ကဗဠီကာရာဟာရ

ဝီကီပီးဒီးယား မှ

[၁] (၁) အလုပ်အလေ့ ပြုအပ်–မျိုသွင်းအပ်သော အစာ အာဟာရ။ ယင်း ကဗဠီကာရာဟာရ အရကို-၁-ထမင်း, ၂-မုယောမုန့် = ဂျုံမုန့်, ၃-ဆန်မုန့်, ၄-ငါး, ၅-အမဲ, ၆-နို့, ၇-နိုဓမ်း, ၈-ထောပတ်, ၉-ဆီဦး = မသကာ = ထောပေး, ၁၀-ဆီ, ၁၁-ပျားရည်, ၁၂-တင်လဲဟူ၍ သရုပ် ၁၂-မျိုး ထုတ်၍ပြသည်၊ အသီး, အဥ စသည်ကို ယေဝါပနက၌ ထည့်သွင်း၍ပြသည်၊ ထိုအသီး, အဥစသည်တို့သည် ခံတွင်းဖြင့်စားအပ်သောကြောင့်(မုခါသိယ), သွားဖြင့် ခဲအပ်သောကြောင့် (ဒန္တဝိခါဒန), လည်ချောင်းဖြင့် မျိုးအပ်သောကြောင့်(ဂလဇ္ဈောဟရဏီယ)မည်၏။ [၂]

ထိုကဗဠီကာရာဟာရသည် ကမ္မဇတေဇောခေါ် ပါစကဝမ်းမီးကို ငြိမ်းစေတတ်၏၊ အသက်ရှင်သန်မှု (ဇီဝိတ)ကို မစောင့်ရှောက်တတ်။ [၃]

တိရစ္ဆာန်တို့၏ အစားအစာနှင့် လူတို့၏ အစားအစာ ထောက်ထား နှိုင်းယှဉ်၍ တိရစ္ဆာန်အချင်းချင်း, လူအချင်းချင်းတို့၏ အစားအစာ ကြမ်းတမ်းမှု့, နူးညံ့မှုကို သိပါ။ [၄][၅]

လက္ခဏာ, ရသ စသည်[ပြင်ဆင်ရန်]

ကဗဠီကာရာဟာရ၏ ဓမ္မဝဝတ္ထာန်သည် ၄-မျိုးရှိ၏—

  • (၁) ဩဇလက္ခဏ = ပွါးခြင်းလက္ခဏာရှိ၏။
  • (၂) ရူပါဟရဏရသ = ဩဇဋ္ဌမကရုပ်ကို ဆောင်ခြင်း ကိစ္စရှိ၏။
  • (၃) ဥပတ္ထမ္ဘနပစ္စုပဋ္ဌာန = ရူပကာယကို ထောက်ပံ့ခြင်း ပစ္စုပဋ္ဌာန်ရှိ၏။
  • (၄) အာဟရိတဗ္ဗဝတ္ထုပဒဋ္ဌာန = စားမျိုအပ် သော အစားအစာလျှင် ပဒဋ္ဌာန်ရှိ၏။ [၆] [၅]

အစာအာဟာရ မှီဝဲခြင်း၏ ရည်ရွယ်ချက်[ပြင်ဆင်ရန်]

ဘုရားရှင် သာသနာတော်၌ အစားအစာများကို သုံးဆောင်ရာတွင် လူများကဲ့သို့ ကိုယ်လက်ကြံ့ခိုင်စေရန် သုံးဆောင်ရသည် မဟုတ်၊ ခန္ဓာကိုယ်တည်တံ့၍ သာသနာပြုနိုင်စေရန် သုံးဆောင်ရသည်။ [၇]

