ညီညွတ်သော ဒီမိုကရက်တစ်ပါတီ

ဝီကီပီးဒီးယား မှ

၂၀၁ဝ ရွေးကောက်ပွဲဝင်ရေး ဦးစွာကြေညာခဲ့ပြီး ပါတီတွင်း အခြေအနေကြောင့် ငြိမ်သက်ခဲ့သည့် ကနေဒါအခြေစိုက် ညီညွတ်သော ဒီမိုကရက်တစ်ပါတီ - UDP ကို မြန်မာပြည်တွင်း၌ ပြန်လည်အသက်သွင်းရန် ခဲ့သည်။

ပါတီထူထောင်စဉ်က ပါဝင်ခဲ့သူများဖြစ်သည့် ဝါရင့်နိုင်ငံရေးသမား ဦးသုဝေ အပါအဝင် အချို့က ဒီမိုကရက်တစ်ပါတီ - DP အမည်ဖြင့် သီးခြားဖွဲ့ပြီးနောက် UDP အသံမှာ ပျောက်သွားခဲ့ရာက နေပြည်တော်ရှိ ပြန်ကြားရေး ဝန်ကြီးဌာနသို့ပေးစာတစောင်ဖြင့် စစ်အစိုးရထံ ချဉ်းကပ်လိုက်သည်။

အငြင်းပွားဖွယ်ရာ UDP ဒုဥက္ကဋ္ဌ ဦးကျော်မြင့်က စစ်အစိုးရ နှစ်သက်လက်ခံဖွယ်ရှိသည့် ပြည်ပရှိ လုပ်ဆောင်ချက်များကို ပြည်တွင်းရှိ UDP အဖွဲ့ဝင် ဦးလှမြင့်မှတဆင့် ယခုလ ၈ ရက်နေ့ ရက်စွဲဖြင့် စာရေးသားအစီရင်ခံခဲ့ကြောင်း မဇ္ဈိမက စုံစမ်းသိရှိရသည်။

ကနေဒါတွင် နေထိုင်သူ UDP ဗဟိုကော်မတီဝင် အထွေထွေအတွင်းရေးမှူး ဦးကျော်မိုးက ယခုလဆန်း ၂ ရက်နေ့တွင် တရုတ်ပြည်အတွင်း ပြုလုပ်ခဲ့သည့် ဗဟိုကော်မတီအစည်းအဝေးအပြီး၊ UDP - တွဲဘက် အထွေထွေ အတွင်းရေးမှူး ဖြစ်သူ ဦးလှမြင့်က ပြန်ကြားရေးဝန်ကြီးဌာနကို ပေးပို့ခဲ့သည့် စာဖြစ်ကြောင်း အတည်ပြု ပြောဆိုခဲ့သည်။

“ဗဟိုကော်မတီအစည်းအဝေးကအပြန်မှာ UDP ပါတီရဲ့ လုပ်ဆောင်ချက်တွေကို သက်ဆိုင်ရာ လမ်းကြောင်းပေါ်ကနေ တင်ပြတဲ့သဘောပါ” ဟု ပြောသည်။

ပေးစာထဲတွင် အမေရိကန်အစိုးရမှ မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့အရေးယူမှုများ ရုပ်သိမ်းရေးအတွက် လွှတ်တော် ၂ ရပ်နှင့်သမ္မတ အိုဘားမား အစိုးရထံ ချဉ်းကပ်တိုက်တွန်းသည့်အပြင် သမ္မတ၏ ညီဝမ်းကွဲ တော်စပ်သူတဦးသည် ဦးကျော်မြင့် ကုမ္ပဏီတွင် အမှုထမ်းနေသည်ဟု ရေးထားသည်။

ထို့အပြင် လူမျိုးစု ငြိမ်းအဖွဲ့များအား နယ်စပ်ကာကွယ်ရေး၊ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး၊ နိုင်ငံရေး ပါတီများအဖြစ် တည်ထောင်၍ ရွေးကောက်ပွဲဝင်ရေး (တရုတ်နိုင်ငံဘက်မှနေ၍ တရုတ်အစိုးရ ခွင့်ပြုချက်ဖြင့်) တိုက်တွန်းခဲ့ရာ သဘောတူမှုများ ရရှိကြောင်းနှင့် ကနေဒါ အမတ်အချို့၏ မြန်မာနိုင်ငံကို အရေးယူပိတ်ဆို့မှု ဆက်ကျင့်သုံးရန် အဆိုပြုချက်ကို သဘောထားပြောင်းရေး ဆောင်ရွက်ရန် မိမိအပေါ် မြန်မာတာဝန်ရှိ ပုဂ္ဂိုလ်များမှ တိုက်တွန်းမှုကို အကောင်ထည်ဖော်နေသည့်အပြင် အဆိုပါကိစ္စနှင့်ပတ်သက်၍ ကနေဒါဝန်ကြီးချုပ်နှင့် ပဏာမ ဆွေးနွေးမှုများ ဆောင်ရွက်ပြီးဖြစ်သည်ဟု ဆိုသည်။

