ပြည်ထောင်စုစနစ်

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
  ပြည်ထောင်စုနိုင်ငံများ
  ဖက်ဒရေးရှင်းများ

ပြည်ထောင်စုစနစ်ကျင့်သုံးသောနိုင်ငံအတွင်း ရှိနေကြသော တိုင်းဒေသများတွင် ဒေသခံအာဏာပိုင်များနှင့် ထိုဒေသအတွင်းနေထိုင်ကြသော နိုင်ငံသားများ၏ လူမှုဘဝကို ဗဟိုအစိုးရက ဖက်ဒရယ်စနစ်မှာထက် ပိုမိုထိန်းချုပ်လေ့ရှိသည်။ ပြည်ထောင်စနစ်တွင် တနိုင်ငံလုံးအတွက် ဗဟိုထိန်းချုပ်သော ရဲဋ္ဌာနရှိပြီး တရားစီရင်ရာခုံရုံးမှာလည်း တနိုင်ငံလုံးအတွက် အဆင့်ဆင့်သွားသော ပုံစံတခုတည်းသာရှိသည်။ တရားရေးရာဝန်ထမ်းများမှာလည်း ဖက်ဒရယ်စနစ်မှာကဲ့သို့ ဒေသခံများကတင်မြှောက်ထားခြင်းမဟုတ်ပဲ ဗဟိုအစိုးရမှ တိုက်ရိုက်ရွေးချယ်ထားခြင်းဖြစ်သည်။ ပြည်ထောင်စနစ်ကို အပြည့်အဝကျင့်သုံးရန် ကြိုးပမ်းကြသောနိုင်ငံများ၏ ကြုံရသောအခက်အခဲများနှင့် ၎င်းတို့ပေးလိုက်ရသော ဖက်ဒရယ်ဆန်သည့် အခွင့်အရေးများအကြောင်းကို ဗြိတန်၊ပြင်သစ်နှင့် စပိန်နိုင်ငံရှိ ကြုံခဲ့ရသောအခြေအနေများကို ကြည့်၍သိနိုင်သည်။

ဗြိတိန်ရှိ အာဏာအမြင့်မှ အနိမ့်သို့ တဖြည်းဖြည်းလွှဲပြောင်းသော ဖြစ်စဉ်များ(Devolution in Britain)[ပြင်ဆင်ရန်]

ရာစုနှစ်ပေါင်းများစွာက အင်္ဂလိုဆက်ဆွန်များ၏သိမ်းပိုက်ခြင်းခံရသော စကော့လူမျိုးများနှင့် ဝေလလူမျိုးများသည် သူတို့၏ ယဉ်ကျေးမှုဓလေ့ထုံးစံများ အင်္ဂလန်နယ်နှင့် ကွဲပြားနေကြောင်းကို လက်ရှိခေတ်အထိ ထိန်းထားလိုသော လူမျိုးများဖြစ်သည်။ စကော့နှင့်ဝေလလူမျိုးအများစုက လန်ဒန်မှ သူတို့ကိုအုပ်ချုပ်နေကြခြင်းကို နှစ်မြို့ခြင်းမရှိကြပေ။ ၁၉၇၀ပြည့်နှစ်ဝန်းကျင်များမှစ၍ စကော့နှင့် ဝေလအမျိုးသားပါတီများသည် အင်အားကြီးလာပြီး ဗြိတိသျှပါလီမန်တွင် အမတ်နေရာအများအပြားရရှိသည်အထိ ဖြစ်လာခဲ့သည်။ ၁၉၉၇ခုနှစ်ရောက်လာသည့်အခါတွင်တော့ ထိုအချိန်က ဗြိတိသျှဝန်ကြီးချုပ် တိုနီဘလဲက စကော့တလန်၊ဝေလနယ်နှင့် မြောက်အိုင်ယာလန်တို့ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့် အထိုက်အလျောက်ပေးသော အာဏာလွှဲပြောင်းခြင်းဥပဒေများကို အတည်ပြုပေးခဲ့သည်။ ထိုအထဲတွင် အုပ်ချုပ်မှုအာဏာပိုမိုရရှိသော စကော့တလန်သည် သူ၏ကိုယ်ပိုင်ပါလီမန်ကို ၁၉၉၉တွင် စတင်ရွေးကောက်တင်မြှောက်ခဲ့ပြီး အခွန်ငွေတိုးမြှင့်ကောက်ခံခွင့်အာဏာများ၊ ပညာရေးဥပဒေပြဋ္ဌာန်းခွင့်များနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ၊တရားစီရင်မှုများကို ကိုယ်တိုင်စီမံခွင့်ရှိသော ဒေသတွင်းအစိုးရတရပ်ဖြစ်လာခဲ့သည်။ ဤသို့သော အခြေအနေကြောင့် အချို့က ဗြိတိန်ကို ဖက်ဒရယ်စနစ်ကိုတစိတ်တပိုင်း ကျင့်သုံးသောနိုင်ငံ(quasi-federal state)ဟူ၍ ခေါ်ဆိုလာကြသည်။တကယ်တမ်းမှာ ဗြိတိန်နိုင်ငံသည် ပြည်ထောင်စုစနစ်ကျင့်သုံးသောနိုင်ငံအဖြစ်သာ တရားဝင်ရှိနေသေးသည်။

