မာတိကာသို့ ခုန်သွားရန်

ကောဋ္ဌာသ

ဝီကီပီးဒီးယား မှ

[] အဖို့၊ အစု၊ အစိတ်၊ အပိုင်း၊ အင်္ဂါ။ (ဆံစသော ကောဋ္ဌာသ။) (ကောဋ္ဌာသ၏ အနက်အဓိပ္ပါယ်မှာ “အဖို့ အစု” သာမန်သာ ဖြစ်သော်လည်း ကောဋ္ဌာသ ဟူသော စကားသည် မြန်မာစကား အဖြစ် တွင်နေပေပြီ။ ထို့ကြောင့် ကောဋ္ဌာသ-ဟူသော စကားသံကို ကြားရလျှင် ဆံစသော ၃၂-ကောဋ္ဌာသဟု လူတိုင်းလိုလိုပင် နားလည် ကြသည်၊ ငယ်စဉ်ကပင် ကေသာ, လောမာ စသော ၃၂-ကောဋ္ဌာသကို အာဂုမ်ရသူများ၍ ရှင်ပြု ခေါင်းရိတ်သောအခါ၌လည်း တစပဉ္စက ကမ္မဋ္ဌာန်းခေါ် “ကေသာ, လောမာ, နခါ, ဒန္တာ, တစော” ၅-မျိုးတို့ကိုပါ သင်ကြား ရွတ်ဆိုရပြန်ရာ ဆံစသော ကောဋ္ဌာသသည် ဗုဒ္ဓဘာသာဝင်တိုင်းအဖို့ ရင်းနှီးသော စကားလုံးပင် ဖြစ်သည် [][]

၃၂ လုံးပါသော စိပ်ပုတီး

[ပြင်ဆင်ရန်]

၃၂ လုံးပါသော “စိပ်ပုတီးသည်လည်း ကောဋ္ဌာသအတွက် ရည်ရွယ်ခြင်းဖြစ်ရာ ထိုပုတီးကိုင်တိုင်း ကေသာ, လောမာစသည်ကို စီးဖြန်းပွါးများ ကြရသည်။ ထို ၃၂-ကောဋ္ဌာသကို အဆင်း, သဏ္ဌာန်, အနံ့, ဖြစ်ရာအရပ်တည်ရာအရပ်တို့ဖြင့် ဝေဖန်၍ ကာယဂတာသတိအရာ၌ “ကောဋ္ဌာသဝဝတ္ထာပနကထာ” ဟူ၍ ဝိသုဒ္ဓိမဂ်၌ အခန်းကဏ္ဍ သီးခြားရေးသားပြီး အကျယ်ပြဆိုထားသည် [][]

ဓာတ်ကမ္မဋ္ဌာန်း အကျယ်

[ပြင်ဆင်ရန်]

ဓာတ်လေးပါးကို ပိုင်းခြား ပြသောအရာ၌

  • ပထဝီကောဋ္ဌာသ ၂၀,
  • အာပေါကောဋ္ဌာသ ၁၂,
  • တေဇောကောဋ္ဌာသ-၄,
  • ဝါယောကောဋ္ဌာသ ၆-အားဖြင့် ကောဋ္ဌာသ ၄၂-ပါးတို့ကို ပြဆိုသည်၊ ထိုကောဋ္ဌာသတို့၏ သရုပ်နှင့် တကွ ဖြစ်ကြောင်း သမုဋ္ဌာန် ကလာပ်, ရုပ်အရေအတွက်တို့ကို (အဖျောက်ဆရာတော်စီရင်သော ကောဋ္ဌာသ ၆၀၊ ဝေဖန်ခန်းမှ သံပေါက်တို့ကို ထုတ်နုတ် အသုံးပြု၍)မကျဉ်းမကျယ် ရေးသားပြဆိုပေအံ့။ []

ပထဝီကောဋ္ဌာသ-၂၀

[ပြင်ဆင်ရန်]

