အဿဇိထေရ်

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်

အဿဇိထေရ်[ပြင်ဆင်ရန်]

အဿဇိထေရ်သည် ဂေါတမမြတ်စွာဘုရားသခင်၏ အသီတိသာဝက ရှစ်ကျိပ်အနက် လက်ျာတော်ရံ သာဝကလေးကျိပ်တွင် တပါးအပါအဝင်ဖြစ်သည်။ ထိုပြင်ပဉ္စဝဂ္ဂီငါးဦးအနက် တဦးအပါအဝင်ဖြစ်သည်။


ဂေါတမဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားကို ဖွားမြင်တော်မူ ပြီးနောက် ဤမင်းသားသည် စကြဝတေးမင်းသော်လည်းဖြစ်လတ္တံ့၊ ဘုရားသော်လည်း ဖြစ်လတ္တံ့ဟူ၍လျှောက်တင်ကြသည့် ပုဏ္ဏား ခုနစ်ဦးအနက် တဦးသော ပုဏ္ဏား၏ သားဖြစ်သည်။ ဖခင်ပုဏ္ဏားကြီးသည် ကွယ်လွန်ခါနီး၌ မိမိသား အဿဇိအား သိဒ္ဓတ္ထမင်းသား ဘုရားဖြစ်တော်မူသောအခါ သူ၏ အဆုံးအမကို ခံယူ၍ သူ၏ထံပါး၌ ရဟန်းပြုလော့ဟု မှာကြားခဲ့လေသည်။ သိဒ္ဓတ္ထမင်းသားသည် ဘုရားဧကန်ဖြစ်လိမ့်မည်ဟု နိမိတ်ဖတ်သော ကောဏ္ဍညအနွယ် သုဒတ္တပုဏ္ဏားငယ် ရဟန်းပြုသောအခါ အဿဇိ သည် အခြားပုဏ္ဏားသုံးဦး၏ သားငယ်များဖြစ်ကြသော ဝပ္ပ၊ ဘဒ္ဒိယ၊မဟာနာမိတို့နှင့်အတူ ကောဏ္ဍညပုဏ္ဏားနောက်လိုက်၍ တောထွက်ရဟန်းပြုလေသည်။


ဥရုဝေလတော၌နေစဉ် အခြားရဟန်းများနှင့်အတူ ဘုရားလောင်း အားလုပ်ကျွေးပြုစုလေသည်။ သို့ရာတွင် ဘုရားလောင်းသည် သစ္စာလေးပါးမတွေ့မြင်မီ၊ ကောဏ္ဍည၊ ဝပ္ပ၊ ဘဒ္ဒိယ၊ မဟာနာမ်၊ အဿဇိ စသောပဉ္စဝဂ္ဂီငါးဦးတို့သည် ဘုရားလောင်းအား စွန့်ခွာ၍ တဆဲ့ရှစ်ယူဇနာကွာဝေးသော ဣသိပတန မိဂဒါဝုန်တော်သို့ သွားကြလေသည်။


ဘုရားလောင်း သိဒ္ဓတ္ထမင်းသားသည် ခြောက်နှစ်ပတ်လုံး ဒုက္ကရစရိယာကျင့်တော်မူ၍ သစ္စာလေးပါးကို သိမြင်ကာ ဘုရားအဖြစ်သို့ ရောက်ရှိတော်မူပြီးနောက် ဥရုဝေလတောမှခွာ၍ အစဉ်အတိုင်း ကြွတော်မူရာဗာရာဏသီပြည် အနီးဖြစ်သော မိဂဝုန်တောသို့ ရောက်တော်မူလျှင် ရှင်အဿဇိအစရှိသော ပဉ္စဝဂ္ဂီ ငါးဦးတို့နှင့်တွေ့ရှိ၍ များစွာသောပရိယာယ်စကားတို့ဖြင့် ဘုရား ဖြစ်ကြောင်း သိစေတော်မူလျက် သက္ကရာဇ်၁ဝ၃ ခုနှစ် ဝါဆိုလပြည့် စနေနေ့ညဉ့်နေဝင်စအချိန်တွင် ဒွေမေ ဘိက္ခဝေ အန္တာ ပဗ္ဗဇိတေန နသေဝိတဗ္ဗာ အစချီသော ဓမ္မစကြာကို ဟောတော်မူသည်။


