အမရဝတီမြို့

ဝီကီပီးဒီးယား မှ

အမရဝတီမြို့ (အမရာဝတီ ဟူ၍လည်း စာလုံးပေါင်း) သည် တာဝတိံသာ နတ်ပြည်၌ တည်ရှိသော သိကြားမင်း၏ စံရာ မြို့တော်အမည် ဖြစ်သလို[၁] [၂] ဒီပင်္ကရာ မြတ်စွာဘုရား လက်ထက် ဘုရားအလောင်း သုမေဓာ၏ မွေးဖွားရာမြို့ကို အမရမြို့ဟုလည်း ခေါ်သည်။ [၃] [၄]

ဘုရားလေးဆူတို့အနက် တဏှင်္ကရာ, မေဓင်္ကရာ, သရဏင်္ကရာ- ဘုရားသုံးဆူတို့ပွင့်ပြီး နောက်ဖြစ်သော အချိန်ကာလမှာ အမရဝတီပြည် ဖြစ်ပေါ်ထွန်းကားသည်ဟု မှတ်အပ်၏။[၅]

အမရဝတီခေါ်ကြောင်း[ပြင်ဆင်ရန်]

အမရ= နတ် (မသေနိုင်သောလူမျိုး)၊ ဝတီ= ရှိသည်၊ နတ်များရှိသော နေပြည်တော်ကြီးဟု ဆိုလိုသည်။ ဤသို့ အမည်မှည့်ရခြင်းမှာ..

ဝိနယ မဟာဝဂ္ဂ ဘေသဇ္ဇခန္ဓက စသည်တို့၌- ပါဋလိပုတ်ပြည် တည်ထောင်မည်ဟု သုနိဓပုဏ္ဏား, ဝဿကာရပုဏ္ဏားတို့ စီမံကြသည်နှင့်တပြိုင်နက် နတ်များက ရှေးဦးစွာလာ၍ နေရာသတ်မှတ် ယူငင်ကြကြောင်း…၊ တန်းခိုးကြီးသောနတ်များ သတ်မှတ် ယူငင်ထားသော နေရာရပ်ကွက်တို့မှာ ဘုန်းကံကြီးမားသော မင်း အမတ် သူဌေး သူကြွယ်တို့ နေထိုင်ရာရပ်ကွက် ဖြစ်လာကြောင်း...၊ ဘုန်းတန်းခိုး အလတ်စားရှိသောနတ်တို့ သတ်မှတ် ယူငင်ထားသော နေရာရပ်ကွက်တို့မှာ ဘုန်းကံ အလတ်စားရှိသောလူတို့ နေထိုင်ရာရပ်ကွက် ဖြစ်လာကြောင်း...၊ ဘုန်းတန်းခိုးသေးငယ်သော နတ်တို့ သတ်မှတ် ယူငင်ထားသော နေရာရပ်ကွက်တို့မှာ ဘုန်းကံသေးငယ်သော လူတို့ နေထိုင်ရာရပ်ကွက် ဖြစ်လာကြောင်း...များကို ဟောကြားတော်မူသည်။

ဤစကားရပ်ကို ထောက်၍ အကြီးအကျယ်ဆုံးသော မင်းနေပြည် တည်မည့်နေရာမှာ နတ်အများပင် အကြီးအကျယ်လာ၍ နေရာသတ်မှတ် ယူငင်ကြပေမည်။ ဤသို့ နေရာသတ်မှတ် ယူငင်စောင့်ရှောက် နေထိုင်လာကြသော နတ်အများ တည်ရှိကြောင်းကို သိသာစေရန် “အမရဝတီ”ဟူသော အမည်ကို မှည့်ခေါ်ခြင်းဖြစ်သည်။

(ဝတီ)ဟူသော ပါဠိ (ရှိသည်)ဟူသော မြန်မာစကားတို့ဖြင့် များစွာရှိကြောင်းကို ဖော်ပြသည်။ လောက၌ ဥစ္စာအနည်းငယ်မျှ ရှိသောသူကို ဥစ္စာရှိသူ (ဓနရှင်)ဟူ၍ ခေါ်ဝေါ်ရိုးမရှိ၊ သူတပါးတို့ထက် လွန်ကဲပိုမို၍ ဥစ္စာရှိသောသူကိုသာ ဥစ္စာရှိသူ (ဓနရှင်)ဟု ခေါ်ဆိုရိုးရှိသည်။ သို့ဖြစ်၍ ထိုမြို့တော်ကြီးမှာ ကြီးကျယ်သော မင်းနေပြည်ကြီး ဖြစ်သည့်အတိုင်း တန်းခိုးကြီးသော နတ်အများပင် လာရောက် စောင့်ရှောက် နေထိုင်ရာ မြို့တော်ကြီးဖြစ်ကြောင်းကို အမရဝတီဟူသော အမည်က သိစေအပ်ပေသည်။[၅]

အသံ ဆယ်ပါးနှင့် ပြည့်စုံသောမြို့[ပြင်ဆင်ရန်]