၄-သင်္ချေနှင့် ကမ္ဘာတသိန်း ဖြည့်ကျင့်ဆည်းပူးတော်မူခဲ့သော ပါရမီတော်ကြောင့် အရပ်မျက်နှာ အားလုံး၌ ရွာသော မိုးကြီးကဲ့သို့ ဘုရားရှင် သာသနာတော်၌ ကြီးစွာသောလာဘ်ပူဇော်သကာများ ဖြစ်ပေါ်လာသည်၊ ထိုထိုအရပ်မှ ထမင်း, အဖျော်, ယာဉ်, အဝတ်အထည်, ပန်း နံ့သာစသည်များကို ယူကုန်၍ မင်း, ပုဏ္ဏား စသော သူတို့သည် “ဘုရားအဘယ်မှာနည်း” ဟု ဘုရားရှင်ကို ရှာဖွေကြကုန်၏။ ဘုရားရှင် ဝေသာလီမြို့၌ နေတော်မူသောအခါ၌လည်း ဇနပုဒ်နေသူ လူအများတို့သည် များစွာသော ဆား, ဆီ, ဆန်နှင့်ခဲဖွယ်တို့ကို လှည်း၌တင် ယူ၍ “ဆွမ်းလှည့်ရောက်သောအခါ ဆွမ်းကျွေးကြမည်” ဟူသော ရည်မှန်းချက်ဖြင့် အရံပြင်ပ၌ လှည်းဝိုင်းပြုလုပ် နေကြကုန်၏။ [၈]

ရာပေါင်းများစွာသော လှည်းတို့သည် လှူရန် အလှည့် မရောက်သေးသည့်အတွက် ပတ်ဝန်းကျင် ၁-ဂါဝုတ်-အရပ် တိုင်အောင် လှည်းဦးချင်းထိစပ်၍ တည်းခို နေကြကုန်၏။ [၉]

ဘုရားရှင်အား လာဘ်ပူဇော်သကာ များသကဲ့သို့ သံဃာတော်များအားလည်း ကြီးစွာသော လာဘ်ပူဇော်သကာ ဖြစ်ပေါ် လာသောကြောင့် ဘုရားရှင်က “စုန္ဒ၊ လောက၌ ယခုအခါ သံဃာ့ဂိုဏ်းအများ ရှိကြရာတွင် ငါဘုရား၏ ဘိက္ခုသံဃာကဲ့သို့ လာဘ် များ၍ အခြံအရံ အကျော်အစောများသောသံဃာကို ငါမတွေ့မြင်ပေ၊” [၁၀]ဟု ဟောတော်မူသည်။

ဘုရားရှင်နှင့် သံဃာတော်များ၏ လာဘ် ပူဇော်သကာသည် တပေါင်းတည်း စီးဆင်းသောမြစ်ကြီး ၂-သွယ်တို့၏ ရေအလျဉ်ကဲ့သို့ မရေတွက်နိုင်လောက်အောင် များပြားလှသောကြောင့် “မြတ်စွာဘုရားသည် လွန်လေပြီးသော ဘုရားရှင်တို့အားလည်း ဤသို့သော ကြီးစွာသော လာဘ်ပူဇော်သကာ ဖြစ်ခဲ့၏၊ အနာဂတ် ဘုရားရှင်တို့အားလည်း ဤသို့သော ကြီးစွာသောလာဘ်ပူဇော်သကာပင် ဖြစ်လတ္တံ့၊ ရဟန်းများသည် သိမ်းဆည်းတတ်သော သတိသမ္ပဇဉ်ဉာဏ်အမြင် ရှိကြကုန်၍ လျစ်လျူ ရှုကုန်လျက် အစာအာဟာရ၌ ဆန္ဒရာဂမငြိတွယ်ပဲ သုံးဆောင်ခြင်းပြုနိုင်ကြ လေသလော? မပြုနိုင်ကြလေသလော?ဟု ဆင်ခြင်တော်မူသောအခါ ဤဆွမ်းကို မြူးထူးခြင်းငှါ, လက်ဝှေ့ လက်ပမ်းသည်တို့ကဲ့သို့ ကိုယ်လက် ကြံ့ခိုင်ခြင်းငှါ, မှီဝဲသည်မဟုတ် စသောအားဖြင့် ပစ္စဝေက္ခဏာကို မဆင်ခြင်မူ၍ သုံးဆောင်ကြကုန်သော ရဟန်းသစ်တို့ကို မြင်တော်မူ၍ ငါသည် ၄-သင်္ချေနှင့် ကမ္ဘာတသိန်း ကာလပတ်လုံး ပါရမီတော်တို့ကို ဖြည့်ကျင့်ခဲ့သည်မှာ သင်္ကန်းစသော လာဘ်ပူဇော် သကာအတွက် ဖြည့်ကျင့်ခဲ့သည်မဟုတ်၊ အမြတ်ဆုံး အရဟတ္တဖိုလ်အကျိုးငှါသာ ဖြည့်ကျင့်ခြင်းဖြစ်သည်၊ ငါဘုရားအထံ၌ ရဟန်း ပြုကြကုန်သော ဤရဟန်းတို့သည်လည်း သင်္ကန်းစသော လာဘ်ပူဇော်သကာအတွက် ရဟန်းပြုခဲ့ကြသည်မဟုတ်၊ အမြတ်ဆုံး အရဟတ္တဖိုလ် အကျိုးငှါသာ ရဟန်းပြုခဲ့ကြခြင်း ဖြစ်သည်၊ ယခုအခါ၌ ရဟန်းတို့သည် အနှစ်မဲ့ကိုသာ အနှစ် အကျိုးမဲ့ကိုသာ အကျိုး ပြုလုပ်ကြကုန်၏ဟု ဓမ္မသံဝေဂ ဖြစ်တော်မူရှာသည်။[၅]

