မော်ချီးမြို့

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

မော်ချီမြို့[ပြင်ဆင်ရန်]

မော်ချီမြို့သည် ကယားပြည်နယ် ဘောလခဲနယ်၏ တောင်ဘက်စွန်းတွင် တည်ရှိ၏။ ကမ္ဘာတွင် ထင်ရှားသော သတ္တုတွင်းကို အမှီပြုကာ စည်ပင်လာသောသတ္တုတွင်းမြို့ ဖြစ်ရကား မော်ချီမြို့ဆိုသည်ထက် မော်ချီမိုင်းဟူ၍ ပိုမို လူသိများသည်။ မော်ချီမိုင်းကုမ္ပဏီ စတင်ဖွင့်လှစ်သည့် အချိန်မှစ၍ ဒုတိယကမ္ဘာစစ်ကြီး ဖြစ်ပွားသည့် အချိန်တိုင်အောင် မော်ချီမိုင်းဒေသတွင်ဘောလခဲမြို့စားကြီး၏ နယ်ရုံးနှင့် နယ်ဖက်ဆိုင်ရာ ပုလိပ်ဌာနများ ထားရှိကာ မော်ချီမိုင်း ကုမ္ပဏီအာဏာပိုင်များကပါ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး အာဏာတို့ကို ဘောလခဲမြို့စားထံမှ ရယူ၍ တွဲဖက် အုပ်ချုပ်ခဲ့သည်။ ပြည်ထောင်စု မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိပြီးနောက် မော်ချီဒေသလုံခြုံရေးကို တပ်မတော်၊ ပြည်ထောင်စု စစ်ရဲနှင့် ကယားရဲအဖွဲ့တို့က တာဝန်ယူ ထိန်းသိမ်းလျက်ရှိ၍ ကုမ္ပဏီလုပ်ငန်းမှအပ၊ အရပ်ရပ်စီရင်အုပ်ချုပ်မှုများကို ကယား ပြည်နယ်အစိုးက စီမံ ဆောင်ရွက်လျက်ရှိပေရာ ယခုအခါ နယ်ပိုင်နှင့် ငွေတိုက်ဝန်ထောက်၊ မြို့အုပ်တို့က ရုံးစိုက်အုပ်ချုပ် လေသည်။

မော်ချီမိုင်းသည် လွိုင်ကော်မြို့၏ တောင်ဘက် ၉၃ မိုင် အကွာ ပင်လယ်ရေမျက်နှာပြင်ထက် ပေ ၄,ဝဝဝ ကျော်မြင့်သော အရပ်တွင် တည်ရှိ၍၊ ခဲမဖြူ၊ အဖြိုက်နက်၊ ခနောက်စိမ်း စသော အဖိုးတန် သတ္တုများထွက်သည်။ မော်ချီမိုင်းတွင် အမှတ် ၁၅ တောင်ပေါ်ရွာနှင့် တောင်အောက်ရွာဟူ၍ ၂ ဌာန ရှိသည်။

တောင်ပေါ်ရွာမှာ အမြင့်ပေ ၄,ဝဝဝ ကျော်တွင်ရှိ၍ သတ္တုတွင်းစခန်းဖြစ်သည်။ ယင်းစခန်းတွင် မော်ချီမိုင်းကို အုပ်ချုပ်သော အထွေထွေ မန်နေဂျာနှင့် မိုင်းကက်ပတိန်တို့ ရုံးစိုက်၍ ထိုတောင်များအောက်တွင် သတ္တုများကို တူးဖော် ကြသည်။ ထိုဒေသတွင် လျှပ်စစ်ဓာတ်အားပေးသော စက်ရုံစခန်း ဖြစ်၏။ ထိုဒေသတွင် လျှပ်စစ်ဓာတ်အားပေးသော စက်ရုံများ၊ သတ္တုခဲများကို အမှုန့်ဖြစ်စေ၍ ဆန်ခါတင်သောစက်ရုံများ၊ ခဲလှော်ရုံများ၊ ဓာတ်ခွဲရုံများရှိပြီးလျှင် အင်ဂျင်နီယာချုပ်နှင့် စက်ရုံအုပ်ချုပ်ရေးမှူးများ ရုံးစိုက်ကြသည်။ တောင်ပေါ် သတ္တုတွင်း စခန်းနှင့် တောင်အောက်စက်ရုံများစခန်းကို တောင်နံရံကို ကွေ့ပတ်ကာ ဖောက်လုပ်ထားသော ၃ မိုင်မျှ ရှည်လျားသည့် ကတ္တရာစေး မော်တော်ကားလမ်းဖြင့် ဆက်သွယ်ထားသည်။ ထိုပြင် တောင်ပေါ်သတ္တုတွင်းမှ တူးဖော်ရရှိသည့် သတ္တုရိုင်းများကို ကောင်းကင်ကြိုးရထားဖြင့် သယ်ယူ၍ တောင်အောက်စက်ရုံသို့ ပေးပို့သည်။ စာချုပ်အရ မော်ချီမိုင်းဒေသ၏ အကျယ်အဝန်းသည် ဧက ၄ဝဝ ဖြစ်သည်။

