ကြယ်ဖိုးကြီးနယ်

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

ကြယ်ဖိုးကြီးနယ်မှာ ကယားပြည်နယ်‌အနောက်ပိုင်းတွင် ပါဝင်သောနယ်တစ်နယ် ဖြစ်သည်။ မြောက်ဖက်တွင် ဘောလခဲ မြောက်ပိုင်းနယ်နှင့် မိုးဗြဲနယ်၊ အရှေ့ဖက်တွင် ကန္ဒရဝတီနယ်၊ တောင်ဖက်တွင် ဘောလခဲတောင်ပိုင်းနယ်နှင့် တောင်ငူခရိုင်၊ အနောက်ဖက်တွင် တောင်ငူခရိုင်တို့ ရှိသည်။ အကျယ် အဝန်းမှာ စတုရန်းမိုင်ပေါင်း ၇ဝဝ ခန့် ဖြစ်လေသည်။ ပွန်ချောင်း၏ လက်တက်ဖြစ်သော လျဒုချောင်းမှာ အရှေ့ ဖက်နယ်နိမိတ်ဖြစ်၍ ပွန်ချောင်း၏ အခြားလက်တက်တစ်ခု ဖြစ်သော ကျောက်ကြီးချောင်းခေါ် ထူးချောင်းမှာ တောင်ဖက် နယ်နိမိတ် ဖြစ်၏။ အခြားလက်တက်တစ်ခု ဖြစ်သော နန်းဖဲ ချောင်းသည် ဤနယ်ကို ဖြတ်သန်းစီးဆင်း၏။ အနောက်ဖက် တွင် တောတောင် ပိုမိုထူထပ်၍ အရှေ့ဖက်ပိုင်းတွင် မြေပြန့် အနည်းငယ် ရှိသည်။ ထိုမြေပြန့်ကို ဖြတ်၍ ဘောလခဲမှ မြောက်ဘက်နောင်ပုလဲ၊ လွယ်ကော်အထိ လမ်းဖောက်ထား သည်။

၁၉၅၁ ခုနှစ်တွင် ကြယ်ဖိုးကြီးနယ်၏ လူဦးရေမှာ ၁၄၅ဝဝ ဟု ခန့်မှန်းရလေသည်။ ယခုအခါ လူဦးရေတိုးတက် ပိုမိုလိမ့်မည်ဟု ထင်မှတ်ရသည်။ နေထိုင်သော လူမျိုးများမှာ ကယား၊ ဘရက်နှင့် မနုမနောတို့ ဖြစ်၍ ခရစ်ယာန်နှင့် နတ်ကိုးကွယ်သူတို့ ပေါများကြ၏။

ကြယ်ဖိုးကြီးနယ်တွင် တိုက်နယ် ၆ ခု၊ ကျေးရွာ ၁၂၄ ရွာ ပါဝင်၍ အိမ်ခြေ ၃၆၁၄ အိမ် ရှိသည်။ ကြယ်ဖိုးကြီးနယ် ကို စတင်တည်ထောင်သောမင်းမှာ ဂေးဖိုးဒူးမင်း ဖြစ်သည်။ ဂေးဖိုးဒူးအမည်မှာ ကယားဘာသာစကားဖြစ်၍ ပြည်နယ်အပွင့်ကြီးဟု အဓိပ္ပာယ်ရသည်။ ထိုဂေးဖိုးဒူးမင်းကို အစွဲပြု၍ ကြယ်ဖိုးကြီး ဖြစ်လာသည်။ ရှေးအခါက ကြယ်ဖိုးကြီးနယ်၏ မြို့တော်မှာ ဘောလခဲမှ နောင်ပုလဲနယ်သို့သွားသော ခရီးလမ်း ထက်ဝက်လောက်တွင်ရှိသော ကြယ်ဖိုးကြီးမြို့ ဖြစ်ခဲ့သော်လည်း မင်းခြောက်ဆက်မြောက်ဖြစ်သော ခွန်ဆူးလက်ထက်ကစ၍ ဖရူးဆိုးမြို့သည် မြို့တော် ဖြစ်လာသည်။ ဖရူးဆိုးမြို့သည် မော်ချီးလွိုင်ကော်‌လမ်းမကြီးပေါ်တွင် တည်ရှိလေသည်။

ကြယ်ဖိုးကြီးနယ်မှ မင်းများသည် မြန်မာသက္ကရာဇ် ၁၂၁၄ ခုနှစ်နောက်ပိုင်းတွင် မြန်မာမင်းများနှင့်၎င်း၊ အင်္ဂလိပ်အစိုးရနှင့် ၎င်း မဟာမိတ်ဖွဲ့ကြသည်။ ပြည်ထောင်စုမြန်မာနိုင်ငံ လွတ်လပ် ရေး ရသောအခါ ကြယ်ဖိုးကြီးနယ်ကို အုပ်ချုပ်ရသော ယာယီ မြို့စားမှာ စောရွှေဖြစ်၏။ သို့ရာတွင် ကယားပြည်နယ်နှင့် ပြည်ထောင်စု မြန်မာနိုင်ငံတော်ကို သစ္စာဖောက်ဖျက်၍ ပုန်ကန် သဖြင့် စောရွှေကို တိုက်ထုတ်မောင်းနှင်ပြီးနောက် ၁၉၅ဝ ပြည့် နှစ်တွင် ကြယ်ဖိုးကြီးနယ် လူထု၏ဆန္ဒအရ ကယားအမျိုးသား ဖြစ်သော ဦးချစ်ပန်အား ကြယ်ဖိုးကြီးနယ်အုပ်အဖြစ်တင်မြှောက် ကြသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာစွယ်စုံကျမ်း၊ အတွဲ(၂)