မဟာသတိပဋ္ဌာနသုတ်
ဤဆောင်းပါးကို ဝီကီစံနှင့် ကိုက်ညီစေရန် ပြင်ဆင်တည်းဖြတ်ရန် လိုအပ်နေသည်။ အကယ်၍သင်ပြင်ဆင်နိုင်ပါက ဤဆောင်းပါးအား တိုးတက်စေရန် ကျေးဇူးပြု၍ ပြင်ဆင်ပေးပါ။ ဆွေးနွေးချက် စာမျက်နှာတွင် အကြံပေးမှုများ ပါဝင်လိမ့်မည်။ |
ဤသုတ်သည် ဗုဒ္ဓဘာသာတရားတော်၏ အခြေခံတရားဖြစ်သော (၁) ကာယာနုပဿနာ (၂) ဝေဒနာနုပဿနာ (၃) စိတ္တာနုပဿနာ (၄) ဓမ္မာနုပဿနာ တည်းဟူသော သတိပဋ္ဌာန်လေးပါးအကြောင်းကို ညွှန်ပြသောသုတ် ဖြစ်သည်။ သတိပဋ္ဌာန် လေးပါးကို လက်ကိုင်ထားမှသာလျှင် မြတ်သောလမ်းစဉ်ကို ရနိုင်မည်ဖြစ်ကြောင်း ဘုရားမြတ်စွာက ရဟန်းတို့ အား ဤသုတ်ဖြင့် သတိပေးနှိုးဆော်ခဲ့သည်။[၁]
မဟာသတိပဋ္ဌာနသုတ်
[ပြင်ဆင်ရန်]၁ - ထွက်သက်ဝင်သက်ကို ရှုဆင်ခြင်ခြင်းအပိုင်း
[ပြင်ဆင်ရန်]၃၇၄။ ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် ရုပ်အပေါင်း၌ ရုပ်အပေါင်းကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေသနည်း။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် တောသို့ သွားရောက်၍ ဖြစ်စေ သစ်ပင်ရင်းသို့ သွားရောက်၍ ဖြစ်စေ ဆိတ်ငြိမ်ရာသို့ သွားရောက်၍ ဖြစ်စေ တင်ပလ္လင်ခွေပြီးလျှင် ကိုယ်ကို ဖြောင့်မှန်စွာ၍ သတိကို (ကမ္မဋ္ဌာန်းသို့) ရှေ့ရှုဖြစ်စေလျက် ထိုင်၏။ ထိုရဟန်းသည် သတိရှိလျက်သာလျှင် ထွက်သက်လေကို ရှိုက်၏။ သတိရှိလျက်သာလျှင် ဝင်သက်လေကို ရှူ၏။ ရှည်ရှည် ရှိုက်လျှင်လည်း “ရှည်ရှည်ရှိုက်သည်” ဟု သိ၏။ ရှည်ရှည်ရှူလျှင်လည်း “ရှည်ရှည်ရှူသည်” ဟု သိ၏။ တိုတိုရှိုက်လျှင်လည်း “တိုတိုရှိုက်သည်” ဟု သိ၏။ တိုတိုရှူလျှင်လည်း “တိုတိုရှူသည်” ဟု သိ၏။ (ထွက်သက်လေ၏) “ အစ အလယ် အဆုံး အလုံးစုံသော ရုပ်အပေါင်းကို ထင်ရှားသိလျက် ရှူမည်” ဟု ကျင့်၏။ “ရုန့်ရင်းသော ထွက်သက်ကို ငြိမ်းစေလျက် ရှိုက်မည်” ဟု ကျင့်၏။ “ရုန့်ရင်းသော ဝင်သက်ကို ငြိမ်းစေလျက် ရှူမည်” ဟု ကျင့်၏။
ရဟန်းတို့ ဥပမာသော်ကား ကျွမ်းကျင်သော ပွတ်သမားသည်လည်းကောင်း၊ ပွတ်သမား၏ တပည့်သည်လည်းကောင်း (ပွတ်ကြိုးကို) ရှည်ရှည်ဆွဲငင်လျှင်လည်း “ရှည်ရှည်ဆွဲငင်သည်” ဟု သိ၏။ (ပွတ်ကြိုးကို) တိုတို ဆွဲငင်လျှင်လည်း “တိုတိုဆွဲငင်သည်” ဟု သိ၏။ ရဟန်းတို့ ဤအတူပင် ရဟန်းသည် ရှည်ရှည် ရှိုက်လျှင်လည်း “ရှည်ရှည်ရှိုက်သည်” ဟု သိ၏။ ရှည်ရှည်ရှူလျှင်လည်း “ရှည်ရှည်ရှူသည်” ဟု သိ၏။ တိုတိုရှိုက်လျှင်လည်း “တိုတိုရှိုက်သည်” ဟု သိ၏။ တိုတိုရှူလျှင်လည်း “တိုတိုရှူသည်” ဟု သိ၏။ (ထွက်သက်လေ၏) “အစ အလယ် အဆုံး အလုံးစုံသော ရုပ်အပေါင်းကို ထင်ရှားသိလျက် ရှိုက်မည်” ဟု ကျင့်၏။ (ဝင်သက်လေ၏) “အစ အလယ် အဆုံး အလုံးစုံသော ရုပ်အပေါင်းကို ထင်ရှား သိလျက် ရှူမည်” ဟု ကျင့်၏။ “ရုန့်ရင်းသော ထွက်သက်ကို ငြိမ်းစေလျက် ရှိုက်မည်” ဟု ကျင့်၏။ “ရုန့်ရင်းသော ဝင်သက်ကို ငြိမ်းစေလျက် ရှူမည်” ဟု ကျင့်၏။
ဤသို့ မိမိ၏ ရုပ်အပေါင်း၌မူလည်း ရုပ်အပေါင်းကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏။ သူတပါး၏ ရုပ်အပေါင်း၌မူလည်း ရုပ်အပေါင်းကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏။ မိမိ သူတပါး၏ ရုပ်အပေါင်း၌မူလည်း ရုပ်အပေါင်းကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏။ ရုပ်အပေါင်း၌ ဖြစ်ကြောင်းတရားနှင့် ဖြစ်ခြင်းသဘောကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍မူလည်း နေ၏။ ရုပ်အပေါင်း၌ ပျက်ကြောင်းတရားနှင့် ပျက်ခြင်းသဘောကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍မူလည်း နေ၏။ ရုပ်အပေါင်း၌ ဖြစ်ကြောင်း ပျက်ကြောင်းတရားနှင့် ဖြစ်ခြင်း ပျက်ခြင်းသဘောကို အကြိမ်ကြိမ်ရှုလေ့ရှိသည် ဖြစ်၍မူလည်း နေ၏။ ထို့ပြင် “ရုပ်အပေါင်းသည်သာလျှင် ရှိသည်” ဟု ထိုရဟန်းအား သတိသည် ရှေးရှုထင်၏။ (ထိုသတိသည်) အဆင့်ဆင့် အသိဉာဏ် တိုးပွားခြင်းငှါသာ ဖြစ်၏။ အဆင့်ဆင့် သတိတဖန် တိုးပွားခြင်းငှါသာ ဖြစ်၏။ (ထိုရဟန်းသည် တဏှာဒိဋ္ဌိတို့ဖြင့်) မမှီမတွယ်မူ၍လည်း နေ၏။ လောက၌ တစုံတရာကိုမျှလည်း (ငါ, ငါ၏ဥစ္စာဟု) စွဲလည်း မစွဲလမ်း။ ရဟန်းတို့ ဤသို့လည်း ရဟန်းသည် ရုပ်အပေါင်း၌ ရုပ်အပေါင်းကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏။
(ထွက်သက် ဝင်သက်ကို ရှုဆင်ခြင်ခြင်းအပိုင်း ပြီး၏)
၂ - ဣရိယာပုတ်ကို ဆင်ခြင်ခြင်းအပိုင်း
[ပြင်ဆင်ရန်]၃၇၅။ ။ ရဟန်းတို့ တဖန် ထို့ပြင်လည်း ရဟန်းသည် သွားလျှင်လည်း “သွားသည်” ဟု သိ၏၊ ရပ်လျှင်လည်း “ရပ်သည်” ဟု သိ၏၊ ထိုင်လျှင်လည်း “ထိုင်သည်” ဟု သိ၏၊ လျောင်းလျှင်လည်း “လျောင်းသည်” ဟု သိ၏၊ ထိုရဟန်း၏ ရုပ်အပေါင်းသည် အကြင်ကြင် အမူအရာအားဖြင့် တည်နေ၏၊ ထိုရုပ်အပေါင်းကို ထိုထို အမူအရာအားဖြင့် သိ၏။
ဤသို့ မိမိ၏ ရုပ်အပေါင်း၌မူလည်း ရုပ်အပေါင်းကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏၊ သူတပါး၏ ရုပ်အပေါင်း၌မူလည်း ရုပ်အပေါင်းကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏၊ မိမိ သူတပါး၏ ရုပ်အပေါင်း၌မူလည်း ရုပ်အပေါင်းကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏၊ ရုပ်အပေါင်း၌ ဖြစ်ကြောင်းတရားနှင့် ဖြစ်ခြင်းသဘောကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍မူလည်း နေ၏၊ ရုပ်အပေါင်း၌ ပျက်ကြောင်းတရားနှင့် ပျက်ခြင်းသဘောကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍မူလည်း နေ၏၊ ရုပ်အပေါင်း၌ ဖြစ်ကြောင်းပျက်ကြောင်းတရားနှင့် ဖြစ်ခြင်းပျက်ခြင်းသဘောကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍မူလည်း နေ၏၊ ထို့ပြင် “ရုပ်အပေါင်းသာလျှင် ရှိ၏” ဟု ထိုရဟန်းအား သတိသည် ရှေးရှုထင်၏၊ (ထိုသတိသည်) အဆင့်ဆင့် အသိဉာဏ်တိုးပွားခြင်းငှါသာ ဖြစ်၏၊ (ထိုရဟန်းသည် တဏှာဒိဋ္ဌိတို့ဖြင့်) မမှီမတွယ်မူ၍လည်း နေ၏။ လောက၌ တစုံတရာကိုမျှလည်း (ငါ, ငါ၏ဥစ္စာဟု) စွဲလည်း မစွဲလမ်း။ ရဟန်းတို့ ဤသို့လည်း ရဟန်းသည် ရုပ်အပေါင်း၌ ရုပ်အပေါင်းကို အကြိမ်ကြိမ်ရှုလေ့ရှိသည်ဖြစ်၍ နေ၏။
(ဣရိယာပုတ်ကို ဆင်ခြင်ခြင်းအပိုင်း ပြီး၏။)
၃ - သတိသမ္ပဇဉ်ဖြင့် ဆင်ခြင်ခြင်းအပိုင်း
[ပြင်ဆင်ရန်]၃၇၆။ ။ ရဟန်းတို့ တဖန်ထို့ပြင်လည်း ရဟန်းသည် ရှေ့သို့တိုးရာ နောက်သို့ဆုတ်ရာ၌ သိလျက်ပြုလေ့ရှိ၏။ တူရူကြည့်ရာ တစောင်းကြည့်ရာ၌ သိလျက် ပြုလေ့ရှိ၏။ ကွေးရာ ဆန့်ရာ၌ သိလျက်ပြုလေ့ရှိ၏။ ဒုကုဋ် သပိတ် သင်္ကန်းကို ဆောင်ရာ၌ သိလျက် ပြုလေ့ရှိ၏။ စားရာ သောက်ရာ ခဲရာလျက်ရာ၌ သိလျက် ပြုလေ့ရှိ၏။ ကျင်ကြီး ကျင်ငယ် စွန့်ရာ၌ သိလျက် ပြုလေ့ရှိ၏။ သွားရာ ရပ်ရာထိုင်ရာ အိပ်ရာ နိုးရာ ပြောရာ ဆိတ်ဆိတ်နေရာ၌ သိလျက် ပြုလေ့ရှိ၏။
ဤသို့ မိမိ၏ ရုပ်အပေါင်း၌မူလည်း ။ ပ။ ရဟန်းတို့ ဤသို့လည်း ရဟန်းသည် ရုပ်အပေါင်း၌ ရုပ်အပေါင်းကို အကြိမ်ကြိမ်ရှုလေ့ရှိသည်ဖြစ်၍ နေ၏။
(သတိသမ္ပဇဉ်ဖြင့် ဆင်ခြင်ခြင်းအပိုင်း ပြီး၏။)
၄ - စက်ဆုပ်ဖွယ်ရာဟု နှလုံးသွင်းခြင်းအပိုင်း
[ပြင်ဆင်ရန်]၃၇၇။ ရဟန်းတို့ တဖန်ထို့ပြင်လည်း ရဟန်းသည် ခြေဖဝါးမှအထက် ဆံပင်ဖျားမှအောက် ထက်ဝန်းကျင် အရေပါးအဆုံးရှိသော မစင်ကြယ်သည့် အရာအမျိုးမျိုးတို့ဖြင့် ပြည့်လျက်ရှိသော ဤရုပ်အပေါင်းကိုပင် စူးစိုက် ဆင်ခြင်၏။ “ဤရုပ်အပေါင်း၌ ဆံပင်၊ အမွေး၊ ခြေသည်း လက်သည်း၊ သွား၊ အရေ + အသား၊ အကြော၊ အရိုး၊ ရိုးတွင်းချဉ်ဆီ၊ အညှို့ + နှလုံး၊ အသည်း၊ အမြှေး၊ အဖျဉ်း၊ အဆုပ် + အူမ၊ အူသိမ်၊ အစာသစ်၊ အစာဟောင်း၊ ဦးနှောက် + သည်းခြေ၊ သလိပ်၊ ပြည်၊ သွေး၊ ချွေး၊ အဆီခဲ + မျက်ရည်၊ ဆီကြည်၊ တံတွေး၊ နှပ်၊ အစေး၊ ကျင်ငယ်သည် ရှိ၏” ဟု စူးစိုက်ဆင်ခြင်၏။
ရဟန်းတို့ ဥပမာသော်ကား နှစ်ဖက်မျက်နှာဝရှိသော အိတ်သည် စပါးအမျိုးမျိုးဖြင့် ပြည့်လျက်ရှိရာ၏။ အဘယ်စပါးတို့နည်း ဟူမူ - သလေးစပါး ကောက်ကြီးစပါး ပဲနောက် ပဲကြီး နှမ်း ဆန်တို့တည်း။ မျက်စိအမြင်ရှိသော ယောက်ျားသည် ထိုအိတ်ကို ဖြေ၍ “ဤသည်တို့ကား သလေးစပါးတို့တည်း၊ ဤသည်တို့ကား ကောက်ကြီးစပါးတို့တည်း၊ ဤသည်တို့ကား ပဲနောက်တို့တည်း၊ ဤသည်တို့ကား ပဲကြီးတို့တည်း၊ ဤသည်တို့ကား နှမ်းတို့တည်း၊ ဤသည်တို့ကား ဆန်တို့တည်း” ဟု စူးစိုက်ဆင်ခြင်ရာ သကဲ့သို့ ရဟန်းတို့ ဤအတူပင် ရဟန်းသည် ခြေဖဝါးမှအထက် ဆံပင်ဖျားမှအောက် ထက်ဝန်းကျင် အရေပါးအဆုံးရှိသော မစင်ကြယ်သည့် အရာအမျိုးမျိုးတို့ဖြင့် ပြည့်လျက်ရှိသော ဤရုပ်အပေါင်းကိုပင် စူးစိုက်ဆင်ခြင်၏။ “ဤရုပ်အပေါင်း၌ ဆံပင် အမွေး ခြေသည်း လက်သည်း သွား အရေ။ ပ။ ကျင်ငယ်သည် ရှိ၏” ဟု (စူးစိုက်ဆင်ခြင်၏)။ ဤသို့ မိမိ၏ ရုပ်အပေါင်း၌မူလည်း။ ပ။ ရဟန်းတို့ ဤသို့လည်း ရဟန်းသည် ရုပ်အပေါင်း၌ ရုပ်အပေါင်းကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏။