ကောဋ္ဌာသစုတွင်၊ ဆံလျှင်ဘာဝိ၊ ဦးနှောက်ထိ၊ ဝီသတိ မြေ ဓာတ်လွန်—-ဆံပင်, အမွေး, ခြေသည်း, လက်သည်း, သွား, အရေ, အသား, အကြော, အရိုး, ရိုးတွင်းခြင်ဆီ, အညှို့, နှလုံး, အသည်း, အမြှေး, အဖျဉ်း, အဆုတ်, အူမ, အူသိမ်, အစာဟောင်း, အစာသစ်, ဦးနှောက်, ဟု ဆိုအပ်သော ကောဋ္ဌာသ·၂၀-တို့၌ အာပေါ တေဇော ဝါယော ဓာတ်တို့ပါရှိသော်လည်း ပထဝီဓာတ် လွန်ကဲသောကြောင့် ယင်း-၂၀ အစုသည် ပထဝီကောဋ္ဌာသ-မည်၏။ []

အာပေါကောဋ္ဌာသ-၁၂

[ပြင်ဆင်ရန်]

သည်းခြေအစ၊ ကျင်ငယ်ကျ၊ ဒွါဒ ရေဓာတ် လွန်—သည်းခြေ, သလိပ်, ပြည်, သွေး, ချွေး, အဆီ, မျက်ရည်, ဆီကြည်, တံထွေး, နှပ်, အစေး, ကျင်ငယ်ဟု ဆိုအပ်သော ကောဋ္ဌာသ-၁၂-ပါးတို့၌ ပထဝီ တေဇော ဝါယောဓာတ်တို့ ပါရှိသော်လည်း အာပေါဓာတ်လွန်ကဲသောကြောင့် ယင်း ၁၂-ပါးအစုသည် အာပေါ ကောဋ္ဌာသမည်၏။ []

တေဇောကောဋ္ဌာသ-၄

[ပြင်ဆင်ရန်]

သန္တပ္ပန၊ ဇိရဏ နှင့်၊ ဍာဟ ပါစကာ၊ လေးကောဋ္ဌာ၊ မှတ်ရာ မီးဓာတ်လွန်— ခန္ဓာကိုယ်၌ အအေးအပူဟု ဆိုအပ်သော တေဇောဓာတ်သည် ပူလောင်ခြင်း လက္ခဏာအားဖြင့် တစ်ပါးသာ ဖြစ်သော်လည်း အပူခြားနားချက်ကို လိုက်၍

“သာမန် အပူချိန်ထက် ပူသော အပူဓာတ် (= သန္တပ္ပနတေဇော)၊

ရင့်ယော် အိုမင်းခြင်းကို ဖြစ်စေသော အပူဓာတ် (= ဇိရဏတေဇော)၊

မြောမေ့ စေလောက်အောင် လွန်ကဲပြင်းထန်သော အပူဓာတ် (= ဍာဟတေဇော)၊

အစာကို ကြေကျက်စေသော ဝမ်းမီး အပူဓာတ် (= ပါစကတေဇော)ဟု ၄-ပါး အပြားရှိ၏၊ []

သန္တပ္ပနတေဇောကောဋ္ဌာသ

[ပြင်ဆင်ရန်]

ထိုလေးပါးတို့တွင် ကိုယ်လက် အင်္ဂါတို့၏ ကိုက်ခဲညောင်းညာခြင်း ရက်ခြားဖျားခြင်း၊ တက်ဖျား ကျဖျားစသည်တို့၏ ကိုက်ခဲသော တေဇောဓာတ် လွန်ကဲသော ရုပ်အစုသည် သန္တပ္ပနတေဇောကောဋ္ဌာသ-မည်၏ (ကိုက်ခဲ ညောင်းညာ၊ ဖျားရက်ခြာ၊ ပူရာသန္တပ်-လွန်)။ []

ဇိရဏတေဇောကောဋ္ဌာသ

[ပြင်ဆင်ရန်]

ခန္ဓာကိုယ် ရင့်ယော်အိုမင်းခြင်း, ခါးကိုင်း နားထိုင်း မျက်စိမှုန် သွားကျိုး ဆံဖြူ အရေ တွန့်ခြင်း စသည်ကို ဖြစ်စေသော တေဇောဓာတ်လွန်ကဲသော ရုပ်အစုသည် ဇိရဏတေဇောကောဋ္ဌာသမည်၏ (ရင့်ယော်အိုမင်း၊ ခါးကိုင်းခြင်းနှင့်၊ နားထိုင်းအစ၊ ပသာဒညှိုး၊ မလညှိုး၍၊ သွားကျိုးဆံဖြူ၊ ရေတွန့်ဟု၊ မှတ်ယူ ဇိရဏလွန်)။ []

ဍာဟတေဇောကောဋ္ဌာသ

[ပြင်ဆင်ရန်]