ပစ္စဝေက္ခဏာမဆင်ခြင်ခြင်းသည် ပါရာဇိကကျသကဲ့သို့[ပြင်ဆင်ရန်]

“ပဉ္စမ (၅-ခုမြောက်) ပါရာဇိကကို ပညတ်ရိုးရှိလျှင် ပစ္စဝေက္ခဏာမဆင်ခြင်ပဲ အစာအာဟာရ သုံးဆောင်မှုသည် ပဉ္စမပါရာဇိက ပညတ်တော်ဖြစ်ရပေမည်၊ အစာအာဟာရ ဆိုသည်မှာ သတ္တဝါများ အမြဲမှီဝဲရာဖြစ်၍ ပဉ္စမပါရာဇိက ပညတ်ခြင်းငှါလည်း မဖြစ်နိုင်ပေ၊ ပစ္စဝေက္ခဏာမဆင်ခြင်ပဲ သုံးဆောင်မှုကို ပဉ္စမပါရာဇိကကဲ့သို့ ထင်မြင်အောင် တရား မှန် (ဓမ္မကြေးမုံ)ကို ထားပေအံ့”ဟု ကြံစည်တော်မူလျက် ပုတ္တမံသူပမသုတ္တန်ကို ဟောတော်မူလေသည်။ [၁၁] ဆိုလတ္တံကား အဆိုပါသုတ္တန်လာဝတ္ထုဖြစ်သည်။ [၅]

ဉာတပရိညာ[ပြင်ဆင်ရန်]

(က) အစားအစာ အာဟာရ ဟူသည် ပထဝီ, အာပေါ, တေဇော, ဝါယော, ဝဏ္ဏ, ဂန္ဓ, ရသဩဇာဟူသော ဩဇဋ္ဌမကရုပ်ဖြစ်သည်၊ ထိုရုပ်သည် ဇိဝှါပသာဒ၌ ထိခိုက်သည်၊ ထိုပသာဒ၏ မှီရာကား မဟာဘုတ်တည်း၊ ထိုရုပ်အပေါင်းသည် ရူပက္ခန္ဓာမည်၏၊ ထိုရုပ်ကို သိမ်းဆည်းသော ယောဂီသန္တာန်၌ ဖြစ်ပေါ်လာသော ဖဿ-စသော တရားတို့သည် နာမက္ခန္ဓာမည်၏၊ အကျဉ်းအားဖြင့် နာမ်ရုပ်မျှ သာတည်း၊ ထိုနာမ်ရုပ်၏ အကြောင်းကား အဝိဇ္ဇာစသော တရားတည်းဟု အကြောင်း နှင့်တကွ နာမ်ရုပ်ကို ပိုင်ပိုင်နိုင်နိုင် သိခြင်းသည် ဉာတပရိညာမည်၏။ [၁၂] [၅][၅]

တီရဏပရိညာ[ပြင်ဆင်ရန်]