ပြင်သစ်ရှိ ဗဟိုချုပ်ကိုင်မှုပြောင်းလဲရေးဖြစ်စဉ်များ(Decentralization in France)[ပြင်ဆင်ရန်]

ပြင်သစ်သည် သမိုင်းကြောင်းအားဖြင့် ဗြိတိန်နိုင်ငံထက်ပို၍ ပြည်ထောင်စနစ်ပိုဆန်ပြီး ပြင်သစ်ဘုရင် လူဝီ(၁၄)လက်ထက်မှ စ၍ အာဏာကို ပါရီမှသာ စီးဆင်းရေးအကွက်ချလုပ်ဆောင်ခဲ့ကြသည်။ ပြင်သစ်တော်လှန်ရေးအပြီး နပိုလီယန်တက်လာပြီးနောက် ဗဟိုချုပ်ကိုင်ရေးလုပ်ငန်းစဉ်မှာ ပို၍စနစ်ကျလာခဲ့သည်။သို့သော်လည်း ပြင်သစ်နိုင်ငံသည် ဗြိတိန်မှာကဲ့သို့ပင် သိသိသာသာကွဲပြားနေသော ယဉ်ကျေးမှုထုံးစံများရှိသော လူမျိုးစုများနေထိုင်သည့် ဒေသများရှိ၏။ ဆဲလတစ်ဘရီတွန်(celtic bretons)ဟုခေါ်သည့် ရာစုနှစ်အနည်းငယ်အတွင်းက ဗြိတိန်ရှိ ဆက်ဆွန်များရန်မှ ထွက်ပြေးလာသောသူများ၊ ရှေးဟောင်းလန်းဒေါ့(langue d’oc)ဘာသာစကားလွှမ်းမိုးမှုရှိနေသော ပြင်သစ်ဘာသာစကားကို ပြောဆိုကြသည့် မီဒီဒေသရှိတောင်ပိုင်းသားများဟု ခေါ်တွင်သောသူများ၊ ဒေသခံပုံစံအီတလီဘာသာစကားကိုပြောဆိုနေဆဲဖြစ်သည့် ကော်စီကန်လူမျိုးများ စသည်တို့ဖြစ်ကြသည်။ ဘရီတွန်နှင့် ကောစီကန်ခွဲထွက်ရေးသမားများမှာ သူတို့၏လွတ်မြောက်ရေးတောင်းဆိုမှုတွင် တခါတရံအကြမ်းဖက်မှုများနှင့်ပါ ဖော်ထုတ်လေ့ရှိကြသည်။

၁၉၆၀တွင် ပြင်သစ်သမ္မတ ဒီဂေါလ်က စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများအတွက် ပူးပေါင်းဆောင်ရွက်နိုင်ကြရန် ဋ္ဌာနနှစ်ခုမှ ရှစ်ခုအထိပါဝင်သော တိုင်းဒေသကြီး ၂၂ခုဖြင့် ပြင်သစ်နိုင်ငံကို ဖွဲ့စည်းခဲ့သည်။ထို့နောက်တွင်တော့ ၁၉၈၁ခုနှစ်မှ စတင်၍ ပြင်သစ်သမ္မတ မီထရောင်းက တိုင်းဒေသကြီးများကို စစ်မှန်သော ဗဟိုချက်မဲ့အာဏာအချို့ခွဲဝေပေးမှုအနေဖြင့် စီးပွားရေးရာကိစ္စများကိုစီမံပိုင်ခွင့် အခွင့်အာဏာများပေးအပ်ခဲ့သည်။ ပြင်သစ်သည် ရာစုနှစ်ငါးခုခန့် ဗဟိုချုပ်ကိုင်ရေးကျင့်သုံးခဲ့သောစနစ်ကို စတင်ပြောင်းပြန်လှန်ရန်ကြိုးစားလာခဲ့သည်ဟု ဆိုရမည်ဖြစ်သည်။