အူအသဲ နှလုံးကွဲ၍ မြောမေ့ မတတ် လောင်ကျွမ်း ပူပြင်းစေတတ်သော တေဇောဓာတ်လွန်ကဲသော ရုပ်အစုသည် ဍာဟတေဇောကောဋ္ဌာသ-မည်၏ (နှလုံးအသဲ၊ လောင်ကျွမ်းကွဲမှု၊ ဝမ်းထဲလှိုက်ဆူ၊ ပြင်းထန်ပူလှ၊ မြည်အော်ရ၊ ဍာဟမီးဓာတ်လွန်)။ []

ပါစကတေဇောကောဋ္ဌာသ

[ပြင်ဆင်ရန်]

အစာအာဟာရကို ကြေကျက်အောင် ချေတတ်သော ဝမ်းမီးဟူသော တေဇောဓာတ် လွန်ကဲသော ရုပ်အစုသည် ပါစကတေဇောကောဋ္ဌာသမည်၏ (စားမျို အစာ၊ ကောင်းစွာ ကျက်မှု၊ လောင်ကျွမ်းပြုတတ်၊ စာအိမ်ရပ်၊ မီးဓာတ်ပါစကလွန်)။ []

ဝါယောကောဋ္ဌာသ ၆

[ပြင်ဆင်ရန်]

ဥဒ္ဓံ ဓောဂမ၊ ကုစ္ဆိဋ္ဌနှင့်၊ ကောဋ္ဌာသယ၊ အင်္ဂသာရီ၊ အဿာမည်၊ ခြောက်လီ လေဓာတ်လွန်— ဝါယောဓာတ်သည် ဥဒ္ဓင်္ဂမဝါယော, အဓောဂမဝါယော, ကုစ္ဆိဋ္ဌဝါယော, ကောဋ္ဌာသယဝါယော, အင်္ဂမင်္ဂါနုသာရီဝါယော, အဿာသပဿာသဝါယော-ဟု ၆-ပါး အပြားရှိ၏၊

  • ထို ၆-ပါးတို့တွင် ကြို့ထိုးခြင်း, သမ်းဝေခြင်း၊ အော့အန်ခြင်း၊ အထက်လှန်ခြင်း စသော အထက်သို့ဆန်တက်သော လေသည် ဥင်္ဂမ ဝါယောမည်၏။ (ကြို့ထိုးသမ်းလှန်၊ အထက် ဆန်၊ ဥဒ္ဓံ လေဓာတ် လွန်)။
  • ကျင်ကြီးကျင်ငယ် ထွက်စေခြင်း၊ လေသက်ခြင်း စသော အောက်သို့ စုန်သောလေသည် အဓောဂမဝါယော မည်၏ (ကျင်ကြီး ကျင်ငယ်၊ ထုတ်သွယ်သက်လျှော၊ အောက်စုန်မျော၊ အဓော လေဓာတ်လွန်)။
  • ဝမ်းခေါင်း၌ အစဉ်တည်သော လေသည် ကုစ္ဆိဋ္ဌဝါယော မည်၏၊
  • အတွင်း၌ အစဉ် တည်သောလေသည် ကောဋ္ဌာသယ ဝါယော မည်၏ (ဝမ်းခေါင်း, အူကြောင်း၊ အစဉ် အောင်းမှာ၊ ကုစ္ဆိဋ္ဌာနှင့် ကောဋ္ဌာသယ၊ မည် နာမ၊ ဝါတလေဓာတ်လွန်)။
  • ခြေလက်မြှောက်ခြင်းနှင့် ကွေးခြင်းဆန့်ခြင်း စသည်တို့ကို ဖြစ်စေတတ်သော အင်္ဂါကြီးငယ်၌အစဉ်လျှောက်၍ သွားလာနေသောလေသည် အင်္ဂမင်္ဂါနုသာရီဝါယောမည်၏၊ ဤလေမလျှောက်လျှင် ခြေလက်အင်္ဂါ စသည်တို့မှာ မလှုပ်မရှားနိုင်၊ ခြေသေသည်၊ လက်သေသည်၊ လေဖြတ်သည် ဟု ပြောစမှတ်ပြုသည်။ (ကိုယ်အင်္ဂါလျှောက်၊ ခြေလက်မြှောက်ရေး၊ ကွေးဆန့်သွားလာ၊ ဖြစ်စေရာ၊ သာရီလေဓာတ်လွန်)။
  • ထွက်သက် ဝင်သက်လေသည် အဿာသပဿာသ ဝါယောမည်၏ (ထွက်သက်ဝင်သက်၊ ဖြစ်ချက် အရာ၊ ကောဋ္ဌာမှာ၊ အဿာ-လေဓာတ်လွန်)။