(ခ) ထိုကဗဠီကာရာဟာရစသော နာမ် ရုပ်အပေါင်းသည် ဖြစ်ပြီးနောက် ချုပ်ပျက်သည့်အတွက် ခဏခဏသေနေ၏ဟု ပိုင်နိုင်စွာ သိမှုသည် အနိစ္စတီရဏပရိညာမည်၏၊ ခဏ ခဏ သေနေရသည့် နာမ်ရုပ်အစုသည် သုခ မဟုတ်၊ ဆင်းရဲသာတည်းဟု ပိုင်နိုင်စွာ သိမှုသည် ဒုက္ခတီရဏပရိညာ မည်၏။ တဘဝ အတွင်း၌ အဆိုပါ နာမ်ရုပ်တို့၏ ခဏခဏသေနေမှုကို မသိမူ၍ မွေးဖွားသည်မှ သေသည် အထိ တဆက်တည်း အသက်ရှင်နေ၏ ဟူသော မိစ္ဆာအယူကို ဖျောက်၍ နာမ်ရုပ်အစုသာ ရှိသည် နာမ်ရုပ်မှတစ်ပါး အတ္တ, ဇီဝ, ပုဂ္ဂိုလ်, သတ္တဝါ, ငါ, သူတစ်ပါး, ယောက်ျား, မိန်းမဟူ၍ မရှိဟု ပိုင်နိုင်စွာသိမှုသည် အနတ္တတီရဏပရိညာမည်၏။ [၁၃] [၅]

ပဟာနပရိညာ[ပြင်ဆင်ရန်]

(ဂ) ဆိုခဲ့သော နာမ်ရုပ်၌ ဆန္ဒရာဂ ကွာသဖြင့် အနာဂါမိမဂ်ဖြင့် ပိုင်နိုင်စွာ သိမှုသည် ပဟာနပရိညာမည်၏၊ [၅]

ကဗဠီကာရာဟာရကို သိရင် ကာမရာဂကို သိ[ပြင်ဆင်ရန်]

ထို့ကြောင့် ကဗဠီကာရာဟာရကို ပိုင်နိုင်စွာ သိသည်ရှိသော် ကာမဂုဏ်ငါးပါး၌ ဖြစ်သော ရာဂကို ပိုင်နိုင်စွာသိ၏ ဟု ဟောတော်မူသည်။ [၁၄]

ကာမဂုဏ်ငါးပါး၌ဖြစ်သော ရာဂကိုပိုင်နိုင်စွာ သိ၏ဟု ဆိုရာ၌ ပိုင်နိုင်စွာ သိမှုသည်

  • ၁-တစ်ခုကို ပိုင်နိုင်စွာသိမှု = ဧကပရိညာ။
  • ၂-အလုံးစုံကို ပိုင်နိုင်စွာသိမှု = သဗ္ဗပရိညာ။
  • ၃-အကြောင်းရင်းကို ပိုင်နိုင်စွာသိမှု = မူလပရိညာ-ဟု ၃-မျိုးရှိသည်။ [၅]

တစ်ခုကို ပိုင်နိုင်စွာသိမှု[ပြင်ဆင်ရန်]

(၁) ဇိဝှါပသာဒ၌ တစ်ခုသော ရသတဏှာကို ပိုင်နိုင်စွာ သိရုံဖြင့် ကာမဂုဏ် ၅-ပါး၌ ဖြစ်သော ရာဂကို ပိုင်နိုင်စွာ သိသူဟု ဆိုရတော့သည်။

ချဲ့အံ့—ထိုတဏှာကိုပင်လျှင် စက္ခုပသာဒ၌ ဖြစ်လျှင် ရူပရာဂ, သောတပသာဒ၌ဖြစ်လျှင် သဒ္ဒရာဂ, ဃာနပသာဒ၌ ဖြစ်လျှင် ဂန္ဓရာဂ, ကာယပသာဒ၌ ဖြစ်လျှင် ဖောဋ္ဌဗ္ဗရာဂဟု ခေါ်ရလေသည်၊ ခရီးလမ်း ၅-ခု၌ လုယက်ဆိုးသွမ်းနေသော ခိုးသူတစ်ဦးကို ခရီးလမ်းတစ်ခုခု၌ ဖမ်းဆီး၍ ဦးခေါင်းကို ဖြတ်လိုက်လျှင် ခရီးလမ်း ၅-ခုလုံး ဘေးကင်း ငြိမ်းချမ်းသွားသကဲ့သို့ ရသတဏှာကို ပိုင်နိုင်စွာ သိရုံဖြင့် ကာမဂုဏ် ၅-ပါး၌ ဖြစ်သော ရာဂကို ပိုင်နိုင်စွာ သိသူဟု ဆိုရတော့သည်။ ဤကား တစ်ခုကို ပိုင်နိုင်စွာသိမှု = ဧကပရိညာ၏ အဓိပ္ပါယ်တည်း။ [၅]