ယခု မော်ချီဒေသ တစ်ဝိုက်တွင် ရှေးအခါက တိုင်းရင်းသား များသည် သတ္တုများကို တူးဖော်၍ ကျိုချက်ကာ အတုံးအခဲ အချောင်းများပြုလုပ်၍ ရွာသစ်၊ ဖာထောင်း အစရှိသော ပတ်ဝန်းကျင် မြို့ရွာများနှင့် ယိုးဒယားနယ်များသို့ တင်ပို့ ရောင်းချခဲ့၏။ မော်ချီမိုင်းကို ၁၉ဝ၉ ခုနှစ်တွင် စံနစ်တစ်ကျ စတင် တူးဖော်ခဲ့လေသည်။

၁၉ဝ၄ ခုနှစ်တွင် ဥရောပတိုက်သား တစ်ဦးဖြစ်သူ မစ္စတာ အိုရီလီသည် မော်ချီဒေသသို့ ရောက်ရှိလာပြီးလျှင် သတ္တုကြော များကို ဦးစွာ တွေ့ရှိလေသည်။ ထိုပုဂ္ဂိုလ်မတွေ့ရှိချက်ကို အကြောင်းပြု၍ မကြာမီ သတ္တုတွင်းဆိုင်ရာ ဥရောပတိုက်သား ပါရဂူများသည် မော်ချီသို့ ရောက်ရှိလာ၍ သတ္တုကြောများကို စစ်ဆေးကြည့်ရှုပြီးလျှင် စမ်းသပ်တူးဖော်ကြသည်။ ထိုအခါ များစွာသော သတ္တုရိုင်းများကို စမ်းသပ်တွေ့ရှိသဖြင့် ၁၉ဝ၉ ခုနှစ်တွင် အင်္ဂလန်ပြည်၌ မော်ချီ မိုင်းလီမိတက်အမည်ဖြင့် ကုမ္ပဏီဖွဲ့စည်း တည်ထောင်ကာ ဘောလခဲနယ်ရှင်စော်ဘွားကြီး၏ ဘိုးတော် ဖတန်မင်းလက်ထက်တွင် နှစ်ပေါင်း ၃ဝ လုပ်ကိုင်ရန် စာချုပ်ချုပ်ဆို၍ သတ္တုများကို စတင်တူးဖော်လုပ်ကိုင်ကြသည်။

စာချုပ်စတင်ချုပ်ဆိုသည့်အရပ်မှာ မော်ချီမိုင်းအပေါ်ရွာ၊ ဘွဲ့စီးခီး ရွာတွင်ဖြစ်၍ စာချုပ်ချုပ်ဆိုသည့် အခမ်းအနားတွင် အထိမ်း အမှတ်အဖြစ် ညောင်ပင်တစ်ပင် စိုက်ပျိုးကြသည်။ ထိုညောင် ပင်ကို အစွဲပြု၍ ဘွဲ့စီးခီးရွာကို ညောင်ပင်စခန်းဟူ၍ ပြောင်းလဲခေါ်ဆိုခဲ့ပေသည်။

ထိုသို့သတ္တုများ စတင်တူးဖော်ရန် လိုအပ်သော စက်ကိရိယာပစ္စည်းများကို မော်လမြိုင်မြို့မှ သံလွင်မြစ်ကြောင်း အတိုင်းလှေများဖြင့် ဆန်တက်၍ ခဲမဖြူမြို့သို့ ပို့ရ၏။ ခဲမဖြူမှ တစ်ဖန် တောတောင်များကို ကျော်ဖြတ်၍ ဆင်၊ နွား၊ လား၊ ဝန်တင်များဖြင့်လည်းကောင်း၊ လူအထမ်းသမားများဖြင့် လည်းကောင်း ၁၆ မိုင် ကွာဝေးသော မော်ချီမိုင်းသို့ ခက်ခဲစွာ ပို့ဆောင်ရပေသည်။ အချို့ အသေးအဖွဲ့ ပစ္စည်းများနှင့် ချောစာ များကိုမူ တောင်ငူဖက်မှ နွားဝန်တင်များဖြင့် သယ်ယူခဲ့ရသည်။

၁၉၁၄ ခုနှစ် ပထမကမ္ဘာစစ်ကြီး စတင်ဖြစ်ပွားသည့် အချိန်တွင် သတ္တုဈေးများ ကောင်းလာသည့်အလျောက် ရှိသမျှ လူအင်အားစက်အင်အားဖြင့် တူးဖော် လုပ်ကိုင်ခဲ့ရာ တစ်လလျှင် တန်ချိန် ၂ဝ မှ ၅ဝ အထိ ရရှိခဲ့သည် ပထမ ကမ္ဘာစစ်ကြီး ပြီးဆုံးသည့်နောက် ၁၉၁၉ ခုနှစ်တွင် သတ္တုဈေးများ ၄ဝ ရာခိုင်နှုန်းအထိ ကျဆင်းသွားသဖြင့် သတ္တုလုပ်ငန်းကို ပိတ်ထား ခဲ့ရလေသည်။

မော်ချီမိုင်းကုမ္ပဏီသည် သတ္တုတွင်း စတင်တူးဖော်သည့် အချိန်ကစ၍ ကယားပြည်နယ်တိုင်းရင်းသားများကို အလုပ်မပေး ဘဲ၊ ယူနန်နယ်မှ ရှမ်းတရုတ်များကို ခေါ်ယူကာ သတ္တုတွင်းတူး အလုပ်ကြမ်းသမားအဖြစ် အသုံးပြုခဲ့၏။ ၁၉၂၄ ခုနှစ်တွင် သတ္တု တွင်းလုပ်ငန်း ပြန်လည်ဖွင့်လှစ်၍ လုပ်ကိုင်သည့် အခါတွင်လည်း စက်ရုံများကို တိုးချဲ့၍ နီပေါပြည်မှ ဂေါ်ရခါး အမျိုးသား အလုပ် သမားများကို စုဆောင်းခေါ်ယူကာ၊ သတ္တုများ ဆက်လက် တူးဖော်ခဲ့သည်။

သယ်ယူပို့ဆောင်ရေးလွယ်ကူစေရန် ၁၉၃၂ ခုနှစ်တွင် ခက်ခဲကြန့်ကြာလှသော မော်လမြိုင် - ခဲမဖြူ - သံလွင် မြစ်ကြောင်း ခရီးကို အသုံးမပြုတော့ဘဲ၊ ရန်ကုန်မှ ရှမ်းပြည်နယ် ရွှေညောင်သို့ မီးရထားဖြင့်လည်းကောင်း၊ ရွှေညောင်၊ တောင်ကြီး မှ လွိုင်ကော်ကို ဖြတ်၍ မော်ချီသို့ မိုင် ၂ဝဝ ခန့် ကွာဝေးသော မော်တော်ကားလမ်းခရီးကို အသုံးပြု၍ လည်းကောင်း လမ်းစဉ် ပြောင်းကာ သယ်ယူပို့ဆောင်ရေးနည်းသစ် ထွင်ခဲ့၏။ ထိုသို့ နည်းသစ်ထွင်ခဲ့၍ သယ်ယူပို့ဆောင်ရေး လွယ်ကူကောင်းမွန် လာပေရာ၊ ခေတ်မှီစက်ကရိယာများမှာယူ တိုးချဲ့ဆောက်လုပ်ခြင်း၊ သတ္တုလပ်ငန်းတွင်ကျယ်စွာ ဆောင်ရွက်ခြင်းတို့ကြောင့် မော်ချီမိုင်းကုမ္ပဏီသည် များစွာတိုးတက်ကြီးပွားလာခဲ့ပေသည်။