ထိုလေ ၆-မျိုးတို့သည်ပင် ဝါယောကောဋ္ဌာသ ၆-မျိုးဖြစ်၏။[]

သမုဋ္ဌာန်အားဖြင့် ဝေဖန်ပုံ

[ပြင်ဆင်ရန်]

ကောဋ္ဌာသ ၄၂-ပါးတို့တွင် ကျင်ကြီး ကျင်ငယ်, အစာဟောင်း, အစာသစ် ၄-ပါးတို့သည် ဥတုတည်းဟူသော အကြောင်းတစ်ပါးကြောင့်သာ ဖြစ်၏။

ပါစကတေဇောသည် ကံတည်းဟူသော အကြောင်းတစ်ပါးကြောင့်သာ ဖြစ်၏။

ထွက်သက်ဝင်သက်လေသည် စိတ်တည်းဟူသော အကြောင်းတစ်ပါးကြောင့်သာဖြစ်၏ (တေဇောကောဋ္ဌာသ ၆-ပါး)။

ချွေး, တံထွေး, နှပ်, မျက်ရည် ၄-ပါးတို့သည် စိတ်ကြောင့်လည်းဖြစ်, ဥတုကြောင့် လည်းဖြစ်ရကား အကြောင်း ၂-ပါးကြောင့် ဖြစ်၏ (ဒွိဇကောဋ္ဌာသ ၄-ပါး)။

ကြွင်းကျန်သော ကောဋ္ဌာသ ၃၂-ပါးတို့သည် ကံ စိတ် ဥတု အာဟာရတည်းဟူသော အကြောင်း ၄-ပါးတို့ကြောင့် ဖြစ်ကုန်၏ (စတုဇ ကောဋ္ဌာသ ၃၂-ပါး)။

ထို့ကြောင့်-ဒွေးတာလီဟု၊ ကောဋ္ဌာစုတွင်, ပြည်, ကျင်, အစာ၊ နှစ်ဖြာဟောင်းသစ်၊ ဥကြောင့်ဖြစ်၊ မှတ်လစ်ဧကဇာ။ ပါစကဓာတ်၊ ကံကြောင့် မှတ်လေ၊ အဿာသေမူ၊ စိတ်ကြောင့်ဟူ၊ မှတ်ယူဧကဇာ။ ချွေး, တံထွေး, နှပ်, မျက်ရည် ဓာတ်စု၊ ဤ ၄-ခုမူ၊ စိတ်-ဥ-ဟူ၊ မှတ်ယူဒွိဇသာ။ ယင်းဧကဇ၊ ဒ္ဓိဇပယ်ချန်၊ ဒွတ္တိံသံ၊ မှတ်ရန် စတုဇာ-ဟု သံပေါက်သီကုံးတော်မူသည်။ []

ကလာပ်အားဖြင့် ဝေဖန်ပုံ

[ပြင်ဆင်ရန်]

ဧကဇ ကောဋ္ဌာသ ၆-ပါးတို့တွင် ကျင်ကြီး, ကျင်ငယ်, အစာသစ်, အစာဟောင်းတို့၌ ဥတုဇသုဒ္ဓဋ္ဌက ကလာပ်တစည်းစီ၊ ပါစက တေဇောဓာတ်၌ ဇီဝိတနဝက ကလာပ်တစည်း၊ ထွက်သက် ဝင်သက်၌ စိတ္တဇသုဒ္ဓဋ္ဌကကလာပ် တစည်းရှိ၍ ဧကဇကောဋ္ဌာသ၌ ကလာပ် ပေါင်း ၆-စည်းဖြစ်၏။

ဒွိဇကောဋ္ဌာသဖြစ်သော ချွေး, တံထွေး, နှပ်, မျက်ရည်တို့၌ စိတ္တဇသုဋ္ဌကကလာပ် ဥတုဇသုဒ္ဓဋ္ဌက ကလာပ်အားဖြင့် ကလာပ် ၂-စည်းစီရှိကြ၍ ပေါင်း ၈-စည်းဖြစ်၏။