အလုံးစုံကို ပိုင်နိုင်စွာသိမှု[ပြင်ဆင်ရန်]

(၂) သပိတ်၌ထည့်အပ်သောဆွမ်းကို သတိသမ္ပဇဉ် ဉာဏ်ယှဉ်၍ ဆန္ဒရာဂ ကင်းရှင်းစွာ သုံးဆောင်သောအခါ ကာမဂုဏ် ၅-ပါး၌ဖြစ်သော ရာဂကို သိသည့်အတွက် အလုံးစုံကို ပိုင်နိုင်စွာ သိသူဟု ဆိုရ တော့သည်။

ချဲ့အံ့—ဆွမ်းအဆင်းကို မြင်သောအခါ ရူပရာဂ, ခဲဖွယ်ကို ကိုက်ခဲသဖြင့် ဖြစ်ပေါ်လာသော အသံကို သာယာသောအခါ သဒ္ဒရာဂ, ဇီရာ ကရဝေး ဂျင်း ငရုတ်နံကို သာယာသောအခါ ဂန္ဓရာဂ, ချိုသော အရသာ စသည်ကို သာယာသောအခါ ရသရာဂ, နူးညံ့မှု စသည်ကို သာယာသောအခါ ဖောဋ္ဌဗ္ဗရာဂများ ဖြစ်ပေါ်နိုင်သည်။ ဤကား အလုံးစုံကို ပိုင်နိုင်စွာသိမှု = သဗ္ဗပရိညာ၏ အဓိပ္ပါယ်တည်း။[၅]

အကြောင်းရင်းကို ပိုင်နိုင်စွာသိမှု[ပြင်ဆင်ရန်]

(၃) ကဗဠီကာရာဟာရ ရှိမှသာ ကာမဂုဏ် ၅-ပါး၌ ဖြစ်သောရာဂ ဖြစ်ပေါ်လာနိုင်သည့်အတွက် ကာမဂုဏ် ၅-ပါး၌ဖြစ်သော ရာဂ၏ အကြောင်းရင်းမှာ ကဗဠီကာရာဟာရဖြစ်သည်။

ချဲ့အံ့... သီဟိုဠ်ကျွန်း၌ဗြာဟ္မဏတိဿ ခိုးသူဘေးကြီး ဖြစ်သောအခါ ၁၂-နှစ် တိုင်တိုင် ဇနီးမောင်နှံများ အာဟာရဓာတ် မပြည့်ဝကြသည့်အတွက် တစ်ဦးနှင့်တစ်ဦး ကြည့်ရှုလိုစိတ်ပင် မရှိကြ၊ ခိုးသူဘေး အေးငြိမ်းသောအခါ၌ ယူဇနာ ၁၀၀-ရှိသော သီဟိုဠ်ကျွန်းတကျွန်းလုံး ကလေးမွေးဖွားသော = ဝိဇာတမင်္ဂလာတို့ တပြိုင်နက်ဖြစ်ပေါ်လာ၏။ ဤကား အကြောင်းရင်းကို ပိုင်နိုင်စွာသိမှု = မူလပရိညာ၏ အဓိပ္ပါယ်တည်း။

ဤဆိုခဲ့ပြီးသည်တို့ကို ရည်ရွယ်၍ “ကာမဂုဏ် ၅-ပါး၌ ဖြစ်သော ရာဂကို ပိုင်နိုင်စွာ သိသည်ရှိသော် လူ့ပြည်သို့ ပြန်လာရာသော သံယောဇဉ်မျိုး မရှိ”ဟု ဟောတော်မူသည်။ [၁၅] [၅]

