မနသိကာရကောသလ္လ
ကောဋ္ဌာသကမ္မဋ္ဌာန်းကို စီးဖြန်းလိုသော ယောဂီပုဂ္ဂိုလ်သည်
နိမိတ်ယူရာ၌ လိမ္မာကြောင်း အစီအရင် (ဥဂ္ဂဟကောသလ္လ) ၇- ပါးနှင့်
နှလုံးသွင်းခြင်း၌ လိမ္မာကြောင်း အစီအရင်(မနသိကာရကောသလ္လ) ၁၀-ပါးကို ဆရာသမားထံမှသင်ယူအပ်၏။
ထိုနှစ်ပါးတို့တွင် နိမိတ်ယူရာ၌ လိမ္မာကြောင်းအစီအရင် (ဥဂ္ဂဟကောသလ္လ) ၇-ပါးကို ဤအဘိဓာန် ကာယဂတာသတိပုဒ်၌ ပြဆိုပြီးဖြစ်၍ နှလုံးသွင်းခြင်း၌ လိမ္မာကြောင်းအစီအရင် (မနသိကာရကောသလ္လ) ၁၀-ပါးကိုသာ ပြဆိုပါအံ့။[၁]
အစဉ်အတိုင်း ရှုပါ
[ပြင်ဆင်ရန်](၁) အနုပုဗ္ဗနည်း။ ဆံပင်, အမွှေး, ခြေသည်း လက်သည်း, သွား, အရေစသည်ဖြင့် အနုလုံအားဖြင့်၎င်း၊ ကျင်ငယ်, အစေး, နှပ်, တံထွေးစသည်ဖြင့် ပဋိလုံအားဖြင့်၎င်း အစဉ်အတိုင်း အပြန်ပြန်အလှန်လှန် ပွါးများရာ၏။ ဆံပင်, ခြေသည်းလက်သည်းဟူ၍၎င်း၊ ဆံပင်, သွားဟူ၍၎င်း တစ်ခုကျော် နှစ်ခုကျော် ခုန်ကျော်မှုမပြုပဲ အစဉ်အတိုင်းသာလျှင် အနုလုံ ပဋိလုံပွါးများခြင်းသည် အနုပုဗ္ဗနည်း မည်၏။ ဥပမာ ၃၂-ထစ်ရှိသော လှေကားကို မကျွမ်းကျင်မီ တထစ်ကျော်တက်လျှင် မောပန်းကာလန်ကျသကဲ့သို့ ဘာဝနာမှု၌ မကျွမ်းကျင်မီ တစ်ခုကျော်နှစ်ခုကျော် ပွါးသော ယောဂီပုဂ္ဂိုလ်အား စိတ်ပင်ပန်းခြင်းဖြစ်၍ ဘာဝနာပွါးများမှုကို ပြီးဆုံးအောင် မစွမ်းနိုင်ချေ။ [၁]
မမြန်လွန်းစေရ
[ပြင်ဆင်ရန်](၂) နာတိသီဃနည်း။ ကောဋ္ဌာသ ကမ္မဋ္ဌာန်းကို အနုလုံပဋိလုံပွါးများရာ၌ မမြန်လွန်းစေရ။ ဥပမာ-အပြေးသန်သူတစ်ယောက်သည် သုံးယူဇနာခရီးကို ခေါက်တုံ့ခေါက်ပြန် ပြေးရာ ၇-ကြိမ်တိုင်အောင် ပြေးပြီးသော်လည်း လမ်းခရီးကြောင်း၌ တွေ့မြင်ရသော အရာတို့ကို ထင်ထင်ရှားရှား မှတ်သားခြင်းငှါ မစွမ်းနိုင်။ ထို့အတူ လျင်မြန်စွာ ပွါးများသော ယောဂီအား ကြိမ်ဖန်များစွာ စီးဖြန်းပြီးသော်လည်း နိမိတ်မထင်နိုင်ရှိတတ်၏။ (န+ အတိ+ သီဃ = လွန်စွာမမြန်လွန်း။) [၁]