စတုဇကောဋ္ဌာသ ၃၂-ပါးတို့၌ တစ်ပါး တစ်ပါးလျှင် စိတ္တဇသုဒ္ဓဋ္ဌကကလာပ်, ဥတုဇသုဒ္ဓဋ္ဌက ကလာပ်, အာဟာရဇသုဒ္ဓဋ္ဌက ကလာပ်အားဖြင့် ကလာပ် ၃ စည်းစီ ရှိကြ၍ ပေါင်း ၉၆-စည်း ဖြစ်၏။

ပါစကတေဇောမှတစ်ပါး တေဇော ကောဋ္ဌာသ ၃-ပါး၊ ထွက်သက်ဝင်သက်လေမှတစ်ပါး ဝါယော ကောဋ္ဌာသ ၅-ပါးတို့၌ ဇီဝိတနဝက ကလာပ်တစည်းစီရှိရကား ပေါင်း ၈-စည်း ဖြစ်၏။ ထိုမှ ကြွင်းကျန်သော စတုဇ ကောဋ္ဌာသ ၂၄-ပါးတို့၌ ကံကြောင့် ဖြစ်သော ကာယဒသကကလာပ်, ဘာဝဒသက ကလာပ်အားဖြင့် ကလာပ် ၂-စည်းရှိရကား ပေါင်း ကမ္မဇဒသက ကလာပ် ၄၈-စည်း ဖြစ်၏။

မျက်စိ, နား, နှာ, လျှာ, နှလုံးတို့၌ အသီးအခြားတည်သော စက္ခုဒသကကလာပ်, သောတဒသကကလာပ်, ဃာနဒသကကလာပ် ထိုဇိဝှါဒသကကလာပ်, ဝတ္ထုဒသက ကလာပ်အားဖြင့်ပဒေသကလာပ် ၅-စည်းဖြစ်၏။ စိတ်ကြောင့်ဖြစ်သော အသံ၌ သဒ္ဒနဝက ကလာပ် တစည်း, ဥတုကြောင့်ဖြစ်သောအသံ၌ သဒ္ဒနဝကကလာပ် တစည်းအားဖြင့် အသံ၌ ကလာပ် ၂ စည်းဖြစ်၏။

ဤသို့လျှင်ခန္ဓာကိုယ်၌ ဒသကကလာပ် ၅၃-စည်း၊ နဝကကလာပ် ၁၁-စည်း၊ အဋ္ဌကကလာပ် ၁၀၉-စည်းအားဖြင့် ကလာပ်စည်း ပေါင်း ၁၇၃-စည်းဖြစ်၏။ ကလာပ်တို့၌ပါဝင်သောရုပ်တို့ကို တစ်ခုစီတစ်ခုစီ ရေတွက်လျှင် ဒသကကလာပ်စည်း ၅၃-စည်း၌ ရုပ် ၅၃၀(၅၃x၁၀ = ၅၃၀)+နဝက ကလာပ် ၁၁-စည်း၌ ရုပ် ၉၉ (၁၁×၉ = ၉၉)+ အဋ္ဌကကလာပ် ၁၀၉-စည်း၌ ရုပ် ၈၇၂ (၁၀၉×၈၇၂)ရှိ၍ စုစုပေါင်း ရုပ် ၁၅၀၁-ပါးဖြစ်သည် [][]

ဓာတ်ကမ္မဋ္ဌာန်း

[ပြင်ဆင်ရန်]

ခန္ဓာကိုယ်အတွင်း၌ တည်ရှိသော ထို၄၂-ကောဋ္ဌာသတို့တွင် ဆံစသောကောဋ္ဌာသ ၂၀-တို့၌ ခက်မာကြမ်းတမ်းသော အခြင်းအရာကို ပထဝီဓာတ်ဟု ပိုင်းခြားမှတ်သားရသည်။

သည်းခြေစသော ကောဋ္ဌာသ ၁၂-ပါးတို့၌ အရည်ဟူသော ဖွဲ့စည်း ယိုစီးသော အခြင်းအရာကို အာပေါဓာတ်ဟု ပိုင်းခြား မှတ်သားရသည်။