(စက်ဆုပ်ဖွယ်ရာဟု နှလုံးသွင်းဆင်ခြင်ခြင်းအပိုင်း ပြီး၏။)
၅ - ဓာတ်အားဖြင့် နှလုံးသွင်းခြင်းအပိုင်း
[ပြင်ဆင်ရန်]၃၇၈။ ရဟန်းတို့ တဖန် ထို့ပြင်လည်း “ဤရုပ်အပေါင်း၌ မြေဓာတ် ရေဓာတ် မီးဓာတ် လေဓာတ်သည် ရှိ၏” ဟု ဤရုပ်အပေါင်းကို တည်မြဲတိုင်း ထားမြဲတိုင်းပင် ဓာတ်အားဖြင့် စူးစိုက်ဆင်ခြင်၏။
ရဟန်းတို့ ဥပမာသော်ကား ကျွမ်းကျင်သော နွားသတ်သမားသည်လည်းကောင်း နွားသတ်သမား၏ တပည့်သည်လည်းကောင်း နွားကိုသတ်၍ လမ်းလေးခွဆုံရာ၌ အစုအပုံအားဖြင့် ခွဲခြားလျက်ထိုင်နေရာသကဲ့သို့၊ ရဟန်းတို့ ဤအတူပင် ရဟန်းသည် “ဤရုပ်အပေါင်း၌ မြေဓာတ် ရေဓာတ် မီးဓာတ် လေဓာတ်သည် ရှိ၏” ဟု ဤရုပ်အပေါင်းကို တည်မြဲတိုင်း ထားမြဲတိုင်းပင် ဓာတ်အားဖြင့် စူးစိုက်ဆင်ခြင်၏။
ဤသို့ မိမိ၏ ရုပ်အပေါင်း၌ မူလည်း။ ပ။ ရဟန်းတို့ ဤသို့လည်း ရဟန်းသည် ရုပ်အပေါင်း၌ ရုပ်အပေါင်းကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏။
(ဓာတ်အားဖြင့် နှလုံးသွင်းခြင်းအပိုင်း ပြီး၏။)
၆ - သူသေကောင် ကိုးမျိုးကို ဆင်ခြင်ခြင်း အပိုင်း
[ပြင်ဆင်ရန်]၃၇၉။ ရဟန်းတို့ တစ်ဖန် ထို့ပြင်လည်း ရဟန်းသည် သေ၍ တစ်ရက်ရှိသော သူသေကောင်၊ သေ၍နှစ်ရက်ရှိသော သူသေကောင်၊ သေ၍ သုံးရက်ရှိသော သူသေကောင်၊ ဖူးရောင်နေသော သူသေကောင်၊ ရုပ်ဆင်း ပျက်လျက် ညိုမဲနေသော သူသေကောင်၊ ပြည်ကဲ့သို့ စက်ဆုပ်ဖွယ် အပုပ်ရည် ယိုစီးသောသင်္ချိုင်း၌ စွန့်ပစ်ထားအပ်သော သူသေကောင်ကို မြင်ရာသကဲ့သို့ ထိုရဟန်းသည် “ဤငါ၏ရုပ်အပေါင်းသည်လည်း ဤသို့သောသဘောရှိ၏၊ ဤသို့သောသဘော ဖြစ်လိမ့်မည်သာတည်း၊ ဤသို့သောသဘောကို မလွန်ဆန်နိုင်”ဟု ဤ ရုပ်အပေါင်းကိုပင် နှိုင်းစာ၍ ရှု၏။
ဤသို့ မိမိ၏ ရုပ်အပေါင်း၌မူလည်း။ ပ။ ရဟန်းတို့ ဤသို့လည်း ရဟန်းသည် ရုပ်အပေါင်း၌ ရုပ်အပေါင်းကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏။
ရဟန်းတို့ တစ်ဖန် ထို့ပြင်လည်း ရဟန်းသည် ကျီးတို့ ခဲစားအပ်သည်မူလည်းဖြစ်သော၊ စွန်ရဲတို့ခဲစားအပ်သည်မူလည်းဖြစ်သော၊ လင်းတတို့ ခဲစားအပ်သည်မူလည်းဖြစ်သော၊ ဘုံမတီးငှက်တို့ ခဲစားအပ်သည်မူလည်းဖြစ်သော၊ ခွေးတို့ ခဲစားအပ်သည်မူလည်းဖြစ်သော၊ ကျားတို့ ခဲစားအပ်သည်မူလည်း ဖြစ်သော၊ သစ်တို့ ခဲစားအပ်သည်မူလည်းဖြစ်သော မြေခွေးတို့ ခဲစားအပ်သည်မူလည်းဖြစ်သော၊ ပိုးအမျိုးမျိုးတို့ ခဲစားအပ်သည်မူလည်းဖြစ်သော၊ သင်္ချိုင်း၌ စွန့်ပစ်ထားအပ်သော သူသေကောင်ကို မြင်ရာသကဲ့သို့ ထိုရဟန်းသည် “ဤငါ၏ ရုပ်အပေါင်းသည်လည်း ဤသို့သော သဘောရှိ၏၊ ဤသို့သောသဘောဖြစ်လိမ့်မည်သာတည်း၊ ဤသို့သော သဘောကို မလွန်ဆန်နိုင်”ဟု ဤရုပ်အပေါင်းကိုသာလျှင် နှိုင်းစာ၍ရှု၏။
ဤသို့ မိမိ၏ ရုပ်အပေါင်း၌မူလည်း။ ပ။ ရဟန်းတို့ ဤသို့လည်း ရဟန်းသည် ရုပ်အပေါင်း၌ရုပ်အပေါင်းကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏။
ရဟန်းတို့ တစ်ဖန် ထို့ပြင်လည်း ရဟန်းသည် အသားအသွေးရှိသေးသော အကြောတို့ဖြင့် ဖွဲ့ထားသော အရိုးဆက်လျက်ရှိသေးသော သင်္ချိုင်း၌ စွန့်ပစ်ထားအပ်သော သူသေကောင်ကို မြင်ရာသကဲ့သို့။ ပ။
အသားကင်း၍ သွေးတို့ဖြင့် ပေကျံလျက် အကြောတို့ဖြင့် ဖွဲ့ထားသော အရိုးဆက်လျက်ရှိသေးသောသင်္ချိုင်း၌ စွန့်ပစ်ထားအပ်သော သူသေကောင်ကို။ ပ။
အသားအသွေးကင်းလျက် အကြောတို့ ဖြင့် ဖွဲ့ထားသော အရိုးဆက်လျက်ရှိသေးသောသော သင်္ချိုင်း၌စွန့်ပစ်ထားအပ်သော သူသေကောင်ကို။ ပ။
တစ်နေရာ၌လက်ရိုး တစ်နေရာ၌ခြေရိုး တစ်နေရာ၌ခြေဖမျက်ရိုး တစ်နေရာ၌မြင်းခေါင်းရိုး တစ်နေရာ၌ ပေါင်ရိုး တစ်နေရာ၌ ခါးရိုး တစ်နေရာ၌နံရိုး တစ်နေရာ၌ ကျောက်ကုန်းရိုး တစ်နေရာ၌ပခုံးရိုးတစ်နေရာ၌ လည်ပင်းရိုး တစ်နေရာ၌မေးရိုး တစ်နေရာ၌သွားရိုး တစ်နေရာ၌ဦးခေါင်းခွံအားဖြင့် ဖွဲ့ခြင်းကင်းကုန်လျက် ထိုထိုအရပ်တို့၌ ကြဲပြန့်နေကုန်သော သင်္ချိုင်း၌ စွန့်ပစ်ထားအပ်ကုန်သော အရိုးစုသူသေကောင်တို့ကို မြင်ရာသကဲ့သို့ ထိုရဟန်းသည် “ဤငါ၏ ရုပ်အပေါင်းသည်လည်း ဤသို့သောသဘောရှိ၏၊ ဤသို့သော သဘော ဖြစ်လိမ့်မည်သာတည်း၊ ဤသို့သော သဘောကို မလွန်ဆန်နိုင်”ဟုဤရုပ်အပေါင်းကိုသာလျှင် နှိုင်းစာ၍ ရှု၏။
ဤသို့ မိမိ၏ ရုပ်အပေါင်း၌မူလည်း။ ပ။ နေ၏။
ရဟန်းတို့ တစ်ဖန် ထို့ပြင်လည်း ရဟန်းသည် ခရုသင်းအဆင်းနှင့် အတူ ဖြူဖွေးနေကုန်သော သင်္ချိုင်း၌စွန့်ပစ်ထားအပ်ကုန်သော အရိုးစုသူသေကောင်တို့ကို မြင်ရာသကဲ့သို့။ ပ။ နှစ်လွန်လျက် စုပုံနေ သောသင်္ချိုင်း၌ စွန့်ပစ်ထားအပ်ကုန်သော အရိုးစုသူသေကောင်တို့ကို မြင်ရာသကဲ့သို့။ ပ။ ဆွေးမြေ့လျက်အမှုန့် ဖြစ်ကုန်သော သင်္ချိုင်း၌ စွန့်ပစ်ထားအပ်ကုန်သော အရိုးစုသူသေကောင်တို့ကို မြင်ရာသကဲ့သို့ ထိုရဟန်းသည် “ဤငါ၏ ရုပ်အပေါင်းသည်လည်း ဤသို့သော သဘောရှိ၏၊ ဤသို့သောသဘော ဖြစ်လိမ့်မည်သာတည်း၊ ဤသို့သော သဘောကို မလွန်ဆန်နိုင်”ဟု ဤရုပ်အပေါင်းကိုသာလျှင် နှိုင်းစာ၍ ရှု၏။
ဤသို့ မိမိ၏ ရုပ်အပေါင်း၌မူလည်း ရုပ်အပေါင်းကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏၊ သူတစ်ပါး၏ ရုပ်အပေါင်း၌မူလည်း ရုပ်အပေါင်းကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏၊ မိမိသူတစ်ပါး ၏ ရုပ်အပေါင်း၌မူလည်း ရုပ်အပေါင်းကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏၊ ရုပ်အပေါင်း၌ ဖြစ်ကြောင်းတရားနှင့် ဖြစ်ခြင်းသဘောကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍မူလည်း နေ၏၊ ရုပ်အပေါင်း၌ ပျက်ကြောင်းတရားနှင့် ပျက်ခြင်းသဘောကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍မူလည်း နေ၏၊ ရုပ်အပေါင်း၌ ဖြစ်ကြောင်း ပျက်ကြောင်းတရားနှင့် ဖြစ်ခြင်း ပျက်ခြင်းသဘောကို အကြိမ်ကြိမ်ရှုလေ့ရှိသည်ဖြစ်၍မူလည်း နေ၏၊ ထို့ပြင် “ရုပ်အပေါင်းသည်သာလျှင် ရှိ၏”ဟု ထိုရဟန်းအားသတိသည် ရှေးရှုထင်၏၊ (ထိုသတိ သည်) အဆင့်ဆင့် အသိဉာဏ်တိုးပွားခြင်းငှါသာ ဖြစ်၏၊ အဆင့်ဆင့်သတိတစ်ဖန် တိုးပွားခြင်းငှါသာ ဖြစ်၏၊ (ထိုရဟန်းသည် တဏှာဒိဋ္ဌိတို့ဖြင့်) မမှီမတွယ်မူ၍လည်း နေ၏၊ လောက၌ တစ်စုံတစ်ရာကိုမျှ လည်း (ငါ, ငါ၏ဥစ္စာဟု) စွဲလည်း မစွဲလမ်း။ ရဟန်းတို့ ဤသို့လည်းရဟန်းသည် ရုပ်အပေါင်း၌ ရုပ် အပေါင်းကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏။
သူသေကောင် ကိုးမျိုးကို ဆင်ခြင်ခြင်းအပိုင်း ပြီး၏။
ရုပ်အပေါင်းကိုဆင်ခြင်ခြင်း တစ်ဆယ့်လေးပါး ပြီး၏။
ဝေဒနာကို ဆင်ခြင်ခြင်း ကိုးပါး
[ပြင်ဆင်ရန်]၃၈ဝ။ ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် ဝေဒနာတို့၌ ဝေဒနာတို့ကို အကြိမ်ကြိမ်ရှုလေ့ရှိသည်ဖြစ်၍ နေသနည်း။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် သုခဝေဒနာကိုခံစားလျှင်လည်း “သုခဝေဒနာကို ခံစားသည်”ဟု သိ၏။ ဒုက္ခဝေဒနာကို ခံစားလျှင်လည်း “ဒုက္ခဝေဒနာကို ခံစားသည်”ဟု သိ၏။ အဒုက္ခမသုခဝေဒနာကို ခံစားလျှင်လည်း “အဒုက္ခမသုခဝေဒနာကိုခံစားသည်”ဟု သိ၏။
ကာမဂုဏ်နှင့်စပ်သော ချမ်းသာသော ဝေဒနာကို ခံစားလျှင်လည်း “ကာမဂုဏ်နှင့်စပ်သော ချမ်းသာသောဝေဒနာကို ခံစားသည်”ဟု သိ၏၊ ကာမဂုဏ်နှင့်မစပ်သော ချမ်းသာသော ဝေဒနာကို ခံစား လျှင်လည်း “ကာမဂုဏ်နှင့်မစပ်သော ချမ်းသာသော ဝေဒနာကို ခံစားသည်”ဟုသိ၏။ ကာမဂုဏ်နှင့်စပ် သောဆင်းရဲသော ဝေဒနာကို ခံစားလျှင်လည်း “ကာမဂုဏ်နှင့်စပ်သော ဆင်းရဲသော ဝေဒနာကို ခံစားသည်”ဟု သိ၏၊ ကာမဂုဏ်နှင့် မစပ်သော ဆင်းရဲသောဝေဒနာကို ခံစားလျှင်လည်း “ကာမဂုဏ်နှင့် မစပ်သော ဆင်းရဲသော ဝေဒနာကို ခံစားသည်”ဟုသိ၏၊ ကာမဂုဏ်နှင့်စပ်သော ဆင်းရဲမဟုတ်ချမ်းသာမဟုတ် သော ဝေဒနာကို ခံစားလျှင်လည်း “ကာမဂုဏ်နှင့်စပ်သော ဆင်းရဲမဟုတ်ချမ်းသာမဟုတ်သော ဝေဒနာကို ခံစားသည်”ဟု သိ၏၊ ကာမဂုဏ်နှင့် မစပ်သော ဆင်းရဲမဟုတ်ချမ်းသာမဟုတ်သော ဝေဒနာကို ခံစား လျှင်လည်း “ကာမဂုဏ်နှင့်မစပ်သော ဆင်းရဲမဟုတ်ချမ်းသာမဟုတ်သော ဝေဒနာကို ခံစားသည်”ဟု သိ၏။