ယင်းမြို့သည်–(၁) ဆင်သံ (၂) မြင်းသံ (၃) ရထားသံ, (၄) စည်ကြီးသံ, (၅) ခရုသင်းသံ, (၆) မုရိုးစည်သံ (၇) စောင်းသံ (၈) သီချင်းသံ (၉) ခွက်ခွင်း (သစ်သားချပ်) ကြေးနင်း (မောင်း) သံ (၁၀ သုံးဆောင်ကြပါ စားကြပါ သောက်ကြပါ ဟူသော အသံ” ဤ အသံ ဆယ်ပါးတို့ဖြင့် တယံမစဲ သဲသဲညံလျက်ရှိ၏၊ ထမင်း, ဟင်း အဖျော်ယမကာ စားသောက်ဖွယ်ရာ အမျိုးမျိုးနှင့်လည်း ပြည့်စုံ၏၊ ယင်းမြို့သည် တံတိုင်း, မြို့တံခါး, တံခါး, မုခ်, ပစ္စင်, ပြအိုး စသော မြို့၏ အင်္ဂါတို့နှင့်လည်း ပြည့်စုံ၏၊ [၄]

အဖက်ဖက်မှ ပြည့်စုံသောမြို့[ပြင်ဆင်ရန်]

ဥစ္စာ, စပါး, မြက်, ထင်း, ရေ-စသော မြို့၏ ရိက္ခာ သုံးဆောင်ဖွယ်ရာတို့နှင့်လည်း ပြည့်စုံ၏၊ အလုံးစုံသော လယ်ယာလုပ်ငန်း လက်မှုလုပ်ငန်း, စက်မှုလုပ်ငန်း စသော) လုပ်ငန်းကိုင်ငန်း-တို့နှင့်လည်း ပြည့်စုံ၏။ ပုလဲ, သန္တာ-စသော ရတနာ ခုနစ်ပါး, ဆင်ရတနာ-စသော ရတနာခုနစ်ပါးနှင့်လည်း ပြည့်စုံ၏၊ ဘာသာစကား အမျိုးစုံပြောသော နိုင်ငံအမျိုးစုံမှ လူတို့နှင့်လည်း ပြွမ်း၏၊ လူတို့ သုံးဆောင်ဖွယ် ပစ္စည်းဝတ္ထုတို့နှင့်လည်း ပြည့်နှက်ပေါဌေး၏၊ အာဠကမန္ဒာမည်သော နတ် မြို့ကဲ့သို့ စည်ကားသာယာ၏၊ အမျိုးဂုဏ် အဆင်းဂုဏ်, စည်းစိမ်ဂုဏ်, အစိုးရခြင်းဂုဏ်ဖြင့် ထင်ရှားသူ, ဘုန်းကံ ပါရမီရှိသူတို့၏ နေရာဖြစ်၏။) [၆] [၄]

ကိုးကား[ပြင်ဆင်ရန်]

  1. ဒေဝလောကေ အမရဝတိယာ ရာဇဓာနိယာ သိရိတော အဓိကတရသဿိရီကံ ဝိယ။ ဝိ၊ဋ္ဌ၊၁၊၃၇။ မသက္ကသာရာ ဝဿောကသာရာ စေဝါ’မရာဝတီ။ ဓာန်။၂၁။ အမရာ ဧတိဿံ သန္တိ အမရဝတီ၊ သာ ဧဝ အမရာဝတီ၊ ရဿဿ ဒီဃတာ။ ဓာန်၊ ဋီ။၂၁။ နဂရီ တွမရာဝတီ။ အမရ၊ ၁။၄၈။
  2. အမရဝတီ=အမရာဝတီ (ထီ) [အမရ+ဝန္တု + ဤ]
  3. အမရ (၆) (ဂ) အနက်-ကြည့်။ နဂရေ အမရဝတိယာ၊ သုမေဓာ နာမ ဗြာဟ္မဏော။ ဗုဒ္ဓဝံ၊၃ဝ၆။ အမရဝတိယာတိ အမရဝတီသင်္ခါတေ နဂရေ။ ဗုဒ္ဓံဝံ၊ဋ္ဌ၊၈၉။ ဣတော ကိရ ကပ္ပသတသဟဿာဓိကာနံ စတုန္နံ အသင်္ချေယျာနံ မတ္ထကေ အမရဝတီ နာမ နဂရံ အဟောသိ။ အပ၊ဋ္ဌ၊၁၊ ၂။ (- အဘိ၊ဋ္ဌ၊၁၊၃၃။ စရိယာ၊ဋ္ဌ၊၁၂။ ဓမ္မ၊ဋ္ဌ၊၁။၅၂။ ဇာ၊ဋ္ဌ၊၁။၂။) အမရ (၆) (ဂ) လည်း ကြည့်။ (၃) အရုန္ဓဝတီ-ခေါ်သော အမရဝတီမြို့၊ အရုန္ဓဝတီနဂရ ကြည့်။
  4. ၄.၀ ၄.၁ ၄.၂ တိပိဋကအဘိဓာန် အတွဲ-၃
  5. ၅.၀ ၅.၁ မဟာဗုဒ္ဓဝင် ပထမတွဲ (ပဌမပိုင်း) မင်းကွန်းဆရာတော်
  6. အမရံ နာမ နဂရံ၊ ဒဿနေယျံ မနောရမံ။ ဗုဒ္ဓဝံ၊၃၀၆။ အဘိ၊ဋ္ဌ၊၁၊၃၃။ အမရန္တိ စ အမရဝတီတိ လဒ္ဓနာမံ နဂရံ အဟောသိ။ ဗုဒ္ဓဝံ၊ဋ္ဌ၊၈၆-၇။ ဇာ၊ဋ္ဌ၊၁၊၃။ (မူလဋီ၊၁၊၂၄။)