မနှေးလွန်းစေရ
[ပြင်ဆင်ရန်](၃) နာတိသဏိကနည်း။ မနှေးလွန်း စေရခြင်း။ ဥပမာ-သုံးယူဇနာခရီးကို တရက်တည်းဖြင့် သွားလိုသော ယောက်ျားသည် လမ်းခရီးအကြား၌ သစ်ပင်တောတောင်တို့၏ အရိပ်ခိုကာ နားနားနေနေသွားရာ ခရီးမဆုံးနိုင်ပဲ တရက်ခရီးကို သုံးလေးရက် သွားရ၏။ ထို့အတူ အလွန်နှေးစွာ ပွါးများသော ယောဂီအား ကမ္မဋ္ဌာန်းမပြီးဆုံးပဲ ရှိတတ်၏။ (န+အတိ+ သဏိက = လွန်စွာမနှေးလွန်း။) [၁]
ပြင်ပအာရုံစိတ်ပျံ့လွင့်မှုကို တားမြစ်ပါ
[ပြင်ဆင်ရန်](၄) ဝိက္ခေပပဋိဗာဟနနည်း။ အာရုံပျံ့ လွှင့်မှုကို တားဆီးခြင်း။ ဥပမာ-အသူတရာ နက်သော ချောက်ကမ်းပါးထိပ်၌ ခရီးသွားသော ယောက်ျားသည် ခြေလှမ်းတိုင်း လှမ်းတိုင်း မိမိခြေဘဝါး ချရမည့် နေရာကို မကြည့်ပဲ ထိုထိုဤဤ ဘေးဘီကို ကြည့်မိသည်ရှိသော် အသူတရာနက်သော ချောက်ထဲသို့ လိမ့်ကျရာ၏။ ထို့အတူ မိမိကမ္မဋ္ဌာန်း အာရုံမှ တခြားသော အပြင်အပအာရုံသို့ စိတ်ပျံ့ လွှင့်ခဲ့သော် ကောဋ္ဌာသစီးဖြန်းမှု ပျက်စီး၍ အလိုရှိအပ်သော ဈာန်မဂ်ဖိုလ် အကျိုးထူးမှ ဆုတ်ယုတ်၏။ ထို့ကြောင့် မိမိစိတ်ကို ကောဋ္ဌာသကမ္မဋ္ဌာန်းအာရုံမှ အခြားတစ်ပါးသို့ မပျံ့ လွင့်အောင် တားမြစ်ရာ၏။ (ဝိက္ခေပ = လွင့်+ပဋိဗာဟန = တားမြစ်။) [၁]
အမည်နာမပညတ်ကို ကျော်လွန်အောင် ကျင့်ပါ
[ပြင်ဆင်ရန်](၅) ပဏ္ဏတ္တိသမတိက္ကမနနည်း။ အမည် နာမပညတ်ကို ကျော်လွန်၍ စက်ဆုပ်ဖွယ် အခြင်းအရာ ထင်မြင်အောင်ပွါးခြင်း။ နှုတ် မတက်ခင် ပဉ္စကဆက္ကတစ်ခုတစ်ခု၌ အသွားအပြန် အနုလုံ ပဋိလုံ အဖန်ဖန်ရွတ်လျက် အစဉ်အတိုင်းတက်၍ ပွါးများအပ်၏။ တစပဉ္စက ကမ္မဋ္ဌာန်းကို အနုလုံ ၅-ရက်၊ ပဋိလုံ ၅-ရက်၊ အနုလုံပဋိလုံ ၅-ရက် ပေါင်း ၁၅-ရက်နှုတ်ဖြင့် ရွတ်ဆို၍ ရှုပွါးဆင်ခြင်ရသည်။