တေဇောကောဋ္ဌာသ ၄-ပါး၌ အပူကို တေဇောဓာတ်ဟု ပိုင်းခြား မှတ်သားရသည်။

ဝါယောကောဋ္ဌာသ ၆-ပါး၌ ထောက်ကန် လှုပ်ရှားသော အခြင်းအရာကို ဝါယောဓာတ်ဟု ပိုင်းခြား မှတ်သားရသည်။ ထိုကဲ့သို့ ပိုင်းခြား မှတ်သားက ဓာတ်ကြီးလေးပါးတို့သည် ထင်ရှားလာ၍ ထိုဓာတ်တို့ကို အဖန်ဖန် နှလုံးသွင်း စီးဖြန်း ပွါးများခဲ့သော် ဥပစာရသမာဓိ ဖြစ်ပေါ်လာသည်။

ထိုကဲ့သို့ အားထုတ်၍ မပြည့်စုံသေးပါက ဆံစသော ကောဋ္ဌာသ ၄၂-ပါးတို့ကို တစ်ခုစီ တစ်ခုစီ အဆင်း, သဏ္ဌာန်စသော ၅-ပါးတို့ဖြင့် ဓာတ်သို့ဆိုက်အောင် ဆင်ခြင်ပွါးများ အားထုတ်ရမည်။ (အားထုတ်ပုံအကျယ်ကို ကာယဂတာသတိ၌-ကြည့်။) []

ပထဝီကို ဦးစားပေးပွားရမည့် ကောဋ္ဌာသ

[ပြင်ဆင်ရန်]

ထိုနည်းအားဖြင့် အားထုတ်၍ မပြည့်စုံ သေးပါက ဆံစသော ကောဋ္ဌာသ ၂၀-ကြမ်းတမ်းခက်မာခြင်း လက္ခဏာသည် ပထဝီဓာတ်,

ဖွဲ့စည်းခြင်း လက္ခဏာသည် အာပေါဓာတ်,

ရင့်ကျက်ခြင်း လက္ခဏာသည် တေဇောဓာတ်,

ထောက်ကန်လှုပ်ရှားခြင်း လက္ခဏာသည် ဝါယောဓာတ်ဟု လက္ခဏာ အကျဉ်းအားဖြင့် ရှုမှတ် ပွါးများရမည်။ []

အာပေါစသည်ကို ဦးစားပေး ပွားရမည့် ကောဋ္ဌာသ

[ပြင်ဆင်ရန်]

ထို့အတူ သည်းခြေစသော ကောဋ္ဌာသ ၁၂-ပါးတို့၌ အာပေါဓာတ်၏ လက္ခဏာကို အဓိက ထား၍လည်းကောင်း,

တေဇောကောဋ္ဌာသ ၄-ပါး၌ တေဇောဓာတ်၏လက္ခဏာကို အဓိက ထား၍လည်းကောင်း,

ဝါယောကောဋ္ဌာသ ၆-ပါး၌ ဝါယောဓာတ်၏လက္ခဏာကို အဓိကရှေ့သွား ပြု၍၎င်း ဓာတ်ကြီး ၄-ပါးကို ပွါးများ အားထုတ်ရမည်။[]

ကောဋ္ဌာသ တစ်ခုချင်း ပွားများနည်း

[ပြင်ဆင်ရန်]

ထိုကဲ့သို့ အားထုတ်၍ မပြည့်စုံသေးပါက ဆံပင်၌ ကြမ်းတမ်းခက်မာခြင်း လက္ခဏာသည် ပထဝီဓာတ် စသည်ဖြင့် ကောဋ္ဌာသ တစ်ခုတစ်ခု၌ ဓာတ်ကြီးလေးပါးတို့ကို ပိုင်းခြား မှတ်သားရမည်၊ ထိုကဲ့သို့ ပိုင်းခြားမှတ်သား သူအား ဓာတ်လေးပါး ထင်ရှားလာ၍ အဖန်ဖန် ပွါးများအားထုတ်ခဲ့သော် ဥပစာရ သမာဓိဖြစ်လာသည်။

အကျဉ်းနည်း, အကျယ်နည်း

[ပြင်ဆင်ရန်]

ဤကား သသမ္ဘာရသင်္ခ, သသမ္ဘာရဝိဘတ္တိ, သလက္ခဏသင်္ခေပ, သလက္ခဏဝိဘတ္တိ ဟူသော ဘာဝနာပွါးနည်း ၄-မျိုးတို့ဖြင့် ပွါးများပုံအမြွက်မျှဖြစ်သည်။ []