ကဗဠီကာရာဟာရ၏ စက်ဆုပ်ဖွယ်[ပြင်ဆင်ရန်]

၁-သွားခြင်း။ ၂-ရှာမှီးခြင်း။ ၃-သုံးဆောင်ခြင်း။ ၄-တည်ရာ။ ၅-သိုမှီးခြင်း။ ၆-အစာသစ်။ ၇-အစာဟောင်း။ ၈-အကျိုး။ ၉-ယိုစီးခြင်း။ ၁၀-လိမ်းကျံခြင်းဟူသော ကဗဠီကာရာဟာရ၏ စက်ဆုပ်ဖွယ် သမထရှုနည်းများကို ဝိသုဒ္ဓိ၊၁၊၃၃၆-၃၄၁-၌လည်းကောင်း, အာဟာရမယဝိပဿနာရှုနည်းများကို ဝိသုဒ္ဓိ၊၂၊၂၅၉-၌၎င်း ကြည့်၊[၅]

အဆီ, အစေး, ဩဇာသည် ကဗဠီကာရာဟာရ[ပြင်ဆင်ရန်]

(၂) အလုပ်အလွေ့ ပြုအပ်, မျိုသွင်းအပ်သော အဆီ, အစေး, ဩဇာ၊ အလုပ်အလွေ့ ပြုအပ်သော ခဲဖွယ် စားဖွယ်၌ မှီသော အသက်ရှင်သန်မှုကို ဆောင်တတ်သော အဆီ အစေး ဩဇာ။ (ဤ၌ ရှေ့အနက်အရ ဌာန ဖြစ်သော စားသောက်ဖွယ် အားလုံး၏ ကဗဠီကာရာဟာရ ဟူသောအမည်ကို ဌာနီဖြစ်သောအဆီ အစေး, ဩဇာ၌တင်စား၍ ဌာနူပစာအားဖြင့် ကဗဠီကာရာဟာရဟု ဆိုသည်။ [၁၆] နောက် အနက်အရ အဆီ, အစေး, ဩဇာကို တိုက်ရိုက် မုချ ရသည်။ [၁၇]) [၁၈][၅]

စားမျိုးလိုက်သော အစာကို ငါးမျိုး ခွဲဝေပုံ[ပြင်ဆင်ရန်]

ယင်း ကဗဠီကာရာဟာရ အရ မျိုချ၍ အစာသစ်အိမ်၌ တည်ကုန်သော စားသောက်ဖွယ်ဝတ္ထုတို့သည် ကမ္မဇတေဇောသည် ကြိတ် ချေအပ်ကုန်သည်ဖြစ်၍ (ပိုးစာ, လောင်မီး, ကျင်ကြီး, ကျင်ငယ်, တသွယ်သွေးသား ဖြစ်လေငြားသည် ငါးပါးအစာ ခွဲဝေတည်း၊ ဆရာတော်ဗုဓ်။)

  • ၁-ပိုးစာအတွက် တပုံ။
  • ၂-ကမ္မဇတေဇော ပါစကမီးစာအတွက် တပုံ။
  • ၃-ကျင်ကြီးဖြစ် တပုံ။
  • ၄-ကျင်ငယ်ဖြစ် တပုံ။
  • ၅-ရသဓာတ်ဖြစ်၍ သွေးသားအဖြစ် ရောက်ခြင်း တပုံဟု ၅-စုကွဲသွားကြသည်၊ ထိုတွင် မွန်မြတ်သော, နူးညံ့သော, ပေါ့သော, အဆီ, အစေး အပုံသည် ရသမည်၏၊ ထိုကို လောကီ ဆေးကျမ်းတို့၌ ရသဓာတ်ဟု ခေါ်ကြသည်၊