လက်ရှိတွင် ဦးကျော်မြင့်အနေဖြင့် တရုတ်ပြည်တွင် ရောက်ရှိနေပြီး၊ ဒီမိုကရေစီသစ်တပ်မတော်-ကချင် (NDAK) အဖွဲ့ ခေါင်းဆောင် ဦးဇခုန်တိန့်ယိန်းနှင့်အတူ ရှိနေပြီး၊ ၂၀၁ဝ မတိုင်မှီ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အကြား တစုံတရာ အဖြေရရှိရန် ရည်ရွယ်ချက်ဖြင့် ညှိနိုင်းလုပ်ဆောင်မှု ပေးနေကြောင်း ဦးကျော်မိုးက ဆိုသည်။

“လက်ခံတယ်၊ လက်မခံဘူးဆိုတာ ကျနော်တို့ မပြောနိုင်သေးပါဘူး။ လက်ဆုပ်လက်ကိုင် အဖြေက ကာယကံရှင်တွေက မကြေညာပေမဲ့ တိုးတက်မှုတွေရှိနေတယ်လို့ ကြားရပါတယ်။ အထူးသဖြင့်တော့ ဆက်သွယ်မှု လမ်းကြောင်းတွေ ပိုပွင့်လာတယ်” ဟု ပြောသည်။

ယခုလို စစ်အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တို့အကြား ကြားဝင်စေ့စပ်ပေးခြင်းသည် အစိုးရနှင့်တိုင်းရင်းသား လက်နက်ကိုင် တို့အကြား UDP ပါတီက ကိုယ်စားပြုလုပ်ဆောင်နေခြင်း မဟုတ်ဘဲ တတိယ အင်အားစုအနေဖြင့် ရပ်တည်ကာ ဝင်ရောက်ကူညီပေးခြင်းသာ ဖြစ်ကြောင်းလည်း ဦးကျော်မိုးက ပြောသည်။

ဦးကျော်မြင့်အနေဖြင့် တပ်မတော်အစိုးရ၏ အဆင့် ၇ဆင့် နိုင်ငံရေးလမ်းစဉ် အောင်မြင်ရေးတွင် ပူးပေါင်း ဆောင်ရွက်လိုကြောင်းနှင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ဥပဒေ ပေါ်ထွက်သည့်အခါ UDP အဖွဲ့ဝင်လည်းဖြစ် လက်ရှိ အမျိုးသား ပြန်လည်စည်းလုံးညီညွတ်ရေး သုတေသနနှင့် တိုးချဲ့ထုတ်လုပ်မှု ကျောင်းတော်သားစုပါတီမှ ဦးလှမြင့်က ပြည်တွင်း UDP ထူထောင်သူတဦးအဖြစ် ဆောင်ရွက်သွားမည်ဟု ဝန်ကြီးဌာနသို့ ပေးပို့စာတွင် ဖော်ပြထားသည်။

ထိုကိစ္စနှင့်ပတ်သက်၍ ဦးလှမြင့်က “မှတ်ပုံတင်ဥပဒေ ထွက်လာရင်တော့ UDP မှာ ဝင်ပြီး ဆောင်ရွက်မယ်။ ကျနော့် အဖွဲ့ကိုလည်း ပြောထားပြီးပါပြီ” ဟု မဇိ္ဈမကို ပြောသည်။

UDP - ကိုယ်စားပြုကာ ပြန်ကြားရေးဝန်ကြီးဌာနကို လိပ်မူပေးပို့ခဲ့သည့် ပေးစာအပြင် ဗိုလ်မှူးသက်ဆွေကို လိပ်မူ ပေးပို့သည်ဟု ရည်ညွန်းထား သည့် ပါတီဗဟိုကော်မတီဝင် အထွေထွေအတွင်းရေးမှူး ဦးကျော်မိုး၏ ကိုယ်ရေးရာဇဝင်အပြည့်အစုံ စာမျက်နှာ ၃ ခုကိုလည်း မဇိ္ဈမက လက်ခံရရှိခဲ့သည်။

