ဝိညာဉ်

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

ဝိညာဉ်ဟူသည် စိတ်ပင်ဖြစ်၏။ စိတ်ကို ဝိညာဉ် ဟူ၍လည်းကောင်း၊ မနောဟူ၍လည်းကောင်း ခေါ်သည်။ မြန်မာ့အလို နှလုံး ဟူ၍လည်းကောင်း၊ လိပ်ပြာဟူ၍လည်းကောင်း၊ အသက်ဟူ၍လည်းကောင်း ခေါ်ကြပြန်၏။ ဤနေရာ၌ မည်မျှပင် အခေါ်များ သော်လည်း အဘိဓမ္မာဒေသနာအရ ပရမတ္ထတရားလေးပါးတွင် တစ်ပါးအပါ အဝင် စိတ်ခေါ်သော ဝိညာဉ်ကိုသာ ရေးသားပါအံ့။

ကမ္ဘာလောကကြီးအတွင်း၌ သက်မဲ့၊ သက်ရှိ နှစ်မျိုးရှိရာ သက်မဲ့ဖြစ်သော တော၊ တောင်၊ ရေ၊ မြေ၊ သမုဒ္ဒရာ၊ သီတာ၊ သတ္တရဘန် စသည်တို့ကို ပထဝီ၊ အာပေါ၊ တေဇော၊ ဝါယော အမာခံ ဓာတ်ကြီး လေးပါးအနက် တေဇောဓာတ်ဖြစ်သော ဥတုက အုပ်စိုးသည်။ တေဇော ဓာတ်ဖြစ်သော ဥတုအစီအမံကို ခံကြရသည်။ ဥတုစေခိုင်းသမျှ လုပ်ကြရသည်။ ထို့ကြောင့် တေဇောဓာတ်ဖြစ်သော ဥတုသည် အချုပ်အခြာ ပဓာနဖြစ်သည်။

တေဇောဓာတ်ဖြစ်သော ဥတုသည် အလွန်တန်ခိုးကြီး၏။ အလွန် ဆန်းကြယ်၏။ ယင်းဥတု၏ တန်ခိုးကြီးမှု၊ ဆန်းကြယ်မှုကြောင့် သစ်ပင် များကိုကြည့်လျှင် အချို့သစ်ပင်တို့ ကြီးမားကြသည်။ အချို့သစ်ပင်တို့ သေးငယ်ကြသည်။ အချို့ မွှေးကြိုင်ကြသည်။ အချို့ နံစော်ကြသည်။ အချို့ ချိုဆိမ့်ကြသည်။ အချို့ ချဉ်ကြသည်။ အချို့ စပ်ကြသည်။ အချို့ဖန်ကြ သည်။ အချို့ ငန်ကြသည်။ အချို့ ခါးကြသည်။ သက်ရှိဖြစ်သော ဗြဟ္မာ၊ နတ်၊ လူ၊ တိရစ္ဆာန်တို့ကို စိတ်ဝိညာဉ် အုပ်စိုးသည်။ စိတ်ဝိညာဉ် အစီအမံကို ခံကြရသည်။ စိတ်ဝိညာဉ် စေခိုင်း သမျှကို လုပ်ကြရသည်။ စိတ်ဝိညာဉ် ဖန်ဆင်းသည့်အတိုင်း ဖြစ်ကြရသည်။ စိတ်ဝိညာဉ်နောက်သို့ အစဉ်တစ်စိုက် လိုက်ကြရသည်။ ထို့ကြောင့် စိတ် ဝိညာဉ်သည် အချုပ်အခြာပဓာနဖြစ်သည်။


စိတ်ဝိညာဉ်သည် အလွန်တန်ခိုးကြီး၏။ အလွန်ဆန်းကြယ်၏။ ယင်း စိတ်ဝိညာဉ်၏ တန်ခိုးကြီးမှု၊ ဆန်းကြယ်မှုကြောင့် ကုသိုလ်ကံ၊ အကုသိုလ်ကံ ဆန်းကြယ်သည်။ ကံဆန်းကြယ်မှုကြောင့် အကျိုးပေး ဆန်း ကြယ်သည်။ အကျိုးပေး ဆန်းကြယ်မှုကြောင့် သတ္တဝါတို့တွင် အချို့ ဗြဟ္မာ ဖြစ်ကြရသည်။ အချို့ နတ်ဖြစ်ကြရသည်။ အချို့ လူဖြစ်ကြရသည်။ အချို့ တိရစ္ဆာန်ဖြစ်ကြရသည်။ အချို့ ပုကွကြသည်။ အချို့ ရှည်လျားကြသည်။ အချို့ ရုပ်အဆင်းလှကြသည်။ အချို့ ရုပ်အဆင်းမလှကြ။ အချို့ ဆင်းရဲကြ သည်။ အချို့ ချမ်းသာကြသည်။ အချို့ ရောဂါကင်းကြသည်။ အချို့ ရောဂါ များကြသည်။ အချို့ မိုက်ကြသည်။ အချို့ လိမ္မာကြသည်။ အချို့ အသက် တိုကြသည်။ အချို့ အသက်ရှည်ကြသည်။