မော်ချီမိုင်းကုမ္ပဏီသည် တိုးတက်ကြီးပွားလာသည့်အလျောက် သယ်ယူပို့ဆောင်ရေးတွင် စရိတ်အကျဉ်းဆုံးနှင့် အမြန်ဆုံး ဖြစ်စေရန်အတွက် ၁၉၃၅ ခုနှစ်တွင် ၉၇ မိုင်မျှ ရှည်လျားသော တောင်ငူ - မော်ချီ မော်တော်ကားလမ်းကို ကုမ္ပဏီကပင် ငွေကုန်ကြေးကျခံ၍ ဖောက်လုပ်ခဲ့ရာ ၁၉၄၇ ခုနှစ်လယ် လောက်တွင် ပြီးစီးသဖြင့် လမ်းကိုအသုံးပြုနိုင်ခဲ့သည်။

ထိုအချိန်တွင် ကုမ္ပဏီသည် ထိပ်ဆုံးရောက်အောင် တိုးတက် ကြီးပွားလျက် ရှိသည့်အလျောက် ခေတ်မှီဆုံး စက်ပစ္စည်းများ၊ စက်ရုံများနှင့် အလုပ်သမား ၆,ဝဝဝ ကျော် ၇,ဝဝဝ ကျော်ခန့် အင်အားဖြင့် နေ့ရောညပါ ၂၄ နာရီ ပတ်လုံးလုပ်ကိုင်ခဲ့ရာ တစ်လလျှင် သတ္တုတန်ချိန် ၅ဝဝ မျှ တူးဖော်ထုတ်လုပ် နိုင်ခဲ့သည်။

ပထမအနှစ် ၃ဝ စာချုပ်ရက်ကုန်ဆုံးသည့်အတွက် ၁၉၃၉ ခုနှစ်ဧပြီလ ၃ ရက်နေ့တွင် မော်ချီမိုင်းကုမ္ပဏီသည် ဘောလခဲမြို့ စားကြီး စပ်ခွန်ငယ်လက်ထက်၌ တစ်ဖန် မြေဧရိယာစတုရန်း ၁ဝ မိုင်အတွင်း ၁၉၇ဝ ပြည့်နှစ် ဒီဇင်ဘာလ ၃ ရက်နေ့အထိနောက် ထပ်နှစ်ပေါင်း ၃၂ နှစ်မျှ သတ္တု ဆက်လက်တူးဖော်ခွင့် စာချုပ် သစ်ကို နှစ်ဦးသဘောတူ ချုပ်ဆိုခဲ့သည်။ အမှန်အားဖြင့် ဤသို့စာချုပ်သစ် ချုပ်ဆိုရာ၌တွင် မြေရှင်ဖြစ်သူ ဘောလခဲ မြို့စားကြီးနှင့် မြေငှားဖြစ်သူ မော်ချီမိုင်းကုမ္ပဏီတို့ ၂ ဦး ၂ ဖက်ချုပ်ဆိုရုံမက မြန်မာနိုင်ငံ ဘုရင်ခံမင်းကြီးကိုပါ၊ အရေး ကြီးလျှင် လိုအပ်သလိုထိန်းသိမ်းအုပ်ချုပ်ရန် ပါဝင်သဖြင့် ၃ ဦး ၃ ဖက် သဘောတူချုပ်ဆိုရလေသည်။

၁၉၄၁ ခုနှစ် ဒုတိယကမ္ဘာစစ်ကြီးဖြစ်၍ အင်္ဂလိပ်မှာ ဆုတ်ခွာပြီးနောက် ဂျပန်များ ဝင်ရောက်လာသောအခါ ကိုဗာယာရှီသတ္တုတူးဖော်ရေး ဂျပန်ကုမ္မဏီက မော်ချီသတ္တု လုပ်ငန်းကို ဝင်ရောက်လုပ်ကိုင်၍ ဆက်လက် တူးဖော်ရာ ဂျပန်များပြန်လည်ဆုတ်ခွာပြေးရသည့် ၁၉၄၅ ခုနှစ်အထိ ၃ နှစ်အတွင်း သတ္တုတန်ချိန် ၅,ဝဝဝ ကျော်မျှ ထုတ်ယူ ရရှိမည်ဟု ခန့်မှန်းရပေသည်။