ဤသို့ မိမိ၏ ဝေဒနာတို့၌မူလည်း ဝေဒနာတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏၊ သူတစ်ပါး၏ဝေဒနာတို့၌မူလည်း ဝေဒနာတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏၊ မိမိ သူတစ်ပါး၏ဝေဒနာတို့၌မူလည်း ဝေဒနာတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏။ ဝေဒနာတို့၌ ဖြစ်ကြောင်းတရားနှင့် ဖြစ်ခြင်းသဘောကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍မူလည်း နေ၏၊ ဝေဒနာတို့၌ ပျက်ကြောင်းတရားနှင့် ပျက်ခြင်းသဘောကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍မူလည်း နေ၏၊ ဝေဒနာတို့၌ ဖြစ်ကြောင်းပျက်ကြောင်းတရားနှင့် ဖြစ်ခြင်း ပျက်ခြင်းသဘောကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍မူလည်း နေ၏၊ ထို့ပြင် “ဝေဒနာသည်သာလျှင် ရှိ၏”ဟု ထိုရဟန်းအား သတိသည် ရှေးရှုထင်၏၊ (ထိုသတိသည်) အဆင့်ဆင့် အသိဉာဏ်တိုးပွားခြင်းငှါသာ ဖြစ်၏၊ အဆင့်ဆင့် သတိတစ်ဖန် တိုးပွားခြင်းငှါသာ ဖြစ်၏၊ (ထိုရဟန်းသည် တဏှာဒိဋ္ဌိတို့ ဖြင့်) မမှီမတွယ်မူ၍လည်း နေ၏၊ လောက၌ တစ်စုံတစ်ရာကိုမျှလည်း (ငါ, ငါ၏ဥစ္စာဟု) စွဲ လည်း မစွဲလမ်း။ ရဟန်းတို့ ဤသို့ လည်း ရဟန်းသည် ဝေဒနာတို့၌ ဝေဒနာတို့ကိုအကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏။
ဝေဒနာကို ဆင်ခြင်ခြင်းကိုးပါး ပြီး၏။
၁။ ခံစားခြင်း။
၂။ ချမ်းသာသောခံစားခြင်း။
၃။ ဆင်းရဲသောခံစားခြင်း။
၄။ ဆင်းရဲမဟုတ် ချမ်းသာမဟုတ်သောခံစားခြင်း။
စိတ်ကို ဆင်ခြင်ခြင်း တစ်ဆယ့်ခြောက်ပါး
[ပြင်ဆင်ရန်]၃၈၁။ ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် စိတ်၌ စိတ်ကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍နေသနည်း။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ရာဂ၁နှင့်တကွသော စိတ်ကိုလည်း “ရာဂနှင့်တကွသောစိတ်”ဟု သိ၏၊ ရာဂကင်းသော စိတ်ကိုလည်း “ရာဂကင်းသောစိတ်”ဟု သိ၏၊ ဒေါသ၂နှင့်တကွသော စိတ်ကိုလည်း “ဒေါသနှင့်တကွသောစိတ်”ဟု သိ၏၊ ဒေါသကင်းသော စိတ်ကိုလည်း “ဒေါသကင်းသောစိတ်”ဟု သိ၏၊ မောဟ၃ နှင့်တကွသော စိတ်ကိုလည်း “မောဟနှင့်တကွသောစိတ်”ဟု သိ၏၊ မောဟကင်းသော စိတ်ကိုလည်း “မောဟကင်းသောစိတ်”ဟု သိ၏၊ သံခိတ္တ၄စိတ်ကိုလည်း “သံခိတ္တစိတ်”ဟု သိ၏၊ ဝိက္ခိတ္တ၅ စိတ်ကိုလည်း “ဝိက္ခိတ္တစိတ်”ဟု သိ၏၊ မဟဂ္ဂုတ်၆စိတ်ကိုလည်း “မဟဂ္ဂုတ်စိတ်”ဟု သိ၏၊ အမဟဂ္ဂုတ်၇ စိတ်ကိုလည်း “အမဟဂ္ဂုတ်စိတ်”ဟု သိ၏၊ သဥတ္တရ၈စိတ်ကိုလည်း “သဥတ္တရစိတ်”ဟု သိ၏၊ အနုတ္တရစိတ်၉ ကိုလည်း “အနုတ္တရစိတ်”ဟု သိ၏၊ သမာဟိတစိတ်၁ဝ ကိုလည်း “သမာဟိတစိတ်”ဟု သိ၏၊ အသမာဟိတစိတ်၁၁ ကိုလည်း “အသမာဟိတစိတ်”ဟု သိ၏၊ ဝိမုတ္တစိတ်၁၂ကိုလည်း “ဝိမုတ္တစိတ်”ဟု သိ၏၊ အဝိမုတ္တစိတ်၁၃ကိုလည်း “အဝိမုတ္တစိတ်”ဟု သိ၏။
ဤသို့ မိမိ၏ စိတ်၌မူလည်း စိတ်ကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏၊ သူတစ်ပါး၏စိတ်၌မူလည်း စိတ်ကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏၊ မိမိ သူတစ်ပါး၏ စိတ်၌မူလည်း စိတ်ကိုအကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏။ စိတ်၌ ဖြစ်ကြောင်းတရားနှင့် ဖြစ်ခြင်းသဘောကို အကြိမ်ကြိမ်ရှုလေ့ရှိသည်ဖြစ်၍မူလည်း နေ၏၊ စိတ်၌ ပျက်ကြောင်းတရားနှင့် ပျက်ခြင်းသဘောကို အကြိမ်ကြိမ်ရှုလေ့ ရှိသည်ဖြစ်၍မူလည်း နေ၏၊ စိတ်၌ ဖြစ်ကြောင်း ပျက်ကြောင်းတရားနှင့် ဖြစ်ခြင်းပျက်ခြင်းသဘောကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍မူလည်း နေ၏၊ ထို့ပြင် “စိတ်သည်သာလျှင်ရှိ၏”ဟု ထိုရဟန်းအား သတိသည် ရှေးရှုထင်၏၊ (ထိုသတိသည်) အဆင့်ဆင့်အသိဉာဏ်တိုးပွားခြင်းငှါသာ ဖြစ်၏၊ အဆင့်ဆင့် သတိတစ်ဖန် တိုးပွားခြင်းငှါသာ ဖြစ်၏၊ (ထိုရဟန်းသည်တဏှာဒိဋ္ဌိတို့ ဖြင့်) မမှီမတွယ်မူ၍လည်း နေ၏၊ လောက၌ တစ်စုံတစ်ရာကိုမျှလည်း (ငါ, ငါ၏ ဥစ္စာဟု) စွဲလည်းမစွဲလမ်း။ ရဟန်းတို့ ဤသို့လည်း ရဟန်းသည် စိတ်၌ စိတ်ကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍နေ၏။
စိတ်ကို ဆင်ခြင်ခြင်း တစ်ဆယ့်ခြောက်ပါး ပြီး၏။
၁။ တပ်မက်ခြင်း။
၂။ အမျက်ထွက်ခြင်း။
၃။ တွေဝေခြင်း။
၄။ ကျုံ့သောစိတ်။
၅။ ပျံ့သောစိတ်။
၆။ ရူပ အရူပစိတ်။
၇။ ကာမာဝစရစိတ်။
၈။ ကာမာဝစရစိတ်။
၉။ ရူပ အရူပ စိတ်။
၁ဝ။ အပ္ပနာသမာဓိ ဥပစာသမာဓိရှိသော တည်ကြည်သောစိတ်။
၁၁။ သမာဓိနှစ်ပါးကင်းသော မတည်ကြည်သောစိတ်။
၁၂။ လွတ်မြောက်သောစိတ်။
၁၃။ မလွတ်မြောက်သောစိတ်။
သဘောတရားကို ဆင်ခြင်ခြင်း ငါးပါး
[ပြင်ဆင်ရန်]နီဝရဏတရားငါးပါးကို ဆင်ခြင်ခြင်းအပိုင်း
၃၈၂။ ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် သဘောတရားတို့၌ သဘောတရားတို့ကို အကြိမ်ကြိမ်ရှုလေ့ရှိသည်ဖြစ်၍ နေသနည်း။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် နီဝရဏ၁ ငါးပါးသဘောတရားတို့၌ သဘောတရားတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏။
ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် နီဝရဏငါးပါး သဘောတရားတို့၌ သဘောတရားတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေသနည်း။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် မိမိသန္တာန်၌ကာမစ္ဆန္ဒ၂ရှိလျှင်လည်း “ငါ၏ သန္တာန်၌ ကာမစ္ဆန္ဒ ရှိသည်”ဟု သိ၏၊ မိမိသန္တာန်၌ ကာမစ္ဆန္ဒ မရှိလျှင်လည်း “ငါ၏ သန္တာန်၌ ကာမစ္ဆန္ဒ မရှိ”ဟု သိ၏၊ မဖြစ်သေးသော ကာမစ္ဆန္ဒ၏ ဖြစ်ကြောင်းကိုလည်းသိ၏၊ ဖြစ်ပြီးသော ကာမစ္ဆန္ဒ၏ ပယ်ကြောင်းကိုလည်း သိ၏၊ ပယ်ပြီးသော ကာမစ္ဆန္ဒ၏ နောင်အခါမဖြစ်ပေါ်ကြောင်းကိုလည်း သိ၏။
မိမိသန္တာန်၌ ဗျာပါဒ၃ ရှိလျှင်လည်း “ငါ၏ သန္တာန်၌ ဗျာပါဒရှိသည်”ဟု သိ၏၊ မိမိသန္တာန်၌ ဗျာပါဒမရှိလျှင်လည်း “ငါ၏ သန္တာန်၌ ဗျာပါဒ မရှိ”ဟု သိ၏၊ မဖြစ်သေးသော ဗျာပါဒ၏ ဖြစ်ကြောင်းကိုလည်း သိ၏၊ ဖြစ်ပြီးသော ဗျာပါဒ၏ ပယ်ကြောင်းကိုလည်း သိ၏၊ ပယ်ပြီးသော ဗျာပါဒ၏နောင်အခါ မဖြစ်ပေါ်ကြောင်းကိုလည်း သိ၏။
မိမိသန္တာန်၌ ထိနမိဒ္ဓ၄ ရှိလျှင်လည်း “ငါ၏ သန္တာန်၌ ထိနမိဒ္ဓ ရှိသည်”ဟု သိ၏၊ မိမိသန္တာန်၌ ထိနမိဒ္ဓမရှိလျှင်လည်း “ငါ၏ သန္တာန်၌ ထိနမိဒ္ဓ မရှိ”ဟု သိ၏၊ မဖြစ်သေးသော ထိနမိဒ္ဓ၏ဖြစ်ကြောင်းကို့လည်း သိ၏၊ ဖြစ်ပြီးသော ထိနမိဒ္ဓ၏ ပယ်ကြောင်းကိုလည်း သိ၏၊ ပယ်ပြီးသော ထိနမိဒ္ဓ၏ နောင်အခါမဖြစ်ပေါ်ကြောင်းကိုလည်း သိ၏။
မိမိသန္တာန်၌ ဥဒ္ဓစ္စ္၅ ကုက္ကုစ္စ၆ ရှိလျှင်လည်း “ငါ၏ သန္တာန်၌ ဥဒ္ဓစ္စကုက္ကုစ္စရှိသည်”ဟု သိ၏၊ မိမိသန္တာန်၌ ဥဒ္ဓစ္စကုက္ကုစ္စမရှိလျှင်လည်း “ငါ၏ သန္တာန်၌ ဥဒ္ဓစ္စကုက္ကုစ္စ မရှိ”ဟု သိ၏၊ မဖြစ်သေးသောဥဒ္ဓစ္စကုက္ကုစ္စ၏ ဖြစ်ကြောင်းကိုလည်း သိ၏၊ ဖြစ်ပြီးသော ဥဒ္ဓစ္စကုက္ကုစ္စ၏ ပယ်ကြောင်းကိုလည်း သိ၏၊ ပယ်ပြီးသော ဥဒ္ဓစ္စကုက္ကုစ္စ၏ နောင်အခါ မဖြစ်ပေါ်ကြောင်းကိုလည်း သိ၏။
မိမိသန္တာန်၌ ဝိစိကိစ္ဆာ၇ ရှိလျှင်လည်း “ငါ၏ သန္တာန်၌ ဝိစိကိစ္ဆာ ရှိ၏”ဟု သိ၏၊ မိမိသန္တာန်၌ ဝိစိကိစ္ဆာ မရှိလျှင်လည်း “ငါ၏ သန္တာန်၌ ဝိစိကိစ္ဆာမရှိ”ဟု သိ၏၊ မဖြစ်သေးသော ဝိစိကိစ္ဆာ၏ ဖြစ်ကြောင်းကိုလည်း သိ၏၊ ဖြစ်ပြီးသော ဝိစိကိစ္ဆာ၏ ပယ်ကြောင်းကိုလည်း သိ၏၊ ပယ်ပြီးသော ဝိစိကိစ္ဆာ၏ နောင်အခါ မဖြစ်ပေါ်ကြောင်းကိုလည်း သိ၏၊
ဤသို့ မိမိ၏ သဘောတရားတို့၌မူလည်း သဘောတရားတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏၊ သူတစ်ပါး၏ သဘောတရားတို့၌မူလည်း သဘောတရားတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏။ မိမိ သူတစ်ပါး၏ သဘောတရားတို့၌မူလည်း သဘောတရားတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏။ သဘောတရားတို့၌ ဖြစ်ကြောင်းတရားနှင့် ဖြစ်ခြင်းသဘောကို အကြိမ်ကြိမ်ရှုလေ့ရှိသည်ဖြစ် ၍မူလည်း နေ၏၊ သဘောတရားတို့၌ ပျက်ကြောင်းတရားနှင့် ပျက်ခြင်းသဘောကိုအကြိမ်ကြိမ် ရှုလေ့ရှိ သည် ဖြစ်၍မူလည်း နေ၏။ သဘောတရားတို့၌ ဖြစ်ကြောင်းပျက်ကြောင်းတရားနှင့် ဖြစ်ခြင်း ပျက်ခြင်း သဘောကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ မူလည်း နေ၏။ ထို့ပြင် “သဘောတရားတို့သည်သာလျှင် ရှိကုန်၏”ဟု ထိုရဟန်းအား သတိသည် ရှေးရှုထင်၏၊ (ထိုသတိသည်) အဆင့်ဆင့် အသိဉာဏ်တိုးပွားခြင်း ငှါသာ ဖြစ်၏၊ အဆင့်ဆင့် သတိတစ်ဖန်တိုးပွားခြင်းငှါသာ ဖြစ်၏၊ (ထိုရဟန်းသည် တဏှာဒိဋ္ဌိတို့ဖြင့်) မမှီမတွယ်မူ၍လည်း နေ၏၊ လောက၌တစ်စုံတစ်ရာကိုမျှလည်း (ငါ, ငါ၏ဥစ္စာဟု) စွဲလည်း မစွဲလမ်း။ ရဟန်းတို့ ဤသို့လည်း ရဟန်းသည်သဘောတရားတို့၌ သဘောတရားတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိ သည်ဖြစ်၍ နေ၏။