ထိုရသဓာတ်ကို ပါစကတေဇော၏ အစွမ်းကြောင့် လျှံတက်၍ အရသာကို ဆောင်တတ်သော = ရသဟရဏီ အကြောကွန်ရက်သို့ အစဉ်လျှောက်ခြင်းဖြင့် အထက် အောက် တကိုယ်လုံးရှိ အင်္ဂါကြီးငယ်အားလုံး ပျံ့နှံ့သည့်အတွက် အင်္ဂမင်္ဂါနုသာရီ ဟူ၍လည်း ခေါ်၏၊ ထိုရသဓာတ်၏ အနှစ်ဖြစ်သော, ထောက်ပံ့တတ်သော, အားကိုပြုတတ်သော ဘုတ်၌မှီသော, အလွန်နူးညံ့သော အဆီ, အစေး, ဩဇာကို ကဗဠီကာရာဟာရဟု ကောက်ယူကြသည်။ [၁၉]

ရုပ်ဣန္ဒြေနှင့် တကွဖြစ်သော, ကိုယ်ခန္ဓာကို ထောက်ပံ့ခြင်း၏ အကြောင်းဖြစ်သော, အင်္ဂါကြီးငယ်သို့ လျှောက်တတ်သည်ဖြစ်၍ အရသာကို ဆောင်တတ်သော မျိုသွင်းအပ်သော အစာအာဟာရ၏ အဆီ အစေး ဖြစ်သော ဩဇာသည်သာလျှင် ကဗဠီကာရာဟာရ ရုပ်မည်၏။ [၂၀] [၅]

အဇ္ဈတ္တဩဇာ, ဗဟိဒ္ဓဩဇာ[ပြင်ဆင်ရန်]

ရုပ်အာဟာရဆိုသည်ကား ဩဇာရုပ်ကိုဆိုသတည်း၊ ရုပ်အနှစ် ရုပ်အဆီဟူ၍၎င်း ဓာတ်နှစ်ဓာတ်ဆီဟူ၍၎င်း ဆိုအပ်၏၊ ထိုဩဇာဓာတ်ဆီသည် အဇ္ဈတ္တဩဇာ, ဗဟိဒ္ဓဩဇာဟူ၍ ၂-ပါးရှိ၏၊

ပဋိသန္ဓေစိတ် ဥပါဒ်သည်မှစ၍ အဇ္ဈတ္တရုပ်သန္တာန်မှာ အစဉ်ပါလာခဲ့သောဩဇာစုသည် အဇ္ဈတ္တဩဇာမည်၏။ [၂၁]

ကလလ ရေကြည်တည်သော သတ္တာဟမှ နောက်တစ်သတ္တာဟ နှစ်သတ္တာဟအလွန်တွင် အမိမျိုသော အစာမှ စိမ့်လာ၍ သူငယ်ရုပ်မှာ ပျံ့နှံသည့်အခါမှစ၍ အသက်ထက်ဆုံး အပမှ မျိုးအပ်သော ထမင်း ဘောဇဉ် စသည်၌ ပါသော ဩဇာစုသည် ဗဟိဒ္ဓဩဇာ မည်၏။ [၂၂] [၅]

ကိုးကား[ပြင်ဆင်ရန်]

