ဘောလခဲနယ်

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

ဘောလခဲနယ်[ပြင်ဆင်ရန်]

ကယားပြည်နယ်၏ အနောက်ဘက် ဒေသဖြစ်၍ တောင်ပိုင်းဘောလခဲနှင့် မြောက်ပိုင်း ဘောလခဲဟူ၍ နယ် ၂ နယ်ရှိသည်။ ထိုနယ် ၂ နယ်သည် ဆက်စပ်လျက်မရှိဘဲ ကြယ်ဖိုးကြီးနယ်က ကြားခံလျှက်၊ မြောက်ဘက် တွင် တစ်နယ်၊ တောင်ဘက်တွင် တစ်နယ်အဖြစ် တည်ရှိနေ ကြသည်။ တောင်ပိုင်း ဘောလခဲ နယ်သည် မူလဘောလခဲနယ် ဖြစ်၍၊ မြောက်ပိုင်းနယ်သည် နောက်မှ ပူးပေါင်းပါဝင်ခဲ့ခြင်း ဖြစ်လေသည်။

တောင်ပိုင်း ဘောလခဲနယ်၏ အရှေ့ဘက်နှင့် တောင်ဘက်တွင် ကန္တရဝတီနယ်ရှိ၍ မြောက်ဘက်နှင့် အနောက်ဘက်တွင် ကြယ်ဖိုးကြီးနယ်ရှိသည်။ မြောက်ပိုင်း ဘောလခဲနယ်၏ အရှေ့ဘက်တွင် ကန္တာရဝတီနယ်၊ တောင်ဘက်တွင် ကြယ်ဖိုးကြီးနယ်နှင့် မြောက်ဘက်နှင့် အနောက်ဘက်တွင် မိုးဗြဲနယ်ရှိလေသည်။

တောင်ပိုင်းနှင့် မြောက်ပိုင်း ဘောလခဲနယ် ၂ ရပ်ပေါင်း၏ အကျယ်အဝန်းသည် ၅၆၅ စတုရန်းမိုင် ဖြစ်သည်။ ထိုနယ်သည် မြောက်ပိုင်းရှိ၊ နန်းမယ်ခုံမြို့၏ ပတ်ဝန်းကျင်မှအပ ကျန်ဒေသတို့တွင် တောင်ကုန်းထူ ထပ်သည်။ သစ်တောကြီးများနှင့် ရေတံခွန် စိမ့်စမ်း ပေါများသည်။ တောင်ပိုင်း ဘောလခဲနယ်၏ အနောက်မြောက် နယ်စပ်မှ စီးဆင်းလာသော ထူးချောင်းသည် အရှေ့မြောက် နယ်စပ်မှ စီးဆင်းလာသည့် ပွန်ချောင်းနှင့် ထူးချောင်း ရွာတွင်ဆုံ၍၊ တောင်ဘက်သို့စီးဆင်းလာပြီးလျှင်၊ ဖားစောင်း ရွာ အထက်နားတွင် သံလွင်မြစ်အတွင်းသို့စီးဝင်လေသည်။

တောင်ပိုင်း ဘောလခဲနယ်ရှိ မော်ချီသတ္တုတွင်းများ သည် ကမ္ဘာကျော် သတ္တုတွင်းများ ဖြစ်ကြသည်။ ခဲမ ဖြူနှင့် တန်စတင်ထွက်သည်။ သတ္တုတူးဖော်ရေးလုပ်ငန်းသည် ဘောလခဲနယ်၏ အဓိကလုပ်ငန်းတစ်ရပ် ဖြစ်သည်။ ထိုနယ်၏ အရေးပါသော အခြားလုပ်ငန်းကြီး တစ်ရပ်မှာ သစ်လုပ်ငန်းဖြစ် သည်။ မြောက်ပိုင်း ဘောလခဲနယ်မှ နန်းမယ်ခုံမြို့၏ ပတ်ဝန်း ကျင်ရှိ မြေပြန့်ဒေသများတွင် လယ်ယာစိုက်ပျိုးရေးကိုလုပ်ကိုင် ကြသည်။ တောင်ကုန်း ဒေသများတွင် တောင်ယာလုပ်ကိုင် ခြင်း၊ ရှားစေချက်ခြင်း စသည်တို့ကို လုပ်ကိုင်ကြလေသည်။