ထို့နောက် ဒုတိယပဉ္စကဖြစ်သော ဝက္ကပဉ္စက ကမ္မဋ္ဌာန်းကို အနုလုံ၅-ရက်၊ ပဋိလုံ ၅-ရက်၊ အနုလုံ ပဋိ-လုံ ၅-ရက်၊ ပေါင်း ၁၅-ရက် နှုတ်ဖြင့် ရွတ်ဆို၍ ရှူပွါးရသည်။
ထို့နောက် ပဌမဖြစ်သော တစပဉ္စကနှင့် ဒုတိယဖြစ်သော ဝက္ကပဉ္စကကို ၂-ခုပေါင်းပြီးလျှင် အနုလုံ-ပဋိလုံ ၁၅-ရက် ထပ်မံ၍ နှုတ်ဖြင့် ရွတ်ဆိုရပွါးရသည်။
ဤ နည်းအတိုင်း ပပ္ဖါသပဉ္စက, မတ္ထလုင်္ဂပဉ္စ, မေဒဆက္က, မုတ္တဆက္ကတို့ကို နှုတ်ဖြင့် ရွတ် ဆိုပွါးများရသည်။ ငါးလခွဲ ရွတ်ဆိုမှသာ ဒွတ္တိံသာကာရ ပြည့်စုံသည် [၂]။
ရှင်သီဝလိ, ရှင်နီတ (သံ၊ဋ္ဌ၊၂၊၂၇၃) ရှင်နိဂြောဓ (ဝိ၊ဋ္ဌ၊၁၊၃၄) ရှင်သံဃရက္ခိတ (ဒီ၊ဋ္ဌ၊၂၊၁၄၉)တို့သည် ဒွတ္တိံသာကာရကမ္မဋ္ဌာန်းစီးဖြန်းကာ ရဟန္တာ ဖြစ်ကြသည်။ ငါးလခွဲခန့်ကြာ၍ လွန်စွာ နှုတ်တက်ရုံမျှမက စိတ်ပျံ့လွင့်ခြင်းလည်း ကင်းလတ်သော် စိတ်ဖြင့်သာလျှင် အစမှအဆုံး အဆုံးမှအစ အပြန်ပြန် အလှန်လှန် ဆင်ခြင်အောက်မေ့အပ်၏။ အဆင်း, သဏ္ဌာန်, အနံ့, ဖြစ်ကြောင်း, တည်ရာဟူသော အခြင်းအရာ ငါးပါးတို့ဖြင့် စက်ဆုပ် ရွံရှာဖွယ်ကို ဉာဏ်ဖြင့် ဆင်ခြင်ပွါးများရာ၏။
ဤသို့ ဉာဏ်ဖြင့် ဆင်ခြင်ပွါးများဖန်များသော ယောဂီသည် ဆံပင်စသော အမည်နာမ ပညတ်ကို စွန့်လွှတ်၍ စက်ဆုပ်ဖွယ်အခြင်းအရာမျှကိုသာ ရှုဆင်ခြင် လေတော့သည်။
ဥပမာကား-ရေရှားသောအခါ တောအုပ်တစ်ခု အတွင်းရှိ ရေတွင်းကို ထန်းရွက်စသည်ဖြင့် ပန်းတုံးတိုင် ထူ၍ အမှတ်အသားပြထား၏။ ထိုအမှတ် အသားဖြင့် ထိုရေတွင်းသို့သွား၍ သောက် သုံးချိုးကြရကုန်၏။ သွားဖန်များ၍ လူလမ်း လှည်းလမ်းဖုံလာသောအခါ ပန်းတုံးတိုင် သုံးမကျတော့ပြီ။ သွားနေကျလမ်းကြောင်း အတိုင်း ဝင်ထွက်သွားလာ ခပ်ယူသုံးစွဲလေ တော့သည်။ ထိုနည်းအတူ ဘာဝနာရင့်သန် လာသောအခါ ဆံပင် အမွေး စသော နာမ ပညတ်ကိုစွန့်လွှတ်၍ ကျော်လွန်၍ စက်ဆုပ် ဖွယ်အခြင်းအရာမျှကိုသာ ရှုဆင်ခြင်တော့၏။ ထိုအခါ ပုဂ္ဂိုလ် သတ္တဝါဟူသော အမှတ် သညာ ကင်းစင်သဖြင့် မြင်မြင်သမျှကို ကောဋ္ဌာသအစုသာ မြင်နေရ၏။ သတ္တဝါတို့ အစာ အာဟာရ စားသောက်မှုကို သစ်ခေါင်း ဝါး လုံးခေါင်းထဲသို့ အမှိုက်သလဲများ ထည့်သွင်း နေသကဲ့သို့ ထင်မြင်၏။ [၁]
မထင်ရှားသော ကောဋ္ဌာသကို စွန့်လွှတ်ထားပါ
[ပြင်ဆင်ရန်](၆) အနုပုဗ္ဗမုဉ္စနနည်း။ အစဉ်အတိုင်း ပွါးများမှုကို စွန့်လွှတ်ခြင်း။ အစဉ်အတိုင်း ရှုဆင်ခြင်နည်းဖြင့် ပွါးများဖန်များသောအခါ အချို့သော ကောဋ္ဌာသသည် ပိုမို ထင်ရှားလာ၍ အချို့မှာ မထင်မရှားဖြစ်လာ၏။ ထိုအခါ မထင်ရာ မထင်ရာ ကောဋ္ဌာသကို စွန့်လွှတ်ဖယ်ထား၍ ဉာဏ်တွင် ထင်ရှားသော ကောဋ္ဌာသကိုသာ ကွက်ကြား ကွက်ကြား ရွေးချယ်၍ ပွါးများရာ၏။ ဤနည်းအားဖြင့် နောက်ဆုံး၌ ကောဋ္ဌာသတစ်ပါးတည်း ကျန်သည်တိုင်အောင် ပြု၍ စက်ဆုပ်ဖွယ်ဟု နှလုံးသွင်းပါးများအပ်၏။ ဥပမာကား-ထန်းပင် ၃၂-ပင်ရှိသော ထန်းတော၌နေသော မျောက်ကို ဖမ်းလိုသောမုဆိုးသည် အစထန်းပင်၏ ထန်းရွက်ကို မြှားဖြင့်ပစ်၍ ဟစ်အော် ချောက်လှန့်ရာ၏။ ထိုအခါ မျောက်သည် ထန်းပင်အစဉ်အတိုင်း ခုန်လွှား၍ အဆုံးအပင်၌ နေလေရာ၏။ မုဆိုးသည် ထိုအဆုံးထန်းပင်သို့သွား၍ ရှေးနည်းအတူ ချောက်ထုတ်ပြန်၏။ မျောက်သည် ရှေးနည်း အတိုင်း အစထန်းပင်သို့သွားရာ၏။ ဤနည်းအားဖြင့် ကြာရှည်လတ်သော် မျောက်သည် မောပန်း၍ မပြေးနိုင်တော့ရကား တစ်ခုသော ထန်းပင်၏ထန်းဖူးကို မြဲစွာကိုင်၍ ဝပ်နေ၏။ မြှားဖြင့်ပစ်ခတ်သော်လည်း ထ၍ မပြေးတော့ချေ။ ထိုနည်းအတူ ၃၂-ကောဋ္ဌာသတွင် တစ်ခုသော ကောဋ္ဌာသ၌သာ ဘာဝနာစိတ် တည်ငြိမ် စူးစိုက်နေတော့၏။ [၁]
ဈာန်ရသည့်တိုင်အောင် ပွားများခြင်း