၁။ အပိတ်အပင်တရား
၂။ ကာမဂုဏ်အလို
၃။ သူတစ်ပါးပျက်စီးစေလိုခြင်းသဘော
၄။ လေးလံထိုင်းမှိုင်းခြင်း။
၅။ ပျံ့လွင့်ခြင်း။
၆။ နှလုံးမသာယာခြင်း။
၇။ မဝေခွဲနိုင်ခြင်း။
ခန္ဓာငါးပါးကို ဆင်ခြင်ခြင်း အပိုင်း
[ပြင်ဆင်ရန်]၃၈၃။ ရဟန်းတို့ တစ်ဖန် ထို့ပြင်လည်း ရဟန်းသည် ဥပါဒါနက္ခန္ဒာငါးပါး သဘောတရားတို့၌သဘောတရားတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏။ ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည်ဥပါဒါနက္ခန္ဒာငါးပါး သဘောတရားတို့၌ သဘောတရားတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍နေသနည်း။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ဤကားရုပ်တည်း၊ ဤကား ရုပ်၏ဖြစ်ကြောင်းတည်း၊ ဤကား ရုပ်၏ ချုပ်ရာတည်း၊ ဤကား ဝေဒနာတည်း၊ ဤကား ဝေဒနာ၏ ဖြစ်ကြောင်းတည်း၊ ဤကား ဝေဒနာ၏ ချုပ်ရာတည်း၊ ဤကား သညာ၁တည်း၊ ဤကား သညာ၏ဖြစ်ကြောင်းတည်း၊ ဤကား သညာ၏ ချုပ်ရာတည်း၊ ဤသည်တို့ကား သင်္ခါရ၂တို့တည်း၊ ဤကားသင်္ခါရတို့၏ ဖြစ်ကြောင်းတည်း၊ ဤကား သင်္ခါရတို့၏ ချုပ်ရာတည်း၊ ဤကား ဝိညာဏ်၃တည်း၊ ဤကားဝိညာဏ်၏ ဖြစ်ကြောင်းတည်း၊ ဤကား ဝိညာဏ်၏ ချုပ်ရာတည်းဟု ရှုလေ့ရှိသည်ဖြစ်၍ နေ၏။
ဤသို့ မိမိ၏ သဘောတရားတို့၌မူလည်း သဘောတရားတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏၊ သူတစ်ပါး၏ သဘောတရားတို့၌မူလည်း သဘောတရားတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏၊ မိမိ သူတစ်ပါး၏ သဘောတရားတို့၌မူလည်း သဘောတရားတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍နေ၏၊ သဘောတရားတို့၌ ဖြစ်ကြောင်းတရားနှင့် ဖြစ်ခြင်းသဘောကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍မူလည်း နေ၏၊ သဘောတရားတို့၌ ပျက်ကြောင်းတရားနှင့် ပျက်ခြင်းသဘောကို အကြိမ်ကြိမ်ရှုလေ့ ရှိသည်ဖြစ်၍မူလည်း နေ၏၊ သဘောတရားတို့၌ ဖြစ်ကြောင်း ပျက်ကြောင်းတရားနှင့် ဖြစ်ခြင်းပျက်ခြင်း သဘောကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍မူလည်း နေ၏။ ထို့ပြင် “သဘောတရားတို့သည်သာလျှင် ရှိကုန်၏”ဟု ထိုရဟန်းအား သတိသည် ရှေးရှုထင်၏၊ (ထိုသတိသည်) အဆင့်ဆင့် အသိဉာဏ်တိုးပွားခြင်း ငှါသာ ဖြစ်၏၊ အဆင့်ဆင့် သတိတစ်ဖန် တိုးပွားခြင်းငှါသာ ဖြစ်၏၊ (ထိုရဟန်းသည် တဏှာဒိဋ္ဌိတို့ဖြင့်) မမှီမတွယ်မူ၍လည်း နေ၏၊ လောက၌ တစ်စုံတစ်ရာကို မျှလည်း (ငါ, ငါ၏ဥစ္စာဟု) စွဲလည်း မစွဲလမ်း။ ရဟန်းတို့ ဤသို့လည်း ရဟန်းသည် သဘောတရားတို့၌သဘောတရားတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိ သည်ဖြစ်၍ နေ၏။
ခန္ဓာငါးပါးကို ဆင်ခြင်ခြင်းအပိုင်း ပြီး၏။
၁။ မှတ်သိခြင်း။
၂။ ပြုပြင်စီရင်မှု အားထုတ်မှု။
၃။ အထူးသိမှု။
အာယတနတစ်ဆယ့်နှစ်ပါးကို ဆင်ခြင်ခြင်း အပိုင်း
[ပြင်ဆင်ရန်]၃၈၄။ ရဟန်းတို့ တစ်ဖန် ထို့ပြင်လည်း ရဟန်းသည် ခြောက်ပါးသော အတွင်း အပ အာယတန၁သဘောတရားတို့၌ သဘောတရားတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏။ ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် ခြောက်ပါးသော အတွင်း အပ အာယတနသဘောတရားတို့၌ သဘောတရားတို့ကိုအကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေသနည်း။
ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် မျက်စိကိုလည်း သိ၏၊ အဆင်းတို့ကိုလည်း သိ၏၊ ထိုနှစ်ပါးစုံကို စွဲ၍ သံယောဇဉ် ဖြစ်ခြင်းကိုလည်း သိ၏၊ မဖြစ်သေးသော သံယောဇဉ်၏ ဖြစ်ကြောင်းကိုလည်း သိ၏၊ ဖြစ်ပြီးသော သံယောဇဉ်၏ ပယ်ကြောင်းကိုလည်း သိ၏၊ ပယ်ပြီးသော သံယောဇဉ်၏နောင်အခါ မဖြစ်ကြောင်းကိုလည်း သိ၏။
နားကိုလည်း သိ၏၊ အသံတို့ကိုလည်း သိ၏၊ ထိုနှစ်ပါးစုံကို စွဲ၍ သံယောဇဉ် ဖြစ်ခြင်းကိုလည်း သိ၏၊ မဖြစ်သေးသော သံယောဇဉ်၏ ဖြစ်ကြောင်းကိုလည်း သိ၏၊ ဖြစ်ပြီးသော သံယောဇဉ်၏ပယ်ကြောင်းကိုလည်း သိ၏၊ ပယ်ပြီးသော သံယောဇဉ်၏ နောင်အခါ မဖြစ်ကြောင်းကိုလည်း သိ၏။
နှာခေါင်းကိုလည်း သိ၏၊ အနံ့တို့ကိုလည်း သိ၏၊ ထိုနှစ်ပါးစုံကို စွဲ၍ သံယောဇဉ်ဖြစ်ခြင်းကိုလည်းသိ၏၊ မဖြစ်သေးသော သံယောဇဉ်၏ ဖြစ်ကြောင်းကိုလည်း သိ၏၊ ဖြစ်ပြီးသော သံယောဇဉ်၏ပယ်ကြောင်းကိုလည်း သိ၏၊ ပယ်ပြီးသော သံယောဇဉ်၏ နောင်အခါ မဖြစ်ကြောင်းကိုလည်း သိ၏။
လျှာကိုလည်း သိ၏၊ အရသာတို့ကိုလည်း သိ၏၊ ထိုနှစ်ပါးစုံကို စွဲ၍ သံယောဇဉ် ဖြစ်ခြင်းကိုလည်းသိ၏၊ မဖြစ်သေးသော သံယောဇဉ်၏ ဖြစ်ကြောင်းကိုလည်း သိ၏၊ ဖြစ်ပြီးသော သံယောဇဉ်၏ပယ်ကြောင်းကိုလည်း သိ၏၊ ပယ်ပြီးသော သံယောဇဉ်၏ နောင်အခါ မဖြစ်ကြောင်းကိုလည်း သိ၏။
ကိုယ်ကိုလည်း သိ၏၊ အတွေ့အထိတို့ကိုလည်း သိ၏၊ ထိုနှစ်ပါးစုံကို စွဲ၍ သံယောဇဉ် ဖြစ်ခြင်းကိုလည်း သိ၏၊ မဖြစ်သေးသော သံယောဇဉ်၏ ဖြစ်ကြောင်းကိုလည်း သိ၏၊ ဖြစ်ပြီးသော သံယောဇဉ်၏ပယ်ကြောင်းကိုလည်း သိ၏၊ ပယ်ပြီးသော သံယောဇဉ်၏ နောင်အခါ မဖြစ်ကြောင်းကိုလည်း သိ၏။
စိတ်ကိုလည်း သိ၏၊ သဘောတရားတို့ကိုလည်း သိ၏၊ ထိုနှစ်ပါးစုံကို စွဲ၍ သံယောဇဉ်ဖြစ်ခြင်းကိုလည်း သိ၏၊ မဖြစ်သေးသော သံယောဇဉ်၏ ဖြစ်ကြောင်းကိုလည်း သိ၏၊ ဖြစ်ပြီးသော သံယောဇဉ်၏ပယ်ကြောင်းကိုလည်း သိ၏၊ ပယ်ပြီးသော သံယောဇဉ်၏ နောင်အခါ မဖြစ်ကြောင်းကိုလည်း သိ၏။
ဤသို့ မိမိ၏ သဘောတရားတို့၌မူလည်း သဘောတရားတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏၊ သူတစ်ပါး၏ သဘောတရားတို့၌မူလည်း သဘောတရားတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏၊ မိမိ သူတစ်ပါး၏ သဘောတရားတို့၌မူလည်း သဘောတရားတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏၊ သဘောတရားတို့၌ ဖြစ်ကြောင်းတရားနှင့် ဖြစ်ခြင်းသဘောကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍မူ လည်းနေ၏၊ သဘောတရားတို့၌ ပျက်ကြောင်းတရားနှင့် ပျက်ခြင်းသဘောကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍မူလည်း နေ၏။ သဘောတရားတို့၌ ဖြစ်ကြောင်း ပျက်ကြောင်းတရားနှင့် ဖြစ်ခြင်းပျက်ခြင်းသဘော ကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍မူလည်း နေ၏၊ ထို့ပြင် “သဘောတရားတို့သည်သာလျှင် ရှိကုန်၏”ဟု ထိုရဟန်းအား သတိသည် ရှေးရှုထင်၏၊ (ထိုသတိသည်) အဆင့်ဆင့် အသိဉာဏ် တိုးပွားခြင်းငှါသာ ဖြစ်၏၊ အဆင့်ဆင့် သတိ တစ်ဖန်တိုးပွားခြင်းငှါသာ ဖြစ်၏၊ (ထိုရဟန်းသည် တဏှာဒိဋ္ဌိတို့ဖြင့်) မမှီ မတွယ်မူ၍လည်း နေ၏၊ လောက၌တစ်စုံတစ် ရာကိုမျှလည်း (ငါ, ငါ၏ဥစ္စာဟု) စွဲလည်း မစွဲလမ်း။ ရဟန်းတို့ ဤသို့လည်း ရဟန်းသည်ခြောက်ပါးသော အတွင်း အပ အာယတန သဘောတရားတို့၌ သဘောတရားတို့ကို အကြိမ်ကြိမ်ရှုလေ့ရှိသည်ဖြစ်၍ နေ၏။
အာယတနတစ်ဆယ့်နှစ်ပါးကို ဆင်ခြင်ခြင်းအပိုင်း ပြီး၏။
၁။ ဖြစ်ရာ တည်ရာ အကြောင်း
ဗောဇ္ဈင်ခုနစ်ပါးကို ဆင်ခြင်ခြင်း အပိုင်း
[ပြင်ဆင်ရန်]၃၈၅။ ရဟန်းတို့ တစ်ဖန် ထို့ပြင်လည်း ရဟန်းသည် ဗောဇ္ဈင်၁ ခုနစ်ပါး သဘောတရားတို့၌ သဘောတရားတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏၊ ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် ဗောဇ္ဈင်ခုနစ်ပါး သဘောတရားတို့၌ သဘောတရားတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေသနည်း။
ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် မိမိသန္တာန်၌ သတိသမ္ဗောဇ္ဈင်၂ရှိလျှင်လည်း “ငါ၏သန္တာန်၌ သတိသမ္ဗောဇ္ဈင် ရှိသည်”ဟု သိ၏၊ မိမိသန္တာန်၌ သတိသမ္ဗောဇ္ဈင်မရှိလျှင်လည်း “ငါ၏သန္တာန်၌ သတိသမ္ဗောဇ္ဈင်မရှိ”ဟု သိ၏၊ မဖြစ်သေးသော သတိသမ္ဗောဇ္ဈင်၏ ဖြစ်ကြောင်းကိုလည်း သိ၏၊ ဖြစ်ပြီးသော သတိသမ္ဗောဇ္ဈင်ကို ပွားစေခြင်းငှါ ပြည့်စုံခြင်း၏ အကြောင်းကိုလည်း သိ၏။