တရားတော်အဆုံး၌ ရှင်ကောဏ္ဍည သောတာပန်တည်သည်။ ဝါဆိုလပြည့်ကျော်တရက်နေ့မှစ၍ မြတ်စွာဘုရားသည် ရွာတွင်းသို့ ကိုယ်တော်တိုင်လည်း ဆွမ်းခံ ကြွတော်မမူ၊ ပဉ္စဝဂ္ဂီတို့အားလည်း ကြွသွားစေတော်မမူပဲ၊ ကျောင်း၌သာ နေတော်မူလျက်ကောဏ္ဍည မှကြွင်းသော လေးယောက်တို့ကို ကမ္မဋ္ဌာန်း စီဖြန်းခြင်းတို့၌ ဖြစ်သော အညစ်အကြေးကို သုတ်သင်အံ့သောငှာ အဆုံးအမကို ပေးတော်မူ သည်။ လပြည့်ကျော် လေးရက်နေ့တွင် အဿဇိ သောတာပန် ဖြစ် သည်ဟု အဋ္ဌကထာ၌ဆို၍ ပါဠိတော်နည်းအရမူ လပြည့်ကျော် နှစ်ရက်နေ့၌ ရှင်မဟာနာမ်နှင့်အတူ အရိယာပဌမစခန်း သောတာပတ္တိ မြနန်းသို့ ကြွတော်တော်မူသည်ဟု ဆိုသည်။ မဟာသက္ကရာဇ် ၁ဝ၃ ခုနှစ် ဝါဆိုလပြည့်ကျော် ၅ ရက် ကြာသပတေးနေ့တွင် သျှင်အဿဇိ သည် သျှင်ကောဏ္ဍည၊ သျှင်ဝပ္ပ၊ သျှင်ဘဒ္ဒိယ၊ သျှင်မဟာနာမ်တို့နှင့် အတူ မြတ်စွာဘုရားသခင်၏ အနတ္တလက္ခဏာသုတ်ကို နာယူပြီးသည် ၏ အဆုံး၌အရဟတ္တဖိုလ်ကိုရ၍ ဧဟိဘိက္ခု ရဟန္တာအဖြစ်သို့ရောက် လေသည်။

