အသားကြီးဆယ်မျိုး
ဝိနည်း မဟာဝါ၊ ပါဠိတော်၊ စာမျက်နှာ - ၃၁ဝ။ အဋ္ဌကထာ၊ စာမျက်နှာ - ၃၇၆။ ရဟန်းတော်များ မစားရသော အသားကြီး၁ဝ-ပါးဟူလို။
- (၁) မနုဿ မံသ - လူသား၊
- (၂) ဟတ္ထိ မံသ - ဆင်သား၊
- (၃) အဿမံသ - မြင်းသား၊
- (၄) သုနခ မံသ - ခွေးသား၊
- (၅) အဟိ မံသ - မြွေသား၊
- (၆) သီဟ မံသ - ခြင်္သေ့သား၊
- (၇) ဗျဂ္ဃ မံသ - ကျားသား၊
- (၈) ဒီပိ မံသ - ကျားသစ်သား၊
- (၉) အစ္ဆ မံသ - ဝံသား၊
- (၁ဝ) တရစ္ဆ မံသ - ဝံပုလွေသား။ [၁]
ဆောင်ပုဒ်
[ပြင်ဆင်ရန်]- လူ, ခွေး, မြင်း, ဆင်၊ သစ်, ကျား, ခြင်၊ ဝံ လျှင်, အောင်း, မြွေမျိုး။
- ရိုး, ရေ, သား, သွေး၊ အမွေးတို့ပါ၊ မသုံးရာ၊ ဆယ်ဖြာ အသားမျိုး။[၂]
အသားကြီး ၁၀-ပါး
[ပြင်ဆင်ရန်]၁။ လူသား၊ ၂။ ခွေးသား၊ ၃။ မြင်းသား၊ ၄။ ဆင်သား၊ ၅။ ကျားသစ်သား၊ ၆။ ကျားသား၊ ၇။ ခြင်္သေ့သား၊ ၈။ ဝံသား၊ ၉။ အောင်းသား၊ ၁၀။ မြွေသား၊ ဤသည်တို့ကား မစားအပ်သော အကပ္ပိယ အသားကြီး ၁၀-ပါးတည်း။[၂]
အဓိပ္ပာယ်
[ပြင်ဆင်ရန်]ထိုသတ္တဝါတို့၏ အရိုး, အရေ, အသား, အသွေး, အမွေး တို့သည်လည်း ရဟန်းတို့အား သုံးဆောင်ခြင်းငှာ မအပ်ကုန်။ [နွားရေကိုလည်း သားရေနွယ်အဖြစ်ဖြင့် မသုံးဆောင်အပ်၊ သုံးဆောင်သော ရဟန်းအား ဒုက္ကဋ်အာပတ်သင့်၏ဟု သီးခြား ပညတ်တော်မူသည်။]
အရေ၌ မအပ် —ဟူရာ၌ ပုဂ္ဂလိကအဖြစ်ဖြင့် သွားလေရာရာ ၎င်းသားရေ အခင်းတို့ကို ယူ၍ မသုံးစွဲကောင်းဟု ဆိုလိုသည်။ ကျောင်းအသုံးအဆောင် အဖြစ်ဖြင့်ကား သားရေအားလုံး သုံးဆောင်ကောင်းသည်ဟု ဒုတိယသေနာသန သိက္ခာပုဒ်အဖွင့်၌ “စမ္မခဏ္ဍ”ဟူသော ပါဠိစကားနှင့် စပ်၍ ပါတိမောက်ဘာသာ ဋီကာဆရာ ဆို၏၊
သိသည်ဖြစ်စေ, မသိသည်ဖြစ်စေ လူသားကို စားမိလျှင် ထုလ္လစ္စဉ်းအာပတ် သင့်၏၊ အကြွင်း ၉-ပါးတို့၏ အသားကို စားမိလျှင် ဒုက္ကဋ် အာပတ် သင့်၏၊
နို့ရည်, ဆီဦး, ထောပတ်, ဝသာတေလ ခေါ်သော သားဆီ တို့ကိုမူကား လူကို ကြဉ်၍ အကြွင်း ၉-ပါးတို့မှာ သုံးဆောင်ခြင်းငှာ အပ်ကုန်၏၊[၂]