မိမိသန္တာန်၌ ဓမ္မဝိစယသမ္ဗောဇ္ဈင်၃ ရှိလျှင်လည်း “ငါ၏ သန္တာန်၌ ဓမ္မဝိစယသမ္ဗောဇ္ဈင် ရှိသည်”ဟုသိ၏၊ မိမိသန္တာန်၌ ဓမ္မဝိစယသမ္ဗောဇ္ဈင်မရှိလျှင်လည်း “ငါ၏ သန္တာန်၌ ဓမ္မဝိစယသမ္ဗောဇ္ဈင်မရှိ”ဟုသိ၏၊ မဖြစ်သေးသော ဓမ္မဝိစယသမ္ဗောဇ္ဈင်၏ ဖြစ်ကြောင်းကိုလည်း သိ၏၊ ဖြစ်ပြီးသော ဓမ္မဝိစယ သမ္ဗောဇ္ဈင်ကို့ပွားစေခြင်းငှါ ပြည့်စုံခြင်း၏ အကြောင်းကိုလည်း သိ၏။
မိမိသန္တာန်၌ ဝီရိယသမ္ဗောဇ္ဈင်၄ ရှိလျှင်လည်း “ငါ၏ သန္တာန်၌ ဝီရိယသမ္ဗောဇ္ဈင် ရှိသည်”ဟု သိ၏၊ မိမိသန္တာန်၌ ဝီရိယသမ္ဗောဇ္ဈင်မရှိလျှင်လည်း “ငါ၏ သန္တာန်၌ ဝီရိယသမ္ဗောဇ္ဈင်မရှိ”ဟု သိ၏၊ မဖြစ်သေးသော ဝီရိယသမ္ဗောဇ္ဈင်၏ ဖြစ်ကြောင်းကိုလည်း သိ၏၊ ဖြစ်ပြီးသော ဝီရိယသမ္ဗောဇ္ဈင်ကိုပွားစေခြင်းငှါ ပြည့်စုံခြင်း၏ အကြောင်းကိုလည်း သိ၏။
မိမိသန္တာန်၌ ဝီတိသမ္ဗောဇ္ဈင်၅ ရှိလျှင်လည်း “ငါ၏ သန္တာန်၌ ပီတိသမ္ဗောဇ္ဈင်ရှိသည်”ဟုသိ၏၊ မိမိသန္တာန်၌ ပီတိသမ္ဗောဇ္ဈင်မရှိလျှင်လည်း “ငါ၏ သန္တာန်၌ ပီတိသမ္ဗောဇ္ဈင်မရှိ”ဟု သိ၏၊ မဖြစ်သေးသောပီတိသမ္ဗောဇ္ဈင်၏ ဖြစ်ကြောင်းကိုလည်း သိ၏၊ ဖြစ်ပြီးသော ပီတိသမ္ဗောဇ္ဈင်ကို ပွားစေခြင်းငှါပြည့်စုံခြင်း၏ အကြောင်းကိုလည်း သိ၏။
မိမိသန္တာန်၌ ပဿဒ္ဓိသမ္ဗောဇ္ဈင်၆ရှိလျှင်လည်း “ငါ၏ သန္တာန်၌ ပဿဒ္ဓိသမ္ဗောဇ္ဈင် ရှိသည်”ဟု သိ၏၊ မိမိသန္တာန်၌ ပဿဒ္ဓိသမ္ဗောဇ္ဈင်မရှိလျှင်လည်း “ငါ၏ သန္တာန်၌ ပဿဒ္ဓိသမ္ဗောဇ္ဈင် မရှိ”ဟု သိ၏၊ မဖြစ်သေးသော ပဿဒ္ဓိသမ္ဗောဇ္ဈင်၏ ဖြစ်ကြောင်းကိုလည်း သိ၏၊ ဖြစ်ပြီးသော ပဿဒ္ဓိသမ္ဗောဇ္ဈင်ကိုပွားစေခြင်းငှါ ပြည့်စုံခြင်း၏ အကြောင်းကိုလည်း သိ၏။
မိမိသန္တာန်၌ သမာဓိသမ္ဗောဇ္ဈင်၇ ရှိလျှင်လည်း “ငါ၏ သန္တာန်၌ သမာဓိသမ္ဗောဇ္ဈင် ရှိသည်”ဟု သိ၏၊ မိမိသန္တာန်၌ သမာဓိသမ္ဗောဇ္ဈင် မရှိလျှင်လည်း “ငါ၏ သန္တာန်၌ သမာဓိသမ္ဗောဇ္ဈင် မရှိ”ဟု သိ၏၊ မဖြစ်သေးသော သမာဓိသမ္ဗောဇ္ဈင်၏ ဖြစ်ကြောင်းကိုလည်း သိ၏၊ ဖြစ်ပြီးသော သမာဓိသမ္ဗောဇ္ဈင် ကိုပွားစေခြင်းငှါ ပြည့်စုံခြင်း၏ အကြောင်းကိုလည်း သိ၏။
မိမိသန္တာန်၌ ဥပေက္ခာသမ္ဗောဇ္ဈင်၈ ရှိလျှင်လည်း “ငါ၏ သန္တာန်၌ ဥပေက္ခာသမ္ဗောဇ္ဈင် ရှိသည်”ဟုသိ၏၊ မိမိသန္တာန်၌ ဥပေက္ခာသမ္ဗောဇ္ဈင် မရှိလျှင်လည်း “ငါ၏ သန္တာန်၌ ဥပေက္ခာသမ္ဗောဇ္ဈင် မရှိ”ဟုသိ၏၊ မဖြစ်သေးသော ဥပေက္ခာသမ္ဗောဇ္ဈင်၏ ဖြစ်ကြောင်းကိုလည်း သိ၏၊ ဖြစ်ပြီးသော ဥပေက္ခာသမ္ဗောဇ္ဈင်ကို ပွားစေခြင်းငှါ ပြည့်စုံခြင်း၏ အကြောင်းကိုလည်း သိ၏။
ဤသို့ မိမိ၏ သဘောတရားတို့၌မူလည်း သဘောတရားတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏၊ သူတစ်ပါး၏ သဘောတရားတို့၌မူလည်း သဘောတရားတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏၊ မိမိ သူတစ်ပါး၏ သဘောတရားတို့၌မူလည်း သဘောတရားတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ် ၍နေ၏၊ သဘောတရားတို့၌ ဖြစ်ကြောင်းတရားနှင့် ဖြစ်ခြင်းသဘောကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍မူလည်း နေ၏၊ သဘောတရားတို့၌ ပျက်ကြောင်းတရားနှင့် ပျက်ခြင်းသဘောကို အကြိမ်ကြိမ်ရှုလေ့ ရှိသည် ဖြစ်၍မူလည်း နေ၏။ သဘောတရားတို့၌ ဖြစ်ကြောင်း ပျက်ကြောင်းတရားနှင့် ဖြစ်ခြင်းပျက်ခြင်းသဘောကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ မူလည်း နေ၏။ ထို့ပြင် “သဘောတရားတို့သည်သာ လျှင် ရှိကုန်၏”ဟု ထိုရဟန်းအား သတိသည် ရှေးရှုထင်၏၊ (ထိုသတိသည်) အဆင့်ဆင့် အသိဉာဏ် တိုးပွားခြင်းငှါသာ ဖြစ်၏၊ အဆင့်ဆင့် သတိတစ်ဖန် တိုးပွားခြင်းငှါသာ ဖြစ်၏၊ (ထိုရဟန်းသည် တဏှာဒိဋ္ဌိ တို့ဖြင့်) မမှီမတွယ်မူ၍လည်း နေ၏၊ လောက၌ တစ်စုံတစ် ရာကိုမျှလည်း (ငါ, ငါ၏ဥစ္စာဟု) စွဲလည်း မစွဲလမ်း။ ရဟန်းတို့ ဤသို့လည်း ရဟန်းသည် ဗောဇ္ဈင်ခုနစ်ပါး သဘောတရားတို့၌ သဘောတရားတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏။
ဗောဇ္ဈင်ခုနစ်ပါးကို ဆင်ခြင်ခြင်းအပိုင်း ပြီး၏။
၁။ သစ္စာတို့ကို သိကြောင်း။
၂။ မဂ်ဉာဏ်၏ အကြောင်းဖြစ်သော အောက်မေ့ခြင်း။
၃။ မဂ်ဉာဏ်၏အကြောင်းဖြစ်သော တရားသဘောကို စူးစမ်းဆင်ခြင်ခြင်း။
၄။ မဂ်ဉာဏ်၏ အကြောင်းဖြစ်သော အားထုတ်ခြင်း။
၅။ မဂ်ဉာဏ်၏ အကြောင်းဖြစ်သော နှစ်သိမ့်ခြင်း။
၆။ မဂ်ဉာဏ်၏ အကြောင်းဖြစ်သော ကိုယ်စိတ်၏ ငြိမ်းချမ်းခြင်း။
၇။ မဂ်ဉာဏ်၏ အကြောင်းဖြစ်သော တည်ကြည်ခြင်း။
၈။ မဂ်ဉာဏ်၏ အကြောင်းဖြစ်သော အညီအမျှရှုခြင်း။
သစ္စာလေးပါးကို ဆင်ခြင်ခြင်း အပိုင်း
[ပြင်ဆင်ရန်]၃၈၆။ ရဟန်းတို့ တစ်ဖန် ထို့ပြင်လည်း ရဟန်းသည် အရိယသစ္စာလေးပါး သဘောတရားတို့၌သဘောတရားတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏၊ ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည်အရိယသစ္စာလေးပါး သဘောတရားတို့၌ သဘောတရားတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍ နေသနည်း။
ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် “ဤကား ဒုက္ခတည်း”ဟုဟုတ်မှန်သည့်အတိုင်း သိ၏၊ “ဤကား ဒုက္ခဖြစ်ကြောင်းတည်း”ဟုဟုတ်မှန်သည့်အတိုင်း သိ၏၊ “ဤကား ဒုက္ခချုပ်ရာတည်း”ဟုဟုတ်မှန်သည့်အတိုင်း သိ၏၊ “ဤကား ဒုက္ခချုပ်ရာသို့ ရောက်ကြောင်းအကျင့် တည်း”ဟုဟုတ်မှန်သည့်အတိုင်း သိ၏။
ပဌမအခန်း ပြီး၏။
ဒုက္ခ အရိယသစ္စာ
[ပြင်ဆင်ရန်]၃၈၇။ ရဟန်းတို့ ဒုက္ခသစ္စာဟူသည် အဘယ်နည်း။ ဇာတိ၁ သည်လည်း ဒုက္ခတည်း၊ ဇရာ၂သည်လည်း ဒုက္ခတည်း၊ မရဏ၃ သည်လည်း ဒုက္ခတည်း၊ သောက၄ ပရိဒေဝ၅ ဒုက္ခ၆ ဒေါမနဿ၇ဥပါယာသ၈ တို့သည်လည်း ဒုက္ခတို့တည်း၊ မချစ်ခင် မနှစ်သက်ဖွယ်တို့နှင့် တွေ့ဆုံပေါင်းသင်းရခြင်းသည်လည်း ဒုက္ခတည်း၊ ချစ်နှစ်လိုဖွယ်တို့နှင့် ကွဲကွာကွေကွင်းရခြင်းသည်လည်း ဒုက္ခတည်း၊ အလိုရှိသည်ကို မရခြင်းသည်လည်း ဒုက္ခတည်း၊ အကျဉ်းချုပ်အားဖြင့် ဥပါဒါနက္ခန္ဒာငါးပါးတို့သည်ဒုက္ခတို့တည်း။
၃၈၈။ ရဟန်းတို့ ဇာတိဟူသည် အဘယ်နည်း။ ထိုထိုသတ္တဝါတို့၏ ထိုထိုသတ္တဝါ အစုအပေါင်း၌ ရှေးဦးစွာဖြစ်ခြင်း ပြည့်စုံစွာဖြစ်ခြင်း (အမိဝမ်းတွင်း ဥခွံတွင်းသို့) သက်ဝင်ခြင်း ကိုယ်ထင်ရှားဖြစ်ခြင်း ခန္ဓာတို့၏ ထင်ရှားဖြစ်ခြင်း အာယတနတို့ကို ရခြင်းတည်း။ ရဟန်းတို့ ဤတရားသဘောကို ဇာတိဟူ၍ခေါ်ဆိုအပ်၏။
၃၈၉။ ရဟန်းတို့ ဇာရာဟူသည် အဘယ်နည်း။ ထိုထိုသတ္တဝါတို့၏ ထိုထိုသတ္တဝါအပေါင်း၌ အိုခြင်းအိုသောအခြင်းအရာ သွားကျိုးခြင်း ဆံဖြူခြင်း အရေတွန့်ရှုံ့ခြင်း ရုပ်အသက်ဆုတ်ယုတ်ခြင်း (မျက်စိစသော) ဣန္ဒြေတို့၏ ရင့်ခြင်းတည်း။ ရဟန်းတို့ ဤတရားသဘောကို ဇရာဟူ၍ ခေါ်ဆိုအပ်၏။
၃၉ဝ။ ရဟန်းတို့ မရဏဟူသည် အဘယ်နည်း။ ထိုထိုသတ္တဝါတို့၏ ထိုထိုသတ္တဝါအပေါင်းမှ ရွေ့လျောခြင်း ရွေ့လျောသောအခြင်းအရာ ပျက်စီးခြင်း ကွယ်ပျောက်ခြင်း သက်ပြတ်သေဆုံးခြင်း ကွယ်လွန်ခြင်း ခန္ဓာတို့၏ ပျက်စီးခြင်း ကိုယ်ကိုပစ်ချခြင်း ဇီဝိတိန္ဒြေ၏ ပြတ်စဲခြင်းတည်း။ ရဟန်းတို့ဤတရား သဘောကို မရဏဟူ၍ ခေါ်ဆိုအပ်၏။
၃၉၁။ ရဟန်းတို့ သောကဟူသည် အဘယ်နည်း။ ရဟန်းတို့ တစ်မျိုးမျိုးသော ပျက်စီးခြင်းနှင့်မလွတ်ကင်းသော တစ်မျိုးမျိုးသော ဆင်းရဲကြောင်းနှင့် တွေ့သောသတ္တဝါ၏ စိုးရိမ်ခြင်း စိုးရိမ်သောအခြင်းအရာ စိုးရိမ်သည်၏အဖြစ် အတွင်း၌စိုးရိမ်ခြင်း အတွင်း၌ ပြင်းစွာ စိုးရိမ်ခြင်းတည်း။ ရဟန်းတို့ ဤသဘောတရားကို သောကဟူ၍ ခေါ်ဆိုအပ်၏။
၃၉၂။ ရဟန်းတို့ ပရိဒေဝဟူသည် အဘယ်နည်း။ ရဟန်းတို့ တစ်မျိုးမျိုးသော ပျက်စီးခြင်းနှင့်မလွတ်ကင်းသော တစ်မျိုးမျိုးသော ဆင်းရဲကြောင်းနှင့် တွေ့သော သတ္တဝါ၏ ငိုကြွေးခြင်း ပြင်းစွာ ငိုကြွေးခြင်း ငိုကြွေးသော အခြင်းအရာ ပြင်းစွာငိုကြွေးသော အခြင်းအရာ ငိုကြွေးသည်၏အဖြစ် ပြင်းစွာငိုကြွေးသည်၏အဖြစ်တည်း။ ရဟန်းတို့ ဤသဘောတရားကို ပရိဒေဝ ဟူ၍ ခေါ်ဆိုအပ်၏။
၃၉၃။ ရဟန်းတို့ ဒုက္ခဟူသည် အဘယ်နည်း။ ရဟန်းတို့ ကိုယ်၌ဖြစ်သောဆင်းရဲခြင်း ကိုယ်၌ဖြစ်သော မသာယာခြင်း ကိုယ်အတွေ့ကြောင့်ဖြစ်သော ဆင်းရဲသော မသာယာအပ်သော ခံစားခြင်းတည်း။ ရဟန်းတို့ ဤသဘောတရားကို ဒုက္ခဟူ၍ ခေါ်ဆိုအပ်၏။
၃၉၄။ ရဟန်းတို့ ဒေါမနဿဟူသည် အဘယ်နည်း။ ရဟန်းတို့ စိတ်၌ဖြစ်သောဆင်းရဲခြင်း စိတ်၌ဖြစ်သော မသာယာခြင်း စိတ်အတွေ့ကြောင့်ဖြစ်သော ဆင်းရဲသော မသာယာအပ်သော ခံစားခြင်းတည်း။ ရဟန်းတို့ ဤသဘောတရားကို ဒေါမနဿဟူ၍ ခေါ်ဆိုအပ်၏။
