ဝိမလ၊ ဦး (မိုးကုတ်ဆရာတော်ဘုရားကြီး)

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
မိုးကုတ်ဆရာတော် ဦးဝိမလ
Mogok Sayadaw portrait.jpg
ဘာသာ ဗုဒ္ဓဘာသာ
ဂိုဏ်း ထေရဝါဒ
ဓမ္မအမည်များ ဝိမလ
ပုဂ္ဂိုလ်ရေးရာ
နိုင်ငံသား မြန်မာ
မွေးဖွား (1899-12-27)၂၇ ဒီဇင်ဘာ၊ ၁၈၉၉
၁၂၆၁ ခုနှစ်၊ နတ်တော်လပြည့်ကျော်(၁၁) ရက်
ဥယျာဉ်တော်ရွာ၊ မန္တလေးစီရင်စု မြန်မာနိုင်ငံ
ကွယ်လွန် ၁၇ အောက်တိုဘာ၊ ၁၉၆၂(1962-10-17) (အသက် ၆၂)
အမရပူရမြို့မန္တလေးတိုင်း၊ မြန်မာနိုင်ငံ
Senior posting
ကျောင်းထိုင် မိုးကုတ်ကျောင်း၊ အမရပူရမြို့
ဘွဲ့နာမည် အဂ္ဂမဟာပဏ္ဍိတဘွဲ့

မိုးကုတ်ဆရာတော်ကြီး ဦးဝိမလသည် မြန်မာပြည်၏ ခေတ်သစ်သမိုင်းတွင် ပေါ်ထွန်းခဲ့သော ရဟန္တာဟု နာမည်ကြီးသော ပုဂ္ဂိုလ်ထူးကြီးဖြစ်သည်။ ဆရာတော်၏ နည်းနာကို ကျင့်သုံးသည့် မိုးကုတ်ဝိပဿနာရိပ်သာများစွာ မြန်မာပြည်တွင် သာမက ကမ္ဘာအနှံ့တွင်ပါ ပြန့်နှံ့လျက်ရှိသည်။ ဆရာတော် ခန္ဓာဝန်ချသွားသော်လည်း ဆရာတော်၏ တရားတော်များမှာ စာအုပ်အနေဖြင့်လည်းကောင်း၊ တရားခွေများ အနေဖြင့်လည်းကောင်း ကျယ်ပြန့်စွာ လူအများ နာကြားနေကြဆဲဖြစ်သည်။

ထေရုပ္ပတ္တိ[ပြင်ဆင်ရန်]