သျှင်အဿဇိသည် ထိုနှစ်တဝါလုံး မြတ်စွာဘုရားသခင်နှင့်တကွ ကျန် ရဟန္တာလေးပါးတို့နှင့်အတူ မိဂဒါဝုန်တော၌ ဝါဆိုတော်မူပြီးနောက် ဝါကျွတ်သောအခါ ဒေသစာရီလှည့်လည်တော်မူသည်။ ပြာသိုလကွယ် နေ့ညဉ့်တွင် ရာဇဂြိုဟ်ပြည်သို့ ရောက်လာ၍ တပို့တွဲလဆန်း ၁ ရက်နေ့ နံနက် ရာဇဂြိုဟ်ပြည်တွင်း ဆွမ်းခံသွားရာ၌ သာရိပုတ္တရာထေရ်လောင်း ဥပတိဿ ပရဗိုဇ်နှင့် တွေ့လေသည်။ ထိုအချိန်က ဥပတိဿသည် မသေသော တရားကိုရှာနေစဉ်ဖြစ်ရာ အဿဇိထေရ်အား ဖူးတွေ့ရလျှင် တွေ့ရခြင်း ဤသို့အကြံသည်ဖြစ်၏။ ဤအရှင်ကဲ့သို့ ယဉ်ကျေး တည် ငြိမ် ဣန္ဒြေအမူအရာနှင့် ပြည့်စုံသော ရဟန်းကို တခါမျှ မမြင်စဖူး၊ ထူးမြတ်တင့်တယ်လှပါပေသည်။ ဤလောကကြီးတွင် ဤအရှင်ကား အမြိုက်တရားတည်ရာ ရဟန္တာသော်လည်းဖြစ်ပေသည်။ ရဟန္တာ ဖြစ် ကြောင်း အကျင့်ကောင်းနှင့် ပြည့်စုံသော သူတော်သူမြတ် သော်လည်း ဖြစ်ပေသည်။ ဤသူမြတ်ထံချဉ်းကပ်သော် သင့်လတ္တံ့ ဟု ကြံကာ အဿဇိထေရ် ဆွမ်းခံသွားရာ အစဉ်အတိုင်း နောက်မှလိုက်၍ မထေရ် ဆွမ်းစားရာ၌လည်း ပြုထိုက်သမျှသော အာစရိယဝတ်ကို ပြုလေ၏။ အဿဇိထေရ် ဆွမ်းဘုဉ်းပေးပြီးသောအခါ သာရိပုတ္တရာထေရ်လောင်း က မထေရ်အား အဘယ်သူကိုရည်၍ ရဟန်းပြုသနည်း။အဘယ်သူ သည် မထေရ်ဆရာဖြစ်သနည်း။ အဘယ်သူ၏ တရားကို အနှစ် ခြိုက်ဆုံးဖြစ်သနည်းဟု မေးမြန်းလျှောက်ထားလေသည်။ ထိုသို့ မေးသည်ရှိသော် အဿဇိထေရ်က ငါ့ရှင် . . . ငါသည် သကျ သာကီဝင်မင်း၏ သားဖြစ်သော သကျသာကီဝင်မင်းမျိုးမှ ရဟန်း ပြုသော ရဟန်းကြီးသည်ရှိ၏။ ထိုရဟန်းကြီးသည် ငါ၏ ဆရာတည်း။ ထိုမြတ်စွာဘုရားကိုရည်၍ ငါသည်ရဟန်းပြု၏။ ထိုမြတ်စွာဘုရား၏ တရားကို ငါသည် နှစ်သက်၏ ဟုဆို၏။ ထိုအခါ သာရိပုတ္တရာထေရ် လောင်းက တရားဟောပြောဆုံးမရန် လျှောက်ကြားသောအခါ မထေရ်က ငါ့ရှင် . . . ငါသည်အငယ်သာတည်း ရဟန်းပြု၍ မကြာမြင့်သေး။ အကျယ်အားဖြင့် ဟောရန် မတတ်နိုင် အကျဉ်းမျှ ဟောမည်ဆိုကာ

ယေဓမ္မာ တထာဂတော အာဟ။ တေသဉ္စ ယော နိရောဓော၊ ဧဝံဝါဒီ မဟာသမဏော။ ။

ဟူသော တဂါတာမျှသော တရားကို ဟော၏ အဓိပ္ပါယ်ကား- အကြင်တရားတို့သည် အကြောင်းလျှင် အမွန်ရှိကုန်၏။ ထို တရားတို့အကြောင်းကိုလည်း မြတ်စွာဘုရားသည် ဟောတော်မူ၏ ထိုအကြောင်းတရားတို့၏ အကြင်ချုပ်ခြင်းသည်ရှိ၏။ ထိုချုပ်ခြင်းကို လည်း မြတ်စွာဘုရားသည် ဟောတော်မူ၏ မြတ်သောရဟန်းတို့သည် ဤသို့အယူရှိသည် ဟူ၍ ဖြစ်သည်။ ထိုဂါထာ၏ ပဌမနှစ်ပါဒကို နာရရုံမျှဖြင့် သာရိပုတ္တရာထေရ်လောင်းသည် သောတာပတ္တိမဂ်ကို ရတော်မူသည်။


ထိုကြောင့် အဿဇိထေရ်ကား ဓမ္မသေနာပတိ လက်ျာတော်ရံ သာရိ ပုတ္တရာထေရ်၏ ရှေးဦးဆရာဖြစ်သတည်း။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၅)