြစ်၏။ ယင်းသာမိသ သုခဝေဒနာကို အဦးမူ၍ နာမ်ရုပ်တို့ကို သိမ်းဆည်းလျက် အကြောင်းတရားကို ရှာဖွေပြီးလျှင် အကြောင်းတရားနှင့် တကွ ယင်း နာမ်ရုပ်တို့ကို လက္ခဏာရေးသုံးတန်တင်ကာ ဝိပဿနာ ရှုပွားသုံးသပ်ရမည်သာ ဖြစ်ပေသည်။
အတိတ်၌ သောမနဿဖြစ်ပုံ
[ပြင်ဆင်ရန်]ပစ္စုပ္ပန်အာရုံ (၆)ပါးကို အာရုံပြု၍ သောမနဿဝေဒနာ ဖြစ်တန်စေ၊ အတိတ်ကရအပ်ခဲ့ဖူးသောအတိတ် အာရုံ (၆)ပါး၌ အဘယ်သို့လျှင် သောမနဿဝေဒနာ ဖြစ်နိုင်ပါသနည်းဟု မေးရန်ရှိ၏။ အဖြေမှာ ဤသို့ ဖြစ်၏။ငါသည် ယခုအခါ၌ ဣဋ္ဌာရုံကို ခံစားရသကဲ့သို့ အလားတူပင် ရှေး၌လည်း ခံစားခဲ့ဖူးလေပြီဟု လက်ငင်းခံ စားဆဲ အာရုံကို ပိုင်းခြားယူခြင်းကို အစဉ်လျှောက်သဖြင့် အတိတ်အာရုံကို အစဉ်လျှောက်၍ အောက်မေ့ သတိရသော ပုဂ္ဂိုလ်၏ သန္တာန်၌ အားကောင်းသည့် ဗလဝသောမနဿဝေဒနာသည် ဖြစ်ပေါ်လာပေ၏။[၃][၁]
ကိုးကား
[ပြင်ဆင်ရန်]- ↑ ၁.၀ ၁.၁ နိဗ္ဗာနဂါမိနိပဋိပဒါ - ဒုတိယတွဲ - ဖားအောက်တောရဆရာတော်
- ↑ စက္ခုဝိညေယျာနံ ရူပါနံ ဣဋ္ဌာနံ ကန္တာနံ မနာပါနံ မနောရမာနံ လောကာမိသပဋိသံယုတ္တာနံ ပဋိလာဘံ ဝါ ပဋိလာဘတော သမနုပဿတော ပုဗ္ဗေ ဝါ ပဋိလဒ္ဓပုဗ္ဗံ အတီတံ နိရုဒ္ဓံ ဝိပရိဏတံ သမနုဿရတော ဥပ္ပဇ္ဇတိ သောမနဿံ။ ယံ ဧဝရူပံ သောမနဿံ၊ ဣဒံ ဝုစ္စတိ ဂေဟသိတံ သောမနဿံ။ (မ၊၃၊၂၆၀။)
- ↑ အတီတန္တိ ပဋိလဒ္ဓံ။ ပစ္စုပ္ပန္နံ တာဝ အာရဗ္ဘ သောမနဿံ ဥပ္ပဇ္ဇတု၊ အတီတေ ကထံ ဥပ္ပဇ္ဇတီတိ။ အတီတေပိ ယထာဟံ ဧတရဟိ ဣဋ္ဌာရမ္မဏံ အနုဘဝါမိ၊ ဧဝံ ပုဗ္ဗေပိ အနုဘဝိန္တိ အနုဿရန္တဿ ဗလဝသောမနဿံ ဥပ္ပဇ္ဇတိ။ (မ၊ဋ္ဌ၊၄၊၁၈၆။)