စပိန်ရှိ ကိုယ်ပိုင်အုပ်ချုပ်ရေးပေးအပ်ခြင်းဖြစ်ရပ်များ[ပြင်ဆင်ရန်]

စပိန်ရှိဒေသစွဲပြဿနာများမှာ လတ်တလောတွင်လည်း အရေးတကြီးဖြစ်နေသော အခြေအနေများဖြစ်ပြီး ဥရောပတွင် ယူဂိုဆလားဗီးယားလူမျိုးရေး ပြဿနာများနောက်၌ ဒုတိယအခက်ခဲအရှုပ်ထွေးဆုံးပြဿနာအဖြစ် အများကသတ်မှတ်ထားကြသည်။ ဒေသတွင်း မကျေနပ်မှုများမှာ အာဏာရှင် ဗိုလ်ချုပ်ဖရန်စစ်စကိုဖရန်ကို၏ အုပ်ချုပ်မှုကာလ(၁၉၃၉-၁၉၇၅)အတွင်း အောင့်အီးထားရပြီး ဖရန်ကိုအုပ်ချုပ်မှုအောက်မှ လွတ်သည်နှင့်တပြိုင်နက် ဒေါသတကြီးထွက်ပေါ်လာခဲ့ကြသည်။ စပိန်တောင်ပိုင်းတွင်ရှိကြသော ဘာ့စ်က်လူမျိုးများနှင့် ကာတာလန်လူမျိုးများမှာ(Basques and Catalans) မြို့တော်မဒရစ်နှင့် ကွဲပြားသောယဉ်ကျေးမှုဓလေ့နှင့် ကွဲပြားသော ကိုယ်ပိုင်ဘာသာစကားတို့ရှိနေကြပြီး ဘာ့စ်က်လူမျိုးများ၏ ဘာသာစကားဆိုလျှင် စပိန်ဘာသာစကားအပါအဝင် အခြားမည်သည့်ဘာသာစကားနှင့်မျှ ဆက်နွယ်မှုမရှိပဲ ကွဲပြားသည်ဟုယူဆကြပြီး ၎င်းကိုပင် ဘာ့က်စ်လူမျိုးတို့က ဂုဏ်ယူလေ့ရှိကြသည်။ ပို၍ဆိုးစေသောအချက်တခုမှာ စပိန်နိုင်ငံသည် အလယ်ခေတ်(၅ရာစုမှ ၁၅ရာစုအတွင်းသမိုင်းကာလ)အတွင်း၌ ဘုရင်များက စပိန်ဒေသအတော်အများကို ဖျူရော့စ်(fueros)ဟုခေါ်သည့် ဒေသတွင်းအခွင့်အရေးများကို ပေးခဲ့ဖူးပြီး ထိုအခွင့်အရေးများသည် ရာစုနှစ်ပေါင်းများစွာ အမြတ်တနိုးတန်ဖိုးထားခံခဲ့ရသော သမိုင်းကြောင်းတခုရှိသည် ဆိုသောအချက်ပင်ဖြစ်သည်။ ဤသို့ကွဲပြားမှုအဖုံဖုံများအကြားတွင် စပိန်အုပ်ချုပ်သူများက ပြင်သစ်မှာကဲ့သို့ ဗဟိုချုပ်ကိုင်ရေးပုံစံကို အသက်သွင်းရန်ကြိုးပမ်းလာကြသည့်အခါတွင် အကြီးအကျယ်ဒေါသပုန်ထမှုများနှင့် ရင်ဆိုင်ရတော့သည်။ စပိန်တွင် ပြည်ထောင်စုစနစ်အတွင်း ဒီမိုကရေစီပုံစံများကို ကျင့်သုံးလာသည့်အခါတွင် ဒီမိုကရေစီဖြင့်ရရှိသောအခွင့်အရေးများကိုသုံး၍ ခွဲထွက်ရေးကြိုးပမ်းမှုများ ၁၈၇၄နှင့် ၁၉၃၀ပြည့်နှစ်များတွင် ဖြစ်ပွားခဲ့ပြီး စပိန်စစ်တပ်က အကြိမ်ကြိမ်နှိမ်နင်းခဲ့ရသည်။