(ကောဋ္ဌာသ ၄၂-ပါးတို့၌ ဓာတ် ၄-ပါးဝေဖန်၍ ကမ္မဋ္ဌာန်း ရှုခြင်းသည် ဉာဏ်မထက်မြက်သော သူတို့အဖို့ သာဖြစ်သည်။ ဉာဏ်ထက်မြက်သူအဖို့ ခန္ဓာ ကိုယ်တစ်ခုလုံး၌ ပထဝီ အာပေါ တေဇော ဝါယော ဟူသော ဓာတ်ကြီးလေးပါး ရှိ၏ဟု အကျဉ်းအားဖြင့် ရှုလျှင်ပင် ကိစ္စပြီးသည်၊ []

စက်ဆုပ်ဖွယ် ပွားများနည်း

[ပြင်ဆင်ရန်]

ဆံအစ ကျင်ငယ် အဆုံးရှိသော ၃၂-ကောဋ္ဌာသတို့၌ စက်ဆုပ်ဖွယ်ထင်မြင်အောင် အဆင်း, သဏ္ဌာန်စသော ၅-မျိုးတို့ဖြင့် ပွါးများနည်းကို ကာယဂတာသတိ၌ ကြည့်။[]

ဓာတ်ကမ္မဋ္ဌာန်း

[ပြင်ဆင်ရန်]

ကောဋ္ဌာသတို့၌ စက်ဆုပ်ဖွယ် နှလုံးသွင်းခြင်းသည် ကာယဂတာသတိ သမထကမ္မဋ္ဌာန်းဖြစ်၍ ဓာတ်ကြီးလေးပါး ထင်မြင်လာအောင် နှလုံးသွင်းခြင်းသည် (စတုဓာတုဝဝတ္ထာန) ဝိပဿနာဓာတ်ကမ္မဋ္ဌာန်း ဖြစ်၏ [][]

ဦးနှောက် ကောဋ္ဌာသ မပါဝင်ကြောင်း

[ပြင်ဆင်ရန်]

ပြဆိုခဲ့သော ၄၁-ကောဋ္ဌာသတို့သည် မဟာဟတ္ထိပဒေါပမသုတ် (မ၊၃၊၂၈၁-၉၀)တို့၌ ပါရှိ၏။ (ထိုသုတ်တို့၌ မတ္ထလုင်္ဂ ဦးနှောက်) မပါသောကြောင့် ၄၁ ကောဋ္ဌာသ ဆိုသည်။ ဝိသုဒ္ဓိ၊၁၊၂၃၂-၌အဋ္ဌိမိဉ္စ(= ရိုးတွင်းခြင်ဆီ)၌ မတ္ထလုင်္ဂထည့်သွင်း၍ ၃၂-ကောဋ္ဌာသကိုပြသည်။ မူလဋီ၊၂၊၄၂၌လည်း “မတ္ထလုင်္ဂကို အဋ္ဌိမိဉ္စ၌ သွင်းယူသောကြောင့် သီခြားမဟော”ဟုပြဆို၏။ မ၊ဋ္ဌ၊၂၊၁၂၆-လည်း ကြည့်။ မိလိန္ဒ, ပဋိသမ္ဘိဒါမဂ်တို့၌မူ မတ္ထလုင်္ဂပုဒ်ပါရှိ၍ ၃၂-ကောဋ္ဌာသ၌ နောက်ဆုံး ထားဆို၏။) []

သမထ, ဝိပဿနာကို ပွားကြပါ

[ပြင်ဆင်ရန်]

အမျိုးကောင်းသားတို့သည် ၃၂-ကောဋ္ဌာသ ၄၂-ကောဋ္ဌာသတို့ကို နားလည်သိရှိအောင် အားထုတ်၍ ကာယဂတာသတိ သမထကမ္မဋ္ဌာန်း, ဝိပဿနာဓာတ် ကမ္မဋ္ဌာန်းတို့ကို စီးဖြန်းပွါးများ ကြိုးစား အားထုတ်ကြကုန်ရာသည်။ ရှင်လောင်းကို ဆံချခါနီး၌ ကေသာ, လောမာ အစရှိသော တစပဉ္စက ကမ္မဋ္ဌာန်းကို သင်ကြားပေးရမည်၊ ထိုသို့ သင်ကြားသောအခါ အဆင်း, ပုံသဏ္ဌာန်, ဖြစ်တည်ရာအားဖြင့် မစင်မကြယ် စက်ဆုပ်ရွံရှာဖွယ်အဖြစ်ကို၎င်း၊ အသက်ဇီဝ-အတ္တမှ ကင်းသောအဖြစ်ကို၎င်း၊ ထင်ရှား ပြတ်သားစွာ နားလည်အောင် သင်ပေးရမည် []