အထူးမေတ္တာရပ်ခံခြင်း
[ပြင်ဆင်ရန်]အထက်၌ ပြဆိုခဲ့သော အသားကြီး ၁၀-ပါး တို့တွင် ခွေးသားကို လူဝတ်ကြောင်တို့လည်း မစားသင့်ပေ။ အဘယ်ကြောင့် ဆိုသော် ကမ္ဘာတစ်ဝန်းလုံးက အသားမျိုးစုံတို့တွင် ခွေးသားကို အယုတ်ညံ့ဆုံး အသားမျိုးဟု မှတ်ယူထားသောကြောင့်တည်း။ အထူးသဖြင့် ဗုဒ္ဓဘာသာလူမျိုး မှန်သမျှသည် ဤအသားကို အလျှင်းမစားသင့်ပေ။ [ရှောင်ကြဉ်တော်မူကြပါ ကုန်။ အထူးမေတ္တာရပ်ခံပါ၏၊][၂]
ဆင်ခြင်ပါ
[ပြင်ဆင်ရန်]ဆွမ်းစားသောအခါ ဆွမ်းပွဲတွင် အသားဟင်းများ ပါရှိခဲ့သော် ဘာသားပဲဟူ၍ အတပ်သိရန် ဆင်ခြင်မှုကို အမြဲသတိရှိစေရမည်။ဆင်ခြင်မဲ့၍ အမှတ်တမဲ့ စားမိခဲ့လျှင် ကပ္ပိယအသားပင် ဖြစ်သော်လည်း ဝတ် ပျက်မှုအတွက် ဒုက္ကဋ်အာပတ် သင့်၏၊ [၃] ဤ အသားသည် အပဋိဝေက္ခိတအသား မည်၏၊ မစားအပ်သော အသား ၁၁-ပါး ဖြစ်၏၊[၂]
အစွန်းသုံးပါး
[ပြင်ဆင်ရန်]သီတင်းသုံးဖော်ငါးယောက်တို့တွင် တစ်ယောက်ယောက် ကို ရည်၍ ကျွေးမွေးလှူဒါန်းရန် သတ်အပ်သည်မှန်က ထိုအသားကို သီတင်းသုံး ဖော်ငါးဦးလုံး မစားအပ်ပြီ။
သီတင်းသုံးဖော် တစ်ယောက်ယောက်ဖို့ သတ်သည်ဟု မြင်၍ သိခြင်း၊ ကြား၍ သိခြင်း၊ ယုံမှားသင်္ကာမကင်း ရှိခြင်း၊ ဤကား အစွန်းသုံးပါးတည်း။ ထိုအစွန်းသုံးပါးတွင် တစ်ပါးပါးရှိခဲ့သော် ထိုအသားကို မစားအပ်။ အစွန်းသုံးပါး ကင်းရှင်းမှ စားအပ်သည်။ ဤအာပတ်ကား သစိတ္တကအာပတ်တည်း။[၂]
ဆက်စပ်ဖတ်ရှုရန်
ကိုးကား
[ပြင်ဆင်ရန်]- ↑ ဖျာပုံတိုက်သစ်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အရှင်ဩဘာသာဘိဝံသ ရေးသားသော သုတေသန သရုပ်ပြအဘိဓာန်ကျမ်း
- ↑ ၂.၀ ၂.၁ ၂.၂ ၂.၃ ၂.၄ ၂.၅ ဦးဩဘာသ။ ဝိနည်းဥပဒေတော်ကြီး။
- ↑ န ဘိက္ခဝေ အပဋိဝေက္ခိတွာ မံသံ ပရိဘုဉ္ဇိတဗ္ဗံ၊ ယော ပရိဘုဉ္ဇေယျ အာပတ္တိ ဒုက္ကဋဿ —ဟု ပါဠိတော်၌ လာ၏၊ [ရဟန်းတို့ ...မဆင်ခြင်မူ၍ အသားကို မစားအပ်၊ အကြင်ရဟန်းသည် စားငြားအံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊၊]