အာဟာရဇရုပ်
တစ်စိတ်တစ်ပိုင်း ဖော်ပြချက် |
ဗုဒ္ဓဘာသာ |
---|
အာဟာရ = ဩဇာ- ကြောင့်ဖြစ်သောရုပ်။ အာဟာရဇရုပ်။ အာကာသဓာတ်, လဟုတာ, မုဒုတာ, ကမ္မညတာ, အဝိနိဗ္ဘောဂရုပ်-ရှစ်ပါးအားဖြင့် အာဟာရဇရုပ် ၁၂-ပါး ရှိသည်။ [၁]
အာဟာရဇရုပ် ဖြစ်ပုံ
[ပြင်ဆင်ရန်]ပကတိ အလုတ်အလွေးပြု၍ စားမျိုလိုက်သော ကဗဠီကာရအာဟာရ အမည်ရသော ဥတုဇဩဇဋ္ဌမကရုပ်တို့တွင် ပါဝင်သော ဩဇာသည် ကမ္မဇဝမ်းမီး၏ အထောက် အပံ့ကို ရရှိသောအခါ ဩဇဋ္ဌမကရုပ်ကလာပ် အသစ်အသစ်ကို ထပ်မံ၍ ဖြစ်စေပြန်၏၊ ယင်းရုပ်တရားတို့ကို ဩဇာကြောင့် ဖြစ်သောကြောင့် အာဟာရဇရုပ်များဟု ခေါ်ဆို၏၊ ယင်းအာဟာရဇရုပ်တို့တွင် ပါဝင်သော အာဟာရဇ ဩဇာက ကမ္မဇဝမ်းမီး၏ အကူအညီဖြင့် ကမ္မဇဩဇာ, စိတ္တဇဩဇာ, ဥတုဇဩဇာ, ကလာပ်ပြား အာဟာရဇဩဇာတို့ကို ထပ်ဆင့် ထောက်ပံ့လိုက်သောအခါ ယင်းအသီးအသီးသော ကမ္မဇဩဇာ, စိတ္တဇဩဇာ, ဥတုဇဩဇာ, ကလာပ်ပြား အာဟာရဇဩဇာ အသီးအသီးက ရုပ်ကလာပ်အသစ်အသစ်ကို ဖြစ်စေပြန်၏၊ ယင်းသို့ ဖြစ်စေခြင်းဖြင့် စက္ခာယတန စသော ရုပ်အာယတနတို့သည် ခိုင်ခံ့လာကြ၏၊ အထောက်အပံ့ခံရသော ဩဇာတို့တွင် စက္ခုဒသကကလာပ်စသော ကမ္မဇကလာပ်တို့၌ တည်ရှိ ကြသော ကမ္မဇဩဇာတို့လည်း ပါဝင်လျက်ပင် ရှိကြပေသည်။[၂]
အာဟာရဇရုပ် စတင်ဖြစ်ချိန်
[ပြင်ဆင်ရန်]ပဋိသန္ဓေ၏ ဥပါဒ်ကာလအခိုက်၌ ကမ္မဇရုပ်သာ ဖြစ်သေး၏၊ စိတ္တဇရုပ် ဥတုဇရုပ် အာဟာရဇရုပ်တို့ကား မဖြစ်ကြသေးပေ။ ပဋိသန္ဓေ၏ ဌီကာလမှစ၍ ဥတုဇရုပ်တို့ စတင် ဖြစ်ပွားကြသည်၊ ပဋိသန္ဓေနောင် ပထမဘဝင်၏ ဥပါဒ်ကာလမှ စ၍ စိတ္တဇရုပ်တို့ စတင် ဖြစ်ကြသည်၊ အာဟာရဇရုပ်တို့ကား မိခင်စားမျိုလိုက်သော အစာအာဟာရသည် ကိုယ်ဝန်သားငယ်၏ ချက်ကြိုးမှတစ်ဆင့် ကိုယ်ဝန်သားငယ်၏ ခန္ဓာအိမ်အတွင်းသို့ ပြန့်နှံ့သွားသော အချိန်အခါမှစ၍ အာဟာရဇရုပ်တို့ စတင် ဖြစ်ပွားကြသည်။[၂]
အာဟာရဇ ရုပ်ကလာပ် (၂) စည်း
[ပြင်ဆင်ရန်]- ၁။ အာဟာရဇ-သုဒ္ဓဋ္ဌက ကလာပ် = အာဟာရကြောင့် ဖြစ်သော သက်သက်သော ဩဇာလျှင် (၈)ခုမြောက် ရှိသော ရုပ်ကလာပ်၊
- ၂။ လဟုတာဒေကဒသက ကလာပ် = လဟုတာစသည်လျှင် (၁၁)ခုမြောက်ရှိသော ရုပ်ကလာပ်၊
ဤရုပ်ကလာပ် နှစ်မျိုးတို့တွင် နံပါတ် (၁)ကား (၆)ဒွါရတို့၌လည်းကောင်း, (၄၂)ကောဋ္ဌာသတို့တွင် အာဟာရဇရုပ်ကလာပ် ရကောင်းရာ အချို့အချို့သော ကောဋ္ဌာသတို့၌လည်းကောင်း ရရှိနိုင်၏၊ ရုပ်အစစ်တို့တည်း၊ ဝိပဿနာရှုကောင်းသော ရုပ်တို့တည်း။
နံပါတ် (၂) ရုပ်ကလာပ်သည်လည်း (၆)ဒွါရနှင့် အာဟာရဇရုပ်ကလာပ် ရကောင်းရာ အချို့အချို့သော ကောဋ္ဌာသတို့၌ ထိုက်သလို ရရှိနိုင်၏၊ သို့သော် ရုပ်အတုများနှင့်ကား ရောနှောနေ၍ ယင်းရုပ်အတုတို့ကား ဝိပဿနာ မရှုကောင်းပေ။ ရုပ်တရားတို့ကို သိမ်းဆည်းရာ၌သာ ရောနှော၍ သိမ်းဆည်းရန်ဖြစ်သည်။ ဝိပဿနာရှုရာ၌ကား ယင်းရုပ်အတုတို့ကို ချန်လှပ်ထား၍ ရုပ်အစစ်တို့ကိုသာ ဝိပဿနာရှုရမည် ဖြစ်သည်။ ယင်းသို့ဖြစ်လျှင် ဝိပဿနာ ရှုရမည့်ရုပ်မှာ နံပါတ် (၁) ရုပ်ကလာပ်နှင့် ပုံစံတူသွားပေပြီ။ အဇ္ဈတ္တနှင့် ဗဟိဒ္ဓ သက်ရှိသတ္တဝါတို့၏ သန္တာန်၌သာ ယင်းရုပ်ကလာပ်နှစ်မျိုးလုံးကို ရရှိနိုင်သည်။[၂]
ဆက်စပ်ဖတ်ရှုရန်
ကိုးကား
- ↑ ဝိသုဒ္ဓိ၊ဋီ၊၂၊၁၀၈။ ဝိဘာဝိနီ၊၂၁၀။ အာဟာရတော ဇာတံ အာဟာရဇံ။ ဝိသုဒ္ဓိ၊၂၊၈၁။
- ↑ ၂.၀ ၂.၁ ၂.၂ ဖားအောက်တောရဆရာတော်။ နိဗ္ဗာန်သို့ သွားရာ တစ်ကြောင်းတည်းသောလမ်း။