၁၉၅၆ ခုနှစ် ခန့်မှန်းသန်းခေါင်စာရင်းအရ ဘောလခဲ နယ်၏ လူဦးရေသည် ၁၉၃၁၈ ယောက်ဖြစ်သည်။နယ်အတွင်း ၌ နေထိုင်ကြသော လူမျိုးများမှာ ကယာ၊ ယင်းဘော်၊ ယင်း တလဲ၊ ပဒေါင်၊ မနုမနော၊ ဗရဲ့(ပရဲ့) စသည်တို့ဖြစ်ကြ သည်။ ယင်းတို့သည် ဗုဒ္ဓအယူဝါဒီ၊ ဗရင်ဂျီဂိုဏ်းဝင်၊ နှစ်ခြင်း ဂိုဏ်းဝင်နှင့် နတ်ကိုးကွယ်သူဟု၍ အသီးအသီး ရှိကြလေ သည်။

ဘောလခဲနယ်တွင် တိုက်နယ် ၇ နယ်ပါဝင်ကျေးရွာ ပေါင် ၁၁၆ ရွာပါဝင်သည်။ ဘောလခဲနယ်၏ မြို့တော်မှာ တောင်ပိုင်းဘောလခဲနယ်ရှိ ဘောလခဲမြို့ဖြစ်သည်။

ကူးသန်းသွားလာရေး လမ်းပန်းအဆက်အသွယ်များမှာ ဘောလခဲမြို့မှ တောင်ဘက်၊ သံလွင်မြစ်ကမ်းပေါ်ရှိ ခဲမဖြူမြို့ အထိ မော်တော်ကားလမ်းရှိ၍၊ ထိုမှတစ်ဖန် မော်ချီသတ္တုတွင်း များကို ဖြတ်လျက် ပြည်နယ်၏ အပဖြစ်သော သံတောင် ကရင်ပြည်နယ်နှင့် နောင်ငူ (ပြည်မ) တို့အထိ လမ်းပေါက်သည်။ ဘောလခဲမြို့မှ နောင်ပုလဲမြို့ကို ဖြတ်ကာ၊ ပြည်နယ်၏ မြို့တော် လွိုင်ကော်အထိ ရောက်သည်။

လွိုင်ကော်မှ တစ်ဖန် ပြည်နယ်၏ အပြင်အပြဖြစ်သော တောင်ကြီးမြို့( ရှမ်းပြည်နယ်တောင်ပိုင်း ) အထိ တော်တော် ကားလမ်းရှိသည်။ နောင်ပုလဲမှ နန်းမယ်ခုံကိုဖြတ်၍၊ မိုးဗြဲမြို့ အထိ လမ်းကြမ်းရှိလေသည်။

ဘောလခဲနယ်ကို မြန်မာသက္ကရာဇ် ၁၁၂ဝ ပြည့်နှစ် တွင် ဖဘန့်(ပဗန်း) အမည်ရှိ မင်းကစတင် တည်ထောင်ခဲ့ သည်။ ယင်းအခါ နယ်မှာ တောင်ပိုင်းဘောလခဲနယ် ဖြစ် သည်။ မြောက်ပိုင်း ဘောလခဲနယ် ပါဝင် ခြင်းမရှိသေးပေ။

သက္ကရာဇ် ၁၂၇၅ ခုနှစ်တွင် နန်းတက်အုပ်ချုပ်သော စောဖျာ စဝ်ခွန်ငယ် လက်ထက်တွင် မြောက် ဘက်မှ နန်းမယ်ခုံနှင့် နောင်ပုလဲနယ်တို့၌ မင်းဆက်ပြတ်သဖြင့် နယ်သူနယ်သားများ ၏ ဆန္ဒအရ အနောက်ပိုင်း ကယားနယ်ချင်းဖြစ်သော ဘောလခဲနယ်တွင် ပူးပေါင်းပါဝင်ခဲ့ရာ၊ ထိုနယ် ၂ နယ် ( နန်းမယ်ခုံနှင့် နောင်ပုလဲ ) ကို စောဖျာစဝ်ခွန်ငယ်က မြောက်ပိုင်းဘောလခဲနယ်ဟု သတ်မှတ်အုပ်ချုပ်လေသည်။

ဒုတိယ ကမ္ဘာစစ်ကြီး ပြီးဆုံးပြီးနောက် ခရစ်နှစ် ၁၉၄၅ ခု စက်တင်ဘာလတွင် စဝ်ခွန်ငယ်သည် အိုမင်းမစွမ်း ရှိလာသဖြင့်၊ သားတော် စဝ်ငယ်ဒူးအား အရိုက်အရာကို ဆက်ခံအုပ်ချုပ်ရန် လွှဲအပ်သည်။ စဝ်ငယ်ဒူးသည် ကယား ပြည်နယ်အား ပြည်ထောင်စု မြန်မာနိုင်ငံနှင့် ပူးပေါင်းရေးကို လိုလား၍ ပူးပေါင်းရေးကို ကိုယ်တိုင် ပါဝင်ဆောင်ရွက်ခဲ့ လေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၈)