ဤသို့နောက်ခံဇတ်ကြောင်းများရှိသောစပိန်တွင် စစ်အာဏာရှင်လက်အောက်၌ အသက်အောင့်နေခဲ့ရသော စပိန်သည် ဖရန်ကိုလွန်ပြီးနောက် ပြန်လည်ရရှိလာသော ဒီမိုကရေစီအရ ဒေသခံအစိုးရ၁၇ခုပါသော အစိုးရအဖွဲ့ပေါ်ပေါက်လာသော်လည်း စပိန်အနောက်မြောက်ပိုင်း ဘာ့က်စ်နယ်မြေရှိ ဘာ့က်စ်အမိမြေနှင့် လွတ်လပ်ရေးဟု အဓိပ္ပာယ်ရသော အီတာအကြမ်းဖက်အဖွဲ့ဝင်များ(ETA – Euskadi Ta Askatasuna)သည် လုံးဝလွတ်လပ်ရေးအထိ တောင်းဆိုလာကြရာတွင် အသေခံဗုံးခွဲသတ်ဖြတ်မှုများကိုပါ အသုံးပြုလာကြသည်။ ဤသို့ဒေသစွဲစိတ်ဓာတ်များကို ပြန်ချော့ရန်အတွက် စပိန်ဗဟိုအစိုးရက ဘာ့က်စ်ဒေသအပါအဝင်၊မကျေနပ်မှုများကို အခြားအစွန်းမရောက်သောနည်းများဖြင့်ပြသကြသော ဒေသများဖြစ်သည့် ကာတာလိုးနီးယား၊ဂယ်လီးစီးယားနှင့် အန်ဒယ်လူစီးယားနှင့် အခြားအခြားသောဒေသများကို ဒေသတွင်းပါလီမန်ထားရှိခွင့်၊အခွန်ကောက်ခွင့်၊ ဘာသာစကားလွတ်လပ်ခွင့် နှင့် ဒေသတွင်းအရေးအရာများ စီမံပိုင်ခွင့်တို့ပါဝင်သော ကိုယ်ပိုင်အုပ်ချုပ်ရေးနယ်အများအဖြစ် သတ်မှတ်ပေးခဲ့ရသည်။ အီတာအကြမ်းဖက်အဖွဲ့များ၏ ခြိမ်းခြောက်မှုများမှာ မကြာသေးခင်ကာလအထိရှိနေဆဲဖြစ်ပြီး ယခုတလောတွင်တော့ ဗဟိုအစိုးရနှင့် ပြေလည်မှုရနိုင်သောဆွေးနွေးမှုများ ပြုလုပ်လာခဲ့ပြီဖြစ်သည်။ စပိန်နိုင်ငံသားအများစုမှာ အိုတိုနိုးမဲယားဟုခေါ်တွင်သော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်ပယ်များသတ်မှတ်မှုကို လက်ခံကြသော်လည်း အဓိကအားဖြင့် ကာတာလိုးနီးယားဒေသတွင် အခွန်ငွေကောက်ခံမှုနှင့် ဘဏ္ဍာငွေခွဲဝေမှုများတွင် အငြင်းပွားမှုများရှိနေဆဲဖြစ်သည်။

ပြည်ထောင်စုစနစ်၏ ကောင်းမွေဆိုးမွေများ[ပြင်ဆင်ရန်]