ကာယကံရှင်အနေဖြင့် မည်သည့် အစိုးရဝန်ကြီးဌာနအတွက် ရည်ရွယ်လျှောက်သည်ကို ရည်ညွန်းထားခြင်း မရှိသော်လည်း ဗဟိုအလုပ်အမှု ဆောင် နေရာအတွက် ဆက်သွယ်ရေး မန်နေဂျာ ရာထူးကို ရည်ညွှန်း လျောက်ထားသည်။

“ကျနော်ပို့တယ်ဆိုတာက ဘာရည်ရွယ်ချက်ရယ်မှ မရှိပါဘူး။ လိုအပ်တဲ့နေရာမှာ လိုအပ်ရင် ဝင်လုပ်မယ် ဆိုပြီးတော့ အဖွဲ့ကို ပို့တာပါ” ဟု ဦးကျော်မိုးက ပြောဆိုပြီး၊ ပြည်တွင်း ဝင်ရောင်ခွင့်ရှိပါက သူ့အနေဖြင့် မြန်မာ့နိုင်ငံရေးတွင် ဝင်ရောက် လုပ်ဆောင်မည် ဖြစ်ကြောင်း ပြောသည်။

ဦးကျော်မြင့် (ခ) မိုက်ကယ်ဟွားဟူ သည် ယခင်က ဝ’ ပြည် သွေးစည်းညီညွတ်ရေး UWSA လက်နက်ကိုင်အဖွဲ့၏ ဘဏ္ဍာရေးကိစ္စတွင် တာဝန်ယူခဲ့သည့်အပြင် မြန်မာပြည်တွင် ကုမ္ပဏီများ ဖွင့်လှစ်ပြီး ငွေမည်းခဝါချသည့် လုပ်ငန်းများပါဝင် ပတ်သက်သည်ဟု သတင်းထွက်ပေါ် ခဲ့သေးသည်။

ပါတီဖျက်သိမ်းခံရခြင်း[ပြင်ဆင်ရန်]

ပါတီဥက္ကဋ္ဌ ဦးကျော်မြင့်ကို ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၂၉ ရက်နေ့တွင် ထောင်ပြေးမှုဖြင့် ဖမ်းဆီးထိန်းသိမ်းခံရကာ ပါတီသို့ တရုတ်နိုင်ငံမှ တရားမဝင် ငွေကြေးထောက်ပံ့မှုများ ရှိနေကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။[၁] ယင်းအတွက် ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ ၁၇ ရက်နေ့တွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ညီညွတ်သော ဒီမိုကရက်တစ်ပါတီ မှတ်ပုံတင်ထားခြင်းကို ဖျက်သိမ်းကြောင်း ကြေညာခဲ့သည်။[၁] ပါတီသည် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် ဒုတိယ ကိုယ်စားလှယ်လောင်း အများဆုံးဖြင့် ဝင်ရောက်ယှဉ်ပြိုင်ရန် စီစဉ်ထားခဲ့သော်လည်း ပါတီဖျက်သိမ်းခံရခြင်းကြောင့် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများသည်လည်း သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၁၀၊ ပုဒ်မခွဲ (ဇ) ဖြင့် ငြိစွန်းကာ ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် ဆုံးရှုံးခဲ့သည်။[၁][၂]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ နှင်းဆီပါတီ UDP ဖျက်သိမ်းခံရ၊ ကိုယ်စားလှယ်လောင်းတွေပါ ရွေးကောက်ပွဲပြိုင်ခွင့်ဆုံးရှုံး။ ဘီဘီစီ မြန်မာပိုင်း (၁၇ အောက်တိုဘာ ၂၀၂၀)။ ၁၇ အောက်တိုဘာ ၂၀၂၀ တွင် ပြန်စစ်ပြီး။
  2. ဉာဏ်လှိုင်ဝင်း၊ မင်းမင်း (၁၇ အောက်တိုဘာ ၂၀၂၀)။ နှင်းဆီပါတီကို ဖျက်သိမ်း၊ ကိုယ်စားလှယ်လောင်းများ ရွေးကောက်ခံပိုင်ခွင့် ဆုံးရှုံး။ Myanmar Now။ ၁၇ အောက်တိုဘာ ၂၀၂၀ တွင် ပြန်စစ်ပြီး။