နမ်တရားတို့တွင် အာရုံကို ခံစားခြင်းအစု - ဝေဒနာက္ခန္ဓာ၊ အာရုံကိုမှတ်ခြင်း အမှတ်ပြု၍ သိခြင်းအစု - သညာက္ခန္ဓာ၊ ပြုပြင်စီရင်ခြင်း အစု - သင်္ခါရက္ခန္ဓာ၊ ဤနာမက္ခန္ဓာ တရားသုံးပါးတို့သည် အာရုံကို သိခြင်းအစု - ဝိညာဏက္ခန္ဓာခေါ် စိတ်ဝိညာဉ်ကိုသာ မှီခိုကြရသည်။ စိတ် ဝိညာဉ်ကသာ ရှေ့သွားဖြစ်သည်။ စိတ်ဝိညာဉ်ဖန်ဆင်းသည့်အတိုင်း ဖြစ်ကြ ရသည်။ စိတ်ဝိညာဉ်ကသာ အချုပ်အချာ ပဓာနဖြစ်သည်။ ထို့ကြောင့် စိတ်ဝိညာဉ်နှင့် အတူတကွ ဖြစ်ကြရသည်။ ထိုသို့ ဖြစ်ကြရာ၌ စိတ်ဝိညာဉ်သည် အမိနှင့်တူ၏။ အကုသိုလ် တရားတို့သည် သားဆိုး၊ သမီးဆိုးတို့နှင့် တူကုန်၏။ ကုသိုလ်တရားတို့ သည် သားကောင်း၊ သမီးကောင်းတို့နှင့် တူကုန်၏။ အမိနှင့်တူသော စိတ် ဝိညာဉ်သည် သူချည်းသက်သက်နေသောအခါ အလွန်ဖြူစင်သည်။ သားဆိုး၊ သမီးဆိုးတို့နှင့်တူသော အကုသိုလ်တရားတို့နှင့် အတူတကွဖြစ်သောအခါ မကောင်းသော အကုသိုလ် စိတ်ဝိညာဉ်ဖြစ်ရသည်။ သားကောင်း၊ သမီး ကောင်းနှင့်တူသော ကုသိုလ်တရားတို့နှင့် အတူတကွ ဖြစ်သောအခါ ကောင်းသောကုသိုလ် စိတ်ဝိညာဉ်ဖြစ်ရသည်။ ထိုစိတ်ဝိညာဉ်သည် (၁) စက္ခုဝိညာဉ် - မြင်သောဝိညာဉ်၊ (၂) သောတဝိညာဉ် - ကြားသောဝိညာဉ်၊ (၃) ဃာနဝိညာဉ် - နံသောဝိညာဉ်၊ (၄) ဇိဝှါဝိညာဉ် - လျက်သောဝိညာဉ်၊ (၅) ကာယာဝိညာဉ် - တွေ့ထိ သောဝိညာဉ်၊ (၆) မနောဝိညာဉ် - သိသောဝိညာဉ်ဟူ၍ ခြောက်ပါး ဖြစ်သည်။ ယင်းခြောက်ပါးတို့ဖြစ်ပုံကို ဒွါရခြောက်ပါး၊ အာရုံခြောက်ပါးနှင့် တွဲစပ်၍ရေးသားမှ သိရှိနိုင်မည်။ ထို့ကြောင့် ဒွါရခြောက်ပါး၊ အာရုံ ခြောက်ပါးကို ရေးသားပါအံ့။ (၁) စက္ခုဒွါရ - မျက်စိအကြည်၊ (၂) သောတဒွါရ - နား အကြည်၊ (၃) ဃာနဒွါရ - နှာခေါင်းအကြည်၊ (၄) ဇိဝှါဒွါရ - လျှာ အကြည်၊ (၅) ကာယဒွါရ - ကိုယ်အကြည်၊ (၆) မနောဒွါရ - စိတ် အကြည်ဟူ၍ ခြောက်ပါးဖြစ်သည်။ (၁) ရူပါရုံ - အဆင်းအရောင်၊ (၂) သဒ္ဒါရုံ - အသံ၊ (၃) ဂန္ဓာရုံ - အနံ့၊ (၄) ရသာရုံ - အရသာ၊ (၅) ဖောဋ္ဌဗ္ဗာရုံ - အတွေ့အထိ၊ (၆) ဓမ္မာရုံ - တရားသဘောဟူ၍ ခြောက်ပါးဖြစ်သည်။ ဤခြောက်ပါး သုံးလီ - တစ်ဆယ့်ရှစ်ပါးကို ဓာတ်တဆယ့်ရှစ်ပါးခေါ်သည်။ ယင်းဓာတ် တစ်ဆယ့်ရှစ်ပါးမှာ ရုပ်တရား နာမ်တရား အလုံးစုံပါဝင်သည်။ ထိုဓာတ်တစ်ဆယ့်ရှစ်ပါးတို့တွင် ဒွါရခြောက်ပါးကား အခံဓာတ် ဖြစ်သည်။ အာရုံခြောက်ပါးကား အတိုက်ဓာတ်ဖြစ်သည်။ ဝိညာဉ်ခြောက်ပါး ကား အပွင့်ဓာတ် အပေါ်ဓာတ်ဖြစ်သည်။