  1. ကဗဠီကာရာဟာရ (ပု) [ကဗဠီကာရ+အာဟာရ]
  2. (အဘိ၊ဓ၊၁၆၉။)
  3. (အဘိ၊ဋ္ဌ၊၁၊၃၆၆။ သံ၊ဋ္ဌ၊၂၊၂၃။ အဘိ၊ဝတာရ၊ဒု၊ဋီ၊၁၄၁။)
  4. (အဘိ၊ဋ္ဌ၊၁၊၃၆၇။ သံ၊ဋ္ဌ၊၂၊၂၂-၃။)
  5. ၅.၀၀ ၅.၀၁ ၅.၀၂ ၅.၀၃ ၅.၀၄ ၅.၀၅ ၅.၀၆ ၅.၀၇ ၅.၀၈ ၅.၀၉ ၅.၁၀ ၅.၁၁ ၅.၁၂ ၅.၁၃ ၅.၁၄ ၅.၁၅ တိပိဋကအဘိဓာန် အတွဲ-၅
  6. (အဘိ၊ဋ္ဌ၊၁၊၃၆၈။)
  7. (မ၊၁၊၁၂။ အဘိ၊ဓ၊၂၆၂။ ဝိသုဒ္ဓိ၊၁၊၃၀။)
  8. (ဝိ၊၃၊၃၃၅။)
  9. (မ၊ဋ္ဌ၊၁၊၉၁။ သံ၊ဋ္ဌ၊၂၊၉၄။)
  10. (ဒီ၊၃၊၁၀၄)
  11. (သံ၊ဋ္ဌ၊၂၊၉၅။)
  12. (သံ၊ဋ္ဌ၊၂၊၁၀၁၊)
  13. (အာဟာရဒီပနီ။ ၉၊ ၂၂-လည်း ကြည့်။)
  14. (သံ၊၁၊၃၂၃။ သံ၊ဋ္ဌ၊၂၊၁၀၁။)
  15. (သံ၊၁၊၃၂၃။ သံ၊ဋ္ဌ၊၂၊၁၀၁-၂။)
  16. နေတ္တိဝိ၊၁၈၈။ မဏိမဉ္ဇူ၊ ဒု။ ၃၃၄-၅။
  17. အံ၊ဋီ၊၁၊၂၇၃။
  18. (၁) (၂) ကဗဠံ ကရီယတီတိ ကဗဠီကာရော၊ အာဟရီယတီတိ အာဟာရော၊ ကဗဠီကာရော စ သော အာဟာရော စာတိ ကဗဠီကာရာဟာရော၊ ဝတ္ထုဝသေန စေတံ ဝုတ္တံ။ သဝတ္ထုကော ဧဝ ဟိ ဣဓ ကမ္မဋ္ဌာနဘာဝန အဓိပ္ပေတော။ ဩဇာလက္ခဏော ပန အာဟာရော ဩဋ္ဌမကံ ရူပံ အာဟရတီတိ အာဟာရောတိ ဝုစ္စတိ။ သော ဣဓ နာဓိပ္ပေတော ပဋိကူလာကာရဂ္ဂဟဏဿ အသမ္ဘဝတော။ အံ၊ဋီ၊၁၊၂၇၃။ ပရမတ္ထဒီပနီ၊ (၂) ကဗဠီကာရာဟာရော ဩဇဋ္ဌမကံ ရူပံ အာဟရတိ။ ဝိသုဒ္ဓိ၊၁၊၃၃၆။ ကဗဠံ ကရီယတီတိ ကဗဠီကာရော၊ ဝတ္ထုဝသေန စေတံ ဝုတ္တံ၊ လက္ခဏတော ပန ဩဇာလက္ခဏော ဝေဒိတဗ္ဗော၊ ကဗဠီကာရော စ သော ယထာဝုတ္တတ္ထေန အာဟာရော စာတိ ကဗဠီကာရာဟာရော။ ဝိသုဒ္ဓိ၊ဋီ၊၁၊၄၁၃။ အထ ဝါ ကဗဠီကာရာဟာရဘက္ခာနံ သတ္တာနံ အတ္တဘာဝံ ဘုသော ဟရတိ အဒ္ဓါနံ ပဝတ္တေတီတိ အာဟာရော။ ခဇ္ဇဘောဇ္ဇာဒိက ကဗဠီကာရေ အာဟာရော တန္နိဿိတတ္တာ တပ္ပရိယာပန္နတ္တာစာတိ ကဗဠီကာရာဟာရော၊ နိဗ္ဗတ္တိတဩဇာဝ လဗ္ဘတိ။ ပရမတ္ထဒီပနီ၊
  19. (မူလဋီ၊၁၊၁၅၄။ အနုဋီ၊၁၊၁၆၆။ ဝိသုဒ္ဓိ၊ဋီ၊၂၊၁၀၄။ ပရမတ္ထဒီပနီ။)
  20. (ဝိဘာဝိနီ၊၁၉၉။ မဏိမဉ္ဇူ၊ ဒု။ ၁၃၄-၅။)
  21. (ပရမတ္ထဒီပနီ၊ အာဟာရဒီပနီ။)
  22. (အဘိ၊ဋ္ဌ၊၂၊၂၂။ ပရမတ္ထဒီပနီ၊အာဟာရဒီပနီ။ ရုပ်အာဟာရက ကျေးဇူးပြုပုံများကို ၃-ချက်စု ပဋ္ဌာန်းအရကောက်ကျမ်းတို့၌ကြည့်။)