ပဝါရိတ်သင့်ခြင်း
တစ်စိတ်တစ်ပိုင်း ဖော်ပြချက် |
ဗုဒ္ဓဘာသာ |
---|
ဆွမ်း၊ ဆွမ်းဟင်းလိုက်ရာ၌ သတိပြုဖွယ်
[ပြင်ဆင်ရန်]ရဟန်းတော်သည် ဘောဇဉ် (၅) မျိုးကို ဘုဉ်းပေးနေရာ တစ်ဝက်လောက် ဘုဉ်းပေးပြီးနောက် ကျန်တချို့ကို ဆက်လက် ဘုဉ်းပေးနေစဉ် ဆွမ်း၊ ဆွမ်းဟင်းများ လာ၍ လိုက်ရာ “တော်ပြီ” ဟု တားမြစ်လျှင် ပဝါရိတ် သင့်၏။ ထိုသို့ ပဝါရိတ် သင့်ပြီးနောက် ဣရိယာပုထ် တစ်မျိုး ပြောင်းပြီးပါလျက် အတိရိတ်ဝိနည်းကံ မပြုဘဲ၊ ဂိလာန၏ အကျန်လည်း မဟုတ်ဘဲ ခဲဖွယ်ဘောဇဉ်ကို ဆက်စားလျှင် အာပတ် သင့်၏။ [၁]
ရှေးအခါက ဆွမ်းကပ်ရာ၌ တစ်ပါးစီ တန်း၍ ဆွမ်းစားလေ့ ရှိကြ၏။ ဟင်း စသည်ကို လိုက်သူများက အစမှ အဆုံးတိုင် တစ်ပါးပြီးတစ်ပါး လှည့်၍ လိုက်ကြ၏။ မိမိမလိုသောဟင်း စသည်ကို ထည့်ရန် အနားရောက်လာလျှင် “မလို”ဟူသော အထိမ်းအမှတ်ဖြင့် လက်ကိုကာ၍ ပြုကြ၏။ “အလံ-အလံ” = “တော်ပြီ-တော်ပြီ”ဟု နှုတ်ဖြင့်သော်လည်း တားမြစ်ကြ၏။ ထိုသို့ တားမြစ်လျှင် ပဝါရိတ်သင့်သည်ဟု ခေါ်၏။[၁]
ပဝါရိတ်သင့်ရန် အင်္ဂါငါးတန် ရှိသည်။၎င်းအင်္ဂါ (၅) မျိုးမှာ-
(၁) ဘုဉ်းပေးနေဆဲ၊ စားသောက်၍ မပြီးသေး ဖြစ်ခြင်း၊
(၂) ဘောဇဉ်(၅) ပါးအနက် တစ်ပါးပါးကို ဘုဉ်းပေးနေခြင်း၊
(၃) ကပ်သူက (၂) တောင့်ထွာ ဟတ္ထပါသ်အတွင်းသို့ ဝင်ရောက်ခြင်း၊ (ဟတ္ထပါသ်ပြင်ဘက်က မေးသည်ကို ပယ်သော်လည်း ပဝါရိတ် မသင့်ပါ)
(၄) ဆောင်ယူခိုက်ဖြစ်ခြင်း၊ (လက်မြှောက်၍ ဆောင်ယူထားခိုက်ကို ပယ်မှ ပဝါရိတ်သင့်သည်၊ “ယူမလား”ဟု နှုတ်ဖြင့်မေးသည်ကို ပယ်ရာ၌ ပဝါရိတ် မသင့်ပါ
(၅) ကိုယ်နှုတ်ဖြင့် ပယ်ခြင်းတို့ ဖြစ်သည်။ (လက်ကာခြင်း၊ ခေါင်းရမ်းခြင်း စသော ကိုယ် အမူအရာ၊ တော်ပြီ၊ မထည့်နှင့် စသော နှုတ်အမူအရာဖြင့် ပယ်ပြစ်မှ ပဝါရိတ်သင့်သည်)
အထက်ပါ အင်္ဂါ(၅) ပါးနှင့် ညီညွတ်၍ ပဝါရိတ် သင့်ပြီးသော ရဟန်းတော်သည် ပဝါရိတ်သင့်ရုံဖြင့် မည်သည့် အာပတ်မျှ မသင့်သေး။ ထိုင်လျက် ပဝါရိတ် သင့်လျှင် ထိုထိုင်ခြင်း ဣရိယာပုထ်ကို မဖျက်သေးဘဲ ဆက်၍ ဘုဉ်းပေးနိုင်၏။ လမ်းသွားရင်း စားနေခိုက် ပဝါရိတ် သင့်ပြန်လျှင်လည်း သွားခြင်း ဣရိယာပုထ်ကို မဖျက်ဘဲ မဝမချင်း ဘုဉ်းပေးနိုင် သေး၏။ ပဝါရိတ် သင့်ပြီး၍ ဣရိယာပုထ် ပြောင်းလွှဲပြီးနောက်ကား အတိရိတ်ဝိနည်းကံ မပြုဘဲ ခဲဖွယ်ဘောဇဉ်များကို မစားကောင်းတော့ပေ။[၁]
ဤနေရာ၌ ကပ္ပိယကာရကတို့ သတိပြုဖွယ် အချက်တို့ ပေါ်ပေါက်လာ၏။ သံဃာတော်တို့ကို ဆွမ်းကပ်ရာ၌ ဆွမ်းဘုဉ်းပေးနေကြစဉ် ဆွမ်းလိုက်မှု၊ ဟင်းလိုက်မှု၊ ဟင်းရည် ထပ်ဖြည့်မှု စသည်တို့ကို ပြုလုပ်ကြရသည်။ ထိုသို့ ပြုလုပ်ရာ၌ ရှေးဦးစွာ သံဃာတော်တို့အား “ဆွမ်း အလိုရှိပါသလား ဘုရား”ဟု နှုတ်ဖြင့် မေးပြီးမှ အလိုရှိလျှင် သင့်လျော်ရုံ အလွန် မများလွန်းစေဘဲ ထည့်ပေးကြရသည်။ ဆွမ်းဟင်းများကို ထပ်မံ ဖြည့်စွက်ရန် လိုက်ကြရာ၌ ရှေးဦးစွာ လက်ဖြင့် မကော်မခပ်သေးဘဲ နှုတ်ဖြင့် မေးလျှောက်ပြီးမှသာ ထည့်သင့်သည်။ နှစ်တောင့်ထွာဟတ္ထပါသ် အပြင်ဘက်က နေ၍သော်လည်း မေးလျှောက်သင့်ပေသည်။ သံဃာတော်တို့ အပြစ် ကင်းစင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ရပေမည်။ ဆွမ်း ဆက်ကပ်ရာ၌ ဘုဉ်းပေးစေလိုသော စေတနာဖြင့် လိုသည် မလိုသည်ကို မမေးမြန်းဘဲ ဆွမ်း၊ ဆွမ်းဟင်းတို့ကို လိုက်တတ်ကြသည်။ ထိုအခါ ရဟန်းတော်က တားမြစ်ပါလျှင် ပဝါရိတ်သင့်သည်။ လို မလို ရှေးဦးစွာ မေးပြီးလျှင် လိုမှ လိုက်သင့်သည်။ [၁]