ဝိညာဉ်ဖြစ်ပုံ[ပြင်ဆင်ရန်]

ဒွါရခြောက်ပါးသည် မီးခြစ်အိမ်နှင့်တူ၏။ အာရုံခြောက်ပါးသည် မီးခြစ်ဆံနှင့်တူ၏။ ဝိညာဉ်ခြောက်ပါးသည် မီးပွင့်လာခြင်း၊ မီးဖြစ်ပေါ်လာ ခြင်းနှင့်တူ၏။ မီးခြစ်အိမ်ကို မီးခြစ်ဆံနှင့် ခြစ်လိုက်သောအခါ ယခင်အခါက ရှိနှင့်ပြီးမဟုတ်သော မရှိသေးသောမီးသည် ဖြစ်ပေါ်လာသကဲ့သို့ ထိုအတူ အခံဓာတ်ခြောက်ပါးကို အတိုက်ဓာတ် ခြောက်ပါးနှင့် တိုက်လိုက်သောအခါ၊ ထိခိုက်လိုက်သောအခါ (အခံဓာတ်နှင့် အတိုက်ဓာတ်တို့ ပေါင်းဆုံမိသော အခါ) ယခင်အခါက ရှိနှင့်ပြီးမဟုတ်သော မရှိသေးသော ဝိညာဉ်ဖြစ်ပေါ်၍ လာသည်။ သူ့ဒွါရနှင့် သူ့အာရုံ သူ့ဝိညာဉ်ကို စပ်ဟပ်၍ပြရလျှင် စက္ခုဒွါရ အကြည်နှင့် ရူပါရုံအဆင်းအရောင်တို့ ထိခိုက်သောအခါ၊ ပေါင်းဆုံမိသော အခါ စက္ခုဝိညာဉ် စသောတရားတို့ ဖြစ်ပေါ်လာကြသည်။ (မျက်စိဖြင့် အဆင်းအရောင်ကို မြင်လာသည်။) သောတဒွါရ အကြည်နှင့် သဒ္ဒါရုံအသံကို ထိခိုက်သောအခါ၊ ပေါင်းဆုံမိသောအခါ သောတဝိညာဉ်စသော တရားကို ဖြစ်ပေါ်လာကြသည်။ (နားဖြင့်အသံကို ကြားလာသည်။) ဃာနဒွါရအကြည်နှင့် ဂန္ဓာရုံအနံ့တို့ ထိခိုက်သောအခါ၊ ပေါင်းဆုံ မိသောအခါ ဃာနဝိညာဉ်စသောတရားတို့ ဖြစ်ပေါ်လာကြသည်။ (နှာခေါင်း ဖြင့် အနံ့ကို နံလာသည်။) ဇိဝှါဒွါရအကြည်နှင့် ရသာရုံအရသာတို့ ထိခိုက်သောအခါ၊ ပေါင်းဆုံမိသောအခါ ဇိဝှါဝိညာဉ် စသောတရားတို့ ဖြစ်ပေါ်လာကြသည်။ (လျှာဖြင့် အရသာကို လျက်လာသည်။) ကာဒွါရ အကြည်နှင့် ဖောဋ္ဌဗ္ဗရုံအတွေ့အထိတို့ ထိခိုက်သောအခါ၊ ပေါင်းဆုံမိသောအခါ ကာယဝိညာဉ် စသောတရားတို့ ဖြစ်ပေါ်လာကြ သည်။ (ကိုယ်ဖြင့် အတွေ့အထိကို တွေ့ထိလာသည်။) မနောဒွါရ အကြည်နှင့် ဓမ္မာရုံတရားသဘောတို့ ထင်လာ၊ ထင်ရှားလာသောအခါ၊ ပေါင်းဆုံမိသောအခါ မနောဝိညာဉ် စသောတရားတို့ ဖြစ်ပေါ်လာကြသည်။ (တရားသဘောကို သိလာသည်။) ဤသို့ ဒွါရခြောက်ပါးနှင့် အာရုံခြောက်ပါးတို့ ပေါင်းဆုံမိသောအခါ ဘုရားရဟန္တာမှတစ်ပါးသော သူတို့မှာ နှလုံးသွင်းမကောင်းလျှင်၊ စိတ် ထားမကောင်းလျှင် မကောင်းသော အကုသိုလ်တရားတို့ ဖြစ်ပွားလာကြသည်။ နှလုံးသွင်းကောင်းလျှင်၊ စိတ်ထားကောင်းလျှင် ကောင်းသောကုသိုလ် တရားတို့ ဖြစ်ပွားလာကြသည်။ ဘုရားရဟန္တာတို့မှာကား ကိလေသာ အာသဝေါ မရှိတော့သဖြင့် အဗျာကတခေါ် ကြိယာတရားတို့သာ ဖြစ်ပေါ်လာကြသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)