မိုးကုတ်ဆရာတော်ဘုရားလောင်းလျာအား မြန်မာသက္ကရာဇ် ၁၂၆၁ ခုနှစ်၊ နတ်တော်လပြည့်ကျော်(၁၁) ရက်၊ ဗုဒ္ဓဟူးနေ့တွင် ခမည်းတော် ဦးအောင်ထွန်း နှင့် မယ်တော် ဒေါ်ရွှေအိတ်တို့မှ မြစ်ငယ်မြစ်ခေါ် ဒုဋ္ဌဝတီမြစ်၏ တစ်ဖက်ကမ်းရှိ ဥယျာဉ်တော်ရွာတွင် ဖွားမြင်တော်မူသည်။ ငယ်နာမည် မောင်လှဘော်ဟု ခေါ်တွင်သည်။ အသက် (၉)နှစ်သား အရွယ်တွင် ဥယျာဉ်တောရွာရှိ ဂွေးပင်တောရကျောင်းဆရာတော် ဦးဇာဂရထံ၌ ရှင်သာမဏေအဖြစ် ရောက်ရှိခဲ့ပြီး ရှင်ဝိမလ ဟု ဘွဲ့မည်တွင်သည်။ ရှင်ဝိမလ သက်တော်(၂၀) ပြည့်သောအခါ ၁၂၈၁-ခုနှစ်၊ ဝါဆိုလဆန်း (၈)ရက်နေ့တွင် အမရပူရရှိ မင်္ဂလာတိုက် ဆရာတော်အား ဥပဇ္ဈာယ်ပြုကာ မြင့်မြတ်သော ရဟန်းအဖြစ်သို့ ရောက်ရှိတော်မူသည်။ ၁၂၈၆-ခုနှစ်တွင် မင်္ဂလာ ကျောင်းတိုက်အတွင်း၌ ကျောင်းထိုင်စာချဖြစ်ကာ နှစ်ပေါင်းသုံးဆယ်ကျော်မျှ စာဝါများ ပို့ချတော်မူခဲ့သည်။ နောင်တွင် ပထမကျော်ဆရာကြီး ဦးအုန်း လက်စမသတ်ခဲ့ရသော အဘိဓမ္မာတံခွန်ကျမ်းကြီးကို လက်စသတ် ရေးသားတော်မူသည်။ ထို့နောက် ယမကမဉ္ဇူရီကျမ်းနှင့် ပုထုဇနအလင်းပြကျမ်း များကိုလည်း ပြုစုတော်မူခဲ့သည်။ ဆရာတော် ဦးဝိမလသည် စာသင်သားရဟန်းတော်များအား စာပေပို့ချတော်မူလျှက်ပင် တစ်ဖက်မှလည်း လူဒါယကာ ဒါယိကာမအပေါင်းတို့ကို အဘိဓမ္မာတရားတော်များ ဟောကြားပြသတော်မူခဲ့သည်။ ဆရာတော်ဦးဝိမလအား မိုးကုတ်မြို့ ၊ဂျော့ချ်တောင်ရပ် (ယခု စည်ပင်သာယာရပ်ကွက်)မှ ကျောင်းဒကာကြီး ဦးလယ်နှင့် ဇနီး ဒေါ်သိုင်းခြုံတို့၏ ပင့်လျှောက်ချက်အရ ၁၂၉၄-ခုနှစ်မှ စတင်ကာ မိုးကုတ်သို့ နှစ်စဉ်ကြွရောက်၍ တရားတော်များကို ဟောကြားပြသတော်မူသည်။ ၁၃၁၆-ခုနှစ်တွင် ဆရာတော်အား ဒေါ်ဒေါ်အုံ၊ ဒေါ်ဒေါ်ဖုံတို့မှ မိုးကုတ်မြို့တွင် မင်္ဂလာတိုက် ဟု ကမ္ဗည်းထိုးကာ တိုက်ကျောင်း ဆောက်လုပ်လှူဒါန်းသည်ကို အလှူခံ ရရှိတော်မူသည်။ ဒုတိယကမ္ဘာစစ်မီးကြီး မြန်မာနိုင်ငံသို့ ကူးစက်လာရာ စစ်ဘေး စစ်ဒဏ်တို့ကို ရှောင်တိမ်း၍ ဆရာတော်ဘုရားသည် မိုးကုတ်မြို့ သုဿာန်ကျောင်း၌ ခေတ္တမျှ သီတင်းသုံးတော်မူခဲ့သည်။ ထို့နောက် စစ်ဒဏ် ဗုံးဒဏ်တို့မှ ပို၍လုံခြုံစိတ်ချရန် မိုးကုတ်မြို့နှင့်လေးမိုင်ခန့်ဝေးသော ဘော်ဗဒန်းရွာသို့ ကြွရောက်သီတင်းသုံးကာ ထိုရွာအနီးရှိ ကျောက်လှိုဏ်ဂူအတွင်း၌ ဝိပဿနာတရားများကို ကျင့်ကြံအားထုတ်တော်မူခဲ့သည်။ ထိုလှိုဏ်ဂူအတွင်း၌ပင် ၁၃၀၄-ခုနှစ် ဝါဆိုဦးမှစ၍ လေးနှစ်လေးမိုးတိုင်တိုင် ကျင့်ကြံအားထုတ်ခဲ့ပြီး တရားထူးများ ရရှိခဲ့လေသည်။ ယခင်ဟောကြားသော တရားတော်များနှင့် ကွာခြားလာပြီး စစ်ပြီးကာလတွင် ဟောသော တရားတော်များမှာ ပို၍ထူးခြားလာကာ လေးနက်မှုအပြည့်အဝရှိလာခဲ့သည်။

မိုးကုတ်ဆရာတော်ဟု ကျော်ကြားခြင်း[ပြင်ဆင်ရန်]

မိုးကုတ်မြို့မှဒကာများက ပင့်ဖိတ်၍ မိုးကုတ်သို့ကြွရောက် တရားဟောတော်မူခြင်း၊ မိုးကုတ်မြို့ရှိ ဒကာ ဒကာမ အပေါင်းတို့၏ ကြည်ညိုလေးစားတော်မူခြင်း၊ မိုးကုတ်မြို့မှပင် လာရောက်ပြီး ကျောင်းဆောင်များ ဆောက်လုပ်လှူဒါန်းခြင်းနှင့် ထိုမိုးကုတ်ကျောင်းကြီးပေါ်၌ သီတင်းသုံးတော်မူခြင်း စသည့် အကြောင်းအရင်းများကြောင့် မိုးကုတ်ဆရာတော်ဘုရား ဟု အမည်တွင်ခဲ့ရလေသည်။

တရားဟောဟန်[ပြင်ဆင်ရန်]