၃၉၅။ ရဟန်းတို့ ဥပါယာသဟူသည် အဘယ်နည်း။ ရဟန်းတို့ တစ်မျိုးမျိုးသော ပျက်စီးခြင်းနှင့်မလွတ်ကင်းသော တစ်မျိုးမျိုးသော ဆင်းရဲခြင်း၏ အကြောင်းနှင့်တွေ့ကြုံသော သတ္တဝါ၏ ပင်ပန်းခြင်းပြင်းစွာပင်ပန်းခြင်း ပင်ပန်းသည်၏အဖြစ် ပြင်းစွာပင်ပန်းသည်၏အဖြစ်တည်း။ ရဟန်းတို့ ဤသဘောတရားကို ဥပါယာသဟူ၍ ခေါ်ဆိုအပ်၏။
၃၉၆။ ရဟန်းတို့ မချစ်မနှစ်လိုဖွယ်တို့နှင့် တွေ့ဆုံပေါင်းသင်းရခြင်း ဆင်းရဲဟူသည် အဘယ်နည်း။ ဤလောက၌ မလိုလား မနှစ်သက် မမြတ်နိုးအပ်ကုန်သော အဆင်း အသံ အနံ့ အရသာ အတွေ့ သဘောတရားတို့သော်လည်းကောင်း၊ အကျိုးမဲ့ခြင်း အစီးအပွားမဲ့ခြင်း မချမ်းသာခြင်း ဘေးမငြိမ်းခြင်းကိုလိုလားကုန်သော သူတို့သော်လည်းကောင်း ထိုသူအား ရှိကုန်၏၊ ထို (အာရုံသတ္တဝါ) တို့နှင့်တကွ တွေ့ရခြင်း ဆုံရခြင်း ပေါင်းဖော်ရခြင်း ရောနှောရခြင်းတည်း။ ရဟန်းတို့ ဤတရားသဘောကို မချစ်မနှစ်လိုဖွယ်တို့နှင့် တွေ့ဆုံပေါင်းသင်းရခြင်း ဆင်းရဲဟူ၍ ခေါ်ဆိုအပ်၏။
၃၉၇။ ရဟန်းတို့ ချစ်ခင်နှစ်လိုဖွယ်တို့နှင့် ကွဲကွာကွေကွင်းရခြင်း ဆင်းရဲဟူသည် အဘယ်နည်း။ ဤလောက၌ လိုလားနှစ်သက် မြတ်နိုးအပ်ကုန်သော အဆင်း အသံ အနံ့ အရသာ အထိ သဘောတရားတို့သော်လည်းကောင်း၊ အကျိုးအစီးအပွားချမ်းသာခြင်း ဘေးကင်းခြင်းကို လိုလားကုန်သော အမိအဖ ညီ အစ်ကို နှမ အစ်မ မိတ်ဆွေ အပေါင်းအဖော် ဆွေမျိုးသားချင်းတို့သော်လည်းကောင်း ထိုသူအားရှိကုန်၏၊ ထို (အာရုံသတ္တဝါ) တို့နှင့် မတွေ့ရခြင်း မဆုံရခြင်း မပေါင်းဖော်ရခြင်း မရောနှောရခြင်းတည်း။ ရဟန်းတို့ ဤတရားသဘောကို ချစ်ခင်နှစ်လိုဖွယ်တို့နှင့် ကွဲကွာကွေကွင်းရခြင်း ဆင်းရဲဟူ၍ ခေါ်ဆိုအပ်၏။
၃၉၈။ ရဟန်းတို့ အလိုရှိသည်ကို မရခြင်း ဆင်းရဲဟူသည် အဘယ်နည်း။ ရဟန်းတို့ ဇာတိသဘောရှိကုန်သော သတ္တဝါတို့အား “ငါတို့သည် ဇာတိသဘောမရှိကြကုန်မူ ကောင်းလေစွ၊ ဇာတိသည်ငါတို့ထံသို့ မလာမူကား ကောင်းလေစွ”ဟု ဤသို့သော တောင့်တခြင်းသည် ဖြစ်ပေါ်၏၊ ယင်းသို့တောင့်တသော်လည်း ဤ (ဇာတိမလာခြင်း) ကို တောင့်တခြင်းဖြင့် မရအပ်၊ ဤသည်လည်းအလိုရှိသည်ကို မရခြင်း ဆင်းရဲမည်၏။ ရဟန်းတို့ ဇရာသဘောရှိကုန်သော သတ္တဝါတို့အား “ငါတို့သည်ဇရာသဘော မရှိကြကုန်မူ ကောင်းလေစွ၊ ဇရာသည် ငါတို့ထံ မလာမူကား ကောင်းလေစွ”ဟုဤသို့သော တောင့်တခြင်းသည် ဖြစ်ပေါ်၏၊ ယင်းသို့ တောင့်တသော်လည်း ဤ (ဇရာမလာခြင်း) ကိုတောင့်တခြင်းဖြင့် မရအပ်၊ ဤသည်လည်း အလိုရှိသည်ကို မရခြင်း ဆင်းရဲမည်၏။ ရဟန်းတို့ ဗျာဓိ၉သဘောရှိကုန်သော သတ္တဝါတို့အား “ငါတို့သည် ဗျာဓိသဘော မရှိကြကုန်မူ ကောင်းလေစွ၊ ဗျာဓိသည် ငါတို့ထံ မလာမူကား ကောင်း လေစွ”ဟု ဤသို့သော တောင့်တခြင်းသည် ဖြစ်ပေါ်၏၊ ယင်းသို့ တောင့်တသော်လည်း ဤ (ဗျာဓိမလာခြင်း) ကို တောင့်တခြင်းဖြင့် မရအပ်၊ ဤသည်လည်းအလိုရှိသည်ကို မရခြင်း ဆင်းရဲမည်၏။ ရဟန်းတို့ မရဏသဘောရှိကုန်သော သတ္တဝါတို့အား “ငါတို့သည် မရဏသဘော မရှိကြကုန်မူ ကောင်းလေစွ၊ မရဏသည် ငါတို့ထံ မလာမူကားကောင်းလေစွ”ဟု ဤသို့သော တောင့်တခြင်းသည် ဖြစ်ပေါ်၏၊ ယင်းသို့ တောင့်တသော်လည်းဤ (မရဏမလာခြင်း) ကို တောင့်တခြင်းဖြင့် မရအပ်၊ ဤသည်လည်း အလိုရှိသည်ကို မရခြင်းဆင်းရဲမည်၏။ ရဟန်းတို့ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ ဥပါယာသ သဘောရှိကုန်သောသတ္တဝါတို့အား “ငါတို့သည် သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ ဥပါယာသ သဘောမရှိကြကုန်မူကောင်းလေစွ၊ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ ဥပါယာသသည် ငါတို့ထံသို့မလာမူကားကောင်းလေစွ”ဟု ဤသို့သော တောင့်တခြင်းသည် ဖြစ်ပေါ်၏၊ ယင်းသို့ တောင့်တသော်လည်း ဤ (သောကစသည်တို့ မလာခြင်း) ကို တောင့်တခြင်းဖြင့် မရအပ်၊ ဤသည်လည်း အလိုရှိသည်ကိုမရခြင်း ဆင်းရဲမည်၏။
၃၉၉။ ရဟန်းတို့ အကျဉ်းချုပ်အားဖြင့် ငါးပါးသော ဥပါဒါနက္ခန္ဒာ၁ဝ ဆင်းရဲတို့ဟူသည် အဘယ် နည်း။ ငါးပါးသော ဥပါဒါနက္ခန္ဒာတို့ဟူသည် ရုပ် ဥပါဒါနက္ခန္ဒာ၊ ဝေဒနာ ဥပါဒါနက္ခန္ဒာ၊ သညာ ဥပါဒါနက္ခန္ဓာ၊ သင်္ခါရ ဥပါဒါနက္ခန္ဒာ၊ ဝိညာဏ် ဥပါဒါနက္ခန္ဒာတို့ပေတည်း။ ရဟန်းတို့ ဤ (ဥပါဒါနက္ခန္ဒာ ငါးပါး) တို့ကိုအကျဉ်းချုပ်အားဖြင့် ငါးပါးသော ဥပါဒါနက္ခန္ဒာဆင်းရဲတို့ဟူ၍ ဆိုအပ်ကုန်၏။
ရဟန်းတို့ ဤတရားသဘောကို ဒုက္ခအရိယသစ္စာဟူ၍ ဆိုအပ်၏။
၁။ ပဋိသန္ဓေတည်နေရခြင်း။
၂။ အိုခြင်း။
၃။ သေခြင်း။
၄။ စိုးရိမ်ပူပန်ခြင်း။
၅။ ငိုကြွေးခြင်း။
၆။ ကိုယ်ဆင်းရဲခြင်း။
၇။ စိတ်ဆင်းရဲခြင်း။
၈။ ပြင်းစွာပူပန်ခြင်း။
၉။ နာချင်း
၁ဝ။ ဥပါဒါန်၏ အာရုံတရားစု
ဒုက္ခသမုဒယ အရိယသစ္စာ
[ပြင်ဆင်ရန်]၄ဝဝ။ ရဟန်းတို့ ဒုက္ခသမုဒယအရိယသစ္စာသည် အဘယ်နည်း။ တစ်ဖန် ဘဝသစ်ကို ဖြစ်စေတတ်သော နှစ်သက် တပ်မက်ခြင်းနှင့်တကွဖြစ်သော ထိုထိုဘဝအာရုံ၌ အလွန်နှစ်သက်ခြင်းရှိသော တဏှာတည်း။ ထိုတဏှာ၁သည် အဘယ်နည်း။ ကာမတဏှာ၂ ဘဝတဏှာ၃ ဝိဘဝတဏှာ၄ တို့တည်း။
ရဟန်းတို့ ထိုတဏှာ ဖြစ်သည်ရှိသော် အဘယ်၌ ဖြစ်သနည်း၊ တည်သည်ရှိသော် အဘယ်၌ တည်သနည်း။ လောက၌ ချစ်ခင်ဖွယ်သာယာဖွယ် သဘောသည် (ရှိ၏)၊ ထို (တဏှာ) သည့်ဖြစ်သည်ရှိသော် ဤ (ချစ်ခင်ဖွယ်သာယာဖွယ်အာရုံ) ၌ ဖြစ်၏၊ တည်သည်ရှိသော်ဤ (ချစ်ခင်ဖွယ်သာယာဖွယ်အာရုံ) ၌ တည်၏။
လောက၌ ချစ်ခင်ဖွယ်သာယာဖွယ် သဘောသည် အဘယ်နည်း။ လောက၌ မျက်စိသည် ချစ်ခင်ဖွယ်သာယာဖွယ်သဘော ဖြစ်၏၊ ထိုတဏှာသည် ဖြစ်သည်ရှိသော် ဤမျက်စိ၌ ဖြစ်၏။ တည်သည်ရှိသော် ဤမျက်စိ၌ တည်၏။ လောက၌ နားသည်။ ပ။ လောက၌ နှာခေါင်းသည်။ ပ။ လောက၌ လျှာသည်။ ပ။ လောက၌ ကိုယ်သည်။ ပ။ လောက၌ စိတ်သည် ချစ်ခင်ဖွယ်သာယာဖွယ်သဘော ဖြစ်၏၊ ထိုတဏှာသည်ဖြစ်သည်ရှိသော် ဤစိတ်၌ ဖြစ်၏။ တည်သည်ရှိသော် ဤစိတ်၌ တည်၏။
လောက၌ ရူပါရုံ၅ တို့သည်။ ပ။ လောက၌ သဒ္ဒါရုံ၆ တို့သည်။ ပ။ လောက၌ ဂန္ဓာရုံ၇ တို့သည်။ ပ။ လောက၌ ရသာရုံ၈ တို့သည်။ ပ။ လောက၌ ဖောဋ္ဌဗ္ဗာရုံ၉ တို့သည်။ ပ။ လောက၌တရားသဘောတို့သည် ချစ်ခင်ဖွယ်သာယာဖွယ် သဘောဖြစ်၏၊ ထိုတဏှာသည် ဖြစ်သည်ရှိသော်ဤတရားသဘောတို့၌ ဖြစ်၏။ တည်သည်ရှိသော် ဤတရားသဘောတို့၌ တည်၏။
လောက၌ စက္ခုဝိညာဏ်၁ဝသည်။ ပ။ လောက၌ သောတဝိညာဏ်၁၁သည်။ ပ။ လောက၌ ဃာနဝိညာဏ်၁၂သည်။ ပ။ လောက၌ ဇိဝှါဝိညာဏ်၁၃သည်။ ပ။ လောက၌ ကာယဝိညာဏ်၁၄သည်။ ပ။ လောက၌ မနောဝိညာဏ်၁၅သည် ချစ်ခင်ဖွယ်သာယာဖွယ်သဘော ဖြစ်၏၊ ထိုတဏှာသည်ဖြစ်သည်ရှိသော် ဤမနော ဝိညာဏ်၌ ဖြစ်၏။ တည်သည်ရှိသော် ဤမနောဝိညာဏ်၌ တည်၏။
လောက၌ စက္ခုသမ္ဖဿ၁၆သည်။ ပ။ လောက၌ သောတသမ္ဖဿ၁၇သည်။ ပ။ လောက၌ဃာနသမ္ဖဿ၁၈သည်။ ပ။ လောက၌ ဇိဝှါသမ္ဖဿ၁၉သည်။ ပ။ လောက၌ ကာယသမ္ဖဿ၂ဝသည်။ ပ။ လောက၌ မနောသမ္ဖဿ၂၁သည် ချစ်ခင်ဖွယ်သာယာဖွယ်သဘော ဖြစ်၏၊ ထိုတဏှာသည်ဖြစ်သည်ရှိသော် ဤမနောသမ္ဖဿ၌ ဖြစ်၏။ တည်သည်ရှိသော် ဤမနောသမ္ဖဿ၌ တည်၏။
လောက၌ စက္ခုသမ္ဖဿဇာဝေဒနာ၂၂သည်။ ပ။ လောက၌ သောတသမ္ဖဿဇာဝေဒနာ၂၃သည်။ ပ။ လောက၌ ဃာနသမ္ဖဿဇာဝေဒနာ၂၄သည်။ ပ။ လောက၌ ဇိဝှါသမ္ဖဿဇာဝေဒနာ၂၅သည်။ ပ။ လောက၌ကာယသမ္ဖဿဇာဝေဒနာ၂၆သည်။ ပ။ လောက၌ မနောသမ္ဖဿဇာဝေဒနာ၂၇သည် ချစ်ခင်ဖွယ်သာယာဖွယ်သဘောဖြစ်၏၊ ထိုတဏှာသည် ဖြစ်သည်ရှိသော် ဤမနောသမ္ဖဿဇာဝေဒနာ၌ ဖြစ်၏။ တည်သည်ရှိသော်ဤမနော သမ္ဖဿဇာဝေဒနာ၌ တည်၏။
လောက၌ ရူပသညာ၂၈သည်။ ပ။ လောက၌ သဒ္ဒသညာ၂၉သည်။ ပ။ လောက၌ ဂန္ဓသညာ၃ဝ သည်။ ပ။ လောက၌ ရသသညာ၃၁သည်။ ပ။ လောက၌ ဖောဋ္ဌဗ္ဗသညာ၃၂သည်။ ပ။ လောက၌ ဓမ္မသညာ၃၃သည်ချစ်ခင်ဖွယ် သာယာဖွယ် သဘောဖြစ်၏၊ ထိုတဏှာသည် ဖြစ်သည်ရှိသော် ဤဓမ္မသညာ၌ ဖြစ်၏။ တည်သည်ရှိသော် ဤဓမ္မသညာ၌ တည်၏။
လောက၌ ရူပသေဉ္စတနာ၃၄သည်။ ပ။ လောက၌ သဒ္ဒသေဉ္စတနာ၃၅သည်။ ပ။ လောက၌ဂန္ဓသေဉ္စတနာ၃၆သည်။ ပ။ လောက၌ ရသသေဉ္စတနာ၃၇သည်။ ပ။ လောက၌ ဖောဋ္ဌဗ္ဗသေဉ္စတနာ၃၈သည်။ ပ။ လောက၌ ဓမ္မသေဉ္စတနာ၃၉သည် ချစ်ခင်ဖွယ်သာယာဖွယ်သဘော ဖြစ်၏၊ ထိုတဏှာသည်ဖြစ်သည်ရှိသော် ဤဓမ္မ သေဉ္စတနာ၌ ဖြစ်၏။ တည်သည်ရှိသော် ဤဓမ္မသေဉ္စတနာ၌ တည်၏။
လောက၌ ရူပတဏှာ၄ဝသည်။ ပ။ လောက၌ သဒ္ဒတဏှာသည်။ ပ။ လောက၌ ဂန္ဓတဏှာသည်။ ပ။ လောက၌ ရသတဏှာသည်။ ပ။ လောက၌ ဖောဋ္ဌဗ္ဗတဏှာသည်။ ပ။ လောက၌ ဓမ္မတဏှာသည်ချစ်ခင်ဖွယ် သာယာဖွယ် သဘောဖြစ်၏၊ ထိုတဏှာသည် ဖြစ်သည်ရှိသော် ဤဓမ္မတဏှာ၌ ဖြစ်၏။ တည်သည်ရှိသော် ဤဓမ္မတဏှာ၌ တည်၏။