ပြည်ထောင်စုစနစ်အတွင်းရှိ အာဏာပိုင်များသည် ဘာမဟုတ်သည့်ကိစ္စလေးတခုအပေါ်မှာပင် မလိုအပ်ပဲလွှမ်းမိုးမှုရှိနေနိုင်ပြီး ဒေသခံအစိုးရမှာ မီးပွိုင့်လေးတခုထားဖို့၊ဘတ်စ်ကားမှတ်တိုင်တခုသတ်မှတ်ဖို့ကိုပင် ဗဟိုမှအတည်ပြုချက်မရပဲ လုပ်ပိုင်ခွင့်မရှိဖြစ်နေနိုင်သလို ဤသို့အခြေအနေမျိုးကြောင့်ပင် ဒေသခံများက ပြောရေးဆိုခွင့်မဲ့သည်ဟုခံစားလာရပြီး ဒေသခံပြဿနာများကို လျှစ်လျှူရှုလာကာ နိုင်ငံရေးစိတ်ဝင်စားမှုကင်းမဲ့လာသော အန္တာရာယ်ရှိ၏(political alienation)။ ဗဟိုချုပ်ကိုင်မှုသည် ယနေ့ခေတ်ပေါ်ပြဿနာများကို ဖြေရှင်းရာတွင် အားသာသောအချက်များလည်းရှိသည်။ ပြည်ထောင်စုစနစ်တွင် ရှင်းလင်းပြတ်သားသော တခုတည်းသောလမ်းညွှန်မှုအောက်တွင် စီးပွားရေးအရင်းအမြစ်များကို အကျိုးရှိရှိအသုံးချကာ တိုးတက်မှုအတွက်အတူတကွ တပြိုင်တည်းပူးပေါင်းလုပ်ဆောင်နိုင်ပြီး ဖက်ဒရယ်အခွင့်အရေးအတန်ငယ်ရရှိသောဒေသခံအစိုးရငယ်များအကြားဖြစ်လေ့ရှိသော ဘာမဟုတ်သောကိစ္စငယ်များဖြင့် ပွစိပွစိငြင်းခုန်မှုများကို ရှောင်ရှားနိုင်မည်ဖြစ်သည်။ အခွန်ငွေကောက်ခံမှုမှာလည်း တနိုင်ငံလုံးနှုန်းထားတမျိုးတည်း ဖြစ်မည်ဖြစ်ပြီး အမေရိကန်ပြည်ထောင်စုများမှာကဲ့သို့ အခွန်ငွေသက်သာသော ပြည်နယ်များသို့ရှောင်ပြေးမှုများ မဖြစ်နိုင်တော့ပါ။ ပညာရေးအဆင့်အတန်းမှာလည်း ဂျပန်နိုင်ငံတွင်ကျင့်သုံးသကဲ့သို့ တမျိုးတည်းဖြစ်ပြီး အဆင့်အတန်းအမျိုးမျိုးကွဲပြားနေမှုများ မဖြစ်နိုင်တော့ပါ။သို့ရာတွင် ဂျပန်နိုင်ငံသည်လည်း တရားဝင်ဖက်ဒရယ်နိုင်ငံမဟုတ်သော်လည်း ၁၈၇၁ပြင်သစ်ပြည်ထောင်စုမှပုံစံယူထားသောစနစ်ဖြစ်သည့် ဒေသနယ် ၄၃သုံးခုနှင့် အကြီးဆုံးမြို့သုံးမြို့နှင့် မြောက်ပိုင်းအကျဆုံးကျွန်းများတွင်ရှိသော လူမျိုးစုငယ်များအသီးသီးကို ရွေးကောက်တင်မြှောက်ခံအုပ်ချုပ်သူနှင့် လွှတ်တော်ငယ်တရပ်စီထားခွင့်ပြုထားရသည်။ ထိုအစိုးရငယ်များ၏လုပ်ဆောင်ချက်များမှာ ဗဟိုတိုကျိုအစိုးရရုံးများ၏ ကန့်သတ်ချက်များရှိနေဆဲဖြစ်ပြီး ဒေသအစိုးရသည် ဒေသတွင်းကောက်ခံရသော အခွန်ငွေ၏ သုံးဆယ်ရာခိုင်နှုန်းသာ ကောက်ခံခွင့်ရရှိထားသဖြင့် ဂျပန်၏ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ၃၀ရာခိုင်နှုန်းပေးထားသော ကိုယ်ပိုင်အုပ်ချုပ်ရေးဟုလည်းခေါ်ကြသည်။ ဤဒေသငယ်များအတွင်းရှိပြည်နယ်အုပ်ချုပ်ရေးမှူးများသည်လည်း သူတို့၏ ကိုယ်ပိုင်အုပ်ချုပ်ရေးများကို တိုးမြင့်တောင်းဆိုနေကြဆဲဖြစ်သည်။

တိုင်းပြည်ဖွဲ့စည်းပုံအဆောက်အအုံအကြောင်းအစဦး၌ တင်ပြခဲ့သလို လူမျိုးစုတခုထက်ပို၍ရှိနေနိုင်သော နိုင်ငံတနိုင်ငံအတွင်းရှိ နယ်မြေအသီးသိီးကို နိုင်နင်းစွာ အုပ်ချုပ်နိုင်ရေးအတွက် လုံးဝဗဟိုချုပ်ကိုင်ရေးကို ကျင့်သုံးခြင်းအားဖြင့် တည်ငြိမ်မှုမရနိုင်ပဲ ဖက်ဒရယ်စနစ်၏ အနှစ်သာရဖြစ်သော ကိုယ်ပိုင်အုပ်ချုပ်ရေးကို တစိတ်အပိုင်းမှသည် လုံးဝနီးပါးအထိ ခွဲဝေပေးနိုင်မှသာလျှင် နိုင်ငံတော်တည်ငြိမ်မှုရနိုင်ကြောင်း ကောက်ချက်စွဲနိုင်သည့်အခြေအနေများကို လက်တွေ့လောကတွင် တွေ့မြင်နေရ၏။