စက်ဝိုင်းဒေသနာ

မိုးကုတ်ဆရာတော်ဘုရားကြီးသည် မြတ်စွာဘုရားအလိုတော်အတိုင်း သစ္စာလေးပါးတရားတော်များကို ဟုတ်တိုင်းမှန်ရာ သိရှိနားလည်နိုင်စေရန်နှင့် ယောနိသောမနသိကာရ နှလုံးသွင်းမှန်စေရန် ရည်ရွယ်၍ အများနားလည်သော စကားများဖြင့် နည်းမျိုးစုံသုံးကာ ဟောကြားတော်မူခဲ့သည်။ ဆရာတော်၏ဟောဟန်မှာ အများခေတ်စားသလို သံနေသံထားအမျိုးမျိုး အသံနိမ့်မြင့်ဖြင့် ဟောခြင်းမျိုးမဟုတ်။ အကြောင်းအရာတစ်ခုကို အရပ်သုံးစကားဖြင့် ရှင်းပြခြင်းမျိုး ဖြစ်လေသည်။ ပရိယာယ်မပါ မှန်ရာကိုသာ တည့်တည့်ကြီးဟောပြောနေခြင်းမျိုး ဖြစ်သည့်အတွက် နားကြားရသူအဖို့တွင် နားလည်သဘောပေါက်လွယ်ကြသည်။ ဟောပြောရာတွင်လည်း မည်ကဲ့သို့ပင် ဂုဏ်ရှိရှိ ညှာတာထောက်ထားတော်မူလေ့ မရှိပဲ တင်းတင်းရင်းရင်း တိုက်ရိုက်ပင် လက်ညှိုးထိုးကာ စေတနာအပြည့်ဖြင့် ဟုတ်တိုင်းမှန်ရာ ဟောပြ ညွှန်ပြတော်မူလေ့ ရှိပါသည်။ ယောဂီများအတွက်လည်း အခက်အခဲမရှိ တရားအားထုတ်နိုင်ရန် ဝိပဿနာကျင့်စဉ်များကို နေ့စဉ်သုံးစကားဖြင့် သွန်သင်ဆုံးမထားခဲ့ပါသည်။ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက မင်းကွန်းဆရာတော်ဘုရားကြီးကပင်လျှင် မိုးကုတ်ဆရာတော်၏ ဟောချက်များနှင့် ပတ်သက်၍ ဗုဒ္ဓတရားတော်တွေကို မြန်မာဘာသာနှင့် မြန်မာလူမျိုးတွေ နားလည်အောင် ဟောကြားတဲ့နေရာမှာ မြတ်စွာဘုရားသာရှိမယ်ဆိုရင် မြန်မာအဋ္ဌကထာ ဆရာကြီးရယ်လို့ ဧတဒဂ်ဘွဲ့ထူး ပေးရလောက်ပါပေတယ် ဟု မှတ်ချက်ပြုတော်မူခဲ့သည်။

ဆရာတော်ဘုရားသည် ခန္ဓာဝန်မချမှီအချိန်တိုင်အောင်ပင် သစ္စာလေးပါး တရားတော်များကို မရပ်မနား ဟောကြားသွားတော်မူခဲ့သည်။ သစ္စာလေးပါး တရားတော်ကို အဟောအပြော သက်သက်မျှ မဟုတ်ပဲ အလုပ်သဘောဖြင့် ကိုယ်တော်တိုင် သက်သေပြတော်မူခဲ့လေသည်။ မိုးကုတ်ဆရာတော်ဘုရားကြီး ဟောကြားဆုံးမတော်မူခဲ့သော သစ္စာလေးပါးတရားတော်များမှာ တရားခွေများ၊ ဒစ်ဂျစ်တယ် အမ်ပီသရီး စီဒီများဖြင့် ပုဒ်ရေ တစ်ထောင်ခန့် ကျန်ရှိခဲ့ရာ ယခုတိုင် နာကြားနေကြရဆဲ ဖြစ်ပါသည်။ ထို့ပြင် အသံသွင်း တိတ်ခွေများမှတဆင့် စာအုပ်အဖြစ်သို့ ပုဒ်ရေငါးရာကျော်ကိုလည်း ပုံနှိပ်ထုတ်ဝေပြီး ဖြစ်ပါသည်။ ဆရာတော်ဘုရား၏ ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်ကို အင်္ဂလိပ်၊ တရုတ်၊ ဂျပန်၊ ကိုရီးယား၊ ထိုင်း၊ သီရိလင်္ကာ စသည့် နိုင်ငံခြားတိုင်းပြည် များတွင်လည်း ဘာသာပြန်ဆိုကာ လေ့လာအားထုတ်လျှက် ရှိကြပါသည်။

ဘွဲ့တံဆိပ်တော်များ[ပြင်ဆင်ရန်]