လောက၌ ရူပဝိတက်၄၁သည်။ ပ။ လောက၌ သဒ္ဒဝိတက်သည်။ ပ။ လောက၌ ဂန္ဓဝိတက်သည်။ ပ။ လောက၌ ရသဝိတက်သည်။ ပ။ လောက၌ ဖောဋ္ဌဗ္ဗဝိတက်သည်။ ပ။ လောက၌ ဓမ္မဝိတက်သည့်ချစ်ခင်ဖွယ် သာယာဖွယ် သဘောဖြစ်၏၊ ထိုတပ်မက်ခြင်း ‘တဏှာ’ သည် ဖြစ်သည်ရှိသော် ဤဓမ္မဝိတက်၌ဖြစ်၏။ တည်သည်ရှိသော် ဤဓမ္မဝိတက်၌ တည်၏။
လောက၌ ရူပဝိစာရ၄၂သည်။ ပ။ လောက၌ သဒ္ဒဝိစာရသည်။ ပ။ လောက၌ ဂန္ဓဝိစာရသည်။ ပ။ လောက၌ ရသဝိစာရသည်။ ပ။ လောက၌ ဖောဋ္ဌဗ္ဗဝိစာရသည်။ ပ။ လောက၌ ဓမ္မဝိစာရသည် ချစ်ခင်ဖွယ်သာယာဖွယ် သဘောဖြစ်၏၊ ထိုတဏှာသည် ဖြစ်သည်ရှိသော် ဤဓမ္မဝိစာရ၌ ဖြစ်၏။ တည်သည်ရှိသော်ဤဓမ္မဝိစာရ၌ တည်၏။
ရဟန်းတို့ ဤတရားသဘောကို အရိယာတို့ သိအပ်သော ဒုက္ခသမုဒယအရိယသစ္စာ၄၃ဟူ၍ ဆိုအပ် ၏။
၁။ တပ်မက်ခြင်း
၂။ ကာမဘုံ၌ တပ်မက်ခြင်း
၃။ ရူပအရူပဘုံတို့၌ တပ်မက်ခြင်း
၄။ ဥစ္ဆေဒဒိဋ္ဌိနှင့်တကွဖြစ်သော တပ်မက်ခြင်း
၅။ အဆင်း
၆။ အသံ
၇။ အနံ
၈။ အရသာ
၉။ အတွေ့အထိ
၁ဝ။ မျက်စိ၌မှီသောစိတ်
၁၁။ နား၌မှီသောစိတ်
၁၂။ နှာခေါင်း၌မှီသောစိတ်
၁၃။ လျှာ၌မှီသောစိတ်
၁၄။ ကိုယ်၌မှီသောစိတ်
၁၅။ မနော၌မှီသောစိတ်
၁၆။ မျက်စိအတွေ့
၁၇။ နားအတွေ့
၁၈။ နှာခေါင်းအတွေ့
၁၉။ လျှာအတွေ့
၂ဝ။ ကိုယ်အတွေ့
၂၁။ မနောအတွေ့
၂၂။ မျက်စိအတွေ့ကြောင့်ဖြစ်သော ခံစားခြင်း
၂၃။ နားအတွေ့ကြောင့်ဖြစ်သော ခံစားခြင်း
၂၄။ နှာခေါင်းအတွေ့ကြောင့်ဖြစ်သော ခံစားခြင်း
၂၅။ လျှာအတွေ့ကြောင့်ဖြစ်သော ခံစားခြင်း
၂၆။ ကိုယ်အတွေ့ကြောင့်ဖြစ်သော ခံစားခြင်း
၂၇။ မနောအတွေ့ကြောင့်ဖြစ်သော ခံစားခြင်း
၂၈။ ရူပါရုံ၌ မှတ်သားခြင်း
၂၉။ သဒ္ဒါရုံ၌ မှတ်သားခြင်း
၃ဝ။ ဂန္ဓာရုံ၌ မှတ်သားခြင်း
၃၁။ ရသာရုံ၌ မှတ်သားခြင်း
၃၂။ ဖောဋ္ဌဗ္ဗာရုံ၌ မှတ်သားခြင်း
၃၃။ ဓမ္မာရုံ၌ မှတ်သားခြင်း
၃၄။ ရူပါရုံ၌ စေ့ဆော်ခြင်း
၃၅။ သဒ္ဒါရုံ၌ စေ့ဆော်ခြင်း
၃၆။ ဂန္ဓာရုံ၌ စေ့ဆော်ခြင်း
၃၇။ ရသာရုံ၌ စေ့ဆော်ခြင်း
၃၈။ ဖောဋ္ဌဗ္ဗာရုံ၌ စေ့ဆော်ခြင်း
၃၉။ ဓမ္မာရုံ၌ စေ့ဆော်ခြင်း
၄ဝ။ ရူပါရုံ၌ တပ်မက်ခြင်း
၄၁။ ရူပါရုံ၌ ကြံစည်ခြင်း
၄၂။ ရူပါရုံ၌ သုံးသပ်ဆင်ခြင်ခြင်း
၄၃။ ဆင်းရဲဖြစ်ကြောင်း အရိယာတို့ သိအပ်သော အမှန်တရား
ဒုက္ခနိရောဓ အရိယသစ္စာ
[ပြင်ဆင်ရန်]၄ဝ၁။ ရဟန်းတို့ ဒုက္ခနိရောဓအရိယသစ္စာသည် အဘယ်နည်း။ ထိုတဏှာ၏သာလျှင် အကြွင်းမရှိ့ကင်းချုပ်ရာ, တဏှာကို စွန့်ရာ, တဏှာကို ဝေးစွာ စွန့်ရာ, တဏှာမှ လွတ်မြောက်ရာ, တဏှာဖြင့်မကပ် ငြိရာ (နိဗ္ဗာန်) တည်း။
ရဟန်းတို့ ထိုတဏှာကို ပယ်အပ်သည်ရှိသော် အဘယ်၌ ပယ်အပ်သနည်း၊ ချုပ်သည်ရှိသော် အဘယ်၌ချုပ်သနည်း၊ လောက၌ ချစ်ခင်ဖွယ် သာယာဖွယ် သဘောသည် (ရှိ၏)၊ ထိုတဏှာကို ပယ်အပ်သည်ရှိသော် ဤချစ်ခင်ဖွယ်သာယာဖွယ်သဘော၌ ပယ်အပ်၏၊ ချုပ်သည်ရှိသော် ဤချစ်ခင်ဖွယ်သာယာဖွယ်သဘော၌ ချုပ်၏။
လောက၌ ချစ်ခင်ဖွယ်သာယာဖွယ်သဘောသည် အဘယ်နည်း။ လောက၌ မျက်စိသည် ချစ်ခင်ဖွယ်သာယာဖွယ်သဘော ဖြစ်၏၊ ထိုတဏှာကို ပယ်အပ်သည်ရှိသော် ဤမျက်စိ၌ ပယ်အပ်၏။ ချုပ်သည်ရှိသော် ဤမျက်စိ၌ ချုပ်၏။ လောက၌ နားသည်။ ပ။ လောက၌ နှာခေါင်းသည်။ ပ။ လောက၌ လျှာသည်။ ပ။ လောက၌ ကိုယ်သည်။ ပ။ လောက၌ စိတ်သည် ချစ်ခင်ဖွယ်သာယာဖွယ်သဘော ဖြစ်၏၊ ထိုတဏှာသည် ပယ်အပ်သည်ရှိသော် ဤစိတ်၌ ပယ်အပ်၏၊ ချုပ်သည်ရှိသော် ဤစိတ်၌ ချုပ်၏။
လောက၌ ရူပါရုံတို့သည်။ လောက၌ သဒ္ဒါရုံတို့သည်။ လောက၌ ဂန္ဓာရုံတို့သည်။ လောက၌ရသာရုံတို့သည်။ လောက၌ ဖောဋ္ဌဗ္ဗာရုံတို့သည်။ လောက၌ ဓမ္မာရုံတို့သည် ချစ်ခင်ဖွယ်သာယာဖွယ်သဘော ဖြစ်၏၊ ထိုတဏှာကို ပယ်အပ်သည်ရှိသော် ဤဓမ္မာရုံတို့၌ ပယ်အပ်၏၊ ချုပ်သည်ရှိသော် ဤဓမ္မာရုံတို့၌ ချုပ်၏။
လောက၌ စက္ခုဝိညာဏ်သည်။ လောက၌ သောတဝိညာဏ်သည်။ လောက၌ ဃာနဝိညာဏ်သည်။ လောက၌ ဇိဝှါဝိညာဏ်သည်။ လောက၌ ကာယဝိညာဏ်သည်။ လောက၌ မနောဝိညာဏ်သည် ချစ်ခင်ဖွယ် သာယာဖွယ်သဘော ဖြစ်၏၊ ထိုတဏှာကို ပယ်အပ်သည်ရှိသော် ဤမနောဝိညာဏ်၌ ပယ်အပ်၏၊ ချုပ်သည်ရှိသော် ဤမနောဝိညာဏ်၌ ချုပ်၏။
လောက၌ စက္ခုသမ္ဖဿသည်။ လောက၌ သောတသမ္ဖဿသည်။ လောက၌ ဃာနသမ္ဖဿသည်။ လောက၌ ဇိဝှါသမ္ဖဿသည်။ လောက၌ ကာယသမ္ဖဿသည်။ လောက၌ မနောသမ္ဖဿသည်ချစ်ခင်ဖွယ် သာယာဖွယ်သဘော ဖြစ်၏၊ ထိုတဏှာကို ပယ်အပ်သည်ရှိသော် ဤမနောသမ္ဖဿ၌ပယ်အပ်၏၊ ချုပ် သည်ရှိသော် ဤ (မနောသမ္ဖဿ) ၌ ချုပ်၏။
လောက၌ စက္ခုသမ္ဖဿဇာဝေဒနာသည်။ လောက၌ သောတသမ္ဖဿဇာဝေဒနာသည်။ လောက၌ဃာနသမ္ဖဿဇာဝေဒနာသည်။ လောက၌ ဇိဝှါသမ္ဖဿဇာဝေဒနာသည်။ လောက၌ ကာယသမ္ဖဿဇာဝေဒနာသည်။ လောက၌ မနောသမ္ဖဿဇာဝေဒနာသည် ချစ်ခင်ဖွယ်သာယာဖွယ်သဘော ဖြစ်၏၊ ထိုတဏှာကို ပယ်အပ်သည်ရှိသော် ဤမနောသမ္ဖဿဇာဝေဒနာ၌ ပယ်အပ်၏၊ ချုပ်သည်ရှိသော် ဤမနောသမ္ဖဿဇာဝေဒနာ၌ ချုပ်၏။
လောက၌ ရူပသညာသည်။ လောက၌ သဒ္ဒသညာသည်။ လောက၌ ဂန္ဓသညာသည်။ လောက၌ရသသညာသည်။ လောက၌ ဖောဋ္ဌဗ္ဗသညာသည်။ လောက၌ ဓမ္မသညာသည် ချစ်ခင်ဖွယ်သာယာဖွယ်သဘော ဖြစ်၏၊ ထိုတဏှာကို ပယ်အပ်သည်ရှိသော် ဤဓမ္မသညာ၌ ပယ်အပ်၏၊ ချုပ်သည်ရှိသော်ဤဓမ္မသညာ၌ ချုပ်၏။
လောက၌ ရူပသေဉ္စတနာသည်။ လောက၌ သဒ္ဒသေဉ္စတနာသည်။ လောက၌ ဂန္ဓသေဉ္စတနာသည်။ လောက၌ ရသသေဉ္စတနာသည်။ လောက၌ ဖောဋ္ဌဗ္ဗသေဉ္စတနာသည်။ လောက၌ ဓမ္မသေဉ္စတနာသည်ချစ်ခင် ဖွယ်သာယာဖွယ်သဘော ဖြစ်၏၊ ထိုတဏှာကို ပယ်အပ်သည်ရှိသော် ဤဓမ္မသေဉ္စတနာ၌ ပယ်အပ်၏၊ ချုပ်သည်ရှိသော် ဤဓမ္မသေဉ္စတနာ၌ ချုပ်၏။
လောက၌ ရူပတဏှာသည်။ လောက၌ သဒ္ဒတဏှာသည်။ လောက၌ ဂန္ဓတဏှာသည်။ လောက၌ရသတဏှာသည်။ လောက၌ ဖောဋ္ဌဗ္ဗတဏှာသည်။ လောက၌ ဓမ္မတဏှာသည် ချစ်ခင်ဖွယ်သာယာဖွယ့်သဘော ဖြစ်၏၊ ထိုတဏှာကို ပယ်အပ်သည်ရှိသော် ဤဓမ္မတဏှာ၌ ပယ်အပ်၏၊ ချုပ်သည်ရှိသော် ဤဓမ္မတဏှာ၌ ချုပ်၏။
လောက၌ ရူပဝိတက်သည်။ လောက၌ သဒ္ဒဝိတက်သည်။ လောက၌ ဂန္ဓဝိတက်သည်။ လောက၌ရသဝိတက်သည်။ လောက၌ ဖောဋ္ဌဗ္ဗဝိတက်သည်။ လောက၌ ဓမ္မဝိတက်သည် ချစ်ခင်ဖွယ်သာယာဖွယ်သဘော ဖြစ်၏၊ ထိုတဏှာကို ပယ်အပ်သည်ရှိသော် ဤဓမ္မဝိတက်၌ ပယ်အပ်၏၊ ချုပ်သည်ရှိသော် ဤဓမ္မဝိတက်၌ ချုပ်၏။
လောက၌ ရူပဝိစာရသည်။ လောက၌ သဒ္ဒဝိစာရသည်။ လောက၌ ဂန္ဓဝိစာရသည်။ လောက၌ရသ ဝိစာရသည်။ လောက၌ ဖောဋ္ဌဗ္ဗဝိစာရသည်။ လောက၌ ဓမ္မဝိစာရသည် ချစ်ခင်ဖွယ် သာယာဖွယ်သဘော ဖြစ်၏၊ ထိုတဏှာကို ပယ်အပ်သည်ရှိသော် ဤဓမ္မဝိစာရ၌ ပယ်အပ်၏။ ချုပ်သည်ရှိသော် ဤဓမ္မဝိစာရ၌ ချုပ်၏။
ရဟန်းတို့ ဤတရားသဘောကို ဒုက္ခနိရောဓအရိယသစ္စာ၁ဟူ၍ ဆိုအပ်၏။
၁။ ဒုက္ခ၏ချုပ်ရာ အရိယာတို့ သိအပ်သော အမှန်တရား
ဒုက္ခနိရောဓဂါမိနီပဋိပဒါ အရိယသစ္စာ
[ပြင်ဆင်ရန်]၄ဝ၂။ ရဟန်းတို့ ဒုက္ခနိရောဓဂါမိနီပဋိပဒါအရိယသစ္စာ၁သည် အဘယ်နည်း။ မြတ်သော အင်္ဂါရှစ်ပါးရှိသော ဤမဂ်အကျင့်လမ်းတည်း။ ဤမဂ်အကျင့်လမ်းတို့သည် အဘယ်တို့နည်း။ သမ္မာဒိဋ္ဌိ၂သမ္မာသင်္ကပ္ပ၃ သမ္မာဝါစာ၄ သမ္မာကမ္မန္တ၅ သမ္မာအာဇီဝ၆ သမ္မာဝါယာမ၇ သမ္မာသတိ၈ သမ္မာသမာဓိ၉တို့ပေတည်း။
ရဟန်းတို့ သမ္မာဒိဋ္ဌိသည် အဘယ်နည်း။
ဒုက္ခ၌ သိမြင်ခြင်း၊ ဒုက္ခ၏ ဖြစ်ကြောင်း၌ သိမြင်ခြင်း၊ ဒုက္ခ၏ ချုပ်ရာ (နိဗ္ဗာန်) ၌ သိမြင်ခြင်း၊ ဒုက္ခ၏ချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်းအကျင့်၌ သိမြင်ခြင်းတည်း။ ရဟန်းတို့ ဤ (သိမြင်ခြင်း) ကိုမှန်စွာသိမြင်ခြင်း ‘သမ္မာဒိဋ္ဌိ’ ဟူ၍ ဆိုအပ်၏။
ရဟန်းတို့ သမ္မာသင်္ကပ္ပသည် အဘယ်နည်း။
(ကာမအာရုံမှ) လွတ်ကင်းသော ကြံစည်ခြင်း၊ ဖျက်ဆီးခြင်းမှ လွတ်ကင်းသော ကြံစည်ခြင်း၊ ညှဉ်းဆဲခြင်းမှ လွတ်ကင်းသော ကြံစည်ခြင်းတည်း။ ရဟန်းတို့ ဤ (ကြံခြင်း) ကို မှန်စွာကြံခြင်း ‘သမ္မာသင်္ကပ္ပ’ ဟူ၍ ဆိုအပ်၏။
ရဟန်းတို့ သမ္မာဝါစာသည် အဘယ်နည်း။
မဟုတ်မမှန်ပြောခြင်းမှ ကြဉ်ရှောင်ခြင်း၊ ကုန်းစကားမှ ကြဉ်ရှောင်ခြင်း၊ ရုန့်ကြမ်းသော စကားမှကြဉ်ရှောင်ခြင်း၊ ပြိန်ဖျင်းသော စကားမှ ကြဉ်ရှောင်ခြင်းတည်း။ ရဟန်းတို့ ဤကြဉ်ရှောင်ခြင်းကို မှန်စွာပြောဆိုခြင်း ‘သမ္မာဝါစာ’ ဟူ၍ ဆိုအပ်၏။
ရဟန်းတို့ သမ္မာကမ္မ န္တသည် အဘယ်နည်း။
အသက်ကို သတ်ခြင်းမှ ကြဉ်ရှောင်ခြင်း၊ မပေးသည်ကို ယူခြင်းမှ ကြဉ်ရှောင်ခြင်း၊ ကာမဂုဏ်တို့၌မှားယွင်းစွာ ကျင့်ခြင်းမှ ကြဉ်ရှောင်ခြင်းတည်း။ ရဟန်းတို့ ဤ (ကြဉ်ရှောင်ခြင်း) ကို မှန်စွာပြုလုပ်ခြင်း ‘သမ္မာကမ္မန’ ္တ ဟူ၍ ဆိုအပ်၏။
ရဟန်းတို့ သမ္မာအာဇီဝသည် အဘယ်နည်း။
ရဟန်းတို့ ဤသာသနာတော်၌ အရိယာဖြစ်သော တပည့်သည် မှားယွင်းစွာ အသက်မွေးခြင်းကို့ပယ်စွန့်၍ မှန်စွာ အသက်မွေးခြင်းဖြင့် အသက်မွေး၏။ ရဟန်းတို့ ဤ (အသက်မွေးခြင်း) ကို မှန်စွာအသက်မွေးခြင်း ‘သမ္မာအာဇီဝ’ ဟူ၍ ဆိုအပ်၏။