၁၉၄၆ ခုနှစ် ဒုတိယကမ္ဘာစစ်ကြီးအပြီးတွင် မော်ချီမိုင်း ကုမ္ပဏီအုပ်ချုပ်သူများ ပြန်လည် ရောက်ရှိလာပြီးလျှင် ပျက်စီး ချွတ်ယွင်းသွားသော စက်မျာကို ပြန်လည်ပြင်ဆင်လျက် ဆက်လက်တူးဖော်နေဆဲတွင် ၁၉၄၈ ခုနှစ်၌ ကေအင်ဒီအို ကရင်သူပုန်များ ထကြွ သောင်းကျန်းကြသဖြင့် သတ္တုတွင်း လုပ်ငန်းကို ၁၉၅၃ ခုနှစ် နိုဝင်ဘာလ၌ အစိုးရတပ်များက မော်ချီမိုင်းကို ပြန်လည် သိမ်းပိုက်သည့်အချိန်အထိ ၅ နှစ်ကြာမျှ ပိတ်ထားခဲ့ရပြန်သည်။ ထိုအတောအတွင်း ကေအင်ဒီအို သောင်းကျန်းသူများသည် မော်ချီသတ္တုတွင်းမှ သတ္တုတန်ချိန် ၁ယဝဝဝ ကျော်ခန့်ကို ခိုးယူတူးဖော်၍ ယိုးဒယားနယ်ဖက်သို့ ခိုးထုတ် ရောင်းချခဲ့သည်ဟု ဆိုလေသည်။

၁၉၅၇ ခုနှစ်တွင် မော်ချီမိုင်း ကုမ္ပဏီလီမီတက်သည် မြန်မာနိုင်ငံတော် အစိုးရနှင့် ဖက်စပ်လုပ်ငန်းအဖြစ် အသစ် ပြန်လည် စာချုပ်ကြပြန်၏။ မော်ချီမိုင်း ကုမ္ပဏီ (၁၉၅၇) ဟူ၍ တွင်၏။ ထိုစဉ်က ရပိုင်ခွင့်ကို ရွှေဒင်္ဂါးပေါင် ၁၅၅,ဝဝဝ၊ မြန်မာငွေ ၂၃ သိန်းခန့်ဟု တန်ဖိုးဖြတ်၏။ ၂ နှစ်ခွဲမျှ လုပ်ငန်းကို ပြန်လည်လုပ်ကိုင်ခဲ့သော်လည်း အရှုံးသာလျှင် ပေါ်၏။ ၁၉၆ဝ ပြည့်နှစ်လည်လောက်တွင် ၂၇ သိန်းမျှ ရှုံးနေ၏။ ဤသို့ဖြစ်ရသည်မှာ မော်ချီမိုင်း တစ်ဝိုက်တွင် သောင်းကျန်းသူများ နှောင့်ယှက်တိုက်ခိုက်သည်က တစ်ကြောင်း၊ အဖြိုက်ရိုင်း ဈေးကသည်ကတစ်ကြောင်း၊ ကုမ္ပဏီစရိတ် ကြီးလေးသောကြောင့်တစ်ကြောင်း ဖြစ်ရလေသည်၊ ထိုကြောင့် ဗိုလ်ချုပ်နေဝင်းအစိုးရ တက်လာသောအခါ မိုင်းကို ရောင်းချ မည်ဟု ကြော်ငြာခဲ့၏။ ယင်းအခိုက် လုပ်သား ၁ဝဝ ကျော်နှင့် ဆက်လက် လုပ်ကိုင်နေရာ သတ္တုအသင့်အတင့် ထွက်ခဲ့ လေသည်။

မော်ချီဟု အမည်တွင်ရခြင်းမှာ ခဲမဖြူချောင်း စတင် စီးဆင်းရာတွင် ရှိသဖြင့် ကယားဘာသာအရ ခေါ်ခြင်းဖြစ်၍ မြန်မာဘာသာဖြင့် ချောင်းဖျားရွာဟု အဓိပ္ပာယ်ရ၏။ မော်ချီတွင် ခဲမဖြူနှင့် အဖြိုက်အနက်အများအပြားထွက်သည်ကို အကြောင်း ပြု၍ ခဲတောင်ဟူ၍လည်း ခေါ်ကြသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)