၁၃၆၂-ခုနှစ်၊ ဝါဆိုလဆန်း(၇)ရက်၊ (၈.၇.၁၉၆၂)နေ့တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ တော်လှန်ရေးကောင်စီ အစိုးရ၏ သာသနာရေးဦးစီးဋ္ဌာနမှ လှူဒါန်းဆက်ကပ်သည့် အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်ကို အလှူခံရရှိတော်မူသည်။ ဒုတိယကမ္ဘာစစ် မဖြစ်ပွားမှီ ၁၉၃၆-ခုနှစ် (မြန်မာသက္ကရာဇ် ၁၂၉၈-ခုနှစ်)တွင် သီဟိုဠ်ကျွန်း (ယခု သီရိလင်္ကာနိုင်ငံ)၊ အနုရာဓမြို့ရှိ မဟာစေတီတော် ဂေါပကအဖွဲ့မှနေ၍ မေတ္တာရပ်ခံ အကူအညီတောင်းခံချက်အရ ဆရာတော်မှ ဦးဆောင်၍ မိုးကုတ်မြို့မှ ဒကာ၊ ဒကာမအပေါင်းတို့ လှူဒါန်းသော အဖိုးတန်ပတ္တမြားအပါအဝင် ကျောက်လုံးရေ (၄၃၅၀)၊ ရွှေချိန် (၃)ပိဿာ၊ ဘော်ချိန် (၄၁)ပိဿာခွဲဖြင့် မွမ်းမံပြုလုပ်ထားသည့် ဉာဏ်တော်အမြင့် (၁၈)လက်မရှိသော စိန်ဖူးတော်ကြီးကို ရန်ကုန်မှတဆင့် ပင်လယ်ကူးသင်္ဘောဖြင့် သီရိလင်္ကာနိုင်ငံသို့ ပေးပို့လှူဒါန်းခဲ့ပါသည်။ တဖန် သီဟိုဠ်ကျွန်း မဟာစေတီတော်ကြီး၏ စိန်ဖူးတော်အတွက် မိုးကုတ်မြို့မှနေ၍ ပေးပို့လှူဒါန်းလိုက်ကြောင်းကို ကြားသိရသော ရန်ကုန်မြို့ရှိ ဗိုလ်တစ်ထောင်စေတီတော် ဂေါပကအဖွဲ့ကလည်း ဗိုလ်တစ်ထောင်စေတီတော်တွင် လိုအပ်လျှက်ရှိသော စိန်ဖူးတော်ကို ထပ်မံအလှူခံပြန်ရာ ဆရာတော်မှပင် ဦးဆောင်၍ မိုးကုတ်မြို့မှ ဒကာ၊ ဒကာမများ စုပေါင်းကာ ဝိုင်းဝန်းလှူဒါန်းကြပြီး ၁၉၃၇-ခုနှစ် (မြန်မာသက္ကရာဇ် ၁၃၀၉-ခုနှစ်)တွင် မန္တလေးမှ ရန်ကုန်မြို့သို့ လေယာဉ်စင်းလုံးငှားဖြင့် ပေးပို့လှူဒါန်းခဲ့ပါသည်။

ခန္ဓာဝန်ချတော်မူခြင်း[ပြင်ဆင်ရန်]

ဆရာတော်၏ ဓာတ်တော် စေတီ

မိုးကုတ်ဆရာတော်ဘုရားကြီးသည် ၁၃၂၄-ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် (၄)ရက်၊ ဗုဒ္ဓဟူးနေ့တွင် ခန္ဓာဝန်ချတော်မူကာ အကြွင်းမဲ့ အေးငြိမ်းတော်မူလေသည်။ ဆရာတော်၏ဓာတ်တော်များကို ဌာပနာ၍ အမရပူရမြို့တွင် မင်္ဂလာဓာတုဓမ္မစေတီတော် တည်ထားလေသည်။

မိုးကုတ်ဝိပဿနာ တရားစဉ်နှင့် လုပ်ငန်းစဉ်ပြန့်ပွားရေးအသင်းသည်လည်း မြန်မာပြည်အနှံ့တွင် အဖွဲ့ခွဲပေါင်း (၂၆၉)ဖွဲ့နှင့် အဖွဲ့စိတ်ပေါင်း သုံးထောင်ကျော်ခန့် ရှိသည်။ မိုးကုတ်ဆရာတော်ဘုရားကြီး မရှိတော့သော်လည်း ဆရာတော်ဘုရားကြီး ဟောကြားဆုံးမတော်မူခဲ့သော သစ္စာလေးပါး တရားတော်များမှာကား ယနေ့တိုင် ရှင်သန်နေဆဲဖြစ်သည်။

ဆက်စပ်လေ့လာရန်[ပြင်ဆင်ရန်]