ရဟန်းတို့ သမ္မာဝါယာမသည် အဘယ်နည်း။
ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် မဖြစ်သေးသော ယုတ်မာသော အကုသိုလ်တရားတို့ကိုမဖြစ်ပေါ်စေရန် ဆန္ဒကို ဖြစ်စေ၏၊ အားထုတ်၏၊ လုံ့လပြု၏၊ စိတ်ကို ချီးမြှောက်၏၊ ဆောက်တည်၏။ ဖြစ်ပြီးသော ယုတ်မာသော အကုသိုလ်တရားတို့ကို ပယ်ရန် ဆန္ဒကို ဖြစ်စေ၏၊ အားထုတ်၏၊ လုံ့လပြု၏၊ စိတ်ကို ချီးမြှောက်၏၊ ဆောက်တည်၏။ မဖြစ်သေးသော ကုသိုလ်တရားတို့ကို ဖြစ်စေရန် ဆန္ဒကိုဖြစ်စေ၏၊ အားထုတ်၏၊ လုံ့လပြု၏၊ စိတ်ကို ချီးမြှောက်၏၊ ဆောက်တည်၏။ ဖြစ်ပြီးသော ကုသိုလ်တရားတို့ကို တည်မြဲစေရန် မပျောက်ပျက်စေရန် တိုးတက်ဖြစ်ပွားစေရန် ပြန့်ပြောစေရန် ပွားများမှု ပြည့်စုံစေရန် ဆန္ဒကို ဖြစ်စေ၏၊ အားထုတ်၏၊ လုံ့လပြု၏၊ စိတ်ကို ချီးမြှောက်၏၊ ဆောက်တည်၏။ ရဟန်းတို့ ဤ (အားထုတ်ခြင်း) ကို မှန်စွာ အားထုတ်ခြင်း ‘သမ္မာဝါယာမ’ ဟူ၍ ဆိုအပ်၏။
ရဟန်းတို့ သမ္မာသတိသည် အဘယ်နည်း။
ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ပြင်းစွာ အားထုတ်သော လုံ့လရှိသည်ဖြစ်၍ သမ္ပဇဉ်ဉာဏ်ရှိသည်ဖြစ်၍ သတိရှိသည်ဖြစ်၍ လောက၌ အဘိဇ္ဈ ာ ဒေါမနဿကို ပယ်ဖျောက်၍ ရုပ်အပေါင်း၌ရုပ်အပေါင်းကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏၊ ပြင်းစွာ အားထုတ်သော လုံ့လရှိသည်ဖြစ်၍သမ္ပဇဉ်ဉာဏ်ရှိသည်ဖြစ်၍ သတိရှိသည်ဖြစ်၍ လောက၌ အဘိဇ္ဈ ာ ဒေါမနဿကို ပယ်ဖျောက်၍ ဝေဒနာတို့၌ ဝေဒနာတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏၊ ပြင်းစွာအားထုတ်သော လုံ့လရှိသည်ဖြစ်၍သမ္ပဇဉ်ဉာဏ်ရှိသည်ဖြစ်၍ သတိရှိသည်ဖြစ်၍ လောက၌ အဘိဇ္ဈ ာ ဒေါမနဿကို ပယ်ဖျောက်၍ စိတ်၌စိတ်ကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏၊ ပြင်းစွာအားထုတ်သော လုံ့လရှိသည်ဖြစ်၍ သမ္ပဇဉ်ဉာဏ်ရှိသည်ဖြစ်၍ သတိရှိသည်ဖြစ်၍ လောက၌ အဘိဇ္ဈ ာဒေါမနဿကို ပယ်ဖျောက်၍သဘောတရားတို့၌ သဘောတရားတို့ကို အကြိမ်ကြိမ်ရှုလေ့ရှိသည်ဖြစ်၍ နေ၏။ ရဟန်းတို့ဤ (အောက်မေ့ခြင်း သတိ) ကို မှန်စွာအောက်မေ့ခြင်း ‘သမ္မာသတိ’ ဟူ၍ ဆိုအပ်၏။
ရဟန်းတို့ သမ္မာသမာဓိသည် အဘယ်နည်း။
ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ကာမဂုဏ်တို့မှ ကင်းဆိတ်၍သာလျှင် အကုသိုလ်တရားတို့မှ ကင်းဆိတ်၍သာလျှင် ဝိတက်နှင့်တကွဖြစ်သော ဝိစာရနှင့်တကွဖြစ်သော နီဝရဏကင်းခြင်းကြောင့်ဖြစ်သည့် ပီတိသုခရှိသော ပဌမဈာန်သို့ ရောက်၍ နေ၏။
ဝိတက် ဝိစာရ ငြိမ်းခြင်းကြောင့် မိမိသန္တာန်၌ စိတ်ကို ကြည်လင်စေတတ်သော၊ သမာဓိကို ဖြစ်ပွားစေတတ်သော၊ ဝိတက်လည်းမရှိသော၊ ဝိစာရလည်းမရှိသော၊ သမာဓိကြောင့်ဖြစ်သည့် ပီတိသုခရှိသောဒုတိယဈာန်သို့ ရောက်၍ နေ၏။
ပီတိ၏လည်း ကင်းခြင်းကြောင့် အမျှရှုလျက် သတိရှိလျက် ဆင်ခြင်လျက် နေ၏၊ သုခကိုလည်းကိုယ်ဖြင့် ခံစား၏၊ အကြင် (တတိယဈာန်)ကြောင့် ထိုသူကို “အမျှရှုသူ သတိရှိသူ ချမ်းသာစွာ နေလေ့ရှိသူ”ဟု အရိယာ (ပုဂ္ဂိုလ်) တို့သည် ချီးမွမ်းပြောဆိုကုန်၏၊ ထိုတတိယဈာန်သို့ ရောက်၍ နေ၏။
ချမ်းသာ ဆင်းရဲကို ပယ်ခြင်းကြောင့်လည်းကောင်း ရှေးဦးကပင် ဝမ်းသာခြင်း နှလုံးမသာခြင်းတို့၏ချုပ်နှင့်ခြင်းကြောင့်လည်းကောင်း ဆင်းရဲချမ်းသာ ကင်းသော ဥပေက္ခာကြောင့်ဖြစ်သည့် သတိ၏ စင်ကြယ်ခြင်းရှိသော စတုတ္ထဈာန်သို့ ရောက်၍ နေ၏။ ရဟန်းတို့ ဤ (သမာဓိ) ကို မှန်စွာတည်ကြည်ခြင်း ‘သမ္မာသမာဓိ’ ဟူ၍ ဆိုအပ်၏။ ရဟန်းတို့ ဤတရားသဘောကို ဒုက္ခနိရောဓဂါမိနီပဋိပဒါ အရိယသစ္စာဟူ၍ဆိုအပ်၏။
၄ဝ၃။ ဤသို့ မိမိ၏ သဘောတရားတို့၌မူလည်း သဘောတရားတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍့နေ၏၊ သူတစ်ပါး၏ သဘောတရားတို့၌မူလည်း သဘောတရားတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍နေ၏၊ မိမိသူတစ်ပါး၏ သဘောတရားတို့၌မူလည်း သဘောတရားတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏၊ သဘောတရားတို့၌ ဖြစ်ကြောင်းတရားနှင့် ဖြစ်ခြင်းသဘောကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍မူလည်း နေ၏၊ သဘောတရားတို့၌ ပျက်ကြောင်းတရားနှင့် ပျက်ခြင်းသဘောကို အကြိမ်ကြိမ်ရှုလေ့ရှိသည် ဖြစ်၍မူလည်း နေ၏၊ သဘောတရားတို့၌ ဖြစ်ကြောင်း ပျက်ကြောင်းတရားနှင့် ဖြစ်ခြင်းပျက်ခြင်းသဘောကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍မူလည်း နေ၏၊ ထို့ပြင် “သဘောတရားတို့သည်သာ လျှင် ရှိကုန်၏”ဟု ထိုရဟန်းအား သတိသည် ရှေးရှူထင်၏၊ (ထိုသတိသည်) အဆင့်ဆင့် အသိဉာဏ် တိုးပွားခြင်းငှါသာ ဖြစ်၏၊ အဆင့်ဆင့် သတိ တစ်ဖန်တိုးပွားခြင်းငှါသာ ဖြစ်၏၊ (ထိုရဟန်းသည် တဏှာ ဒိဋ္ဌိတို့ဖြင့်) မမှီမတွယ်မူ၍လည်း နေ၏၊ လောက၌တစ်စုံတစ်ရာကိုမျှလည်း (ငါ့, ငါ၏ဥစ္စာဟု) စွဲလည်း မစွဲလမ်း။ ရဟန်းတို့ ဤသို့လည်း ရဟန်းသည်အရိယသစ္စာလေးပါး သဘောတရားတို့၌ သဘော တရားတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏။
သစ္စာအပိုင်း ပြီး၏။
သဘောတရားကို ဆင်ခြင်ခြင်း ပြီး၏။
————————
၄ဝ၄။ ရဟန်းတို့ မည်သည့်ပုဂ္ဂိုလ်မဆို ဤသတိပဋ္ဌာန်လေးပါးတို့ကို ခုနစ်နှစ်တို့ပတ်လုံး ဤဟောပြသောနည်းဖြင့် ပွားငြားအံ့၊ ထိုပွားသော ပုဂ္ဂိုလ်အား မျက်မှောက်ဘဝ၌ပင် အရဟတ္တဖိုလ်ဖြစ်စေဥပါဒါန်အကြွင်းရှိသေးလျှင် အနာဂါမိဖိုလ်ဖြစ်စေ ဤဖိုလ်နှစ်ပါးတို့တွင် တစ်ပါးပါးသော ဖိုလ်ကို (အမှန်ရပေမည်ဟု) အလိုရှိအပ်၏။
ရဟန်းတို့ ခုနစ်နှစ်ကို ထားဘိဦး။ ရဟန်းတို့ မည်သည့်ပုဂ္ဂိုလ်မဆို ဤသတိပဋ္ဌာန်လေးပါးတို့ကိုခြောက်နှစ်တို့ပတ်လုံး ဤဟောပြသော နည်းဖြင့် ပွားငြားအံ့။ ပ။ ငါးနှစ်တို့ပတ်လုံး။ လေးနှစ်တို့ပတ်လုံး။ သုံးနှစ်တို့ပတ်လုံး။ နှစ်နှစ်တို့ပတ်လုံး။ တစ်နှစ်တို့ပတ်လုံး။
ရဟန်းတို့ တစ်နှစ်ကို ထားဘိဦး။ ရဟန်းတို့ မည်သည့်ပုဂ္ဂိုလ်မဆို ဤသတိပဋ္ဌာန်လေးပါးတို့ကိုခုနစ်လတို့ပတ်လုံး ဤဟောပြသော နည်းဖြင့် ပွားငြားအံ့၊ ထိုပွားသော ပုဂ္ဂိုလ်အား မျက်မှောက်ဘဝ၌ပင်အရဟတ္တဖိုလ်ဖြစ်စေ ဥပါဒါန်အကြွင်းရှိသေးလျှင် အနာဂါမိဖိုလ်ဖြစ်စေ ဤဖိုလ်နှစ်ပါးတို့တွင် တစ်ပါးပါးသော ဖိုလ်ကို (အမှန်ရပေမည်ဟု) အလိုရှိအပ်၏။
ရဟန်းတို့ ခုနစ်လကို ထားဘိဦး။ ရဟန်းတို့ မည်သည့်ပုဂ္ဂိုလ်မဆို ဤသတိပဋ္ဌာန်လေးပါးတို့ကိုခြောက်လတို့ပတ်လုံး ဤဟောပြသောနည်းဖြင့် ပွားငြားအံ့။ ပ။ ငါးလတို့ပတ်လုံး။ လေးလတို့ပတ်လုံး။ သုံးလတို့ပတ်လုံး။ နှစ်လတို့ပတ်လုံး။ တစ်လပတ်လုံး။ လခွဲပတ်လုံး။
ရဟန်းတို့ လခွဲကို ထားဘိဦး။ ရဟန်းတို့ မည်သည့်ပုဂ္ဂိုလ်မဆို ဤသတိပဋ္ဌာန်လေးပါးတို့ကိုခုနစ်ရက်ပတ်လုံး ဤဟောပြသော နည်းဖြင့် ပွားငြားအံ့၊ ထိုပွားသော ပုဂ္ဂိုလ်အား မျက်မှောက်ဘဝ၌ပင်အရဟတ္တဖိုလ်ဖြစ်စေ ဥပါဒါန်အကြွင်းရှိသေးလျှင် အနာဂါမိဖိုလ်ဖြစ်စေ ဤဖိုလ်နှစ်ပါးတို့တွင် တစ်ပါးပါးသော ဖိုလ်ကို (အမှန်ရပေမည်ဟု) အလိုရှိအပ်၏။
၄ဝ၅။ “ရဟန်းတို့ ဤခရီးလမ်းသည် သတ္တဝါတို့၏ စိတ်စင်ကြယ်ရန်, စိုးရိမ်ပူပန်ခြင်း ငိုကြွေးခြင်းတို့ကို လွန်မြောက်ရန်, ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်းတို့ ချုပ် ငြိမ်းရန်, အရိယမဂ်ကို ရရန်, နိဗ္ဗာန်ကို မျက်မှောက်ပြုရန် တစ်ကြောင်းတည်းသော ခရီးလမ်းဖြစ်၏၊ ယင်းသည့် ခရီးလမ်းကား ဤသတိပဋ္ဌာန်လေးပါးတို့ပင်တည်း”ဟု ဤသို့ အကြင်သတိပဋ္ဌာန်တရား ကြေညာချက်ကို ငါဆိုခဲ့၏၊ ဤကြေညာချက်ကို ဤ (အကျိုးနှစ်ပါးတို့တွင် တစ်ပါးပါး အမှန်ရရှိနိုင်ခြင်း) ကို ရည်ရွယ်၍ ဆို၏ဟု မြတ်စွာဘုရားသည် ဤတရားတော်ကို ဟောတော်မူ၏။ ထိုရဟန်းတို့သည် မြတ်စွာဘုရားဟောတော်မူသော တရားတော်ကို နှစ်လိုကုန်သည်ဖြစ်၍ ဝမ်းမြောက်စွာ ခံယူကြလေကုန်သတည်း။
ကိုးခုမြောက် မဟာသတိပဋ္ဌာနသုတ် ပြီး၏။
၁။ ဆင်းရဲချုပ်ရာသို့ ရောက်ကြောင်း အကျင့်ဟူသော အရိယာတို့ သိအပ်သော အမှန်တရား
၂။ မှန်စွာသိမြင်ခြင်း
၃။ မှန်စွာကြံခြင်း
၄။ မှန်စွာပြောဆိုခြင်း
၅။ မှန်စွာပြုလုပ်ခြင်း
၆။ မှန်စွာအသက်မွေးခြင်း
၇။ မှန်စွာအားထုတ်ခြင်း
၈။ မှန်စွာအောက်မေ့ခြင်း
၉။ မှန်စွာတည်ကြည်ခြင်း
အကိုးအကား
[ပြင်ဆင်ရန်]- ↑ ပါဠိစာပေသမိုင်း။ ဒေါ်အုန်း မဟာဝိဇ္ဇာ။ ဒုကြိမ်၊ ဇန်နဝါရီလ ၁၉၈၁။ သာသနာရေးဦးစီးဌာန။ ရန်ကုန်။