[ပြင်ဆင်ရန်](၇) အပ္ပနာနည်း။ ဈာန်ရသည်တိုင်အောင် ပွါးများခြင်း။ ထိုသို့အထူးထင်ရှားသော တစ်ခုတည်းသော ကောဋ္ဌာသအာရုံကို အထပ်ထပ် အခါခါ ပွါးများသည်ရှိသော် ယောဂီပုဂ္ဂိုလ်၏ သမာဓိနှင့်ယှဉ်သော စိတ်အစဉ်သည် လွန်စွာဖြူစင် ကြည်လင်တောက်ပသည်ဖြစ်၍ ဝိတက်, ဝိစာရ, ပီတိ, သုခ, ဧကဂ္ဂတာဟူသော ဈာန်အင်္ဂါငါးပါးတို့နှင့် ပြည့်စုံသော အပ္ပနာဈာန်ကိုရ၏။ ကောဋ္ဌာသ ကမ္မဋ္ဌာန်းကို ပွါးများအားထုတ်ရာ၌ ပဌမ ဈာန်ကိုသာ ရနိုင်၏။ ကောဋ္ဌာသတစ်ခု၌ ပဌမဈာန်ရလျှင် ကြွင်းသောကောဋ္ဌာသ သုံးဆဲ့တစ်ပါးတို့၌လည်း လွယ်ကူစွာ ပဌမဈာန်ဝင်စားနိုင်၏။ [၁]
အဓိစိတ္တသုတ္တန္တနည်း
[ပြင်ဆင်ရန်](၈) အဓိစိတ္တသုတ္တန္တနည်း။ အဓိစိတ္တသုတ် (အံ၊၁၊၂၅၈)၌ ဟောတော်မူသော နည်းအရ ပွါးများခြင်း။ သမာဓိ, ဝီရိယ, ဥပေက္ခာတို့ကို သင့်လျော်သောအခါ၌ လှည့်ကျဖြစ်စေရမည်။ သမထဝိပဿနာပါးရာ၌ သမာဓိကို လွန်ကဲစွာဖြစ်စေလျှင် ပျင်းရိ ဆုတ်နစ်မှုဖြစ်၏။ အားထုတ်မှုဝီရိယလွန်ကဲလျှင် ပျံ့လွင့်မှု ဥဒ္ဓစ္စဖြစ်၏။ လျစ်လျူ ဥပေက္ခာလွန်ကဲလျှင် တည်ကြည်မှု သမာဓိ မရပဲ ရှိတတ်၏၊ ထို့ကြောင့် ဝိပဿနာ ပွါးများသူသည် ရံခါ တည်ကြည်မှု သမာဓိကို ဖြစ်စေအပ်၏။ ရံခါ အားထုတ်မှုဝီရိယကို ဖြစ်စေအပ်၏။ ရံခါ လျစ်လျူရှုမှု ဥပေက္ခာကို ဖြစ်စေအပ်၏။ ဥပမာကား–ရွှေကောင်းကို အလိုရှိသော ရွှေပန်းထိမ်သည်သည် ရွှေကို ရံခါ မိုက်ခွက်၌ ထည့်၍ ဖိုဝ၌ မီးပြင်းတိုက်၏။ ရံခါ ရေဖျန်းပေး၏။ ရံခါ လျစ်လျူရှုကာ အသာနေ၏။ ဖိုဝ၌ အမြဲတမ်း ပြင်းတိုက်နေလျှင် ရွှေကို မီးလောင်ကျွမ်းရာ၏။ အမြဲမပြတ် ရေဆွတ်ဖျန်းနေလျှင် အေး၍ မာဆတ်လေရာ၏။ အမြဲတမ်းလျစ်လျူရှုကာ အသာနေလျှင် ရွှေရည်မတက် မရင့်ကျက်ပဲ ရှိလေရာ၏။ ထို့ကြောင့် လိမ္မာသော ရွှေပန်းထိမ်သည်သည် ဖိုဝ၌ မီးပြင်းမှုတ်ခြင်း, ရေဆွတ်ဖျန်းခြင်း, လျစ်လျူရှုကာ အသာထားခြင်းတို့ကို အလှည့်ကျ သင့်လျော်အောင် ပြုလုပ်ပေးရမည်။ ထိုအခါ ရွှေရည် တက်ကာ ပြောင်လက်တောက်ပ၍ မိမိတို့လိုရာ ပုတီး လက်ကောက် နားဋောင်း စသော လက်ဝတ်တန်းဆာ ရတနာများ ပြုလုပ်ဝတ် ဆင်ရခြင်းအကျိုးကို ခံစားရ၏။ ထိုနည်းအတူ သမာဓိ, ဝီရိယ, ဥပေက္ခာတို့ကို အလှည့်ကျ လျော်အောင်ဖြစ်စေသော ယောဂီပုဂ္ဂိုလ်၏ ဝိပဿနာစိတ်သည် ဈာန်အဘိညာဉ် သမာပတ် မဂ်, ဖိုလ်တရားထူးကို မျက်မှောက် ပြုနိုင်၏။ [၁]
သီတိဘာဝသုတ္တန္တနည်း
[ပြင်ဆင်ရန်](၉) သီတိဘာဝသုတ္တန္တနည်း။ သီတိဘာဝသုတ် (အံ၊၂၊၃၇၉)၌ ဟောတော်မူ အပ်သောနည်းဖြင့် ပွါးများခြင်း။
(က) ပျံ့ လွင့်သော စိတ်ကို နှိပ်ခြင်း၊
(ခ) တွန့်တို ဆုတ်နစ်သောစိတ် ပျင်းရှိသောစိတ်ကို ဆော်ချီးပင့်ခြင်း၊
(ဂ) ဘာဝနာစိတ်ကို ရွှင်လန်း ထက်မြက်စေခြင်း၊
(ဃ) ဘာဝနာလမ်း အတိုင်း ဖြောင့်တန်းစွာ သွားနေသောစိတ်ကို လုံ့လမပြုပဲ လျစ်လျူရှုထားခြင်း၊
(င) မြတ်သော မဂ်ဖိုလ်တရားသို့ စိတ်ညွှတ်ကိုင်း စေခြင်း။
(စ) နိဗ္ဗာန်၌ မွေ့လျော်ခြင်း။ ဤ အင်္ဂါခြောက်ပါးနှင့်အညီ အားထုတ်သော ယောဂီပုဂ္ဂိုလ်သည် မကြာမြင့်မီ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်၏။ (သီတိ = ငြိမ်းအေးမှု။ ဘာဝ = ဖြစ်ကြောင်း။ သီတိဘာဝ = ငြိမ်းအေးမှုဖြစ်ကြောင်း၊ နိဗ္ဗာန်ရောက်ကြောင်း။) [၁]
ဗောဇ္ဈင်္ဂကောသလ္လသုတ္တန္တိနည်း
[ပြင်ဆင်ရန်](၁၀) ဗောဇ္ဈင်္ဂကောသလ္လသုတ္တန္တိနည်း။ (ဆဋ္ဌမူ၌ အဂ္ဂသုတ်ဟု ခေါ်သည်)။ ဗောဇ္ဈင်္ဂကောသလ္လသုတ် (သံ၊၃၊၉၉)၌ ဟောတော်မူသောနည်းအရ ပွါးခြင်း။ အနည်းငယ် မီးကို မီးပုံကြီးအဖြစ် တောက်စေခြင်းငှါ ခြောက်သွေ့သောမြက်, သစ်ရွက်, နွားချေး ထင်းတို့ကိုထည့်၍ ပါးစပ်ဖြင့် မှုတ်ပေးလျှင် မီးထတောက်သကဲ့သို့ ဝိပဿနာစိတ်သည်တွန့်တို ဆုတ်နစ် ပျင်းရိသောအခါ၌ ပညာ ပီတိ ဝီရိယ ဟူသော ဗောဇ္ဈင်သုံးပါးကိုပါး၍ ဝိပဿနာ စိတ်ကို ထက်သန်ထကြွစေရာ၏။ မီးပုံကြီးကို ငြိမ်းစေခြင်းငှါ စိုသော မြက် သစ်ရွက် နွား ချေး ထင်းတို့ကို ထည့်၍ မြေမှုန့်ဖြင့် ဖြူးလျှင် ထိုမီးပုံကြီးသည် ငြိမ်းအေးသကဲ့သို့ဝိပဿနာ စိတ်သည် ပျံ့လွင့်သောအခါ ပဿဒ္ဓိ သမာဓိ ဥပေက္ခာဟူသော ဗောဇ္ဈင်သုံးပါးကို ပွါး၍ ထိုပျံ့လွင့်သောစိတ်ကို ငြိမ်းအေးစေရာ၏။ [၁]
ဤသုံးသုတ်လုံး၏ အဓိပ္ပါယ်အကျဉ်းချုပ်ကား
[ပြင်ဆင်ရန်]ကောင်းမြတ်သော အကြံဖြင့် နိဗ္ဗာန်ကို လွန်စွာလိုလားသော အမျိုးသားသည် သင်္ခါရတရားတို့၌ ငြီးငွေ့လျက် စိတ်၏ဖြစ်ဟန် အခြင်းအရာကို အခါမပြတ် ရှုမှတ်ဆင်ခြင်၍ ပန်းထိမ်သည်နှင့် မီးမွှေးယောကျ်ားတို့ကို ဥပမာပြုလျက် ဝိပဿနာစိတ် တွန့်တိုလျှင် မြှောက်ပင့်ရာ၏။ ပျံ့လွင့်လျင်နှိပ်ရာ၏။ ကမ္မဋ္ဌာန်းသို့ ဖြောင့်တန်းထင်မြင်စွာ မသက်မဝင်လျှင် ဇာတိဒုက္ခစသည်ကို ဆင်ခြင်၍ စိတ်ကို ရွှင်လန်းတက်ကြွစေရာ၏။ ကမ္မဋ္ဌာန်းအာရုံသို့ ဖြောင့်တန်းစွာ သက်ဝင်နေလျှင် လျစ်လျူ ရှုနေရာ၏။ သဒ္ဓါနှင့်ပညာ, ဝီရိယနှင့်သမာဓိကို စောင်းကြိုးညှိသည့်ပမာ ညီမျှစေလျက် သတိတရားကိုမူကား အခါခပ်သိမ်း လွန်စွာ ထက်မြက်စေ၍ ပွါးများ အားထုတ်ရမည်ဟု ဆိုလိုသည် [၃] [၁]
ကိုးကား
[ပြင်ဆင်ရန်]- ↑ ၁.၀၀ ၁.၀၁ ၁.၀၂ ၁.၀၃ ၁.၀၄ ၁.၀၅ ၁.၀၆ ၁.၀၇ ၁.၀၈ ၁.၀၉ ၁.၁၀ ၁.၁၁ တိပိဋကအဘိဓာန် အတွဲ-၆
- ↑ (မူလဋီကာ၊ နှာ-၁၅၁)
- ↑ (အဘိ၊ဋ္ဌ၊၂၊၂၁၆-၂၂၁။ ဝိသုဒ္ဓိ၊၁၊၂၃၆-၂၄၀)။ ဧကဿ ရညော ရဇ္ဇေ ဧကေကော ကောဋ္ဌာသော။ ဝိ၊ဋ္ဌ၊၂၊၁၆၀။ (ဒီ၊ဋ္ဌ၊၂၊၉၀၊ ၃၁၆။ ဒီ၊ဋ္ဌ၊၃၊၂၇၊ ၁၇၉။ မ၊ဋ္ဌ၊၂၊၁၆၃။ မ၊ဋ္ဌ၊၃၊၂၃၄၊ ၂၉၂။ အံ၊ဋ္ဌ၊၁၊၅၅။ အံ၊ဋ္ဌ၊၃၊၃၅၂။) ဧကေကော ကောဋ္ဌာသောတိ ဧကေကော ဘာဂေါ။ သာရတ္ထ၊၂၊၃၄၂။ ကောဋ္ဌာသတိ စ အံသာ၊ အဝယဝါတိ အတ္ထော။ မ၊ဋီ၊၂၊၁၉၄။ (–ဝိမတိ၊၁၊၄၈။ ဒီ၊ဋီ၊၂၊၁၀၀၊ ၂၆၃။ ဒီ၊ဋီ၊၃၊၂၂၊ ၂၀၁။ မ၊ဋီ၊၃၊၁၅၆၊ ၁၉၅။ အံ၊ဋီ၊၁၊၁၁၀။ အံ၊ဋီ၊၃၊၃၆၅။)