ခုနစ်နှစ်အရွယ် သီဝလိ သတို့သားကို ရှင်ပြုသောအခါ ကေသာ, လောမာ အစရှိသော တစပဉ္စကကမ္မဋ္ဌာန်းကို သင်ပေး၍ ဆံချပေးရာ ဆံပင်အားလုံး ရိတ်ပြီးသည်နှင့် တပြိုင်နက် ရဟန္တာအဖြစ်သို့ ရောက်၏ [၁၀]

ဤကောဋ္ဌာသ ကမ္မဋ္ဌာန်းကို စီးဖြန်းလိုသော ယောဂီပုဂ္ဂိုလ်သည် နိမိတ်ယူရာ၌ လိမ္မာကြောင်း အစီအရင် (ဥဂ္ဂဟကောသလ္လ) ၇- ပါးနှင့် နှလုံးသွင်းခြင်း၌ လိမ္မာကြောင်း အစီအရင်(မနသိကာရကောသလ္လ) ၁၀-ပါးကို ဆရာသမားထံမှသင်ယူအပ်၏။ ထိုနှစ်ပါးတို့တွင် နိမိတ်ယူရာ၌ လိမ္မာကြောင်းအစီအရင် (ဥဂ္ဂဟကောသလ္လ) ၇-ပါးကို ဤအဘိဓာန် ကာယဂတာသတိပုဒ်၌ ပြဆိုပြီးဖြစ်၍ နှလုံးသွင်းခြင်း၌ လိမ္မာကြောင်းအစီအရင် (မနသိကာရကောသလ္လ) ၁၀-ပါးကိုသာ ပြဆိုပါအံ့။ []

ဆက်စပ်ဖတ်ရှုရန်

[ပြင်ဆင်ရန်]

ကိုးကား

[ပြင်ဆင်ရန်]
  1. ကောဋ္ဌာသ (ပု) [ကောဋ္ဌ+သိ+အ။ ကောဋ္ဌ+အံသ။ ကောဋ္ဌံ ဝုစ္စတိ သရီရံ၊ တတ္ထ သေတီတိ ကောဋ္ဌာသော အာတ္တံ။ ဓာန်၊ဋီ၊၄၈၅။ ကောဋ္ဌန္တိ ဝါ သရီရံ၊ တဿ အံသာ ကေသာဒယော ကောဋ္ဌာသာ။ မ၊ဋီ၊၂၊၁၉၄။ အံ၊ဋီ၊၃၊၃၆၅။]
  2. (ဝိ၊ဋ္ဌ၊၃၊၂၄၉)
  3. ၃.၀၀ ၃.၀၁ ၃.၀၂ ၃.၀၃ ၃.၀၄ ၃.၀၅ ၃.၀၆ ၃.၀၇ ၃.၀၈ ၃.၀၉ ၃.၁၀ ၃.၁၁ ၃.၁၂ ၃.၁၃ ၃.၁၄ ၃.၁၅ ၃.၁၆ ၃.၁၇ ၃.၁၈ ၃.၁၉ တိပိဋကအဘိဓာန် အတွဲ-၆
  4. (ဝိသုဒ္ဓိ၊၁၊၂၄၁-၂၅၇)
  5. (သစ္စသင်္ခေပအဋ္ဌကထာ၊ ရူပသင်္ခေပ။ ဂါထာ ၄၀-၅၃။ ဝိသုဒ္ဓိ၊၁၊၃၆၂)
  6. အကျယ်ကို ဝိသုဒ္ဓိ၊၁၊၃၄၇-၃၆၀-၌ ကြည့်
  7. ဝိသုဒ္ဓိ၊၁၊၃၄၃၊ ၃၄၄၊ ၃၄၇။)
  8. (အဘိ၊ဋ္ဌ၊၂၊၂၁၆။ ဝိသုဒ္ဓိ၊၁၊၃၄၈)
  9. (ဝိ၊ဋ္ဌ၊၃၊၂၄၉)
  10. (အံ၊ဋ္ဌ၊၁၊၁၉၃)