ကောဏ္ဍည

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
ကောဏ္ဍည
Buddha visiting his five old friends Roundel 26 buddha ivory tusk.jpg
ကောဏ္ဍည အပါအဝင် ပဉ္စဝဂ္ဂီငါးဦးအား ဂေါတမဗုဒ္ဓ တရားဟောနေပုံ
ပုဂ္ဂိုလ်ရေးရာ
မွေးဖွားဘီစီ ၆ ရာစုခန့်
ဘာသာရေးဘဝ
ဆရာသခင်ဂေါတမဗုဒ္ဓ

ဂေါတမဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားကို ဖွားမြင်တော်မူပြီးနောက်၊ ရာမ၊ ဓဇ၊ လက္ခဏ၊ ဇောတိမန္တ၊ ယည၊ သုဗောဓ၊ သုယာမ ဟူသော ပုဏ္ဏားခုနှစ်ဦးတို့က ဤမင်းသားသည် စကြဝတေးမင်းသော်လည်း ဖြစ်လတ္တံ့၊ ဘုရားသော်လည်း ဖြစ်လတ္တံ့ ဟူ၍ လျှောက်တင်ကြသည်။ ထို့နောက် ကောဏ္ဍညအနွယ်ဖြစ်သော သုဒတ္ထပုဏ္ဏားငယ်ကမူ ဤ မင်းသားသည် ဘုရားဧကန် ဖြစ်လိမ့်မည်ဟု နိမိတ်ဖတ်လေသည်။


နိမိတ်ဖတ်ကြားသော ပုဏ္ဏားဆရာတို့ မကွယ်လွန်မီ မိမိတို့သားများအား သိဒ္ဓတ္ထမင်းသား ဘုရားဖြစ်တော်မူသော အခါ သူ၏အဆုံးအမကို ခံယူ၍ သူ၏ထံပါး၌ ရဟန်းပြုကြလော့ဟု မှာကြားခဲ့ကြလေသည်။ သုဒတ္တပုဏ္ဏားမှတစ်ပါး ကျန်ပုဏ္ဏားအားလုံးတို့ ကံကုန်ခဲ့ပြီးနောက် သုဒတ္တပုဏ္ဏားနှင့် နိမိတ်ဖတ်ပုဏ္ဏား ၇ ဦး အနက် ၄ ဦး၏ သားလေးယောက် တို့သည် ရဟန်းပြု၍ တောထွက်ကြလေ၏။ သုဒတ္တပုဏ္ဏား၏ ရဟန်းအမည်မှာ အနွယ်ကိုစွဲ၍ ရှင်ကောဏ္ဍညဟု တွင်သည်။ ကျန်ရဟန်းတို့၏အမည်မှာ ဝပ္ပ၊ ဘဒ္ဒိယ၊ မဟာနာမ်၊ အဿဇိထေရ်၊ တို့ ဖြစ်၏။ ရှင်ကောဏ္ဍည အမှူးရှိသော ထိုရဟန်းတို့သည် ဂေါမတအား လုပ်ကျွေးပြုစုကြသည်။ သို့ရာတွင် အရှင်ဂေါတမ သည် ဘုရားဖြစ်ကြောင်း သစ္စာလေးပါးကို မတွေ့မြင်မီ ရဟန်း ငါးပါးတို့ စိတ်ပျက် ကာ ဂေါတမအား စွန့်ခွာ၍ မိဂဒါဝုန်တောသို့ သွားကြလေသည်။


ဂေါတမအလောင်းတော်သည် ခြောက်နှစ်ပတ်လုံး ဒုက္ကရ စရိယာကျင့်တော်မူ၍ သစ္စာလေးပါးကို သိမြင်ကာ သဗ္ဗညုတ ရွှေဉာဏ်တော်ကို ရရှိတော်မူပြီးနောက် မိဂဒါဝုန်တော၌ ကေဏ္ဍညအမှူးရှိသော ပဉ္စဝဂ္ဂီငါးဦးတို့နှင့် တွေ့ရှိပြန်ရာ တရားဦးဖြစ်သော ဓမ္မစကြာဒေသနာတော်ကို ဟောကြားတော် မူသည်။ ရှင်ကောဏ္ဍညသည် တရားတော်၏အဆုံး၌ ရှေးဦးစွာ သာတပတ္တိဖိုလ်သို့ရောက်သောပုဂ္ဂိုလ် ဖြစ်သည်။ ကောဏ္ဍည မထေရ်အား မြတ်စွာဘုရားခင်ကိုယ်တော်တိုင် အညာသိ ကောဏ္ဍညဟု တရားဦးရ၍ ရတ္တညုအရာ၌ ဧတဒဂ်ရသော ရဟန္တာ ဖြစ်လေသည်။[၁]

ဆုပန်ခြင်း[ပြင်ဆင်ရန်]

အချိန်သည် လွန်ခဲ့ပြီးသည့် ကမ္ဘာတစ်သိန်းထက်ကာလ ပဒုမုတ္တရဘုရားရှင်လက်ထက် ဖြစ်သည်။ ထိုဘုရားရှင်လက်ထက်တွင် လယ်ပိုင်ရှင်သူကြွယ် တစ်ဦးရှိခဲ့သည်။ ထိုသူကြွယ်သည် ဂေါတမဘုရားရှင်လက်ထက်တွင် အရှင်ကောဏ္ဍညမထေရ် ဖြစ်လာမည့်သူ ဖြစ်သည်။ ထိုလယ်ပိုင်ရှင်သူကြွယ်သည် ရဟန်းတစ်ပါးအား ဧတဒဂ်ဘွဲ့ ပေးသည်ကို အားကျစိတ်များ ဖြစ်ပေါ်ကာ အလှူအတန်းများ ပြုလုပ်ခဲ့၏။ သူ၏ အလှူသည် အောက်ပါအတိုင်း အဦးအဖျားကို ကိုးကြိမ် လှူခြင်း ဖြစ်သည် -

  1. ဦးဦးဖျားဖျား စပါးဖုံး အလှူ၊
  2. မုန့်ဆန်းဦးအလှူ၊
  3. စပါးရိတ်သောအခါ ရိတ်ဦးအလှူ၊
  4. အဆုပ်ပြုသောအခါ ဆုပ်ဦးအလှူ၊
  5. လှိုင်းသောအခါ လှိုင်းဦးအလှူ၊ (လှိုင်း = စည်းသည်၊ သိမ်းသည်။)
  6. နင်းနယ်သောအခါ နင်းဦးအလှူ၊
  7. ခြင်သောအခါ ခြင်ဦးအလှူ၊
  8. ရောင်းသောအခ ရောင်းဦးအလှူ၊
  9. စားသောအခါ စားဦးအလှူ။

အထက်ပါ အလှူဦးကိုးမျိုးကို အလှူပေးကာ နောင်ပွင့်တော်မူမည့် ဘုရားရှင်ထံတွင် "သူတစ်ပါးတို့ထက် ရှေးဦးစွာ တရားအရသာကို သောက်ရသည် ဖြစ်ပါစေ" ဟု ဆုပန်ခဲ့လေသည်။ [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)
  2. ဒဂုန်ဦးစန်းငွေ. ဗုဒ္ဓကိုယ်တိုင် ဖြေကြားခဲ့ရသော မေးခွန်းနှင့် ပြဿနာများ